← Chapters

အခန်း (၃၅၄)

Vol. 26 Ch. 354

အခန်း (၃၅၄)

Vol. 26 Ch. 354

အနက်ရောင်ဆေဘာဓားသည် ဓားအလင်းများအားလုံးကို မတားနိုင်ခဲ့ပေ။ ကြေးခွံနက်အကြီးအကဲသည် ဓားအလင်းများ၏လွှမ်းခြုံမှုကို ခံလိုက်ရသည်။

ဓားအလင်းတစ်ခုက အဖြူရောင်ဓားချက်တစ်ခုကိုပဲ ချန်ထားနိုင်လျှင်ပင် ဓားအလင်းအများအပြားရှိနေသောကြောင့် လူအိုကြီး၏တစ်ကိုယ်လုံး သွေးများရွှဲသွားသည်။

“နင်က ဘယ်လိုမကောင်းဆိုးဝါးမျိုးကို လွှတ်ပေးခဲ့တာလဲ”

ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ကိုဝိုင်းရံ၍ အစွမ်းကုန်တိုက်ခိုက်နေသော ထောင်ချီနေသည့်ကျင့်ကြံသူများကို မြင်လိုက်ရသောအခါတွင် ချင်းထုံက တစ်ကိုယ်လုံးတုန်ခါသွားသည်။ သူမက ဟန်မူယဲ့ဘေးနားသို့လျှောက်လာပြီး မေးလိုက်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး တစ်ကိုယ်လုံးတုန်ခါနေသော လင်တောက်တာအိုဂိုဏ်း၏တပည့်များကို ကြည့်သည်။

သူက သိပ်မလုပ်ခဲ့ပေ။

လမ်းမှားသို့ရောက်နေသော ကျင့်ကြံသူများကို ကိုယ်ပိုင်လမ်းကြောင်းသို့ ပြန်ရောက်လာအောင် လုပ်ပေးခဲ့ခြင်းပဲရှိသည်။

သူတို့က ကျင့်ကြံသူများဖြစ်နေသောကြောင့် ကောင်းကင်၊ မြေကြီးနှင့် သက်ရှိများအားလုံးကို တိုက်ခိုက်ရဲရမည်။

သူတို့က ကောင်းကင်ဘုံအဆင့်သို့မရောက်သေးသော်လည်း ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ၏ရှေ့တွင် ဓားထုတ်ရဲသည်။

သူတို့သည် အစစ်အမှန်ဓားကျင့်ကြံသူ၊ အစစ်အမှန်ကျင့်ကြံသူများ ဖြစ်ကြသည်။

“ဘုန်း”

ကောင်းကင်ဘုံအဆင့်မိစ္ဆာသည် ပေလေးထောင်ရှည်သော ငါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး အမြီးဖြင့်ရိုက်ချသည်။

ချင်းထုံက ပျံထွက်သွားပြီး ငါးအမြီးကို ပိတ်ကန်လိုက်သည်။

ပေလေးထောင်ရှည်သောငါးသည် မြေပြင်ပေါ်သို့ ကန်ချခံလိုက်ရသည်။

“ဘုန်း”

ဖုန်မှုန့်များ နေရာအနှံ့သို့ ပျံ့လွင့်လာသည်။

သွမ့်ရီဟုန်က ပြောစရာစကား ကင်းမဲ့သွားသည်။

ထိုကန်ချက်က သူ့ဆီသို့ရောက်လာလျှင် အလောင်းတောင်ကျန်မည်မဟုတ်ပေ။

“နင်တို့ဘာစောင့်နေတာလဲ။ ငါက ဒီအကောင်ကိုသတ်လိုက်ရင် နင်တို့ ဘာမှရတော့မှာမဟုတ်ဘူး”

ချင်းထုံက အော်ဟစ်လိုက်ပြီး အောက်သို့ထိုးဆင်းလာသည်။

ကောင်းကင်အဆင့်မိစ္ဆာတစ်ကောင်ကို သတ်ဖြတ်ခြင်း

သွမ့်ရီဟုန်က ရယ်လိုက်ပြီး လက်သီးဆုပ်လျက် ပြေးဝင်သွားသည်။

ကျန်တပည့်များ၏မျက်လုံးများ တောက်ပသွားသည်။ သူတို့က ဓားရှည်များ၊ အရိုးဆူးချွန်များဖြင့် တုံ့ဆိုင်းခြင်းမရှိဘဲ ခုတ်ချသည်။

ဖုန်မှုန့်များနှင့်အတူ သွေးများလွင့်ထွက်လာသည်။

သူတို့၏နှလုံးသားထဲတွင်ရှိသော ကြောက်ရွံ့မှုများပျောက်ကွယ်သွားပြီး တိုက်ခိုက်လိုစိတ်များ မြင့်တက်လာသည်။

‘ငါမကြောက်ဘူး။ မင်းက ကောင်းကင်ဘုံအဆင့်ဖြစ်နေရင်တောင် မင်းကို အရေခွံခွာပစ်မယ်’

ထူထဲသော သွေးစွမ်းအင်များ ပေါ်ထွက်လာသည်။

မိစ္ဆာအလင်း ပျောက်ကွယ်သွားပြီး အလင်းတန်းတစ်ခုဖြစ်လာသည်။

တောင်စောင်းတစ်လျှောက်တွင် မရေမတွက်နိုင်လောက်သော ကြီးမားသည့်အဖြူရောင်ကြိုးကြာများ ပျံထွက်လာပြီး အလင်းတန်းဆီသို့ တိုးဝင်လာသည်။

မဟာမိစ္ဆာ၏ မိစ္ဆာအငွေ့အသက်များ ပျောက်ကွယ်သွားသည်။ ထိုအရာသည် ကြိုးကြာများကို အလွန်ဆွဲဆောင်နိုင်သည်။

လင်တောက်တာအိုဂိုဏ်း၏တပည့်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး ကြိုးကြာများရှိနေသော ကောင်းကင်ထက်သို့ ပျံတက်သွားသည်။

ရွှေအမြုတေအဆင့်သို့ရောက်နေသော ကြေးခွံနက်ငါးမိစ္ဆာများကလည်း ပြေးထွက်သွားသည်။

အစပိုင်းတွင် သူတို့က ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူအား ဝိုင်းရံတိုက်ခိုက်နေသော အနောက်ဘက်နယ်စပ်ကုန်းမြေ၏လက်ရွေးစင်များကို ကြောက်ရွံ့နေသောကြောင့် မလှုပ်ရှားရဲခဲ့ပေ။

“ခလွမ် ....”

အရှေ့ပင်လယ်၏ဓားကျင့်ကြံသူ ကောင်းထန်ကျင်းသည် ကြိုးကြာတစ်ကောင်ဆီသို့ပျံသန်းသွားပြီး ဓားအလင်းဖြင့် လွှမ်းခြုံလိုက်သည်။

ကြိုးကြာသည် အလွန်လျင်မြန်ပြီး အဖြူရောင်အလင်းတန်းတစ်ခုကိုပဲ မြင်နိုင်သည်။

သို့သော် ကောင်းထန်ကျင်း၏ရှေ့တွင် ကြိုးကြာ၏ခန္ဓာကိုယ်သည် တုန်ခါသွားပြီး အသတ်ခံလိုက်ရသည်။

ကောင်းထန်ကျင်းက ကြိုးကြာ၏ခေါင်းပေါ်တွင်ရှိနေသော သွေးအဆီအနှစ်ကိုဆုပ်ကိုင်ပြီး ပြတ်သားစွာလှည့်ထွက်သွားသည်။

“ဝေါင်း ....”

တောင်တန်းပေါ်တွင် ကျားနှင့်ကျားသစ်ဟိန်းသံ ထွက်ပေါ်လာပြန်သည်။

“တောင်ပိုင်းကုန်းမြေရဲ့ ကောင်းကင်အဆင့်မိစ္ဆာ”

ဟန်မူယဲ့က မျက်လုံးများမှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။

ကျင်းကျားလင်းပေးခဲ့သော ကျောက်စိမ်းပေလွှာထဲတွင် တောင်ပိုင်းကုန်းမြေ၏ မဟာမိစ္ဆာများအကြောင်း ပါနေသည်။

ထိုမိစ္ဆာများသည် ဤနေရာသို့ အမှန်တကယ်ရောက်လာပုံပေါ်သည်။

ထိုမိစ္ဆာ၏ပစ်မှတ်သည် ကောင်းကင်ကြိုးကြာတောင်တန်းတွင်ရှိသော ရတနာဖြစ်သည်။

ချင်းထုံနှင့် အကြည့်ချင်းဖလှယ်ပြီးသောအခါတွင် ဟန်မူယဲ့က အော်ဟစ်လိုက်သည်။

“ကောင်းကင်ကြိုးကြာတွေရဲ့ခေါင်းပေါ်မှာရှိတဲ့ သွေးအဆီအနှစ်တွေက သွေးမျိုးဆက်ကိုသန့်စင်နိုင်တဲ့ ရတနာပဲ”

ရတနာ …

ထိုစကားသည် လုံလောက်သည်။

ဟန်မူယဲ့နှင့်ချင်းထုံက ကောင်းကင်တောင်တန်းသို့ပြေးသွားသောအချိန်တွင် မရေမတွက်နိုင်လောက်သောလူများက ကြိုးကြာများကိုဖမ်းဆီးရန်အတွက် သူတို့နောက်မှလိုက်လာသည်။

လင်တောက်တာအိုဂိုဏ်း၏ တာအိုတန်ခိုးရှင်အများအပြားက အော်ဟစ်လိုက်သည်။

သူတို့က ဒေါသတကြီးအော်ဟစ်သံများမှ သနားစရာအော်သံများအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။

‘ဒီလိုမျိုး ကျင့်ကြံဆင့်ဖိနှိပ်ခံထားရတဲ့နေရာမှာ သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေကို လွှမ်းမိုးထားတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းရဲ့တပည့်တွေလို့ ထင်နေသေးတာလား’

‘လစ်လိုက်စမ်း’

‘သေစမ်း’

ဓားအလင်း၊ မန္တန်အလင်းနှင့် လက်သီးချက်များသည် လင်တောက်တာအိုဂိုဏ်း၏ လက်ရွေးစင်တပည့်များဆီသို့ ကျရောက်လာခဲ့သည်။

ဟန်မူယဲ့က ပြုံးသည်။ သူက အရိုးကျိုးသံများကို ကြားလိုက်ရသည်။

ချင်းထုံက သက်ပြင်းချလိုက်ပြီး သူ့နောက်မှလိုက်လာသည်။

‘ကြောက်စရာကောင်းလိုက်တာ’ သူမက တွေးသည်။

အစိမ်းရောင်တောင်တန်းပေါ်တွင် သားရဲအရေပြားဝတ်စုံနှင့် ဗလတောင့်သောလူကြီးတစ်ယောက် ရှိနေသည်။ သူ့ဆီသို့ပျံသန်းလာသော ကောင်းကင်ကြိုးကြာများကို သူက သတ်ဖြတ်နေသည်။

ကြိုးကြာများတွင် ချွန်ထက်သောနှုတ်သီးနှင့် ခြေသည်းများရှိသည်။

သို့သော် ရှည်လျားသောနှုတ်သီးနှင့်ခြေသည်များသည် ထိုလူကြီးကို မထိခိုက်စေနိုင်ပေ။

ရှည်လျားသောခြေသည်းများက ထိုလူ၏မျက်နှာကို ထိုးခွဲလိုက်ပြီး ချွန်ထက်သောနှုတ်သီးများက ထိုလူ၏မျက်လုံးကို ထိုးစိုက်လိုက်လျှင် ထိုလူက ဟိန်းဟောက်လိမ့်မည်။ သူ့မျက်နှာသည် ရွှေရောင်ကျားသစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့ဟိန်းသံသည် မမြင်နိုင်သောအသံလှိုင်းများနှင့်အတူ တိုးဝင်လာသောကြိုးကြာများကို သတ်ဖြတ်လိမ့်မည်။

သူ့ပတ်ပတ်လည်တွင် ဒါဇင်နှင့်ချီသော ကြိုးကြာအလောင်းများရှိနေသည်။

သို့သော် သူ့ရည်ရွယ်ချက်သည် ကြိုးကြာများအားသတ်ဖြတ်ရန်မဟုတ်ပေ။ သူက ကြိုးကြာအချို့ကို သတ်ဖြတ်ပြီးသောအခါတွင် ခြေလှမ်းကျဲကြီးများနှင့်အတူ ထွက်သွားခဲ့သည်။

ဟန်မူယဲ့နှင့်ချင်းထုံက တစ်ယောက်ကိုတစ်ယောက်ကြည့်သည်။ ချင်းထုံက ပျံထွက်သွားသည်။

ဟန်မူယဲ့၏လက်ထဲတွင်ရှိသောဓားသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲ၍ ပြေးထွက်သွားသည်။

လေဟာနယ်တွင်ပုန်းအောင်းခြင်း …

ဓားက ဖျတ်ခနဲပေါ်ထွက်လာပြီး ဗလတောင့်သောလူကြီး၏ရင်ဘတ်ကို ထိုးစိုက်ခဲ့သည်။

ထိုလူကြီးသည် နီရဲနေသောမျက်လုံးများဖြင့် တစ်ဘက်သို့လှည့်လာသည်။ သူက ပါးစပ်ဖွင့်ပြီး ဟိန်းဟောက်လိုက်သည်။ ထို့နောက် လက်သီးချက်ဖြင့် ဓားကိုထိုးချသည်။

သို့သော် လက်သီးချက်က လွဲချော်သွားပြီး ဓားရှည်သည် သူ့ခေါင်းပေါ်သို့ ရောက်လာသည်။

လေဟာနယ်ပုန်းကွယ်ခြင်းဓားနည်းစနစ်သည် ဓားဘုရင်ယွမ်ထျန်း၏ အမွေအနှစ်ဖြစ်သည်။ ထိုဓားနည်းစနစ်သည် အလွန်အဆင့်မြင့်သောကြောင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်ကို လွယ်ကူစွာစိန်ခေါ်နိုင်သည်။ ဖိနှိပ်ထားခံရသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဆိုလျှင် ပြောနေစရာမလိုတော့ပေ။

ကောင်းကင်ကြိုးကြာများကို ပိုမိုသတ်ဖြတ်လျှင် ကောင်းကင်ကြိုးကြာနယ်မြေ၏ဖိနှိပ်မှုစွမ်းအားသည် ပိုမိုသန်မာလာလိမ့်မည်။

ဟန်မူယဲ့၏အမြင်တွင် ထိုလူကို ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများက ချိန်းကြိုးသဖွယ် ချည်နှောင်ထားသည်။

သူက လက်သီးချက်ထုတ်ဖော်လိုက်သောအခါတွင် ရုပ်ခန္ဓာစွမ်းအားသည်လည်း ဖိနှိပ်ခံထားရသည်။

“ရွှပ် ....”

ဓားရှည်က ထိုလူ၏နောက်ကျောကို ခုတ်ချလိုက်ပြီး ရှည်လျားသောသွေးစွန်းဒဏ်ရာတစ်ခု ဖြစ်လာစေသည်။

ဖိနှိပ်ခံထားရသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက်သည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူမဟုတ်တော့ပေ။

“ဘမ်း ....”

ချင်းထုံက ထိုလူ၏ပခုံးကို ဆောင့်ကန်လိုက်ပြီး ပေတစ်ရာအကွာအထိ လွင့်ထွက်သွားစေသည်။ ထိုလူက မြေပြင်ပေါ်ရှိကျောက်တုံးများကို ကွဲကြေသွားစေပြီး လဲကျသွားခဲ့သည်။

ထိုလူက သွားဖြဲပြပြီး ဟိန်းဟောက်လိုက်သည်။ သူက ပေတစ်ရာရှည်သော ရွှေနက်ရောင်ကျားသစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ရေထဲတွင်ရှိသော မိစ္ဆာကျင့်ကြံသူများ၏ခန္ဓာကိုယ်သည် ကြီးမားသည်။ ကုန်းပေါ်တွင်ရှိသော မိစ္ဆာကျင့်ကြံသူများသည် ခန္ဓာကိုယ်အား သိပ်သည်းရမည့်နည်းလမ်းကို သိထားသည်။ သူတို့က ကောင်းကင်ဘုံအဆင့်သို့ရောက်နေလျှင်ပင် ခန္ဓာကိုယ်သည် တောင်တစ်လုံးကဲ့သို့ ကြီးမားနေမည်မဟုတ်ပေ။

ကျားသစ်တစ်ကောင်အဖြစ်ပြောင်းလဲလိုက်သော မဟာမိစ္ဆာကို မြင်လိုက်ရသောအခါတွင် ချင်းထုံက ထူးဆန်းစွာပြုံးသည်။

ချင်းထုံ၏ခန္ဓာကိုယ်သည် ချက်ချင်းဆိုသလိုပဲ ပေငါးထောင်ရှည်လျားသော ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး နေရာမှာတင် ရစ်ခွေနေသည်။ သူမက ခေါင်းငုံ့ကြည့်ပြီး လက်သည်းကိုဆန့်ထုတ်သည်။

“ဘမ်း”

ကျားသစ်သည် သူမ၏လက်သည်းကြောင့် ထိတ်လန့်သွားခဲ့သည်။

“ဘမ်း”

“ဘမ်း”

“ဘမ်း”

ငြီးငွေ့ဖွယ်ကောင်းသော ဆက်တိုက်ရိုက်ချက်များအပြီးတွင် အစိမ်းရောင်ရေနဂါးက ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်။

ကျားသစ်သည် အသားပြားဖြစ်သည်အထိ အရိုက်ခံခဲ့ရသည်။

ကျားသစ်၏မိစ္ဆာအရိုးများ ကျိုးပဲ့သွားခဲ့သည်။

မိစ္ဆာဝိညာဉ်လည်း ပျောက်ကွယ်သွားသည်။

မိစ္ဆာချီသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

ကောင်းကင်အဆင့်မိစ္ဆာတစ်ကောင်သည် ထိုသို့အရိုက်ခံရပြီး သေဆုံးသွားခဲ့သည်။

ချင်းထုံသည် ကောင်းကင်ဘုံပထမအဆင့်ကို ကျော်ဖြတ်ပြီး ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ရောက်နေပြီဟု ဟန်မူယဲ့က ခန့်မှန်းခဲ့သည်။

အစိမ်းရောင်ရေနဂါး၏ဟိန်းဟောက်သံကြောင့် လောကသည် တုန်ခါသွားသည်။

ကြိုးကြာများက အော်မြည်လိုက်ပြီး တောင်ပံများခတ်သည်။

အစိမ်းရောင်ရေနဂါး၏ပုံရိပ် ပျောက်ကွယ်သွားသောအခါတွင် ချင်းထုံက ဟန်မူယဲ့ကိုကြည့်သည်။

“ကောင်းကင်ကြိုးကြာတွေက ငါတို့ကို အစစ်အမှန်နဂါးအရိုးနဲ့ ကောင်းကင်ကြိုးကြာတောင်ပံတွေပေးဖို့ သဘောတူလိုက်တယ်။ ဒါပေမဲ့ သူတို့နေနိုင်မယ့်ကမ္ဘာတစ်ခု ငါတို့ရှာပေးနိုင်မယ်လို့ မျှော်လင့်နေတယ်”

“ဒီကမ္ဘာက အစစ်အမှန်နဂါးအရိုးနဲ့ ကောင်းကင်ကြိုးကြာတောင်ပံရဲ့ ဖိနှိပ်မှုမရှိတော့ရင် ချက်ချင်းပြိုကျသွားလိမ့်မယ်”

‘နေစရာတစ်ခုရှာပေးရမှာလား’

ထိုတောင်းဆိုချက်သည် လွယ်ကူသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နေနိုင်သည်။ အရှေ့ပင်လယ်သည်လည်း မဆိုးပေ။

ဟန်မူယဲ့က ချင်းထုံကိုပြုံးပြသည်။

“ကောင်းကင်ကြိုးကြာတွေက ရတနာပဲ”

ချင်းထုံကလည်း ပြုံးသည်။

“ငါက ကောင်းကင်ကြိုးကြာတစ်ဝက်ကို အရှေ့ပင်လယ်ဆီပြန်ယူသွားမယ်။ သူတို့ရဲ့သွေးအဆီအနှစ်ကို သတ်ဖြတ်ပြီးမယူဖို့ ကတိပေးတယ်”

သူမက ကြိုးကြာများကိုမသတ်ဘဲ ကြိုးကြာများသေဆုံးသွားမှ သွေးအဆီအနှစ်ကို ထုတ်ယူမည်ဖြစ်သည်။

ဟန်မူယဲ့က နားလည်သည်။

သူက ခေါင်းညိတ်လိုက်သည်။

ချင်းထုံက ခေါင်းမော့ကြည့်ပြီး ရေရွတ်လိုက်သည်။

လေထုထဲတွင် ကောင်းကင်ကြိုးကြာများကခုန်နေပြီး သာမန်ကြိုးကြာအရွယ်အစားအဖြစ် ကျုံ့ဝင်သွားကြသည်။

အဖြူရောင်ကြိုးကြာများ လှည့်ပတ်ပျံသန်းပြီး ကခုန်လိုက်သောအခါတွင် ကောင်းကင်ကြိုးကြာတောင်တန်းတစ်ခုလုံး တုန်ခါသွားသည်။

“ဘုန်း”

တောင်တန်းထဲမှ ရွှေရောင်အလင်းလုံးတစ်လုံး ပျံထွက်လာသည်။

ချင်းထုံက အပြုံးတစ်ခုနှင့်အတူ အလင်းလုံးကို ဖမ်းယူသည်။

အစစ်အမှန်နဂါးအရိုးများ

ဟန်မူယဲ့က တက်ကြွနေသောစွမ်းအားများကို အဝေးမှခံစားနိုင်သည်။

ထိုအရာသည် သွေးမျိုးဆက်စွမ်းအား၏ တုံ့ပြန်မှုဖြစ်သည်။

အရိုင်းဆန်ပြီး မောက်မာသည်။

“ဝှစ် ....”

ညင်သာသောအသံနှင့်အတူ ကောင်းကင်ထက်တွင် တိမ်တိုက်အမှတ်အသားတစ်ခု ဖျတ်ခနဲပေါ်လာသည်။

သူက မျက်လုံးများမှေးကျဉ်းလိုက်သည်။

‘ဒါက ကောင်းကင်ကြိုးကြာတောင်ပံလား’

‘တကယ်မြန်တာပဲ’

တိမ်တိုက်အမှတ်အသားသည် ကောင်းကင်ထက်တွင် ဆက်တိုက်ဖြတ်ပြေးသွားသည်။ ဟန်မူယဲ့က ကောင်းကင်ကြိုးကြာတောင်ပံ၏အရိပ်ကိုတောင် မမြင်နိုင်ပေ။

‘ဒါက တမင်သက်သက်ရန်စနေတာလား’

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် တိမ်တိုက်နဂါးဓား ထွက်လာသည်။

ချင်းထုံက ရယ်လိုက်သည်။

တိမ်တိုက်နဂါးဓားသည် ကောင်းကင်ကြိုးကြာတောင်ပံကို လိုက်မမီနိုင်ပေ။

ဟန်မူယဲ့က ခေါင်းခါသည်။ သူ့စိတ်နယ်ပယ်အတွင်း၌ရှိသော လူသားလောကမန္တန်သည် ရွှေရောင်လက်သွားသည်။ သူက ခေါင်းမော့ကြည့်လိုက်ပြီး အော်ပြောသည်။ “ရပ်စမ်း”

ကွန်ဖြူးရှပ်တာအိုသည် စည်းမျဉ်းကိုချမှတ်သည်။

ချင်းထုံ၏အပြုံးသည် အေးခဲသွားသည်။

လေထုထဲတွင် ကျောက်စိမ်းဖြူရောင်သန်းနေသော တောင်ပံတစ်စုံသည် ရပ်တန့်သွားခဲ့သည်။

တိမ်တိုက်နဂါးဓားသည် လှုပ်ရှားသွားပြီး တောင်ပံတစ်စုံကို သိမ်းယူလိုက်သည်။

ဟန်မူယဲ့က တောင်ပံကို ဆုပ်ကိုင်လိုက်သည်။ တောင်ပံ၏အထိအတွေ့က နွေးထွေးသည်။

“ဘုန်း”

သူက ကောင်းကင်ကြိုးကြာတောင်ပံကို သေချာစစ်မကြည့်နိုင်ခင်မှာ လောကတစ်ခုလုံး တုန်ခါသွားပြီး ကောင်းကင်ထက်တွင် မရေမတွက်နိုင်သော အက်ကွဲကြောင်းများပေါ်လာသည်။

ဤလောကသည် ပျက်စီးသွားတော့မည်။

All Chapters