← Chapters

ဆင်းသက်လာမှု

Vol. 38 Ch. 526

ဆင်းသက်လာမှု

Vol. 38 Ch. 526

အပိုင်း ၅၂၆ ဆင်းသက်လာမှု

နဂါးချီလင်မှာ ကြက်သေသေနေပြီးနောက် သ‌ဘောပေါက်သွားသည်။ ချင်မူက သူ့ကိုယ်သူ ယဇ်ပူဇော်ခံပစ္စည်းအဖြစ် သဘောထားကာ အစီအရင်ကို အသုံးပြုသွားခြင်းဖြစ်၏။ ထိုနည်းဖြင့် သူသည် ကမ္ဘာခြားသို့ ကူးပြောင်းနိုင်သွားပြီး သူ့နေရာတွင် ကမ္ဘာခြားမှ မိစ္ဆာစစ်သူကြီး အစားထိုးရောက်ရှိလာခဲ့သဖြင့် ကမ္ဘာနှစ်ခု၏ဟန်ချက် ပျက်မသွားတော့ပေ။

‘ဂိုဏ်းသခင်ရဲ့ သင်္ချာစွမ်းရည်က အဲဒီအဆင့်ထိတောင် ရောက်နေပြီလား... သူ ဘယ်လို တွက်ချက်လိုက်တာလဲ’

နဂါးချီလင်မှာ မျက်လုံးပြူးလျက် ငေးကြည့်နေမိသည်။ လူငယ်ဂိုဏ်းချုပ်နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခဲ့သည့်အတွက် သူ၏သင်္ချာစွမ်းရည်မှာ အလွန်မြင့်မားလာခဲ့၏။ အပျင်းထူနေ၍သာ မဟုတ်လျှင်  ဤကမ္ဘာပေါ်တွင် ထိပ်တန်းသင်္ချာပညာရှင်တစ်‌ယောက် ဖြစ်နေလောက်ချေပြီ။

သို့သော် ချင်မူ သင်္ချာတွက်သွားခဲ့ပုံက သူ့ထက်ပင် အဆင့်မြင့်မားနေသည်။

နဂါးချီလင်မှာ သဘောတရားကို နားလည်သော်လည်း လက်တွေ့အသုံးမချတတ်ပေ။

ယဇ်ပူဇော်ခြင်းအစီအရင်သည် အသွေးအသားကို စွမ်းအင်အဖြစ် ပြောင်းလဲ၍ အခြားကမ္ဘာသို့ ပို့ဆောင်ပေးလိုက်ပြီး ထိုအခြားကမ္ဘာထဲရှိ သက်ရှိတစ်ဦးနေရာတွင် အစားထိုးပေးခြင်းမျိုး ဖြစ်၏။ သို့သော် ချင်မူက သူ့ကိုယ်သူ စွမ်းအင်အဖြစ် မပြောင်းလဲဘဲ ရုပ်ခန္ဓာဖြင့် အခြားကမ္ဘာသို့ ကူးပြောင်းဝင်ရောက်သွားခဲ့သည်။ ထိုနည်းလမ်းမှာ ရှုပ်ထွေးလွန်းသဖြင့် နဂါးချီလင်၏ ဦးနှောက်နှင့် အတွေးအခေါ်မှာ လိုက်မမှီတော့ပေ။

ချင်မူက အတွက်အချက်စွမ်းရည်ကိုသာ အသုံးချသွားခြင်းမဟုတ်၊ တုထျန်းမိစ္ဆာဘုရင်၏ ယဇ်ပူဇော်ခြင်းအစီအရင်နှင့်အတူ ဟင်းလင်းပြင်အတိုင်းအတာ၊ နေရာရွှေ့ပြောင်းခြင်းနည်းလမ်းတို့လည်း  ပါဝင်ခဲ့သည်။ အားလုံးအတွက် အတိုင်းအဆမဲ့သော ဗဟုသုတအသိအမြင်ကို လိုအပ်၏။ သူ လုပ်သွားခဲ့သော အရာ၏ တစ်စိတ်တစ်ပိုင်းလေးကပင် ကောင်းကင်နတ်သိုင်းပညာရှင်များ တစ်သက်သာ လေ့လာရန် လုံလောက်နေပြီဖြစ်သည်။

‘ဂိုဏ်းသခင်က သူ့ကိုယ်သူ ယဇ်ပူဇော်ပြီး အခြားကမ္ဘာကို ကူးပြောင်းသွားပေမယ့် ဘယ်လိုပြန်လာမှာလဲ’ နဂါးချီလင်မှာ အရေးကြီးသည့်အချက်ကို တွေးလိုက်မိ၍ ကြောင်တောင်တောင် ဖြစ်နေသော မိစ္ဆာစစ်သူကြီးအား ကြည့်လိုက်မိသည်။  ထို့နောက် တမုဟုတ်ချင်း ‌အော်ဟစ်လိုက်၏။ “ရပ် ... မလှုပ်နဲ့”

မိစ္ဆာစစ်သူကြီးမှာ မည်သို့ဖြစ်ပျက်သွားမှန်း နားမလည်သေးပေ။ စောစောလေးကတင် တရှိန်ထိုး ပြေးနေခဲ့သော်လည်း အဘယ်သို့ပြု၍ ဤနေရာသို့‌ ရောက်လာခဲ့သနည်း။ သူ ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ဝက်လိုလို၊ နဂါးလိုလို အကောင်တစ်ကောင်ကို မြင်လိုက်ရပြီး ထူးထူးဆန်းဆန်း သေတ္တာကြီးကိုလည်း တွေ့လိုက်ရသည်။ စကားပြောလိုက်သူက ဝတုတ်နေသော ဝက်နဂါးကြီး ဖြစ်လေသည်။

မိစ္ဆာစစ်သူကြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ အမှောင်ထုကို သတိထားမိလိုက်သည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ရဲ့ ခယ် ဟ အိုင် (ဒါ ဘယ်နေရာလဲ)”

နဂါးချီလင်က သေတ္တာကြီးကို ‌ကောက်မပြီး မိစ္ဆာစစ်သူကြီးဆီသို့ ပစ်ပေါက်လိုက်သည်။ မိစ္ဆာက အေးစက်စက် နှာခေါင်းရှုံ့ကာ သေတ္တာကြီးကို ဖမ်းရန် လက်မြှောက်လိုက်သည်။ သို့သော် နောက်တခဏတွင် သေတ္တာကြီးက အဖုံးဖွင့်၍ သူ့ကို ဂလုခနဲ မြိုချလိုက်၏။

ဗြန်း

သေတ္တာကြီးက ယဇ်ပလ္လင်‌ပေါ် ဆင်းလိုက်သည်။ မိစ္ဆာစစ်သူကြီးက အထဲတွင် သောင်းကျန်းနေသောကြောင့် သေတ္တာကြီး ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက် လှုပ်ရမ်းနေပြီး ခုန်ဆွခုန်ဆွ ဖြစ်နေသည်။

နဂါးချီလင်က သေတ္တာကြီးကို ပစ်လိုက်သောအချိန်တွင် လေပေါ် ခုန်တက်ခဲ့၏။ သေတ္တာကြီး ကျသွားသည့်အခါ သူက အဖုံးကို ဆင်းကာ ဖိထားသည်။ သေတ္တာကြီးထဲရှိ မိစ္ဆာစစ်သူကြီးက အတိုင်းထက်အလွန် သန်မာလှ၍ သူပင် လွင့်ထွက်သွားမလို ဖြစ်နေသည်။

နဂါးချီလင် ကပျာကယာ ပြောလိုက်သည်။ “သူ ထွက်သွားလို့ မဖြစ်ဘူး... ဘယ်လိုပဲဖြစ်လာပါစေ သူ့ကို အပြင်ထုတ်လို့ မဖြစ်ဘူး.... ငါတို့ ဖမ်းထားရမယ်... ဒါမှ ဂိုဏ်းသခင် ပြန်လာချင်ရင် သူ့ကို ယဇ်ပူဇော်လို့ရမှာ။ ဒါပေမဲ့ ဂိုဏ်းသခင် ငါ့အတွက် ထားခဲ့တဲ့ စွမ်းအင်ဆေးလုံးတွေက သိပ်ကြာကြာ ခံမှာ မဟုတ်ဘူး... နေပါဦး.. ငါ့စွမ်းအင်ဆေးလုံးတွေက သေတ္တာထဲမှာဟ”

နဂါးချီလင် ချုံးပွဲချ ငိုပါလေတော့သည်။

....

စစ်ခရာသံမှာ နားအနား ကပ်၍ မှုတ်နေသကဲ့သို့ နားကွဲလုအောင် ကျယ်လောင်လာသည်။ ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ ပြင်းထန်အားကောင်းသော လေလှိုင်းတစ်လှိုင်း ဖြာထွက်နေသည်ကို မြင်လိုက်ရ၏။ အသံလှိုင်းများ ဖြတ်လာသည့်အခါ သူ့အရေပြားပင် တွန့်ခေါက်သွားသည်။

သူ့အနောက်၌ ကိုက်သုံးဆယ်ကျော် ရှည်လျားသော ဆင်စွယ်ကြီးများ ရှိနေပြီး သံမဏိဓားမများက ဆင်စွယ်များတွင် ပြည့်နှက်နေသည်။

တစ်ကိုယ်လုံး မိစ္ဆာအမှတ်အသားများ ပြည့်နေသော ဧရာမဆင်ကြီးသုံးကောင်က တိမ်ရထားလုံးတစ်စီးကို ဆွဲနေ၏။ သူတို့၏ ဆင်စွယ်ကြီးများ ဘယ်ညာခါရမ်းလိုက်သည့်အခါ သံမဏိဓားမများက မိစ္ဆာနတ်ဆိုးဆယ်ကောင်ကျော်အား ခုတ်ထစ်မိသွားသည်။ ဆင်စွယ်နှင့် ထိလိုက်မိသည်နှင့် ထိုလူများမှာ လွင့်ထွက်ကုန်ကြသည်။

တိမ်ရထားလုံးပေါ်တွင် ဆင်စွယ်များထက်ပင် ရှည်လျားသည့် ဆန်းကြယ်သားရဲတစ်ကောင်၏ ချိုတစ်ခု ရှိသည်။ အဝနေရာမှ တဖြည်းဖြည်း စုသွားသော အဆုံးနေရာတွင် လူနှစ်ယောက်၊ သုံးယောက်ပင် ရပ်နိုင်၏။ နားကွဲလုအောင် ကျယ်လောင်နေသောအသံက ထိုချိုခရာဆီမှ ထွက်လာနေခြင်း ဖြစ်သည်။

ရထားလုံးအပေါ်တွင် မိစ္ဆာဘီလူးကြီးတစ်ကောင် ချီစွမ်းအင်ကို လှုံ့ဆော်လျက် ခရာမှုတ်နေသည်။ အသံက ကျယ်လောင်လွန်း၍ စစ်မြေပြင်တစ်ခွင် ပျံ့နှံ့နေ၏။

မည်သည့်အရာမျှ မယှဉ်နိုင်လိုက်အောင် ကြီးမားလှသော ရထားလုံးကြီးသည် သူ့လူ၊ ငါ့လူ မခွဲခြားဘဲ လမ်းတွင် ရှိရှိသမျှ အရာအားလုံးကို တွန်းတိုက် နင်းခြေပစ်နေသည်။ ဆင်ကြီးများက မိစ္ဆာများကို တက်နင်းပစ်နေ၍ သွေးများ၊ အသားစများ ပြန့်ကြဲလွင့်စင်နေသည်။

ချင်မူ့ပတ်ပတ်လည်တွင် လက်နက်များ ဝင့်ယမ်းလျက် ချီတက်နေသော အနက်‌ရောင်ချပ်ဝတ်များနှင့် မိစ္ဆာနတ်ဆိုးများ ရှိသည်။ သူလည်း ထွေထွေထူးထူး စဉ်းစားမနေဘဲ သူတို့နှင့်အတူ လိုက်ပြေးတော့သည်။

“အာ့ ဖူ ကောင်း နီ ဟမ် (မင်း ဘယ်သူလဲ)” မိစ္ဆာတစ်ကောင်က ချင်မူ သူတို့လူမဟုတ်မှန်း သတိထားမိသဖြင့် ဇဝေဇဝါ လှမ်းကြည့်သည်။

နောက်တခဏတွင် ထိုမိစ္ဆာ၏ခေါင်းပြတ် လွင့်ထွက်သွား၏။

ဓားစက်လုံးက ချင်မူ၏ထောင်ကျယ်အိတ်ထဲမှ ပျံထွက်လာပြီး တဝှမ်ဝှမ်မြည်လျက် သူ့လက်သီးဆုပ်အတွင်းသို့ ဆင်းသက်လာသည်။  မရေမတွက်နိုင်သော ဓားများက သူ့လက်သီး၏ဘေးနှစ်ဖက်မှာ တရှိန်ထိုး ထွက်လာကာ အသွားနှစ်ဖက်ပါသော ဓားရှည်တစ်လက်အသွင် ဖွဲ့တည်သွား၏။ အသွားနှစ်ဖက်လုံးက ထက်မြနေပြီး ဓားသွားကား ကိုက်လေးဆယ် ရှည်လျားလေသည်။

ချင်မူက ဓားကို စကြာသဖွယ် လှည့်လိုက်သည်။ သူ့အပေါ် ခုန်အုပ်နေကြသည့် မိစ္ဆာအားလုံး ချက်ချင်းဆိုသလို တစစီပြတ်တောက်ကာ လွင့်ထွက်ကုန်သည်။ သူ့ဆီ ပြေးလာသော ဆင်ကြီး၏ ရှေ့ခြေ‌ထောက်လည်း ဖြတ်တောက်ခံလိုက်ရ၍ မြေကြီးပေါ် ဦးခေါင်းစိုက်လျက် လဲကျသွားသည်။

ထိုအခါ ဆင်ကြီးအနောက်ရှိ တိမ်ရထားလုံးလည်း လေပေါ် မြောက်တက်သွားပြီး ဇောက်ထိုးမိုးမျှော်အနေအထားဖြင့် ချင်မူ့ခေါင်းပေါ်မှ ဖြတ်ကျော်သွားသည်။

ရထားလုံးပေါ်ရှိ မိစ္ဆာဘီလူးကြီးက ချင်မူ့အား မော့ကြည့်လိုက်သည်။ ချင်မူ့ကို မြင်လျှင် သူ့မျက်လုံးများ တအံ့တဩ ပြူးကျယ်သွား၏။ ထို့နောက် ဓားတစ်လက်က သူ့ခေါင်းကို ဖောက်ကာ စစ်ရထားလုံးနှင့် တွဲစိုက်ပစ်လိုက်၏။

ချင်မူမှာ ဆင်ကြီးနှင့် တိမ်ရထားလုံးဖြင့် တက်နင်းခံရတော့မည့် ဘေးမှ လွတ်မြောက်သွားသဖြင့် သက်ပြင်းချလိုက်မိသည်။ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါတွင်တော့... သူ ခေါင်းကြိမ်းသွားသည်။

သူ့အနောက်တွင် မိစ္ဆာနတ်ဆိုးကြီးများက ဧရာမဆင်ကြီးများ ဆွဲနေသည့် တိမ်ရထားလုံးများကို စီးရင်း တစ်ဖက်သို့ ချီတက်လာနေကြသည်။ ဆင်ကြီးများ မြေကြီးပေါ် နင်းချလိုက်တိုင်း မိုးကြိးများ ပစ်ချလိုက်သကဲ့သို့ အလွန်ကျယ်လောင်လှ၏။

တိမ်ရထားလုံးများအနောက်တွင် ဆင်ကြီးများထက်ပင် ပိုမိုကြီးမားသော ဆန်းကြယ်သားရဲကြီးများ ရှိနေသည်။ သူတို့က လေကဲ့သို့အလျဉ်ဖြင့် ပြေးလာနေကြပြီး သူတို့ကျောပေါ်တွင် ရုန့်ရင်းကြမ်းတမ်းသော မိစ္ဆာနတ်ဆိုးများက မိစ္ဆာလက်နက်များကို ကိုင်စွဲလျက် ရပ်နေကြသည်။

မိစ္ဆာလက်နက်များက ကြောက်မက်ဖွယ်ရာ စွမ်းအားဖြင့် စစ်မြေပြင်ကို ခွင်းကာ တစ်ဖက်ရှိ နတ်ဘုရားများဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်သွားကြသည်။

ကြီးကျယ်ခမ်းနားပါသော်လည်း သည်းထိတ်ချောက်ချားဖွယ်ကောင်းသော အားလှိုင်းကြီးများက စစ်မြေပြင်အထက်ရှိ ဝေဟင်ထဲတွင် ပေါက်ကွဲနေသည်။ နတ်ဘုရားများနှင့် မိစ္ဆာတို့၏ လက်နက်စွမ်းအားများ ဝင်တိုက်သွားသည့်အခါ ဟင်းလင်းပြင်အလွှာမှာ တွန့်ခေါက်လိပ်တက်သွား၏။

ကောင်းကင်ယံတွင် အရောင်မျိုးစုံ ပြိုးပြက်ကခုန်နေပြီး လေဓားသွားများက တဝှီးဝှီး ဖြာထွက်နေသည်။ ဝေဟင်ကို စိုးမိုးနေသည့် လေဓားလှိုင်းများကြောင့် ပျံသန်းလိုက်သည်နှင့် မလွဲဧကန် အသက်ထွက်သွားလိမ့်မည်။

ချင်မူ သူ့တည်နေရာကို အလျင်အမြန် ဆုံးဖြတ်ပြီးနောက် အမူအရာတင်းမာသွားသည်။ သူ ရောက်နေသောနေရာမှာ မိစ္ဆာစစ်တပ်ကြီး၏ ရှေ့တန်းတွင် ဖြစ်၏။

ရှေ့တန်းစစ်သည်တော်များမှာ ရန်သူ့အင်အားနှင့် ခံစစ်ကို စမ်းရန် အသုံးချခံရသော အဆင့်နိမ့်ဆုံးတပ်သားများ ဖြစ်ကြသည်။

ချင်မူမှာ ရှေ့တန်းတွင် ဖြစ်သည့်အပြင် တစ်ဖက်နှင့် ဝင်တိုက်တော့မည်ဖြစ်ရာ ... သူလည်း အသက်ပျောက်သွားနိုင်ချေ များ၏။

“အာ့ ဖူ ကောင်း နီ ဟမ် (မင်း ဘယ်သူလဲ)”

အနောက်ရှိ တိမ်ရထားလုံးဆီမှ အသံ ထွက်လာပြီး မိစ္ဆာဘီလူးကြီးများက သူ့ကို မယုံသင်္ကာ ကြည့်နေကြသည်။

“ခု တယ် ကဲ လုံ (မင်းတို့ထဲက တစ်ယောက်)” ချင်မူ ကပျာကယာ ပြန်အော်လိုက်သည်။

မိစ္ဆာစစ်သည်တော်များ တိမ်ရထားလုံးများပေါ်မှ ဆင်းချလာကြသည်။ သူတို့သည် မိစ္ဆာမျိုးနွယ်မှ လက်ရွေးစင်များ ဖြစ်၏။ ချင်မူ့အနောက် အသည်းအသန် ပြေးလိုက်လာကြကာ အော်ဟစ်ကြသည်။ “ဟ တိ လာ (သတ်)”

ချင်မူလည်း တစ်ချိုးတည်း ပြေးတော့သည်။ သူ ဇဝေဇဝါ ဖြစ်မိ၏။ ‘သူတို့ထဲက တစ်ယောက်ပါလို့ ပြောရဲ့သားနဲ့ ငါ့ကို ဘာလို့ သတ်ချင်နေသေးတာလဲ’

လက်ရွေးစင်များက ပြေးခိုင်းသည့်အတိုင်း ပြေးနေကြသော အဆင့်နိမ့်မိစ္ဆာစစ်သည်များနှင့် မတူပေ။ သန်မာအားကောင်းသော အစွမ်းအစများ ရှိသည့်အပြင် ကောင်းကင်နတ်ဆိုးမျိုးနွယ်လည်း ဖြစ်၏။ ချင်မူက သေဆုံးသူတို့၏ ရှင်သန်ရာကမ္ဘာတွင် ကောင်းကင်နတ်ဆိုးအုပ်နှင့် တိုက်ခိုက်ခဲ့ဖူးသောကြောင့် သူတို့၏အစွမ်းအစများက အမှန်တကယ် အံ့အားသင့်ဖွယ်ရာဖြစ်ကြောင်း သိ၏။

ကောင်းကင်နတ်ဆိုးအုပ်သည် တိမ်ရထားများအနောက်၌ ပုန်းကွယ်နေပြီး ရှေ့တန်းရှိ အဆင့်နိမ့်မိစ္ဆာနတ်ဆိုးများ ရန်သူစစ်တပ်ထဲ ပြေးဝင်၍ စစ်တပ်ကို တစ်ကွဲတစ်ပြား ဖြစ်သွားစေသည့်အချိန်မှ စစ်မြေပြင်သို့ ဝင်လာလိမ့်မည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုးအုပ်မှ မိစ္ဆာများက ချင်မူ့အား လိုက်ဖမ်းနေကြပြီး မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော ဤလူသားကောင်းကင်နတ်သိုင်းပညာရှင်ကို ရှင်းပစ်ရန် ကြံစည်ထားကြ၏။

အနောက်ဘက်မှ အမိန့်ပေးသံများ ထွက်လာ၍ အဆင့်နိမ့်မိစ္ဆာများကလည်း ထွက်ပြေးနေသော ချင်မူ့ကို တိုက်ခိုက်ကြသည်။

အဆင့်နိမ့်မိစ္ဆာအရေအတွက်က အလွန်များပြားလှသဖြင့်  သကြားကို ခဲနေသော ပုရွက်ဆိတ်များပမာ ချင်မူ့အား ဝိုင်းအုံနေကြသည်။

“ဓားအလက်ရှစ်ထောင်” ချင်မူ ဒေါသတကြီး အော်ဟစ်လိုက်သည်နှင့် သူ့လက်ထဲရှိ ဓားရှည်ကြီးက တရှိန်ထိုး ပျံထွက်သွားသည်။ ဓားရောင်များ အရူးအမူး လင်းလက်သွားပြီး မိစ္ဆာများ အတုံးလိုက်အတစ်လိုက် ခုတ်ထစ်လှီးဖြတ်ခံလိုက်ရ၏။ ဓားအလက်ရှစ်ထောင်က အလင်းလုံးကြီးပမာ လမ်းတွင် ရှိသမျှအရာအားလုံးကို နင်းခြေရင်း လိမ့်ဆင်းသွားသည်။

ဝှီး

အလင်းလုံးကြီးက မိစ္ဆာအုပ်ကို နင်းခြေနေသည့်အတွက် အဆင့်နိမ့်မိစ္ဆာများကြားရှိ ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်တစ်ယောက်က မာန်သွင်းဟိန်းဟောက်လိုက်သည်။ သူ့ခန္ဓာကိုယ်သည် ကြီးထွားလာပြီး ဖောင်းကြွလာသော ကြွက်သားအဖုအထစ်များကြောင့် အဝတ်အစားများ ပြဲထွက်သွား၏။ သူက ကိုက်သုံးဆယ်ကျော် ကြီးထွားလာပြီး သူ၏တူကြီးဖြင့် လမ်းပိတ်နေသော အဆင့်နိမ့်မိစ္ဆာများအား ဖယ်ရှားလိုက်၏။

တူကြီးသည် လျှို့ဝှက်နည်းစနစ်များဖြင့် သွန်းလုပ်ထားခြင်းဖြစ်၍ အပိုင်း ၃၆ ပိုင်း ခွဲနိုင်လေသည်။ အစိတ်အပိုင်း ၃၆ ပိုင်းက တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး တဝီးဝီး လည်ကာ သူ့လူများကို အပိုင်းပိုင်း လှီးဖြတ်သွားသည်။

ထိုမိစ္ဆာအရာရှိက အားလုံးကို ဖယ်ရှားပြီးနောက် တူကြီးဖြင့် ချင်မူ့ဆီသို့ ရိုက်ချလိုက်သည်။ ဓားအလက်ရှစ်ထောင်က ဧရာမဒိုင်းကြီးအသွင် ဖွဲ့တည်လျက် တူကြီးအား ကာဆီးလိုက်သဖြင့် တချွင်ချွင်မြည်သံများ တရစပ် ထွက်ပေါ်လာသည်။

မိစ္ဆာအရာရှိက ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည့်အခါ သူ့ချိုင်းအောက်မှ လက်နောက်နှစ်ဖက် ဘုန်းခနဲ ထွက်လာသည်။ လက်နှစ်ဖက်က ဒိုင်းကြီးကို ဆုပ်ကိုင်လိုက်ပြီး ကျန်နှစ်ဖက်က တူကြီးကို မြှောက်ကာ နောက်တစ်ကြိမ် ရိုက်ချလိုက်၏။

ချင်မူက စနေဂြိုဟ်အရှင်သခင်အသွင် ပြောင်းလိုက်သည်။ သူ့အနောက်၌ ကိုက်ပေါင်းများစွာ မြင့်မားသည့် ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာပြီး ပွင့်လာ၏။ မုခ်ဝက သူ့နောက်ကျောဆီသို့ ပြေးလာနေသော မိစ္ဆာနတ်ဆိုးတို့၏ ဝိညာဉ်များကို ယိုတုထဲသို့ စုပ်ယူလိုက်သည်။

ဘုန်း

ချင်မူက လက်နှစ်ဖက်လုံး မြှောက်ကာ မိစ္ဆာအရာရှိအား ခုခံလိုက်သည်။ နှစ်ယောက်လုံး၏ မှော်စွမ်းအင်များက ကောင်းကင်နတ်သိုင်းများနှင့်အတူ တရှိန်ထိုး ပေါ်ထွက်လာသည်။ တူကြီးကျရောက်မသွားခင်ပင် မိစ္ဆာအရာရှိမှာ ချင်မူ့အားလှိုင်းကြောင့် လွင့်ထွက်သွားပြီး မိစ္ဆာနတ်ဆိုးအုပ်ပေါ် ကျသွားသည်။ အဆင့်နိမ့်ကျသော မိစ္ဆာနတ်ဆိုးတချို့ ပြားကပ်သေဆုံးသွားကြ၏။

သို့သော် ကောင်းကင်နတ်ဆိုးအုပ်မှ အမြန်ဆုံးတစ်ယောက်က သူတို့ဆီ ရောက်လာခဲ့ပြီဖြစ်သည်။ ဓားမစက်လုံးတစ်လုံးက ချင်မူ့မျက်နှာတည့်တည့်ဆီသို့ ဦးတည်ဆင်းချလာသည်။ ထိုဓားမစက်လုံးက တဝှမ်ဝှမ် လည်သွားပြီး မရေမတွက်နိုင်သော ဓားမများက သူ့ကို အသည်းအသန် ခုတ်ထစ်ကြ၏။

“ကောင်းကင်ဝိညာဉ်ကမ်းပါး” ချင်မူက သူ့လက် နှစ်ဖက်ကို ရှေ့သို့ ဆန့်မြှောက် တွန်းထုတ်၍ မာန်သွင်း အော်ဟစ်လိုက်၏။

ပါမောက္ခပါ့ရှန်၏ ကောင်းကင်ဝိညာဉ်ကမ်းပါး ပေါ်ထွက်လာသည်။ ကြယ်တာရာများက စစ်တုရင်ဖြန့်ခင်းလိုက်သကဲ့သို့ ဖြာထွက်လာသည်။ နေ၊ လနှင့် ဓာတ်ငါးပါးကြယ်တာရာများက အလင်းနံရံအဖြစ် ဖွဲ့တည်ကာ ဓားမများအား ခုခံလိုက်သည်။

နောက်တခဏတွင် ကောင်းကင်ဝိညာဉ်ကမ်းပါး ပြိုကွဲသွားသည်။

ချင်မူမှာ အင့်ခနဲ ညည်းကာ နောက်ဆုတ်လိုက်ရ၏။ ကောင်းကင်နတ်ဆိုးအုပ်မှ ပထမဆုံး အပြေးရောက်လာခဲ့သူမှာ ကောင်းကင်နတ်ဆိုးမျိုးနွယ်ရှစ်မျိုးအနက်မှ အသူရာမျိုးနွယ်၏ ချောမောသော လူငယ်တစ်ယောက်ဖြစ်သည်။ သူ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်သည့်အခါ မရေမတွက်နိုင်သော ဓားကွေးများက ပျံဝဲသွားပြီး သူ့လက်ထဲ၌ ဓားမစက်လုံးအဖြစ် ဖွဲ့တည်သွား၏။

အသူရာက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားမစက်လုံးသည် ဝှမ်ခနဲ ဓားမရှည်နှစ်လက်အသွင် ပြောင်းသွား၏။ တစ်ချိန်တည်းမှာပင် ဓားမစက်လုံးအတွင်းရှိ ကျန်ဓားကွေးများက ပြိုင်ဘက်ကင်းလောက်အောင် သေးငယ်သွားပြီး စီးဆင်းနေသော ရေအလျဉ်ပမာ သူ့လက်ချောင်းများကြားမှ ထွက်လာသည်။

အသူရာသည် ဓားမနှစ်လက်ကို မြှောက်၍ လေပွေပမာ လှုပ်ရှားပျံဝဲကာ ချင်မူ့အား ခုတ်ထစ်တော့၏။

ချွင်

ဓားများ ထိခတ်သွားပြီး ချင်မူ ခန္ဓာကိုယ်ကို လှုပ်ရှားကာ ပြင်းထန်လှသည့်အားလှိုင်းအား ခါထုတ်လိုက်ရသည်။

‘သန်မာလိုက်တဲ့ အားလှိုင်း’

အသူရာလည်း နောက်ဆုတ်လိုက်ရသည်။ သူက မြေပြင်နှင့် ပွတ်တိုက်သွားသည့်အားကို အသုံးချ၍ ခန္ဓာကိုယ်ကို ပြန်ထိန်းကာ ပို၍လျင်မြန်သော အမြန်နှုန်းဖြင့် ချင်မူ့ဆီ ပြေးလာ၏။

ချင်မူက လက်ဝါးကို ဆန့်ထုတ်၍ ရှေ့တစ်လှမ်း တက်လိုက်သည်။ သူ၏ချီစွမ်းအင်က ‘ရပ်’ စာလုံးကို ဖွဲ့တည်ပေး၏။ အသူရာ၏ခန္ဓာကိုယ်မှာ တခဏသာ ရပ်တန့်သွားသော်လည်း သူ ပြန်မလှုပ်ရှားနိုင်ခင် ချင်မူ့ဓားက သူ့ကို ဖြတ်ကျော်သွားပြီး သွေးသံရဲရဲ နှလုံးတစ်ခု လေပေါ် မြောက်တက်သွားသည်။

“မင်းက သိပ်သန်မာပေမယ့် ငါ့အောက် နည်းနည်း နိမ့်ကျနေသေးတယ်”

ကောင်းကင်နတ်ဆိုးအုပ်မှ လူများစွာ ရောက်လာသဖြင့် ချင်မူ့မျက်လုံးများ မှေးကျဉ်းသွားသည်။

သို့သော် ထိုအခိုက်အတန့်တွင် စစ်မြေပြင်မှ ကမ္ဘာမြေတုန်ဟည်းသွားစေသော အသံကြီး ထွက်ပေါ်လာ၏။ ၎င်းက စစ်တပ်ကြီးနှစ်တပ် ဝင်တိုက်သွားသည့် အသံဖြစ်ပေသည်။ တခဏအတွင်း သွေးများ ၊ အသားစများ လေပေါ် မြောက်တက်လာတော့သည်။

ရုတ်တရက် ... ကောင်းကင်တစ်ပြင်လုံး မှောင်မိုက်သွားပြီး စစ်မြေပြင်၏အလယ်တွင် ယဇ်ပလ္လင်ကြီးတစ်ဆူက အလောင်းများကို တွန်းဖယ်ကာ ထွက်လာသည်။ မြင့်တက်လာသော မြေပြင်က ချင်မူနှင့် ‌ကောင်းကင်နတ်ဆိုးစစ်သည်များအား လွင့်ထွက်သွားစေ၏။

ချင်မူ အလျင်အမြန် လှမ်းကြည့်လိုက်သည့်အခါ ရင်ဒိန်းခနဲ ခုန်သွားသည်။ ထိုယဇ်ပလ္လင်ကြီးမှာ သူ ဤကမ္ဘာသို့ နေရာရွှေ့ပြောင်းရန် တည်ဆောက်ခဲ့သော တစ်ခုနှင့် အတော်လေး ဆင်နေသည်။

ဧရာမယဇ်ပလ္လင်ကြီး၏ ရည်ရွယ်ချက်က စစ်မြေပြင်ရှိ အသွေးအသားများကို ယဇ်ပူဇော်၍ ကမ္ဘာခြားမှ သန်မာအားကောင်းသောလူတစ်ယောက်ကို ဆင့်ခေါ်ရန် ဖြစ်လိမ့်မည်။

‘ဒီယဇ်ပလ္လင်က ငါလုပ်ခဲ့တဲ့တစ်ခုထက် အဆရာချီ ကြီးမားတယ်... ဘယ်သူ့ကို ခေါ်တာများလဲ’

သူ မြေပေါ် ဆင်းလိုက်သည်နှင့် ကောင်းကင်နတ်ဆိုးများ ဝိုင်းအုံလာ၍ စဉ်းစားရန် အချိန်မရတော့ပေ။

ယဇ်ပလ္လင်ကြီးက လင်းလာပြီး ဘေးနံရံများပေါ်ရှိ သင်္ကေတအမှတ်အသားများ အသက်ဝင်လာသည်။ သွေးနီရောင်အလင်းတန်းက ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တိမ်တိုက်များကို ဖောက်ခွင်းလိုက်ကာ အပေါက်တစ်ပေါက် ဖြစ်ပေါ်လာစေ၏။

ဝုန်း

ဧရာမပုဆိန်ကြီးတစ်ခု ကောင်းကင်ထက်မှ ကျဆင်းလာပြီး ပုဆိန်ကြီး‌နောက်မှ ရက်စက်ကြမ်းကြုတ်သောအသွင်အပြင်ဖြင့် ခံ့ညားသော ကျားကြီးတစ်ကောင် လိုက်လာသည်။ ခမ်းနားလှပ‌သော ကောင်းကင်သင်္ကေတများက ၎င်း၏ခန္ဓာကိုယ်ကို ဝန်းရံလျက် ရှိသည်။

“အရှင်”

ကျားကြီးက ဟိန်းလိုက်ပြီး ရင်းနှီးနေသောလူတစ်ယောက် ၎င်း၏ကျောပေါ်တွင် ပေါ်လာသည်။ ချင်မူ ငေးကြောင်သွား၏။ သတိလက်လွတ်ဖြစ်သွား၍ ကောင်းကင်နတ်ဆိုးအုပ်မှ သူ့အသက်ကို နုတ်ယူနိုင်တော့မလို ဖြစ်သွားသည်။

ယဇ်ပလ္လင်ထက်တွင် နတ်ကျားကြီးကို စီးလျက် ပုဆိန်တစ်လက်အား ကိုင်ထားသော လူအား ချင်မူ ရင်းနှီးနေသည်။

ထိုလူသည် ကျောက်တုံးပေါ်တွင် သူ့ကို သင်ကြားပို့ချပေးခဲ့သော တန်ခိုးရှင်သစ်ခုတ်သမားပင် ဖြစ်၏။

All Chapters