← Chapters

အမှောင်ထုထဲက အခြားကမ္ဘာ

Vol. 38 Ch. 525

အမှောင်ထုထဲက အခြားကမ္ဘာ

Vol. 38 Ch. 525

“တန်ခိုးရှင်သစ်ခုတ်သမားရဲ့ ရုပ်တု အသက်ဝင်လာတယ် ဟုတ်လား” ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ကပျာကယာ မေးလိုက်မိသည်။ “သူ ဘယ်မှာလဲ”

“သူလည်း ထွက်သွားတယ်... မင်းသာ စောစောလာရင် တွေ့ရလောက်မှာ... တန်ခိုးရှင်သစ်ခုတ်သမားက သူ့ပုဆိန်ပါ ယူပြီး ထွက်သွားတာပဲ... သူ နိုးလာတုန်းက ငါ အလန့်တကြားတောင် ထခုန်မိတယ်... ခေါင်းဆောင်ကြီးနှစ်ယောက် တစ်ယောက်ပြီးတစ်ယောက် နိုးလာတာ ဘာများဖြစ်လို့လဲ ဆိုပြီးတော့ပေါ့”

ချင်မူ သူ့စိတ်သူ ပြန်တည်ငြိမ်အောင် ထိန်းလိုက်သည်။ လူသားဧကရာဇ်ခန်းမ၏ ပထမဆုံးလူသားဧကရာဇ်နှင့် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တန်ခိုးရှင်သစ်ခုတ်သမားတို့ ရှေ့ဆင့်နောက်ဆင့် နိုးထလာသည်မှာ ထူးဆန်း၏။ အဘယ်အကြောင်းကြောင့်များ ဤသို့နိုးလာကြသနည်း။

တန်ခိုးရှင်သစ်ခုတ်သမား မည်သည့်နေရာသို့ သွားသနည်း။

ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှာ တန်ခိုးရှင်သစ်ခုတ်သမား တည်ထောင်ခဲ့ခြင်းမဟုတ်ပေ။ တည်ထောင်ဂိုဏ်းသခင်မှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး သစ်ခုတ်သမားက သူ၏အမွေကိုသာ ချန်ရစ်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းဆီသို့ သွားလောက်မည်မဟုတ်ပေ။

သို့ပါသော်လည်း ကောင်းကင်တန်ခိုးရှင်ဂိုဏ်းမှလွဲ၍ မည်သည့်နေရာကိုများ သွားနိုင်သေးသနည်း။

ဝမ့်မူရန်တို့သုံးယောက်က နယ်စပ်နဂါးမြို့သို့ ရောက်နေသဖြင့် ကျောက်စိမ်းမြို့တော်ငယ်တွင် နတ်ဝိဇ္ဇာအိုကြီးများသာ ကျန်ခဲ့၏။ ရသေ့ကြီးချင်းယို ချင်မူ့ကို အကဲခတ်ကာ ပြောလိုက်သည်။ “လူသားဧကရာဇ်ချင်ရဲ့ အခြေအနေကြည့်တာ ပုံမှန်မဟုတ်သလိုပဲ... စွမ်းအင်ငါးရပ်ခန်းမကို တကယ် ဝင်လို့ ဖြစ်ပါ့မလား... ကြည့်ရတာ စိတ်နဲ့ကိုယ်မကပ်ဘူးလားလို့”

ချင်မူက ခေါင်းယမ်းလိုက်သည်။ “ရသေ့ကြီးချင်းယို၊ ကျွန်တော့်အတွက် စွမ်းအင်ငါးရပ်ခန်းမ၊ အရပ်ခြောက်မျက်နှာခန်းမနဲ့ ခုနစ်စဉ်ကြယ်ခန်းမကို ဖွင့်ပေးဖို့ တောင်းဆိုလို့ရလား... ကျွန်တော် တစ်ချက်လောက် ဝင်ကြည့်ချင်လို့ပါ”

ရသေ့ကြီးချင်းယို အတန်ငယ် တွန့်‌ဆုတ်မိသည်။ လူငယ်လေး၏ လက်ရှိအခြေအနေကို သူ စိတ်မချပေ။ “လူသားဧကရာဇ် ဝင်ချင်နေတယ်ဆိုရင်တော့ ကျောက်စိမ်းမြို့တော်ငယ်အနေနဲ့ ဖြည့်ဆည်းပေးရမှာ သဘာဝပါပဲ... ဒါပေမဲ့ အခု မင်းအခြေအနေက ပုံမှန်မဟုတ်ဘူး... အတင်းဝင်ရင်လည်း မင်းအတွက် အကျိုးမရှိဘဲ နေလိမ့်မယ်.... အခွင့်အရေးက တစ်ခါပဲ ရတာ မဟုတ်လား

“စွမ်းအင်ငါးရပ်စမ်းသပ်မှု၊ အရပ်ခြောက်မျက်နှာစမ်းသပ်မှုနဲ့ ခုနစ်စဉ်ကြယ်စမ်းသပ်မှုတွေက မင်းရဲ့ သိုင်းအခြေခံကို ကြောက်ခမန်းလိလိ တိုးတက်လာစေနိုင်တယ်... ဒါကြောင့် ဒီအခွင့်အရေးကို မဖြုန်းတီးပစ်ပါနဲ့... လူပုံမှန်၊ စိတ်ပုံမှန် ဖြစ်မှ ပြန်လာခဲ့ပါ”

ချင်မူ သူ့ကို ပြုံးပြလိုက်သည်။ “ကျွန်တော်က တစ်ချက်လောက် ဝင်ကြည့်ချင်ရုံပါ... စိန်ခေါ်မှာ မဟုတ်ပါဘူး”

ရသေ့ကြီးချင်းယို မတတ်နိုင်တော့ပေ။ “ဒါဆိုလည်း လိုက်ခဲ့ပါ” သူက ချင်မူ့ကို ဒြပ်စင်သုံးပါးခန်းမဆီသို့ ဦးဆောင်ခေါ်သွားကာ ပြောလိုက်၏။ “ဒြပ်စင်သုံးပါးစမ်းသပ်မှုကို အောင်မြင်ပြီးသားဆိုတော့ ခန်းမထဲ ဝင်လိုက်တာနဲ့ စွမ်းအင်ငါးရပ်ခန်းမဆီ အလိုလို ရောက်သွားလိမ့်မယ်... အဲဒီကနေ ဖြတ်သွားရင် အရပ်ခြောက်မျက်နှာခန်းမဆီ ရောက်မယ်... အရပ်ခြောက်မျက်နှာခန်းမပြီးရင် ခုနစ်စဉ်ကြယ်ခန်းမ ရှိတယ်... အခု မင်းအခြေအနေက ပုံမှန်မဟုတ်တော့ မင်း အမှားမလုပ်မိအောင် ငါကိုယ်တိုင် ကြီးကြပ်ပေးမယ်”

ချင်မူ ကျေးဇူးတင်စကားဆို၍ ဒြပ်စင်သုံးပါးခန်းမထဲ ဝင်လိုက်သည်။ သူ့ကိုယ်သူပင် တည်ငြိမ်အောင် မထိန်းနိုင်ခင် သူ့မျက်စိရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားပြီး ကြယ်တာရာကြီးငါးလုံးက ရွှေရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အနီရောင်နှင့် အဝါရောင်အလင်းများကို ကိုယ်စီဖြန့်ကျက်လျက်‌ ကောင်းကင်ယံ၌ တောက်ပနေသည်။ ကြယ်တာရာတစ်လုံးစီ၏ အပေါ်တွင် အထွတ်အမြတ်ခန်းမတစ်ခုစီ တည်ရှိ‌နေ၏။

ချင်မူမှာ အာရုံစိုက်ကြည့်လိုက်သည့်အခါ ကြယ်တာရာငါးလုံးအပြင် နေနှင့်လကိုလည်း မြင်လိုက်ရသည်။ သို့ရာတွင် နေနှင့်လမှာ သူနှင့် ကမ္ဘာခြားနေသကဲ့သို့ အလွန်ဝေးကွာနေသည်။

ကောင်းကင်ယံရှိ ကြယ်တာရာငါးလုံးက မယုံနိုင်လောက်အောင် ကြီးမားသော်လည်း တစ်လုံးနှင့်တစ်လုံးကြား အကွာအဝေးမှာ နီးသည့်နေရာက နီး၊ ဝေးသည့်နေရာက ဝေးလျက် ရှိ၏။ နန်းဆောင်ငါးခုထဲမှ ကြယ်တာရာအရှင်သခင် နတ်ဘုရားငါးပါး ထရပ်လာသည်။

ရုတ်တရက် ရသေ့ကြီးချင်းယို၏အသံက အဝေးမှ ထွက်လာ၏။ “အစ်မတော်ယင်ဟယ်... ဒီအဆင့်မှာ အစ်မအစား ကျွန်တော် နေရာယူပါရစေ”

သွေးနီရောင်မြွေကိုယ်နှင့် ဆံပင်အနီရောင် ရှိသော နတ်ဘုရားတစ်ပါးက အလင်းရောင်အသွင် ပြောင်း၍ အဝေးသို့ ထွက်သွားသည်။ ထိုအခါ အလင်းတန်းတစ်တန်းက အဝေးမှ ပျံသန်းလာပြီး ခန်းမထဲသို့ ဆင်းသက်လိုက်သည်။ ရသေ့ကြီးချင်းယိုက အနီရောင်မြွေကိုယ်ရှိ‌သော နတ်ဘုရားအသွင် ယူလိုက်၏။ “လူသားဧကရာဇ်ချင်... စွမ်းအင်ငါးရပ်ခန်းမကို သတ္ထု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေဆိုပြီး ခွဲထားတယ်။ ဘယ်စွမ်းအင်ကို ရွေးချယ်မလဲ”

ချင်မူ ခေါင်းယမ်းလိုက်၏။ “ကျွန်တော် ဒီကို လာတဲ့အကြောင်းရင်းက နတ်ဘုရားအစစ်တစ်ပါးရဲ့ ကောင်းကင်ရတနာတွေကို ကြည့်ဖို့သက်သက်ပါပဲ... ဒါကြောင့် ရသေ့ကြီးချင်းယို ကျွန်တော့်ကို ခွင့်ပြုပေးနိုင်မလား”

ရသေ့ကြီးချင်းယိုနှင့် ကျန်နတ်ဝိဇ္ဇာလေးဦး မျက်မှောင်ကြုတ်သွားကြသည်။ တစ်ယောက်က ပြောလိုက်၏။ “ကျောက်စိမ်းမြို့တော်ငယ်ရဲ့ တည်ထောင်သူနတ်ဘုရား ဒြပ်စင်သုံးပါးခန်းမကို ချန်ရစ်ခဲ့တာက မျိုးဆက်သစ်တွေကို သင်ကြားပေးပြီး ဟာကွက်တွေကို ပြုပြင်ပေးဖို့အတွက်ပဲ.... သူ့ရဲ့ကောင်းကင်ရတနာတွေကို ကြည့်ဖို့ ချန်ခဲ့တာ မဟုတ်ဘူး”

အဘွားအိုတစ်ယောက်က မျက်မှောင်ကြုတ်နေသည်။ “ဒီကို စိန်ခေါ်ဖို့ ရောက်လာတဲ့သူတိုင်း ဒီလိုထူးဆန်းတဲ့ ‌တောင်းဆိုမှုမျိုး မလုပ်ခဲ့ဖူးဘူး။ အစ်ကိုတော်ချင်းယို....”

“လူသားဧကရာဇ်ချင်က အပြင်လူမှ မဟုတ်တာပဲ” ရသေ့ကြီးချင်းယိုက စဉ်းစဉ်းစားစား ပြောလိုက်သည်။ “သူက နတ်ဘုရားဖြစ်နိုင်မယ့် ကျင့်စဉ်ကို တစ်လောကလုံးကို ဖြန့်ဝေပေးခဲ့တယ်... ငါတို့အားလုံး သူ့ကျေးဇူးနဲ့ မကင်းဘူး.... ကျောက်စိမ်းမြို့တော်ငယ်အနေနဲ့ သူ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးသင့်တယ်... ဒါ့အပြင် စမ်းသပ်မှုကို ချန်ခဲ့တဲ့ ဘိုးဘေးကြီးကလည်း ချင်မျိုးရိုးပဲ မဟုတ်လား...”

နတ်ဝိဇ္ဇာအိုကြီးလေးဦး အဓွန့်မတက်တော့ပေ။

“လူသားဧကရာဇ်ချင်၊ မင်းမှာ ငါတို့ကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေး တစ်ကြိမ်ပဲရှိတယ်... အောင်သွားရင် စွမ်းအင်ငါးပါးရဲ့ နတ်စွမ်းအင်ကို ရလိမ့်မယ်... နတ်စွမ်းအင်ဟာ မင်းရဲ့ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာရဲ့ ကျင့်စဉ်စွမ်းအင် မကုန်ခမ်းအောင် အားဖြည့်ပေးနိုင်တယ်... ဒီနတ်ဘုရားရဲ့ ကောင်းကင်ရတနာတွေကိုပဲ ကြည့်ချင်တာ သေချာလား”

ချင်မူ ဦးညွတ်အရိုအသေပေးလိုက်သည်။ “လူတစ်ယောက်ကို ငါးတစ်ကောင်ပေးလိုက်ရင် ၊ တစ်ရက်စာပဲ ဖူလုံပါလိမ့်မယ်... ဒါပေမဲ့ ငါးမျှားတတ်အောင် သင်ပေးလိုက်ရင်တော့ တစ်သက်တာ ဖူလုံသွားပါလိမ့်မယ်... ကျွန်တော် နတ်စွမ်းအင်ကို စွန့်လွှတ်ဖို့ ဝန်မလေးပါဘူး”

ရသေ့ကြီးချင်းယို ပြုံးလိုက်မိသည်။ “ကောင်းပြီ... လူသားဧကရာဇ်ချင်ရဲ့ စိတ်အခြေအနေက မငြိမ်မသက်ဖြစ်နေလို့ စမ်းသပ်မှုကို ရှုံးသွားမှာ စိတ်ပူနေမိပေမယ့်... အခုလို ရဲရင့်မှုကို မြင်တွေ့ရတော့ လေးစားမိတယ်... ကဲ တက်လာခဲ့ပါ”

သူ၏အစိမ်းရောင်အလင်းတန်းက ကြမ်းပြင်ပေါ်သို့ ဆင်းသက်လာပြီး ချင်မူ့ကို သယ်မကာ ရေဓာတ်ကြယ်တာရာအပေါ် တင်ပေးလိုက်သည်။ သွေးနီရောင်မြွေခန္ဓာကိုယ်ရှိ နတ်ဘုရားအသွင် ပြောင်းထားသော ရသေ့ကြီးချင်းယိုက သူ့ကို အထွတ်အမြတ်ခန်းမထဲသို့ ခေါ်သွားသည်။ “လူသားဧကရာဇ်ချင်၊ စိတ်တိုင်းကျသာ ကြည့်ပါ... ဘယ်လောက် တွေးတောဆင်ခြင်နိုင်မလဲဆိုတာကတော့ မင်းရဲ့ အစွမ်းအစတွေအပေါ် မူတည်တယ်...”

ချင်မူ ကျေးဇူးတင်စကားပြော၍ အရာအားလုံးကို အသေးစိတ် ကြည့်လိုက်သည်။ အထွတ်အမြတ်ခန်းမ၏ နံရံလေးဖက်အပေါ်ရှိ သင်္ကေတအမှတ်အသားများကို အာရုံစိုက်‌လေ့လာနေ၏။

ဓာတ်ကြီးငါးပါးကောင်းကင်ရတနာထဲရှိ ကြယ်တာရာ‌ငါးလုံးအပေါ်တွင် အထွတ်အမြတ်ခန်းမငါးခု ရှိပြီး သဘာဝအတိုင်း ဖွဲ့တည်နေခြင်း ဖြစ်သည်။

ဓာတ်ကြီးငါးပါးအဆင့်အထိ ကျင့်ကြံထားပြီးသော ကောင်းကင်နတ်သိုင်းပညာရှင်များသည် ဓာတ်ကြီးငါးပါးကောင်းကင်ရတနာထဲတွင် ကြယ်တာရာငါးလုံးကို နေရာချရ၏။ ကြယ်တာရာများက ဓာတ်ကြီးငါးပါးကို ကိုယ်စားပြုချေသည်။

ကြယ်တာရာများက အလိုအလျောက် ဖွဲ့တည်လာခြင်းဖြစ်သလို၊ ကြယ်တာရာများအပေါ်ရှိ နန်းဆောင်ခန်းမများလည်း အလိုအလျောက် ဖြစ်တည်လာခြင်း ဖြစ်၏။ သို့သော် မတူညီသောကျင့်စဉ်များမှ မတူညီသော သင်္ကေတအမှတ်အသားများ ထွက်ပေါ်လာလိမ့်မည်။ ထို့နောက် သင်္ကေတများက ချီစွမ်းအင်နှင့် ပေါင်းစည်းကာ ခန်းမထဲရှိ နတ်ဘုရားများကို ဖွဲ့တည်ပေးသည်။

ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်၏ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာထဲတွင် ဓာတ်ကြီးငါးပါးနတ်ဘုရားများမှ ချီစွမ်းအင်ကို ရှူထုတ်လိုက်သည့်အခါ ဓာတ်သတ္တိ ပြောင်းလဲသွား၏။ ထို့ကြောင့် စွမ်းအင်ငါးရပ်ဟူသော နာမည် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ချင်မူ၏ ဓာတ်ကြီးငါးပါးကောင်းကင်ရတနာမှာ အဆုံးစွန်အထိ အဆင့်မြှင့်ခံထားရသည့်အတွက် ရှေ့ဆက်တက်ရန် ခက်ခဲနေသည်။ သို့သော် ပထမဘိုးဘေးကြီး၏ တိုက်ပွဲမှတစ်ဆင့် သူ၏အကန့်အသတ်က နောက်ဆုံးအကန့်အသတ် မဟုတ်သေးကြောင်း သဘောပေါက်ခဲ့မိ၏။

သူ အသေးစိတ်လေ့လာနေစဉ် ရသေ့ကြီးချင်းယိုကလည်း လွန်စွာစိတ်ရှည်ရှည်ဖြင့် စောင့်ပေးနေသည်။

အချိန်များစွာကြာသောအခါ ချင်မူ လုံလုံလောက်လောက် လေ့လာပြီးသွား၍ မျက်လုံးများပိတ်လိုက်၏။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ ရသေ့ကြီးချင်းယိုဆီသို့ ကြည့်လိုက်သည်။ “ကျွန်တော် အားအားနာနာနဲ့ တောင်းဆိုချင်တာ တစ်ခု ရှိပါတယ်”

ရသေ့ကြီးချင်းယိုက သဘောပေါက်လိုက်၍ အလင်းတန်းအသွင်ပြောင်းကာ ထွက်ခွာသွားသည်။ ထိုအခါ အထွတ်အမြတ်ခန်းမထဲ၌ ချင်မူတစ်ယောက်တည်း ကျန်ခဲ့၏။ နံရံလေးဖက်ပေါ်ရှိ သင်္ကေတအမှတ်အသားများက တမုဟုတ်ချင်း လင်းလက်တောက်ပလာပြီး သူ့ခန္ဓာကိုယ်က သွေးနီရောင်မြွေကိုယ်ရှိသော နတ်ဘုရားအသွင် ပြောင်းသွားလေသည်။

အတန်ကြာသော် ချင်မူက နတ်ဘုရားအသွင်ကို ဖယ်ခွာပြီး အထွတ်အမြတ်ခန်းမထဲမှ ထွက်လိုက်သည်။ ကြယ်နောက်တစ်စင်းဆီသို့ သွား၍ အထွတ်အမြတ်ခန်းမထဲ ဝင်ကာ သင်္ကေတအမှတ်အသားများ ထပ်မံလေ့လာ၏။

ဆယ်ရက်ကျော်ကြာသည့်အခါ ခန်းမငါးခုစလုံးတွင် လေ့လာပြီးသွားသဖြင့် အရပ်ခြောက်မျက်နှာကောင်းကင်ရတနာထဲ ဝင်လိုက်သည်။ ထိုနေရာတွင်လည်း ဆယ့်နှစ်ရက်မျှ အချိန်ယူခဲ့ပြီး ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာဆီ ဆက်သွား၏။ ရက်များစွာ ကုန်ဆုံးသွားသည်။ ထို့နောက် ကောင်ကင်နတ်အသွင် ကောင်းကင်ရတနာနှင့် သေခြင်းရှင်ခြင်းကောင်းကင်ရတနာတွင် ဦးစီးပေးမည့်လူမရှိသည့်အတွက် သူ ရှေ့ဆက်မသွားနိုင်တော့ပေ။

ချင်မူမှာ ဒြပ်စင်သုံးပါးခန်းမအပြင် ထွက်လာသည့်အခါ မျက်တွင်းများ ချောင်ကျနေပြီး မုတ်ဆိတ်မွှေးများလည်း ပေါက်နေပြီဖြစ်သည်။ လူငယ်လေး တစ်ရေးမှ မအိပ်ခဲ့ကြောင်း သိ၍ ရသေ့ကြီးချင်းယိုမှာ ကရုဏာသက်နေမိ၏။ “လူသားဧကရာဇ်ချင် ရှာနေတာကို တွေ့ပြီလား”

ချင်မူက စိတ်အားတက်ကြွနေသည်။ သူ၏ ဓာတ်ကြီးငါးပါး၊ အရပ်ခြောက်မျက်နှာနှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာများတွင် တိုးတက်ခဲ့မှုက သူ့အား ယုံကြည်ချက်ပြန်ရှိလာစေ၏။ သူက ကျေးဇူးတင်စကား ပြောလိုက်၏။ “ကျေးဇူးအများကြီးတင်ပါတယ် ရသေ့ကြီး... ကျွန်တော် ရှာနေတာကို တွေ့ပြီလားဆိုတာကတော့ ... အတည်ပြုစရာ လိုသေးတယ်... ကျောက်စိမ်းမြို့တော်ငယ်ရဲ့ တည်ထောင်သူနဲ့ လူသားဧကရာဇ်ခန်းမရဲ့ ပထမဆုံးလူသားဧကရာဇ်ကို ယှဉ်လိုက်ရင် ဘယ်သူက ပိုသန်မာလဲ ရသေ့ကြီးကို မေးခွင့်ရှိမလား”

“နှစ်ယောက်လုံးက လွန်ခဲ့တဲ့နှစ်နှစ်သောင်းတုန်းက နတ်ဘုရားအစစ် ဖြစ်လာခဲ့ကြတဲ့သူတွေဆိုတော့ ဘယ်သူက ပိုသန်မာအားကောင်းလဲတော့ ... ငါလည်း မပြောတတ်ဘူး။ ဒါပေမဲ့ ကျောက်စိမ်းမြို့တော်ငယ်ရဲ့ မှတ်တမ်းဟောင်းတွေထဲမှာ ပြောထားတော့ ရှိတယ်... ငါတို့ဘိုးဘေးကြီးက ပထမဆုံးလူသားဧကရာဇ်ကို သွားရှာပြီး တောင်တစ်လုံးပေါ်က မောင်းထုတ်ခဲ့ပေမယ့် ရှုံးသွားလို့ စိတ်ပျက်လက်ပျက် ပြန်ရောက်လာပြီး လပေါင်းများစွာ ကုသမှုခံယူခဲ့ရတယ်တဲ့

“ပထမလူသားဧကရာဇ်က သိပ်သည်းလှတဲ့ မှော်စွမ်းအင်နဲ့ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ အပိုင်းအစတစ်ခုကို ရွှေ့နိုင်ခဲ့တဲ့အကြောင်းကိုလည်း ရေးထားတယ်။ သူက ကြောက်စရာကောင်းလောက်အောင် သန်မာတယ်တဲ့... လူသားဧကရာဇ်ခန်းမကိုပဲ ကြည့်... ကျောက်စိမ်းမြို့တော်ငယ်ထက် အဆတစ်ရာ ကြီးတယ်မဟုတ်လား.... အဲဒါကို ရွှေ့နိုင်ခဲ့မှတော့ သူ့အစွမ်းအစတွေက သန်မာအားကောင်းလွန်းတယ်

“ကျောက်စိမ်းမြို့တော်ငယ်ရဲ့ ဘိုးဘေးနတ်ဘုရားတွေ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့တောင် အစွမ်းကုန်ကြိုးစားနေရတဲ့ အချိန်မှာ ပထမဆုံးလူသားဧကရာဇ်က မျိုးနွယ်‌ပေါင်းစုံကို ဦးဆောင်ပြီး စစ်မြေပြင်ကနေ ခေါ်ထုတ်သွားနိုင်ခဲ့တယ်ဆိုတော့ ... ဘယ်သူက ပိုသန်မာအားကောင်းလဲ ခန့်မှန်းကြည့်ဖို့ ခက်မယ်မထင်ဘူး”

ချင်မူ့မျက်နှာ ဖြူလျော်သွားသည်။ အတန်ကြာ‌သော် သူက ဦးညွတ်အရိုအသေပေးလိုက်၏။ “နားလည်ပါပြီ.. ကျေးဇူးအများကြီးတင်ပါတယ် ရသေ့ကြီး”

ရသေ့ကြီးချင်းယို မျက်မှောင်ကြုတ်သွားသည်။ ဤလူငယ်လေး၏ စိတ်အခြေအနေမှာ လာတုန်းကထက် ပိုဆိုးသွားသလို သူ ခံစားလိုက်ရ၏။ “မင်း တစ်လလောက် မအိပ်ရသေးဘူး... အရင်ဆုံး အနားယူသင့်တယ်”

ချင်မူ သဘောတူလိုက်သည်။

ရသေ့ကြီးချင်းယိုက သူ့အတွက် အခန်းတစ်ခန်း စီစဉ်ပေးပြီး အိပ်ခိုင်းသည်။

ဆယ်ရက်ကြာသော် ချင်မူ နိုးလာသော်လည်း အခြေအနေက မကောင်းသေးပေ။ သူက ထွက်သွားချင်နေသဖြင့် ရသေ့ကြီးချင်းယိုမှာ သူ့အား ဆက်မဆွဲထားနိုင်တော့ပေ။ “တန်ခိုးရှင်သစ်ခုတ်သမား ပြန်လာရင် မင်းကို ဘယ်မှာ လာအကြောင်းကြားရမလဲ”

“ရသေ့ကြီးကို နယ်စပ်နဂါးမြို့ဆီ အပင်ပန်းခံ ဆင်းလာခိုင်းရမှာပဲ... ကျွန်တော် အဲဒီမှာ ရှိလောက်တယ်”

ရသေ့ကြီးချင်းယိုမှာ သူ့ကို အပြင်လိုက်ပို့ပေးပြီး တွေးနေမိသည်။ ‘လူသားဧကရာဇ်ချင် ဒီကို ပထမဆုံးလာတုန်းက ယုံကြည်ချက်အပြည့်နဲ့ပါ.. ဘာလို့ ဒီလောက် ချုံးချုံးကျသွားတာပါလိမ့်’

ချင်မူက သေတ္တာကြီး‌ပေါ်မှ ထိုင်၍ လိုက်သွားသည်။ သူက မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးများနှင့် သွေးနီမီးလျှံဆေးလုံးများကို ရော၍ ဇလုံအပြည့်ထည့်ပေးနေရာ နဂါးချီလင်မှာ ဝမ်းလည်းဝမ်းသာ၊ လန့်လည်း လန့်နေ၏။ ‘ဂိုဏ်းသခင် ဘာလို့ ဒီနေ့ သဘောကောင်းနေတာပါလိမ့်... ငါ့ကို တစ်လကျော် အစာမကျွေးပဲ ပစ်ထားမိလို့ ပြန်ကျွေးနေတာလား... ဘာပဲဖြစ်ဖြစ် အရင်စားရမယ်’

သူ တစ်ဇလုံစလုံး ရှင်းပြီးသည့်အခါ ချင်မူက နောက်တစ်ဇလုံ ထည့်ပေးသည်။

နဂါးချီလင်မှာ တစ်ဇလုံစလုံး ပြည့်နေ‌သော စွမ်းအင်ဆေးလုံးများကို ကြည့်ကာ မဝံ့မရဲ ဖြစ်နေသည်။ ထို့နောက် ရုတ်တရက် အော်ဟစ်ငိုယိုရင်း ငုံ့စားနေ၏။

ချင်မူ သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်မိသည်။ “ဘာလို့ ငိုနေတာတုန်း”

“ဝဝလင်လင် စားပြီး သေရမှာ သေပျော်ပါတယ်” နဂါးချီလင်က ပလုပ်ပလောင်းဖြင့် ပြောရင်း မျက်ရည်များ သုတ်နေသည်။ “အနည်းဆုံးတော့ ဗိုက်ဟောင်းလောင်း ဖြစ်မနေဘူးပေါ့... ဂိုဏ်းသခင်၊ ကျွန်တော့်ကို တစ်ချက်တည်း အသက်ထွက်သွားအောင် သတ်နော်”

ချင်မူက ခေါင်းယမ်းကာ ပြောလိုက်သည်။ “ငါ မင်းကို အစာမကျွေးဘဲ ထားမိလို့ အတိုးအရင်းပေါင်းပြီး ပြန်ကျွေးနေတာပါ... မင်းကို နဂါးကင်လုပ်ဖို့ သတ်မှာမဟုတ်ပါဘူး”

နဂါးချီလင် ဝမ်းသာသွားပြီး စွမ်းအင်ဆေးလုံးများအား မြိန်ရေယှက်ရေ စားတော့သည်။

သူတို့ မြို့တစ်မြို့မှ ဖြတ်သွားသည့်အခါ ချင်မူက ရပ်ပြီး ဆေးအမယ်များ ဆင်းဝယ်သည်။ သူက သွေးနီမီးလျှံဆေးလုံးများနှင့် မီးဓာတ်ကောင်းကင်အားဖြည့်ဆေးလုံးများကို ဖော်ကာ သေတ္တာကြီးထဲ ထည့်ထား၏။ နဂါးချီလင်မှာ ရင်ထဲ ထိနေတော့သည်။ ‘ဂိုဏ်းသခင်က တကယ် ငါ့အပေါ် ကောင်းတာပဲ’

နဂါးချီလင်မှာ ချင်မူ လုပ်နေသည်ကို နားမလည်ဖြစ်နေသည်။ ချင်မူက အလံများချုပ်လိုက်၊ ယဇ်ပလ္လင်များ ဆောက်လိုက် လုပ်နေသလို၊ ပါ့ကွအင်းပြားများ၊ ထိုက်ကျိပြားများ၊ ပေသီးခုံများနှင့် ဓာတ်ကြီးငါးပါးအဆောင်စက္ကူများကိုလည်း ပြုလုပ်နေသည်။

ရက်အနည်းငယ်ကြာသော် သူတို့ နယ်စပ်နဂါးမြို့သို့ ရောက်လာသော်လည်း အထဲမဝင်ပေ။

ချင်မူက ပါ့ကွအင်းပြားများ၊ ထိုက်ကျိပြားများနှင့် တွက်ချက်ရေးကိရိယာမျိုးစုံ သုံးရင်း ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ကာ တွက်ချက်နေသည်။ သူ တောင်တန်းတစ်ခု တွေ့သည့်အခါ အနီးနားရှိ တောင်တစ်လုံးအား ပေတံဖြင့် တိုင်းတာရင်း စာရွက်တစ်ရွက်ပေါ်တွင် သင်္ကေတများ ရေးမှတ်နေ၏။ နဂါးချီလင် သွားကြည့်သော်လည်း တစ်လုံးမှ နားမလည်ပေ။

ညနေစောင်း၍ အမှောင်ထု ကျူးကျော်လာတော့မည့်အချိန်အထိ ချင်မူ တွက်ချက်မပြီးသေးပေ။

ချင်မူက တွက်ပြီးသည့်အခါ ယဇ်ပလ္လင်တစ်ခုအား နေရာချ၍ ပတ်ပတ်လည်တွင် အလံများ စိုက်လိုက်သည်။ ထို့‌နောက် ပလ္လင်ပေါ်၌ တက်ရပ်ကာ နဂါးချီလင်နှင့် သေတ္တာကြီးကို မောင်းထုတ်သည်။

“ဂိုဏ်းသခင် ဒါက ဘာအတွက်လဲ”

ချင်မူက အလံများကို ဖြန့်ကာ ပတ်ပတ်လည်ရှိ အမှောင်ထုအား ကြည့်သည်။ မကြာမီ ကမ္ဘာခြားတစ်ခု ပေါ်လာပြီး မဟာမြို့ပျက်အပေါ် ထပ်သွား၏။ ထိုကမ္ဘာထဲတွင် မရေမတွက်နိုင်သော မိစ္ဆာများက ဟင်းလင်းပြင်တွင်းပေါက်များမှ ထွက်လာကြပြီး အခိုးအငွေ့လို ရွေ့လျားနေကြသည်။

ချင်မူ့မျက်လုံးထဲတွင် ထိုကမ္ဘာခြား၏ ပြည်သူများသည် ထိုမိစ္ဆာနတ်ဆိုးများအား တိုက်ခိုက်နေကြ၏။ သူ့ရှေ့တွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသော စစ်မြေပြင်ကြီးတစ်ခု ရှိနေသည်။

“ဖက်တီးနဂါး မင်းအတွက် ငါ စွမ်းအင်ဆေးလုံးလုံလုံလောက်လောက် ဖော်ထားတယ်... ရက်ပိုင်းလောက် သေတ္တာကြီးနဲ့ အတူနေလိုက်... ငါကတော့” သူ့အကြည့်က စစ်မြေပြင်ပေါ်၌ ပြေးနေသော မိစ္ဆာစစ်သူကြီးအပေါ် ကျရောက်သွားသည်။ ယဇ်ပလ္လင်ထက်၌ မရေမတွက်နိုင်သည့် သင်္ကေတအမှတ်အသားများ တောက်ပလာပြီး နေရာရွှေ့ပြောင်းအလံများ တဖတ်ဖတ် လှုပ်ခါသွား၏။ “ကမ္ဘာခြားဆီ သွားတော့မယ်”

ဝုန်း

အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ချင်မူနှင့် နေရာရွှေ့ပြောင်းအလံများ တမုဟုတ်ချင်း ပျောက်ကွယ်သွားသည်။ ယဇ်ပလ္လင်ပေါ်တွင် ထောင်ထောင်မောင်းမောင်း မိစ္ဆာစစ်သူကြီးတစ်ဦး ပေါ်လာကာ ပတ်ဝန်းကျင်ကို ကြောင်တောင်တောင် ကြည့်နေသည်။

စစ်ခရာပေးသံက ဆွဲဆွဲငင်ငင် ထွက်လာပြီး မရေမတွက်နိုင်သော အလံများက တဖျပ်ဖျပ် ပျံ့လွင့်နေသည်။ ချင်မူကား တရှန်ထိုး ပြေးလွှားနေသည့် မိစ္ဆာစစ်တပ်ကြီး၏ စစ်သည်တော်များအကြား စစ်မြေပြင်၏အလယ်တည့်တည့်၌ ပေါ်လာခဲ့ချေပြီ။

သူတို့အရှေ့တွင် အလွန်ခမ်းနားသော မြို့ကြီးတစ်မြို့ရှိနေသည်။ လေသင်္ဘောကြီးများက ကောင်းကင်ယံတွင် ပျံဝဲနေ၏။ နတ်ဘုရားများက နတ်လက်နက်များကို ဆုပ်ကိုင်လျက် စစ်သည်တော်များနှင့် မြင်းများအား စစ်မြေပြင်ထက်သို့ ချပေးနေသည်။

ချင်မူက ယဇ်ပူဇော်အစီအရင်နှင့် နေရာရွှေ့ပြောင်းဝင်္ကပါကို အသုံးချကာ အမှောင်ထုထဲမှ မိန်းကလေး၏ကမ္ဘာဆီသို့ ရောက်လာခဲ့ပြီဖြစ်သည်။

All Chapters