← Chapters

ဝင်ခွင့်ပေးလိုက်ပါ

Vol. 74 Ch. 1017

ဝင်ခွင့်ပေးလိုက်ပါ

Vol. 74 Ch. 1017

နတ်နွားကြီး၏ ပုံရိပ်ယောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အပြင်ဘက်၌ ရုပ်လုံးပေါ်လာပြီး မီးလျှံဝိညာဉ်လူမှုအဖွဲ့အစည်း၏ ထာဝရကြယ် အပြင်ဘက်၌ ပေါ်ပေါက်လာသည်နှင့် ခေါင်းမော့ကာ အော်ဟစ်မြည်တမ်းလိုက်၏။ ထို့ကြောင့် လေမုန်တိုင်းတစ်ခု တိုက်ခတ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံနှံသွားသည်။ ထိုအချိန်တွင် မီးတောက်ပင်မဂြိုဟ်ပေါ်ရှိ နံပါတ်ဆယ့်လေး ဂိုဏ်းတူအစ်ကိုကြီး အသွင်ပြောင်းသွားခဲ့သည့် ကျောက်တုံးပေါ်၌ လက်နှစ်ဖက်ပေါ် ခေါင်းအုံး၍ လဲလျောင်းကာ လေတချွန်ချွန် လုပ်နေသော ဆယ့်ငါးမှာ ရုတ်တရက်ဆိုသလို မတ်တတ်ထလာပြီး မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ၏ အမူအရာမှာ ယခင်တုန်းကနှင့် လုံးဝမတူတော့ပေ။ သူသည် ပြုံးနေသလို မျက်ဝန်းများထဲတွင်လည်း စိတ်အေးသွားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။ သို့ဖြစ်ရာ ထို လူငယ်လေးမှာ ရုတ်ခြည်းဆိုသလို ရင့်ကျက်သွားသကဲ့သို့ပင်။

သူတစ်ယောက်တည်းသာ မဟုတ်ပေ။ ထို အခိုက်အတန့်တွင် သူ၏ အောက်၌ ရှိနေသည့် ကျောက်တုံးပေါ်တွင်လည်း မျက်နှာတစ်ခုပေါ်ပေါက်လာ၏။ ၎င်း အမူအရာမှာလည်း ဆယ့်ငါးနှင့် အတူတူပင်။ နံပါတ်ဆယ့်သုံး ဂိုဏ်းတူအစ်ကိုကြီး အသွင်ပြောင်းသွားခဲ့သည့် သစ်ပင်ကြီး၊ နူးညံ့သိမ်မွေ့မှုရှိသော နံပါတ်ဆယ့်နှစ် ဂိုဏ်းတူအစ်မကြီး၊ ဗိုလ်ကျလွန်းသော နံပါတ်ဆယ့်တစ် ဂိုဏ်းတူအစ်မကြီးနှင့် အခြားသူများအားလုံး၏ မျက်နှာအမူအရာများမှာလည်း အတူတူဖြစ်နေကြသည်။

တစ်ကိုယ်လုံး ဖူးရောင်နေသည့် နံပါတ်ခုနစ် ဂိုဏ်းတူအစ်ကိုကြီး၊ ချော်ရည်ပူများထဲ၌ စိမ်နေသည့် နံပါတ်သုံး ဂိုဏ်းတူအစ်ကိုကြီး၊ နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး၏ မျှော်စင်ထဲ၌ သူနှင့်အတူ စစ်တုရင်ကစားနေသည့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးတို့သာမက အိပ်ပျော်နေသည့် နွားထီးအိုကြီးပင်လျှင် မျက်နှာအမူအရာ တစ်ပုံစံတည်း ဖြစ်နေကြ၏။

သူတို့မှာ စိတ်အေးသွားကြပြီး မျှော်လင့်တကြီး ဖြစ်နေသည့်ပုံ ပေါက်နေကြခြင်းဖြစ်သည်။

" ဒီကောင်လေးက သူ့ရဲ့ အငွေ့အသက်ကို စပြီးတော့ ဖန်တီးနိုင်သွားပြီပဲ " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ သူမ၏ လက်ထဲမှ စစ်တုရင် အရုပ်အား အောက်သို့ချကာ ပြုံး၍ဆိုလိုက်၏။

" ဒီလို မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်ခဲ့တဲ့အပြင် အချိန်တိုလေးအတွင်းမှာ အခုလို အငွေ့အသက်မျိုးကို ဖန်တီးနိုင်ခဲ့တာဆိုတော့ ဆရာ သူ့အတွက် စီစဉ်ပေးထားတဲ့ ကြယ်အချုပ်အနှောင်ပညာရပ်က သူနဲ့ ကိုက်ညီမှု အပြည့်အဝရှိနေတာပဲ ဖြစ်မယ် " နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီးမှာလည်း ခေါင်းမော့လာပြီး ဆိုလိုက်၏။ သူသည် မိမိနှင့် သင့်တော်သည့် ကျင့်ကြံခြင်းပညာရပ်တစ်ခုအား ရရှိပိုင်ဆိုင်နိုင်ရန်မှာ ကျင့်ကြံသူများအတွက် အလွန်အင်မတန်မှ အရေးကြီးကြောင်း သိထား၏။ အထူးသဖြင့် ကြယ်အချုပ်အနှောင်ပညာရပ်ကဲ့သို့သော အဆင့်မြင့် ကျင့်ကြံခြင်းပညာရပ်များမှာဆိုလျှင် ပို၍ပင် အရေးကြီးပေသည်။ ၎င်းတို့မှာ ကျင့်ကြံသူတစ်ယောက်အား မျက်စိတစ်မှိတ်အတွင်း အမြင့်ဆုံး ကောင်းကင်ဘုံအထိ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်စွမ်းရှိသည် မဟုတ်ပါလော။

" ဆရာ အပြင်မှာ ရှိနေခဲ့တုန်းက ကောင်းကင်ဘုံမန္တန်ဂုရုကြီးဆီ ကိုယ်တိုင်သွားခဲ့ပြီးတော့ ဂိုဏ်းတူညီလေးရဲ့ ဆံပင်တစ်ခွေကို သုံးပြီး ရှေးခေတ် မိုးကောင်းကင်တာအိုကို တွက်ချက်အဖြေထုတ်ခိုင်းခဲ့တာ။ အဲတာမလို့လည်း ကြယ်အချုပ်အနှောင်ပညာရပ်က နံပါတ်ဆယ့်ခြောက် ဂိုဏ်းတူညီလေးနဲ့ ကိုက်ညီမှုအရှိဆုံး ပညာရပ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာလေ။ အဲဒီလို ဖြစ်လာနိုင်ဖို့အတွက် ဆရာ အများကြီးပေးဆပ်ခဲ့ရလောက်တယ်... " နံပါတ်နှစ် ဂိုဏ်းတူအစ်ကိုကြီး လေသံတိုးတိုးဖြင့် ဆိုလိုက်သောအခါ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ရယ်မောကာ ပြန်ပြောလိုက်သည်။

" သူ အများကြီး ပေးဆပ်ခဲ့ရတယ်ဆိုပေမဲ့ တန်ပါတယ်။ ငါတို့ရဲ့ မျိုးဆက်ထဲက ကျင့်ကြံသူတွေ စစ်မှန်တဲ့ မဟာတာအိုလမ်းစဉ်ပေါ်မှာ လျှောက်ချင်တယ်ဆိုရင် ပါရမီ၊ အခွင့်အရေးနဲ့ ဓမ္မရတနာတို့လို ပစ္စည်းတွေက အရေးပါတာ မှန်ပေမဲ့ အဓိကလိုအပ်တဲ့အရာ မဟုတ်ဘူး။ တကယ် အရေးကြီးဆုံးအရာက အငွေ့အသက်ပဲ "

" ဂြိုဟ်အဆင့်ကနေ စပြီးတော့ အကြောက်အလန့် လုံးဝမရှိတဲ့ အငွေ့အသက်တစ်မျိုးကို ပြုစုပျိုးထောင်ပေးထားဖို့လိုတယ် "

" စိတ်ဆန္ဒပြင်းပြတဲ့ လူတွေပဲ ဒီကမ္ဘာကြီးထဲက မိုးကောင်းကင်တာအိုနဲ့ တခြား စည်းမျဉ်းဥပဒေသတွေတင် မကဘဲ ဘယ်အရာကမှ တားဆီးနိုင်စွမ်းမရှိတဲ့ ရပ်တန့်လို့ မရနိုင်တဲ့ အငွေ့အသက်တစ်မျိုးကို ပိုင်ဆိုင်နိုင်မှာ "

" အဲဒီအငွေ့အသက် ပျောက်ကွယ်မသွားဘူးဆိုရင် လောကကြီးတစ်ခုလုံးရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်ပြီးတော့ ပြိုင်ဘက်ကင်းသွားမှာ အသေအချာပဲ " နံပါတ်တစ် ဂိုဏ်းတူအစ်မကြီးမှာ ထိုသို့ဆိုလိုက်ပြီး ခေါင်းမော့ကာ ရယ်မောလိုက်၏။ ထို့နောက် သူမသည် မျက်ဝန်းများထဲ၌ မျှော်လင့်ချက်ရောင်ခြည်များ သန်းလာပြီး သူမတစ်ယောက်တည်းသာ ကြားနိုင်သည့် စကားလုံးများကို ရေရွတ်လိုက်သည်။

" မီးတောက်မျိုးနွယ်ထဲက တပည့်တွေအကုန်လုံး အဲဒီ အငွေ့အသက်ကို ပိုင်ဆိုင်ထားကြပြီးသား။ ဒါပေမဲ့ မိုးကောင်းကင်တာအိုက အကြင်အနာကင်းမဲ့တာမလို့ သူတို့တွေအကုန်လုံး ဘဝနိဂုံးချုပ်သွားခဲ့ကြတာ။ ဒါပေမဲ့ ဒီလမ်းစဉ်အတိုင်း ဆက်လျှောက်မယ်ဆိုရင် ဒီ အငွေ့အသက်က စစ်မှန်တဲ့ မဟာတာအို ဖြစ်လာလိမ့်မယ်လို့ ငါ ယုံတယ် "

မီးတောက်ပင်မဂြိုဟ်ပေါ်ရှိ လူတိုင်းမှာ မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်းအပေါ် အာရုံအပြည့်စိုက်ထားကြ၏။ ထိုအခိုက်အတန့်တွင် မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်း ထာဝရကြယ်ကြီး၏ အပြင်ဘက်၌ အသံကုန် အော်ဟစ်မြည်တမ်းနေသည့် နတ်နွား ပုံရိပ်ယောင်ကြီး၏ နဖူးပေါ်ရှိ တာအိုဂြိုဟ်ထဲတွင် ထိုင်နေသော ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပလာသည်။

" ဒီပုံစံအတိုင်းဆိုရင် ဂြိုဟ်အဆင့်က... အကူးအပြောင်းအဆင့် တစ်ခုပဲ " ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲရှိ ကျင့်ကြံခြင်း အငွေ့အသက်များကို အာရုံခံမိနေသည်။ သူသည် အလယ်အလတ် ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးပါသော်လည်း သူ့ဘက်မှ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်လိုက်မည်ဆိုပါက သူ့အား အနိုင်ယူနိုင်မည့် ဂြိုဟ်အဆင့်ကျင့်ကြံသူ တစ်ယောက်တလေ ရှိနေနိုင်သေးသည့်တိုင်အောင် သူ့အား သတ်ဖြတ်နိုင်မည့် ဂြိုဟ်အဆင့် ကျင့်ကြံသူ အရေအတွက်မှာမူ ဤ အဆုံးမဲ့တာအို နယ်မြေတစ်ခုလုံးထဲ၌ မရှိသလောက် နည်းပါးနေပြီ ဖြစ်သည်။

" ငါ့ရဲ့ တာအိုဂြိုဟ်တစ်လုံးပဲ ပိုင်ဆိုင်ထားတဲ့ ရေးထိုးခြင်း စည်းမျဉ်းဥပဒေသ၊ ရှေးဟောင်းဂြိုဟ် ကိုးလုံးရဲ့ စည်းမျဉ်းဥပဒေသကိုးခု၊ သတ်ဖြတ်တဲ့နေရာမှာ ကူညီပေးနိုင်တဲ့ နတ်ဆိုးမျက်လုံးပညာရပ်နဲ့ ဒီ ကြယ်အချုပ်အနှောင်ပညာရပ်ရဲ့ စွမ်းအားတွေကို ပေါင်းလိုက်မယ်ဆိုရင်... " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်နေ၏။ သူသည် ပို၍ပင် ဩဇာကြီးမားသည့်ပုံ ပေါက်လာသလို သူ၏ အငွေ့အသက်များမှာလည်း ပိုမိုအားကောင်းလာပြီဖြစ်သည်။

သူသည် စကြဝဠာကြီး၏ စည်းမျဉ်းဥပဒေသများအပေါ်တွင်ပါ အကျိုးသက်ရောက်မှု ရှိနေသည်ဖြစ်ရာ သူ၏ ပတ်ပတ်လည်ရှိ စည်းမျဉ်းဥပဒေသများ၏ စွမ်းအားများမှာ ပြောင်းလဲလာရ၏။ ထို့ကြောင့် စကြဝဠာကြီးထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းလာပြီး မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်းနှင့် အနီးအနားရှိ အခြား လူမှုအဖွဲ့အစည်းများမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူ အမြောက်အမြားမှာ သူ့အား ဦးညွှတ်အရိုအသေပေးနေကြတော့သည်။ ထိုအချိန်တွင် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်၏။

သူသည် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း သူ့အား နစ်နာကြေးအဖြစ် လက်ဆောင်ပေးခဲ့သည့် သာမန်ဂြိုဟ် အလုံးတစ်ရာကျော်အား ထုတ်ယူလိုက်ခြင်းဖြစ်သည်။ ထို သာမန်ဂြိုဟ်များမှာ သန့်စင်ထားပြီးဖြစ်သလို မန္တန်တစ်ခုဖြင့် ချုပ်နှောင်ခံထားရသည်လည်းဖြစ်ရာ လက်သီးဆုပ် အရွယ်သာ ရှိပြီး အရောင်အမျိုးမျိုး ပိုင်ဆိုင်ထားသည့် ပုလဲလုံးများနှင့် တူနေတော့သည်။

သို့သော် ထို အချုပ်အနှောင်အား ဖယ်ရှားလိုက်မည်ဆိုပါက ၎င်းတို့မှာ စကြာဝဠာကြီးထဲ၌ အရွယ်အစား ပြန်လည် ကြီးမားလာပြီး ဂြိုဟ်များအဖြစ် ပြန်လည် ပြောင်းလဲသွားမည်သာ ဖြစ်သည်။

" ငါက ကြယ်အချုပ်အနှောင်ပညာရပ်ရဲ့ ပထမအဆင့်ကိုပဲ ကျွမ်းကျင်တတ်မြောက်ထားပြီးတော့... ဒုတိယအဆင့်ကို မလေ့ကျင့်ရသေးပေမဲ့ ဒီ သာမန်ဂြိုဟ်တွေနဲ့ ပေါင်းစည်းနိုင်လိမ့်မယ်လို့ ခံစားနေရတယ် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားသည်။ ထိုအချိန်မှာပင် သူ၏ တာအိုဂြိုဟ်ကြီးမှာ ဝင်းလက်စွာ တောက်ပလာ၏။ ထို့နောက် ထိုအလင်းရောင်များမှာ ကြယ်မြေပုံကြီး တစ်ခုလုံးထဲ၌ ပြည့်နှက်သွားသဖြင့် နတ်နွားကြီးမှာ အပြင်းအထန် တုန်ရီသွားရသည်။ ၎င်း၏ စွမ်းအားမှာ သိသိသာသာ တိုးတက်သွားခြင်း မရှိပါသော်လည်း တာအိုဂြိုဟ်၏ စွမ်းအားများကို ရယူလိုက်ပြီးနောက် ပြောင်းလဲသွား၏။

တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ လက်နှစ်ဖက်ကို မြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် နတ်နွားပုံရိပ်ယောင်ကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အော်ဟစ်မြည်တမ်းလိုက်ပြန်သည်။ ထို့နောက် ၎င်းမှာ ပါးစပ်ဟကာ သာမန်ဂြိုဟ် အလုံးတစ်ရာအဖြစ်မှ ပြောင်းလဲသွားခဲ့သည့် ပုလဲလုံးလေးများအား စုပ်ယူလိုက်တော့သည်။

၎င်း ထိုသို့ စုပ်ယူလိုက်သည်နှင့် ထို ပုလဲလုံး အလုံးတစ်ရာမှာ ချက်ချင်းဆိုသလိုပင် ဝင်းလက်တောက်ပလာကြပြီး နတ်နွားကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းသွားကြ၏။ ၎င်းတို့မှာ နတ်နွားကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီးနောက် ၎င်း၏ ခန္ဓာကိုယ်ထဲ၌ ပြန့်ကျဲသွားကြပြီး နေရာအသီးသီးတွင် ရှိနေသည့် ဥက္ကာပျံများနှင့် ပေါင်းစည်းသွားတော့သည်။ ထိုဖြစ်စဉ်ကြီးမှာ အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်သာ ကြာမြင့်ပေသည်။ ဝမ်ပေါင်လဲ့ သူ၏ လက်အား ထပ်၍ ဝှေ့ယမ်းလိုက်ချိန်တွင် သူ၏ ပတ်ပတ်လည်ရှိ ဧရာမ နတ်နွားပုံရိပ်ယောင်ကြီးမှာလည်း ထပ်၍ အော်ဟစ်မြည်တမ်းလိုက်ပြန်သည်။

ယခုအကြိမ်တွင် ၎င်း၏အော်သံမှာ ပို၍ပင် ကျယ်လောင်နေသလို ပို၍လည်း ထူးဆန်းနေ၏။ အဘယ်ကြောင့်ဆိုသော် နတ်နွားကြယ်မြေပုံထဲရှိ ဥက္ကာပျံများထဲမှ အလုံးတစ်ရာမှာ သာမန်ဂြိုဟ် အလုံးတစ်ရာနှင့် ပေါင်းစည်းသွားပြီးနောက် ဂြိုဟ်များအဖြစ် ပြောင်းလဲသွားသောကြောင့်ပင်။

ထို သာမန်ဂြိုဟ်အလုံးတစ်ရာမှာ ကြယ်မြေပုံကြီး တစ်ခုလုံး၏ တစ် ရာခိုင်နှုန်းခန့်သာ ရှိသေးပါသော်လည်း နတ်နွားပုံရိပ်ယောင်ကြီးမှာ အများကြီး ပို၍ အစွမ်းထက်လာဆဲပင်။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ပို၍ပင် အရောင်တောက်ပလာရတော့သည်။

" တာအိုဂြိုဟ်ရဲ့ အကူအညီနဲ့ဆိုရင် ကြယ်အချုပ်အနှောင်ပညာရပ်ရဲ့ ပထမအဆင့်မှာပဲ ရှိနေသေးရင်တောင် သာမန်ဂြိုဟ်တွေနဲ့ ပေါင်းစည်းနိုင်စွမ်း ရှိနေပြီပဲ "

" အဲတာဆိုရင် ငါ ဒုတိယအဆင့်ကို ရောက်တဲ့အချိန်ကျ ဝိညာဉ်ဂြိုဟ်နဲ့ အင်မော်တယ်ဂြိုဟ်တွေနဲ့ပါ ကြိုပြီးတော့ ပေါင်းစည်းနိုင်စွမ်း ရှိသွားလောက်တယ်။ တတိယအဆင့်အထိ ရောက်သွားရင်... အထူးဂြိုဟ်တွေနဲ့ ပေါင်းစည်းနိုင်ဖို့ဆိုတာ ငါ့အတွက် ခဲယဥ်းမှာမဟုတ်တော့ဘူး "

" တကယ်လို့ ငါ အထူးဂြိုဟ် အလုံးတစ်သောင်းနဲ့ ပေါင်းစည်းပြီး အဲဒီဂြိုဟ်တွေကို နတ်နွားပုံရိပ်ယောင်ကြီးအဖြစ် ပြောင်းလဲပစ်နိုင်မယ်ဆိုရင် အဲဒီ ပုံရိပ်ယောင်ကြီးက ဘယ်လောက်အထိ အစွမ်းထက်နေမလဲ မသိဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် နှလုံးသားတစ်ခုလုံး တုန်ရီသွားရ၏။

" တာအိုဂြိုဟ်ရဲ့ အကူအညီက ငါ့ရဲ့ ကျင့်ကြံခြင်းပညာရပ်ကို အဆင့်တစ်ဆင့် မြှင့်ပေးတာနဲ့ အတူတူပဲ။ အဲတာဆို ငါ စတုတ္ထအဆင့်ကို တက်လှမ်းနိုင်တဲ့အချိန်ကျရင် ဘယ်သူမှ မရောက်ဘူးတဲ့ ပဉ္စမအဆင့်အထိ ရောက်သွားပြီလို့ အတိုင်းအတာ တစ်ခုအထိ သတ်မှတ်လို့ရပြီလေ "

" အဲလိုဆိုရင်... ငါ ဂြိုဟ်အဆင့်ကနေ ဖောက်ထွက်နိုင်ဖို့အတွက် အသုံးပြုရမယ့် နည်းလမ်းက ထာဝရကြယ်တစ်လုံးနဲ့ ပေါင်းစည်းဖို့ မဟုတ်လောက်တော့ဘူး.... " ဝမ်ပေါင်လဲ့မှာ ထိုသို့ စဉ်းစားတွေးတောနေရင်း အသိစိတ်ထဲ၌ အကြံတစ်ခု ပေါ်ပေါက်လာ၏။

" ငါ ကြယ်အချုပ်အနှောင်ပညာရပ်ကို အသုံးပြုပြီးတော့ ငါ့ရဲ့ တာအိုဂြိုဟ်ကို ဂြိုဟ်အဆင့်ကနေ ထာဝရကြယ်အဆင့်အထိ ရောက်အောင် မြှင့်တင်လို့ရမလား မသိဘူး။ အဲလိုသာ လုပ်နိုင်မယ်ဆိုရင် ငါ ဂြိုဟ်အဆင့်ကနေ ထာဝရကြယ်အဆင့်ကို အလိုလို ဖောက်ထွက်နိုင်စွမ်း ရှိသွားမှာလေ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ထူးဆန်းစွာတောက်ပသွား၏။

သို့သော် သူသည် မျက်လုံးများ ပြန်မှေးသွားပြီး ထိုအတွေးများအား မေ့ပျောက်ထားလိုက်၏။ သူ ဖောက်ထွက်နိုင်ရန် အဝေးကြီး လိုသေးသည် မဟုတ်ပါလော။ ယခုတွင် သူသည် ဤ နတ်ဘုရားစွမ်းရည်အား လေ့လာတတ်မြောက်သွားပြီဖြစ်ရာ အရေးအကြီးဆုံးအချက်မှာ သာမန်ဂြိုဟ်များ အလုံအလောက် ရရှိပိုင်ဆိုင်နိုင်မည့် နည်းလမ်းတစ်ခုခုအား ရှာဖွေရန်ဖြစ်သည်။

ထို့သို့ဖြင့် ဝမ်ပေါင်လဲ့တစ်ယောက် ခေါင်းမော့လာပြီး တစ်ချက်တွေးလိုက်သည်နှင့် နတ်နွားပုံရိပ်ယောင်ကြီးမှာ ချက်ချင်းဆိုသလိုပင် အရောင် တဖျတ်ဖျတ်လက်ကာ အရွယ်အစား သေးငယ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလာပြီး တစ်အောင်ခန့်အကြာတွင် မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်းနှင့် သူ့အား ကာကွယ်စောင့်ရှောက်ပေးရန် ရောက်လာကြသည့် အခြားလူမှုအဖွဲ့အစည်းများမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူများ၏ ရှေ့၌ ပေါ်ပေါက်လာတော့သည်။

" မင်္ဂလာပါ သခင်လေး " ထိုအခါ ထို ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ တရိုတသေ ဦးညွှတ်ကာ ဂါရဝပြုလိုက်ကြ၏။

" ကျေးဇူးအများကြီးတင်ပါတယ် " သူ၏ ရာထူးအဆင့်အတန်းကြောင့် သူသည် မီးတောက်ကြယ်စင်စုထဲရှိ သက်ရှိအများစု၏ ကံကြမ္မာအား စကားတစ်ခွန်းတည်းနှင့် အဆုံးအဖြတ်ပေးနိုင်စွမ်း ရှိနေသည့်တိုင်အောင် ထိုသို့ဖြစ်နေရခြင်းမှာ သူ၏ ဆရာကြောင့်သာဖြစ်ပြီး သူ့ကြောင့်မဟုတ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထား၏။ ထို့ကြောင့်လည်း သူသည် ယဉ်ကျေးမှုအပြည့်ရှိသော အမူအရာဖြင့် ထို ကျင့်ကြံသူများအား ပြန်၍ ဂါရဝပြုလိုက်ဆဲပင်။ ထို့နောက် သူ မီးတောက်ပင်မဂြိုဟ်ဆီသို့ ပြန်ရန် ပြင်လိုက်စဉ်မှာပင် မီးလျှံဝိညာဉ် လူမှုအဖွဲ့အစည်းမှ ထာဝရကြယ်အဆင့် ကျင့်ကြံသူကြီးမှာ ချီတုံချတုံ ဖြစ်နေသည့်လေသံဖြင့် ဆိုလိုက်၏။

" သခင်လေး။ သူ့ကိုယ်သူ သခင်လေးရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပါ ဆိုပြီးတော့ ပြောနေတဲ့ ရှဲ့ဟေးရန်ဆိုတဲ့ ကျင့်ကြံသူတစ်ယောက် ရောက်နေတယ်ဗျ။ သူ အပြင်ဘက်မှာ စောင့်နေတာ ကြာလှပြီ "

" ရှဲ့ဟေးရန် ဟုတ်လား " ထိုအခါ ဝမ်ပေါင်လဲ့မှာ အထူးတဆန်း ဖြစ်သွားရ၏။ ထို့နောက် သူသည်မျက်စိ ပေကလတ်ပေကလတ် လုပ်ကာ မျက်ဝန်းများ တောက်ပသွားသည်။ သူသည် သာမန်ဂြိုဟ်များ အလုံအလောက် ပိုင်ဆိုင်ထားခြင်း မရှိသည့် ပြဿနာနှင့် ကြုံတွေ့နေရသည်မဟုတ်ပါလော... ထို့ကြောင့် သူသည် ချောင်းဟန့်ကာ ချက်ချင်းပြန်ပြောလိုက်တော့သည်။

" သူ့ကို ဝင်ခွင့်ပေးလိုက်ပါ “

All Chapters