ညီအစ်ကိုနှစ်ယောက်
Vol. 74 Ch. 1018
ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့ အမိန့်ပေးလိုက်ပြီးနောက် ခုနစ်ရက်တိတိ စောင့်ဆိုင်းပြီးသွားသောအခါမှ ရှဲ့ဟေးရန် ရောက်ရှိလာ၏။ သူသည် ဝမ်ပေါင်လဲ့နှင့် အဝေးကြီးတွင် ရှိနေခဲ့သည့်အတွက် အပြစ်မဆိုသာပေ။ ထို ခုနစ်ရက်အတွင်းတွင် သူသည် အစွမ်းကုန် ကြိုးစားခဲ့ရသည့်အပြင် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အကူအညီများကိုပါ ယူခဲ့ရ၏။ ထိုသို့သာမဟုတ်ပါက သူသည် ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိနိုင်ရန် အနည်းဆုံး နှစ်ပတ် သို့မဟုတ် နှစ်ပတ်ထက်ပင် ပိုကြာနေနိုင်ပေသည်။
ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်မရှည်သည့် လူတစ်ယောက် မဟုတ်ပေ။ သူသည် ထို ခုနစ်ရက်အတွင်းတွင် မီးဝိညာဉ်လူမှုအဖွဲ့အစည်းထဲရှိ ထာဝရကြယ်ကြီး၏ အပြင်ဘက်၌ တင်ပျဉ်ခွေထိုင်ကာ သူ၏ နတ်ဘုရားစွမ်းရည်များကို အားဖြည့်နေခဲ့သလို ကြယ်အချုပ်အနှောင်ပညာရပ်၏ အလုပ်လုပ်ပုံနှင့် ပို၍ လက်ပွန်းတတီး ဖြစ်လာနိုင်စေရန် အတွက်လည်း လေ့ကျင့်နေခဲ့၏။
နောက်ဆုံးတွင် သူသည် ကြယ်အချုပ်အနှောင်ပညာရပ်အား အစွမ်းထက် နတ်ဘုရားစွမ်းရည်တစ်ခုအဖြစ် ချက်ချင်းထုတ်လွှတ်နိုင်စွမ်း ရှိသွားပြီ ဖြစ်သလို ၎င်းအား အရွယ်အစားသေးငယ်သွားအောင် လုပ်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံ၍ အကာအကွယ် တစ်ခုအဖြစ် အသုံးပြုနိုင်စွမ်းလည်း ရှိသွားပြီဖြစ်သည်။ ထိုအချိန်တွင် ရှဲ့ဟေးရန် ရောက်ရှိလာ၏။
ခပ်လှမ်းလှမ်းတွင် ရှဲ့ဟေးရန်မှာ မီးဝိညာဉ်လူမှုအဖွဲ့အစည်းထဲသို့ ဝင်လာနေပြီ ဖြစ်သည်။ သူသည် မလှမ်းမကမ်းရှိ ထာဝရကြယ်ကြီး၏ အပြင်ဘက်၌ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ ခန္ဓာကိုယ်ထဲမှ အံ့ဩမှင်တက်ဖွယ်ရာ တုန်ခါမှုလိုင်းများအား ထုတ်လွှတ်နေသည်ကို မြင်လိုက်ရသောအခါ အလွန်အင်မတန်မှ အံ့အားသင့်သွား၏။
တစ်ဖက်တွင် သူ ဝမ်ပေါင်လဲ့အား မမြင်ခဲ့ရသည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီ မဟုတ်ပါလော။ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ သူ ဝမ်ပေါင်လဲ့နှင့် ပထမဆုံးအကြိမ်အဖြစ် ဆုံတွေ့ခဲ့စဉ်တုန်းကနှင့် မိုးနှင့်မြေလို ကွာခြားနေပြီဖြစ်ရာ သူသည် အံသြတုန်လှုပ်သွားရ၏။ အခြားတစ်ဖက်တွင်လည်း ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ထာဝရကြယ်အဆင့် ကျင့်ကြံသူများမှာ သူ့ဆီမှ အမိန့်တစ်ခု ရလိုက်ရုံနှင့် သူ့အတွက် စစ်ခင်းရန် အဆင်သင့်ဖြစ်နေသည့်ပုံ ပေါက်နေကြသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ရာထူးအဆင့်အတန်းမှာ ယခင်တုန်းကနှင့် လုံးဝမတူတော့ကြောင်း သိလိုက်ရ၏။
ထို အခြင်းအရာများကြောင့် ရှဲ့ဟေးရန်မှာ အသက်ပြင်းပြင်းရှူမိသွားပြီး သူ၏ သဘောထားများကို ချက်ချင်း ပြောင်းလဲလိုက်တော့သည်။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့၏ အနီးသို့ ရောက်သွားသည်နှင့် လေသံကျယ်ကျယ်ဖြင့် ဂါရဝပြုလိုက်၏။
" ရှဲ့ဟေးရန် မီးတောက်ကြယ်စင်စုရဲ့ နံပါဆယ့်ခြောက်သခင်လေးကို ဂါရဝပြုပါတယ် " သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဦးညွှတ်၍ အရိုအသေပင် ပေးလိုက်သေးသည်။
ထိုအခါ တင်ပျဥ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာသည်။ သူသည် ရှဲ့ဟေးရန်အား မြင်လိုက်ရသည်နှင့် ပြုံးကာ ချက်ချင်းဆိုသလိုပင် မတ်တတ်ထလာ၏။ ထို့နောက် သူသည် ရှဲ့ဟေးရန်အား ကြိုဆိုရန် လှစ်ခနဲ လှုပ်ရှားကာ ရှေ့သို့ထွက်သွားလိုက်သည်။ သူ၏ ရယ်မောသံကြီးမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်နေ၏။
" ညီကိုဟေးရန်။ ဒီလောက်ကြီး ယဉ်ကျေးပြနေစရာ မလိုပါဘူးကွ။ ငါတို့က မိတ်ဆွေဟောင်းတွေလေ။ ဒါတွေ မလိုပါဘူး " ဝမ်ပေါင်လဲ့မှာ ရယ်ရယ်မောမောနှင့် ရှဲ့ဟေးရန်၏ အနီးသို့ ရောက်သွားပြီးနောက် ရိုးသားမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် သူ့အား ဆွဲထူလိုက်၏။
" ညီကိုဟေးရန်ရဲ့ အကူအညီတွေကြောင့်သာ မဟုတ်ရင် ငါ ဒီနေရာအထိ ရောက်လာနိုင်မှာမဟုတ်ပါဘူး။ ညီကိုဟေးရန်၊ ငါက မင်းကို ဦးညွှတ်အရိုအသေပေးစရာ မလိုမှတော့ မင်းလည်း ငါ့ကို အရိုအသေပေးနေစရာ မလိုပါဘူးကွ "
ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသည်နှင့် ရင်ထဲ၌ နွေးခနဲ ဖြစ်သွား၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ လက်မောင်းအား အားပါပါ ဆုပ်ကိုင်ကာ ပြန်ပြောလိုက်သည်။
" ငါ့ရဲ့ အကူအညီတွေက ဘာမှ ကြီးကြီးမားမားမဟုတ်ပါဘူးကွာ။ မင်းရဲ့ ကိုယ်ပိုင်အစွမ်းအစတွေကြောင့်သာ မင်း ဒီနေ့ ဒီလိုအခြေအနေမျိုးအထိ ရောက်လာခဲ့တာပါ။ ညီကိုပေါင်လဲ့။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမနေပါနဲ့ "
" ညီကိုဟေးရန် "
" ညီကိုပေါင်လဲ့ "
သူတို့၏ စကားသံများမှာ အလွန်အင်မတန်မှကျယ်လောင်နေပြီး သူတို့၏ အမူအရာများမှာလည်း အလွန်အင်မတန်မှ နွေးထွေးနေသည်ဖြစ်ရာ သူတို့နှစ်ယောက်မှာ နှစ်ပေါင်းများစွာ ဝေးကွာသွားခဲ့ပြီးမှ ပြန်လည်ဆုံတွေ့လိုက်ရသည့် မိတ်ဆွေဟောင်းနှစ်ယောက်နှင့် တူနေတော့သည်။ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် လူများမှာလည်း သူတို့နှစ်ယောက်အား ကြည့်ရင်း သူတို့၏ ခင်မင်ရင်းနှီးမှု အဆင့်အား ရိပ်မိလိုက်ကြ၏။ သူတို့နှစ်ယောက်မှာ ကိုယ်ရည်သွေးနေကြခြင်း မရှိဘဲ လူကြီးလူကောင်းများကဲ့သို့ တစ်ယောက်ကိုတစ်ယောက် ချီးမွမ်းစကားများ ပြောနေကြသည်။
သို့သော် သူတို့မှာ ရှဲ့ဟေးရန်နှင့် ဝမ်ပေါင်လဲ့တို့အား နားလည်ထားခြင်းမရှိပေ။ ရှဲ့ဟေးရန်မှာ အပေါ်ယံတွင် စိတ်အားထက်သန်မှု အပြည့်ရှိနေသည့်ပုံ ပေါ်ပါသော်လည်း စိတ်ထဲတွင်မူ မနာလိုဖြစ်နေ၏။ ဝမ်ပေါင်လဲ့မှာ အများကြီးပြောင်းလဲသွားခဲ့သည် မဟုတ်ပါလော။ ယခင်တုန်းက သူသည် ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေခဲ့ပါသော်လည်း ယခုတွင် သူသည် အလယ်အလတ် ဂြိုဟ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများကြောင့် ရှဲ့ဟေးရန်မှာ အနည်းငယ်ခန့် အံ့သြတုန်လှုပ်နေရ၏။
သူ ယခုလို ပြောင်းလဲသွားရခြင်းမှာ မီးတောက်ခေါင်းဆောင်ကြီး၏ တပည့်ဆိုသည့် ဂုဏ်ပုဒ်ကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပါသော်လည်း အဓိက အကြောင်းရင်းမှာမူ သူ ကြယ်သုသာန်သို့ သွားရောက်ခဲ့သည့် ခရီးစဉ်ကြောင့်သာ ဖြစ်ပေသည်။
ရှဲ့ဟေးရန် မနာလိုဖြစ်နေရခြင်းမှာလည်း ထို ကြယ်သုသာန်ခရီးစဉ်ကြောင့် ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော သူ၏ ဖခင်ဖြစ်သူ မျှော်လင့်မထားသည့် ပြဿနာတစ်ခုနှင့် ကြုံခဲ့ရပြီးနောက် သူသည် ကြယ်သုသာန်၏ ဝင်ခွင့်နေရာအကြောင်း ဂရုမစိုက်နိုင်တော့ဘဲ ထိုပြဿနာအား ဖြေရှင်းနိုင်ရန်သာ အာရုံအပြည့် စူးစိုက်ခဲ့ရသည်မဟုတ်ပါလော။ အကယ်၍ ထိုသို့သာမဟုတ်ပါက သူ၏ နဂိုမူလ အစီအစဉ်အတိုင်းဆိုလျှင် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ဝင်ခွင့်နေရာမှာ နောက်ဆုံးတွင် သူ၏ လက်ထဲသို့ ရောက်လာရမည်သာ ဖြစ်သည်။
ထိုအခါ သူ ထိုဝင်ခွင့်နေရာအား ရောင်းချပစ်သည် ဖြစ်စေ၊ လက်ဆောင်ပေးပစ်သည် ဖြစ်စေ၊ အကျိုးအမြတ် အမြောက်အမြား ရရှိနိုင်မည်သာဖြစ်သည်။ သို့သော် ယခုတွင်မူ... ထိုကိစ္စများအားလုံးမှာ အတိတ်တွင်သာကျန်ရစ်ခဲ့ပြီဖြစ်သည်။
သို့သော်လည်း သူသည် စီးပွားရေးသမားတစ်ယောက်ဖြစ်ရာ အခြေအနေနှင့် အချိန်အခါကိုလိုက်၍ အလိုက်သင့် ပြောဆိုပြုမူတတ်ပေသည်။ ထို့ကြောင့်လည်း သူ၏ အပြုံးထဲတွင်မူ သာမန်လူများ သတိမထားမိနိုင်သည့် အကျိုးအမြတ်ကိုသာ ကြည့်သော အရိပ်အယောင်များ ကိန်းအောင်းနေသည်။
တစ်ချိန်တည်းမှာပင် သူသည် ဝမ်ပေါင်လဲ့နှင့် သူ၏ ကြားရှိ ခင်မင်ရင်းနှီးမှုကို အသုံးချကာ သူ၏ ရည်မှန်းချက်ပန်းတိုင်အား အကောင်အထည်ဖော်နိုင်ရန် တွေးနေသည်။
ဝမ်ပေါင်လဲ့မှာ သူမြင်ဖူးနေကြဖြစ်သည့် ရှဲ့ဟေးရန်၏ အပြုံးအား ချက်ချင်း သတိထားမိလိုက်ပါသော်လည်း စိတ်ကွက်သွားခြင်းမရှိပေ။ ထို့အပြင် သူသည် ရှဲ့ဟေးရန်ဆီမှ ရရှိနိုင်သည့် အကျိုးအမြတ်များကို စဉ်းစားတွေးတောရင်း စိတ်အားထက်သန်နေ၏။ လက်ရှိတွင် သူသည် သာမန်ဂြိုဟ်များ လိုအပ်နေသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ရှဲ့ဟေးရန်၏ ရောက်ရှိလာမှုကြောင့် ဝမ်ပေါင်လဲ့အတွက် မျှော်လင့်ချက်ရောင်ခြည်များ သန်းလာရတော့သည်။
ဝမ်ပေါင်လဲ့၏ အမြင်တွင် သူတို့နှစ်ယောက်မှာ မိတ်ဆွေအရင်းအချာများ ဖြစ်မလာနိုင်ပါသော်လည်း တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် အကျိုးပြုနေကြသည့် တည်ငြိမ်မှုရှိသော ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထား၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက် ရယ်ရယ်မောမောနှင့် စကားစမြည်များပြောနေရင်း ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်သည် သူ၏ဆရာအား လာတွေ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် ရှဲ့ဟေးရန်အား သူနှင့်အတူ မီးတောက်ပင်မဂြိုဟ်ဆီသို့ လိုက်လာရန် ချက်ချင်းဖိတ်ခေါ်လိုက်တော့သည်။
" ညီကိုပေါင်လဲ့က အရမ်း သဘောကောင်းတာပဲ။ ကျေးဇူးတင်ပါတယ် " ရှဲ့ဟေးရန်မှာ ရယ်မောကာ ဆိုလိုက်၏။ ထို့နောက် သူတို့မှာ မီးတောက်ကြယ်စင်စုထဲမှ ကျင့်ကြံသူအမြောက်အမြား၏ ကာကွယ်စောင့်ရှောက်မှုနှင့်အတူ မီးတောက်ပင်မဂြိုဟ်ဆီသို့ ပျံသန်းသွားလိုက်ကြတော့သည်။ လမ်းတွင် သူတို့နှစ်ယောက်မှာ အတိတ်မှ အကြောင်းများ ပြန်ပြောင်းပြောဆိုနေကြရင်း ကြယ်သုသာန်အကြောင်း စကားစမိသွား၏။
" ညီကိုပေါင်လဲ့။ စိတ်ဝင်စားဖို့တော့ကောင်းတယ်။ သိပ်မကြာသေးခင်တုန်းက လူတစ်ယောက်က ငါ့ဆီမှာ ရှဲ့တလုလို့ ခေါ်တဲ့ အစ်ကိုတစ်ယောက် ရှိလားဆိုပြီးတော့ မေးခဲ့တာ။ ငါလည်း အဲဒီနာမည်နဲ့ အစ်ကိုတစ်ယောက် မရှိပေမဲ့ ညီလေးတစ်ယောက် ရှိတယ်လို့ ပြန်ဖြေလိုက်တယ် " ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် မပွင့်တပွင့်ပြုံးကာ ဝမ်ပေါင်လဲ့အား ကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့ အခက်တွေ့စေမည့် စကားများကို ပြောခဲ့ခြင်းမရှိဘဲ သူ ဝမ်ပေါင်လဲ့ ရှဲ့မိသားစု၏ နာမည်အား ယူသုံးခဲ့သည့်အကြောင်းကို သိထားကြောင်း အရိပ်အမြွက် ပြလိုက်ခြင်းသာ ဖြစ်သည်။ တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့မှာ သူ့အပေါ် အကြွေးတင်နေသည်ဟုလည်း အသိပေးလိုက်ခြင်း ဖြစ်၏။
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ ရယ်မောကာ ဆိုလိုက်၏။
" မျက်နှာပျက်စရာတွေတော့ ဖြစ်ကုန်ပါပြီ ညီကိုဟေးရန်။ အဲဒီတုန်းက ငါလည်း အခက်အခဲလေးတွေ ရှိလို့ပါ။ ငါ ကြယ်သုသာန်ထဲကနေ ပြန်ရောက်လာတော့လည်း အရေးကြီးကိစ္စတစ်ခုနဲ့ ကြုံခဲ့ရတာမလို့ မင်းကို ချက်ချင်းမရှင်းပြနိုင်ခဲ့တာပါ။ ဒါပေမဲ့ ညီကိုဟေးရန် စိတ်မဆိုးဘူးမလား။ ညီကိုဟေးရန် ကိုယ်တိုင် ငါ ကြယ်သုသာန်ဝင်ခွင့်နေရာတစ်နေရာ ရရှိနိုင်အောင် အများကြီးကူညီပေးခဲ့တာလေ "
ဝမ်ပေါင်လဲ့သည်လည်း မပွင့်တပွင့်ပြုံးကာ ထိုသို့ဆိုလိုက်ပြီးနောက် ရှဲ့ဟေးရန်အား ခေါင်းညိတ်ပြလိုက်၏။ သူသည် သူ၏ လုပ်ရပ်အား ရှင်းပြလိုက်ခြင်း ဖြစ်သလို ရှဲ့ဟေးရန်တစ်ယောက် နတ်မျက်လုံးတော်ဝင်မိသားစု၏ တော်ဝင်သင်္ချိုင်းထဲ၌ သူ့အား အသုံးချကာ ဝင်ခွင့်နေရာတစ်နေရာ ရယူရန် ကြိုးစားခဲ့သည့်အချက်ကိုလည်း သိရှိထားသည်ဖြစ်ကြောင်း စကားရိပ်သန်းလိုက်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ သူသည်လည်း ရှဲ့ဟေးရန်အပေါ် အကြွေးတင်နေခြင်း မရှိကြောင်း ပြန်၍ အသိပေးလိုက်ခြင်းဖြစ်၏။
ရှဲ့ဟေးရန်မှာလည်း ထိုစကားများကို ကြားလိုက်ရသောအခါ ရယ်မောလိုက်၏။ သူသည် အမူအရာ ပျက်သွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့ စကားရိပ်သန်းနေသည်ကို သတိမထားမိသည့် ပုံစံသာ ဟန်ဆောင်နေလိုက်သည်။ သို့သော် သူသည် ကြယ်သုသာန်အကြောင်း ဆက်ပြောနေခြင်းမရှိတော့ဘဲ စကားလမ်းကြောင်းလွှဲကာ ပြည်ထောင်စုကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက အကြောင်းများကိုသာ ပြန်ပြောင်းပြောဆိုနေလိုက်တော့သည်။
ထိုအခါ ဝမ်ပေါင်လဲ့သည်လည်း ပြုံးကာ ရှဲ့ဟေးရန်နှင့်အတူ အတိတ်က အကြောင်းများ ပြန်ပြောနေလိုက်၏။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာ မီးတောက်ပင်မဂြိုဟ်၏ အနီးသို့ ရောက်ရှိလာသည်။ ထို မီးတောက်ပင်မဂြိုဟ်ကြီး သူတို့၏ မြင်ကွင်းထဲ၌ ပေါ်ပေါက်လာချိန်တွင် ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်အကြောင်း စကားစမိသွား၏။ ထိုအခါ ဝမ်ပေါင်လဲ့သည်လည်း မျက်စိပေကလတ်ပေကလတ် လုပ်ကာ အသာအယာ သက်ပြင်းချလိုက်သည်။
" ငါ မီးတောက်ကြယ်စင်စုထဲကို ရောက်လာခဲ့ပြီးတဲ့နောက်ပိုင်း ကျင့်ကြံခြင်း လေ့ကျင့်ရတာ အရမ်းကို အကုန်အကျများမှန်း သိလာရတာပဲ။ ကြယ်အချုပ်အနှောင်ပညာရပ် တစ်ခုတည်းနဲ့တင် သာမန်ဂြိုဟ် အလုံးတစ်သောင်းတိတိ လိုအပ်နေတာလေ " ဝမ်ပေါင်လဲ့မှာ ရှဲ့ဟေးရန်သည် အကူအညီတစ်ခု တောင်းရန် မီးတောက်ကြယ်စင်စုထဲသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ခန့်မှန်းမိထားပြီးသား ဖြစ်သည်။ သူသည် ရှဲ့ဟေးရန် မည်သည့်ကိစ္စနှင့် ပတ်သတ်၍ အကူအညီ လိုအပ်နေမှန်း မသိပါသော်လည်း သူ လိုအပ်နေသည့် အရာများကို သွယ်ဝိုက်နေခြင်းမရှိဘဲ ထုတ်ပြောလိုက်၏။
" အဲဒီ ပညာရပ်က အဲလောက်တောင် အစွမ်းထက်တာလား " ရှဲ့ဟေးရန်မှာ ဝမ်ပေါင်လဲ့သည် ဈေးကို မတန်တဆတောင်းနေခြင်းဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူသည် သူ လိုအပ်သည့် အကူအညီကိုပင် ထုတ်မပြောရသေးပါသော်လည်း ဝမ်ပေါင်လဲ့မှာ သာမန်ဂြိုဟ် အလုံးရေတစ်သောင်းတိတိ တောင်းဆိုနေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် အခက်တွေ့နေသည့် အမူအရာဖြင့် ပြန်ပြောလိုက်၏။
" ညီကိုပေါင်လဲ့။ ငါ စီစဉ်ပေးထားပါ့မယ်။ ဒါပေမဲ့ သာမန်ဂြိုဟ် အလုံးတစ်သောင်းဆိုတာ နည်းနည်းနောနော ပမာဏတစ်ခု မဟုတ်ဘူးလေ။ ဒါပေမဲ့လည်း ငါတို့က ညီအစ်ကိုတွေဆိုတော့ ငါ မင်းအတွက် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ဒါနဲ့ မင်းက သာမန်ဂြိုဟ်တွေ လိုအပ်နေတာဆိုတော့... ငါ့ရဲ့ လက်ထဲမှာ နည်းနည်းပါးပါးတော့ ရှိမယ်။ ငါတို့တွေ အချိန်အကြာကြီးနေမှ အခုလို ပြန်တွေ့ရတာဆိုတော့ လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက် " ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ သေတ္တာထဲမှ သိုလှောင်အိတ်တစ်လုံးကို ထုတ်ယူကာ ဝမ်ပေါင်လဲ့အား လက်ဆောင်ပေးလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း ဟန်ဆောင်နေခြင်းမရှိဘဲ ထို သိုလှောင်အိတ်အား လှမ်းယူလိုက်ပြီးနောက် သူ၏ နတ်ဘုရားအာရုံဖြင့် ကြည့်ရှုစစ်ဆေးကြည့်လိုက်သည်။ ထိုအခါ သူသည် ထို အိတ်ထဲ၌ သာမန်ဂြိုဟ် တစ်လုံးတည်း ရှိနေသည်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ မှေးသွား၏။ ရှဲ့ဟေးရန်မှာ သာမန်ဂြိုဟ် တစ်လုံးတည်း လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါသော်လည်း ထိုဂြိုဟ်တစ်လုံး၏ တန်ဖိုးမှာ အံ့ဩမှင်တက်ဖွယ်ရာကောင်းနေဆဲပင်။ ထို့ကြောင့် သူ၏ လက်ဆောင်မှာ ကြီးကျယ်ခမ်းနားမှု မရှိသည့်တိုင်အောင် အသေးအဖွဲ လက်ဆောင်တစ်ခုတော့ မဟုတ်ပေ။
သို့ဖြစ်ရာ ရှဲ့ဟေးရန်မှာ အရေးကြီး အကူအညီတစ်ခုတောင်းရန် မီးတောက်ကြယ်စင်စုထဲသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ထို သိုလှောင်အိတ်အား လက်ဖြင့်ပွတ်သပ်လိုက်ပြီးနောက် ၎င်းအား ချက်ချင်းသိမ်းဆည်းခြင်းမရှိဘဲ ရှဲ့ဟေးရန်အား စိုက်ကြည့်ကာ ဆိုလိုက်၏။
" ညီကိုဟေးရန် ပြောစရာစကားရှိရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်ပါ။ ငါဘာလုပ်ပေးရမှာလဲ "
ထိုအခါ ရှဲ့ဟေးရန်မှာ ပြုံးမိသွား၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည်။
" ညီကိုပေါင်လဲ့။ ငါ့ကို မင်းရဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေထဲက တစ်ယောက်နဲ့ မိတ်ဆက်ပေးလို့ရမလား။ ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် ငါ့ရဲ့ ကောင်းကြောင်းလေးတွေကိုပါ ပြောပြပေးပေါ့။ ဒီကိစ္စကြီးပြီးသွားရင် ငါ မင်းကို နောက်ထပ် သာမန်ဂြိုဟ်တစ်လုံး ထပ်ပေးမယ် "
ထိုအခါ ဝမ်ပေါင်လဲ့မှာ မှင်တက်သွားရပြီး မျက်ခုံးများပင့်မိလိုက်၏။ သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများမှာ သူ၏ဆရာ ဖြစ်နေသည်မဟုတ်ပါလော။ သို့သော် သူသည် ရှဲ့ဟေးရန်အား ထိုအကြောင်း ပြောပြ၍ မဖြစ်ပေ။ တစ်ချိန်ထဲမှာပင် သာမန်ဂြိုဟ် တစ်လုံး၊ နှစ်လုံးမှာ အတော်အသင့် တန်ဖိုးမြင့်မားပါသော်လည်း သူ တောင်းဆိုနေသည့် အရာများနှင့် ယှဉ်လိုက်ပါက မပြောပလောက်ပေ။ သူသည် ရှဲ့ဟေးရန်အား သူ၏ ဂိုဏ်းတူအစ်ကိုအစ်မများနှင့် မိတ်ဆက်ပေးရမည့်အပြင် သူ၏ ကောင်းကြောင်းများကိုပါ ပြောပြပေးရဦးမည်ဖြစ်ရာ သာမန်ဂြိုဟ်တစ်လုံးလောက်နှင့် လုံလောက်မှုမရှိဟု ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မေးလိုက်တော့သည်။
" မင်းက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုတွေ အစ်မတွေထဲက ဘယ်သူနဲ့ တွေ့ချင်တာလဲ “