အခန်း (၃၅၈)
Vol. 26 Ch. 358
တာအိုတန်ခိုးရှင်၏မျက်နှာပေါ်တွင် ကြေကွဲမှုများနှင့်ပြည့်နေသည်။ သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။ ထို့နောက် ခေါင်းမော့သည်။
“ဒီနေ့မှာ ဒီကိစ္စကို ထုတ်ပြောလိုက်ပြီဆိုမှတော့ ငါက နောက်ထပ်တစ်ရက် အသက်ရှင်နိုင်တော့မှာမဟုတ်ဘူးမလား”
“အင်မော်တယ်ဟန်ကပြောတယ် ကိုယ့်အတွက်ကိုယ် ကျင့်ကြံရမယ်တဲ့။ မကောင်းမှုကိုကြုံတွေ့ရတဲ့အချိန်မှာ ဓားကိုဆွဲထုတ်နိုင်ဖို့ ခွန်အားရှိအောင် ကျင့်ကြံရမယ်လို့လည်း သူပြောခဲ့တယ်”
“အင်မော်တယ်ဟန်၊ ငါ့ကိုပြောပါ။ ငါ ကျန်းချီမသေခင်မှာ ကျိုးချန်ကန်းသေတာကိုမြင်နိုင်အောင် ဘာလုပ်ရမလဲ”
‘ကျိုးချန်ကန်းသေတာကို မြင်ချင်တာလား’
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် လင်တောက်တာအိုဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူကို မည်သူက သတ်ဖြတ်နိုင်သနည်း။
ထိုမေးခွန်းကို မည်သူက ဖြေနိုင်မည်နည်း။
ဟန်မူယဲ့က စကားပြောလိုက်လျှင် လင်တောက်တာအိုဂိုဏ်းကို ဆန့်ကျင်မိလိမ့်မည်။
အားလုံး တိတ်ဆိတ်သွားပြန်သည်။
နတ်အာရုံနှင့်အကြည့်များသည် အပြာရောင်ကျောက်တုံးပေါ်တွင်ထိုင်နေသောပုံရိပ်ပေါ်သို့ ကျရောက်လာသည်။
လေထုထဲတွင် ချီစွမ်းအင်လှိုင်းများမရှိသလို ကောင်းကင်ပေါ်သို့ ထိုးတက်လာသောဓားအလင်းလည်း မရှိပေ။
ထိုပုံရိပ်သည် သာမန်လူသားတစ်ယောက်ကဲ့သို့ အပြာရောင်ကျောက်တုံးထက်တွင် ထိုင်နေသည်။
ဟန်မူယဲ့က တည်ငြိမ်သောမျက်နှာထားဖြင့် လှမ်းကြည့်သည်။
သူက မြစ်ကမ်းပါးကိုကြည့်လိုက်ပြီး ဂရုမစိုက်စွာပြောသည်။
“မေးခွန်းမေးချင်ရင် ဝိညာဉ်ကျောက်တုံး အရင်ပေးရမယ်”
ဝိညာဉ်ကျောက်တုံးပေးလျှင် သူဖြေလိမ့်မည်။
ဟန်မူယဲ့က အဖြေပေးချင်နေသည်။
တိမ်တိုက်များအပေါ်တွင် မူမိသားစုခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ပြီး ထို့ပါ့ချန်ကိုကြည့်သည်။
“တာအိုရောင်းရင်းထို့ပါ့၊ ဒါက ....”
ကျန်လူများကလည်း ထို့ပါ့ချန်ကိုကြည့်နေသည်။
ယခုအချိန်တွင် ဟန်မူယဲ့ကိုတားနိုင်သောလူသည် ထို့ပါ့ချန်တစ်ယောက်သာ ရှိလိမ့်မည်။
လင်တောက်တာအိုဂိုဏ်း၏ရှေ့တွင် သူတော်စင်ဝမ်ဟွား၏မျက်လုံးများက ချီစွမ်းအင်အလင်းရောင်နှင့် တောက်ပသွားသည်။
ထို့ပါ့ချန်က အောက်တွင်ရှိသောဟန်မူယဲ့ကို ကြည့်သည်။ သူက ပြောင်းလဲမှုမရှိသောမျက်နှာထားဖြင့် ပြောသည်။
“အဲဒီကလေး ပြောမယ့်စကားကို ငါလည်းကြားချင်တယ်”
‘ငါလည်းကြားချင်တယ် ....’
တိမ်တိုက်များပေါ်တွင် ကျွမ်းကျင်သူများက နှုတ်ခမ်းတွန့်သွားသည်။
‘ဂိုဏ်းတပည့်တစ်ယောက်ကို ဒီလိုမျိုးချောင်တွန်းပို့တဲ့လူ ရှိသေးတာလား’
ဟန်မူယဲ့စကားပြောလိုက်လျှင် ယနေ့တွင် ဤကိစ္စကို မဖြေရှင်းနိုင်လောက်ပေ။
မြစ်ကမ်းပါးတွင် ကျန်းချီက ကျယ်လောင်စွာရယ်သည်။
“အင်မော်တယ်ဟန်ကတော့ အင်မော်တယ်ဟန်ပါပဲ”
“ငါ ကျန်းချီက ဒီနေ့မှာသေသွားရင်လည်း အဆင်ပြေပါတယ်။ အင်မော်တယ်ဟန်က အဖြေကို အနာဂတ်မှာပြောပြနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်”
ထိုသို့ဖြင့် ကျန်းချီက ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
“ကျင့်ကြံခြင်းက လူတစ်ယောက်လိုရှင်သန်ဖို့မဟုတ်လား”
“ကျိုးချန်ကန်း၊ ကျန်းချီက သေဖို့ရောက်လာတယ်”
ကျန်းချီက လေထုထဲတွင် ဖြည်းဖြည်းချင်းနှေးကွေးလာသည်။
မြစ်ကမ်းပါးမှ တိမ်တိုက်များကြားထိ ခုန်တက်သွားရန်မဖြစ်နိုင်ပေ။
ယခုအချိန်တွင် ကျန်းချီက ကျိုးချန်ကန်းတစ်ယောက်တည်းကို စိန်ခေါ်နေခြင်းမဟုတ်ဘဲ လင်တောက်တာအိုဂိုဏ်းနှင့် သူတို့ချမှတ်ထားသောစည်းမျဉ်းများ၊ တိမ်တိုက်များပေါ်ရှိ မရေမတွက်နိုင်သော ရွေအမြုတေအဆင့်ကျင့်ကြံသူများကို စိန်ခေါ်နေသည်။
ကမ္ဘာမြေဝိညာဉ်နိုးထခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်သည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျွမ်းကျင်သူတစ်ဝက်ခန့်ကို စိန်ခေါ်နေသည်။
ကျန်းချီ၏ကိုယ်ထဲတွင် ချီစွမ်းအင်များ လောင်ကျွမ်းနေသည်။
သူက အံတင်းတင်းကြိတ်ထားသည်။ သူ့ကိုယ်ထဲတွင်ရှိသောသွေးများသည် လောင်ကျွမ်းနေပုံပေါ်ပြီး အစွမ်းကုန်သုံး၍ တိမ်တိုက်များပေါ်သို့ တက်သွားချင်နေသည်။
သို့သော် ကျန်းချီ၏ပုံရိပ်သည် ဖြည်းဖြည်းချင်းရပ်တန့်သွားသည်။
သူက တိမ်တိုက်များပေါ်သို့ ဘယ်တော့မှရောက်နိုင်မည်မဟုတ်ပေ။
“အလယ်ပိုင်းကုန်းမြေရဲ့ဥပဒေ”
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့စည်းကမ်းတွေ”
“ဆင်တူလိုက်တာ”
ထိုအချိန်တွင် ဟန်မူယဲ့၏အသံ ထွက်ပေါ်လာသည်။
သူက ဖြည်းဖြည်းချင်းမတ်တပ်ထရပ်ပြီး အဝေးရှိကောင်းကင်ကိုကြည့်သည်။
“မင်းတို့က လက်ချောင်းနဲ့လျှာတွေ အဖြတ်ခံရပြီး မျက်လုံးထုတ်ခံရတဲ့ကျောင်းတော်သားကိုမြင်မှ ထိတ်လန့်သွားလိမ့်မယ်”
“မင်းတို့ရဲ့ရှေ့မှာ ကျန်းချီသေသွားတာကိုမြင်ရမှ မကျေမနပ်ဖြစ်လိမ့်မယ်”
“ဟားဟား၊ မင်းတို့ရဲ့ဓားက ဘယ်မှာလဲ”
“ဒီလိုမျိုး နှစ်သောင်းချီအောင်ကျင့်ကြံထားရင်ရော ဘာအသုံးဝင်လို့လဲ”
ထို့သို့ဖြင့် ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
“ကျန်းချီ၊ မင်းရှေ့မှာ ကျိုးချန်ကန်းသေသွားတာကိုမြင်ချင်တယ်လို့ ပြောခဲ့တယ်”
“အဖြေကို အလကားပြောပြလိုက်မယ်”
ဟန်မူယဲ့၏ခြေထောက်အောက်တွင် အဖြူရောင်ငှက်တောင်များရှိနေသည်။
သူက ဓားရိုးကိုကိုင်သည်။
“ကျိုးချန်ကန်း၊ သေဖို့ဆင်းလာခဲ့”
သေဖို့ဆင်းလာခဲ့ …
သူ့အသံသည် မိုင်ရာချီပတ်လည်တွင် ပဲ့တင်ထပ်သွားသည်။
“ခလွမ် ....”
ဓားထုတ်ခဲ့သည်။
သူက အဖြေပေးခဲ့သည်။
‘သူနဲ့မသက်ဆိုင်တဲ့လူတစ်ယောက်အတွက် ဓားဆွဲထုတ်ခဲ့ရင်ရော ဘာဖြစ်လဲ’
ဓားကျင့်ကြံသူတစ်ယောက်သည် လက်ထဲတွင်ဓားရှိနေလျှင် ပျော်ရွှင်ရလိမ့်မည်။
သူက ယနေ့တွင် ဓားမထုတ်ခဲ့လျှင် မည်သို့လွတ်လပ်နိုင်မည်နည်း။
မြစ်နှလုံးသားကျွန်းပေါ်တွင် လက်ရွေးစင်တပည့်များက ခေါင်းမော့ကြည့်လိုက်သည်။
ဓားထုတ်ပြီး ကောင်းကင်ပေါ်သို့ပျံတက်သွားသောဟန်မူယဲ့ကို သူတို့ကြည့်နေသည်။
သောင်းချီနေသောလူများကြားတွင် လူတစ်ယောက်တည်းပဲ ဓားထုတ်၍ ကောင်းကင်ပေါ်သို့ပျံတက်သွားသည်။
တိမ်တိုက်များအထက်တွင် မရေမတွက်နိုင်လောက်သော ရွှေအမြုတေအဆင့်ကျင့်ကြံသူများ ရှိနေသည်။ ဓားဆွဲထုတ်ခဲ့သောလူသည် သေသွားလျှင်ပင် နောင်တရှိလိမ့်မည်မဟုတ်ပေ။
ယခုအချိန်တွင် လူတိုင်းက အစစ်အမှန်ဓားအင်မော်တယ်ကို မြင်လိုက်ရသည်။
အင်မော်တယ်များသည် လွတ်လပ်သင့်သည်။
“ဟင်း၊ မောက်မာလိုက်တာ”
တာအိုတန်ခိုးရှင်ဝမ်ဟွားက အေးစက်စွာအော်ပြောသည်။ သူက လက်မြှောက်လိုက်ပြီး လက်ညှိုးညွှန်သည်။
သူ့လက်ချောင်းသည် ကောင်းကင်မှဆင်းသက်လာသော တိုင်လုံးကြီးကဲ့သို့ ဟန်မူယဲ့၏ဦးခေါင်းကို ရိုက်ချသည်။
လေပြင်းတစ်ခုနှင့်အတူ အဆုံးမရှိသောဖိအားများ ပေါ်ထွက်လာသည်။
“တာအိုရောင်းရင်းဝမ်ဟွားက စည်းကမ်းဖောက်ပြီး ငါတို့ဂိုဏ်းရဲ့တပည့်ကို တိုက်ခိုက်လိုက်တာလား”
ထို့ပါ့ချန်က အော်ဟစ်လိုက်သည်။ သူ့နောက်တွင် ကျားဖြူပုံရိပ်တစ်ခု စုစည်းလာသည်။
ကျားဖြူက ဟိန်းဟောက်ပြီး လက်ချောင်းကိုပုတ်လိုက်သည်။
“ဘမ်း ....”
ကျားဖြူပုံရိပ်က ပျက်စီးသွားသည်။ လက်ချောင်းသည် ဟန်မူယဲ့၏ခန္ဓာကိုယ်ကို ရှပ်တိုက်သွားပြီး ကျားလင်မြစ်ထဲသို့ကျသွားသည်။
ပေထောင်ချီနေသောရေလှိုင်းများ ထွက်ပေါ်လာသည်။
မြစ်နှလုံးသားကျွန်းကို ရေလွှမ်းသွားသွားပြီး ရေခိုးရေငွေ့များထလာသည်။ ဤနေရာသည် မြစ်ပြင်ကျယ်ဖြစ်သောကြောင့် နားခိုရန်နေရာမရှိပေ။ လက်ရွေးစင်တပည့်များသည် ရွေးချယ်စရာမရှိဘဲ ပျံတက်လာရသည်။
‘ငါတို့ ပျံတက်လာပြီဆိုမှတော့ ဘာဖြစ်လို့ ဓားမထုတ်ဘဲနေရမှာလဲ’
အောက်တွင် ဓားအလင်းတစ်ခုပေါ်ထွက်လာသည်။
ထို့နောက် ဒုတိယမြောက်ဓားအလင်း ပေါ်ထွက်လာသည်။
တတိယမြောက် …
စတုတ္ထမြောက် …
မရေမတွက်နိုင်သော …
ရေလှိုင်းများသည် ကောင်းကင်ကိုဖုံးလွှမ်းထားသောကြောင့် ဓားအလင်းထွက်ပေါ်လာသောနေရာကို မသိနိုင်ပေ။
လေထုထဲတွင် ရေခိုးရေငွေ့များဖြင့်ပြည့်နေသည်။ ဓားအလင်းက ရေလှိုင်းကိုထိုးဖောက်ပြီး ကောင်းကင်ပေါ်သို့တက်လာသည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး တိမ်တိုက်နဂါးဓားကို ပစ်လွှတ်သည်။
ဓားရှည်သည် အောက်မှတက်လာသော မရေမတွက်နိုင်လောက်သည် ဓားဆန္ဒ၊ ဓားချီများဖြင့် ပေါင်းစပ်သွားပြီး ပေသုံးသောင်းရှည်လျားသော ဓားတစ်လက်ဖြစ်လာသည်။
ဟန်မူယဲ့က ပြုံးလိုက်သည်။
သူက ပေါင်းစပ်ထားသောဓားဆန္ဒထဲမှ အဆုံးမဲ့တာအိုဂိုဏ်း၏ သိပ်သည်းမှု၊ လအနှစ်သာရဓားဂိုဏ်း၏ ပေါ့ပါးမှု၊ မီးဝိညာဉ်တာအိုဂိုဏ်း၏ အပူဓာတ်နှင့် ယွမ်ထိုက်တာအိုဂိုဏ်း၏ ပုံရိပ်ယောင်ဆန်ခြင်းကို သူခံစားမိသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏အရှိန်အဝါသည် ဤဓားအတွင်း၌ရှိနေသည်။
ဓားရှည်သည် ဟိန်းဟောက်လိုက်ပြီး တိမ်တိုက်များကိုခုတ်ချသည်။
သူတော်စင်ဝမ်ဟွား၏မျက်နှာထားသည် အေးစက်နေသည်။ သူက အော်ဟစ်ပြီး လက်ကိုဝှေ့ယမ်းလိုက်သော်လည်း မျက်နှာထားပြောင်းလဲသွားသည်။
ထိုဓားကို လွယ်ကူစွာဖျက်ဆီးပစ်နိုင်သော ဝင်္ကပါစွမ်းအားသည် အသက်ဝင်မလာခဲ့ပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေမှ ကျွမ်းကျင်သူတစ်ဝက်ကျော်၏စွမ်းအားများကို စုစည်းထားသောအစီအရင်သည် မည်သည့်နေရာသို့ ရောက်သွားသနည်း။
ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ထောင်ကျော်၊ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျင့်ကြံသူနှင့် ကောင်းကင်ဘုံအဆင့်ကျင့်ကြံသူများသည် သူ့ထိန်းချုပ်မှုအောက်တွင် မရှိတော့ပေ။
သူတော်စင်ဝမ်ဟွားက ပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါတွင် အားလုံးတိတ်ဆိတ်နေသည်။
တချို့ကျင့်ကြံသူများက ခေါင်းငုံထားသည်။ တချို့က အကြည့်လွှဲထားသည်။ တချို့က လှောင်ပြောင်နေသည်။
တိမ်တိုက်များကြားတွင် ကျင့်ကြံသူ၉၀%ကျော်သည် ဝင်္ကပါကို အထောက်အပံ့မပေးခဲ့ပေ။
ရွှေအမြုတေအဆင့်ကျင့်ကြံသူ ၁၀%၏ခွန်အားနှင့်ဆိုလျှင် သောင်းချီနေသောလက်ရွေးစင်တပည့်များ၏ဓားအလင်းကို မတားနိုင်ပေ။
ထို့အပြင် ဟန်မူယဲ့က ဓမ္မရတနာတစ်ခုကို သုံးထားသည်။
သူက မည်သို့ခုခံရမည်နည်း။
သူတော်စင်ဝမ်ဟွား၏ပုံရိပ်က ဖျတ်ခနဲပျောက်ကွယ်သွားသည်။
သူက ပြတ်သားစွာထွက်သွားခဲ့သည်။
ပတ်ဝန်းကျင်ရှိလူများက ငေးကြောင်သွားသည်။
ကျိုးချန်ကန်းဟုအမည်ရသော ရွှေအမြုတေအဆင့်ကျင့်ကြံသူက ကြောင်အနေသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ကျွမ်းကျင်သူက ထွက်ပြေးသွားခဲ့သည်။
သူအမြဲမှီခိုနေခဲ့သော မဟာအကြီးအကဲသည် သူ့ကိုစွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့သည်။
ဓားအလင်းကျဆင်းလာသည်။
“ဘုန်း”
တိမ်တိုက်များ နှစ်ခြမ်းကွဲသွားသည်။
လင်တောက်တာအိုဂိုဏ်း၏အကြီးအကဲဖြစ်သူ ကျိုးချန်ကန်းသည် တိမ်တိုက်များနှင့်အတူ ပေါက်ကွဲသွားခဲ့သည်။
တိမ်တိုက်များ လှုပ်ရှားနေသည်။
ဓာားရှည်သည် ဘန်းခနဲခုတ်ချခဲ့သည်။
ဟန်မူယဲ့က လက်ထဲတွင်ဓားကိုင်ထားပြီး လေထုထဲတွင် တိတ်ဆိတ်စွာလွင့်မျောနေသည်။ သူက ခေါင်းငုံ့လိုက်ပြီး ပြောသည်။
“ကျန်းချီ၊ ဒီအဖြေနဲ့ပတ်သတ်ပြီး ကျေနပ်ရဲ့လား”
သူ့စကားကိုကြားလိုက်ရသောအခါတွင် လေထုထဲတွင်ရပ်နေသောကျန်းချီက ကောင်းကင်ကိုမော့ကြည့်လိုက်ပြီး ရယ်သည်။ သူ့မျက်နှာပေါ်တွင် မျက်ရည်များစီးကျလာသည်။
“ကျေနပ်တယ်၊ ကျေနပ်တယ် .... ဟားဟား နှစ်ပေါင်းသုံးရာကျော်အတွင်းမှာ ငါ ကျန်းချီက ဒီလိုမျိုး တစ်ခါမှမလွတ်လပ်ဖူးဘူး”
“ဒါက ကျင့်ကြံဖို့အတွက် အကောင်းဆုံးနည်းလမ်းပဲ”
ကျန်းချီက ဟန်မူယဲ့ကို လေးနက်စွာဦးညွှတ်လိုက်ပြီး အော်ပြောသည်။
“ကျန်းချီကိုကူညီပေးတဲ့အတွက် အင်မော်တယ်ဟန်ကို ကျေးဇူးတင်ပါတယ်”
“တကယ်လို့ ကျန်းချီမသေခဲ့ရင် အင်မော်တယ်ဟန်က ကျန်းချီကို အမိန့်ပေးနိုင်ပါတယ်”
“မင်းက ဘာဖြစ်လို့သေချင်ရတာလဲ”
ဟန်မူယဲ့က နှစ်ခြမ်းကွဲသွားသောတိမ်တိုက်များကို လှည့်ကြည့်သည်။
“လင်တောက်တာအိုဂိုဏ်းက မင်းကို သတ်မှာလား”
“သူ့ကိုသတ်လိုက်တဲ့လူက ငါလေ။ သူတို့က ငါ့ကို အပြစ်တင်သင့်တာမဟုတ်ဘူးလား”
သူ့လက်ထဲတွင်ရှိသောဓားသည် ဓားအိမ်ထဲသို့ ပြန်ရောက်သွားခဲ့သည်။ သူက လက်နှစ်ဖက်ကိုနောက်ပစ်ထားပြီး ဖြည်းဖြည်းချင်းဆင်းသက်လာသည်။
“ငါ့ကိုလိုက်သတ်မယ့်လူရှိရင် ငါက သူတို့ကိုသတ်ပစ်မယ်”
“လက်စားချေရဲတဲ့လူမရှိရင် ငါက ပျော်ပျော်နေနိုင်တယ်”
“ဒီလိုကျင့်ကြံခြင်းမျိုးက မကောင်းဘူးလား”
လေထုကိုစီးနင်း၍ တစ်လှမ်းချင်းစီဆင်းသက်လာသော ဟန်မူယဲ့ကိုကြည့်လိုက်ပြီး မရေမတွက်နိုင်သောလူများက အားကျနေသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ကျွမ်းကျင်သူရှေ့တွင် ဓားကိုဆွဲထုတ်ပြီး သတ်ဖြတ်ခဲ့သည်။
လက်ထဲတွင် ဓားတစ်လက်ကိုင်ထားပြီး လောကကို လွှမ်းမိုးနိုင်သည်။
ထိုအရာသည် ကျင့်ကြံခြင်းဖြစ်၏။
ဟန်မူယဲ့က ရေခိုရေငွေ့များရှိနေသော အပြာရောင်ကျောက်တုံးပေါ်သို့ရောက်လာသည်အထိ ကောင်းကင်ထက်တွင် တုံ့ပြန်မှုမရှိပေ။
လင်တောက်တာအိုဂိုဏ်းနှင့် တခြားရွှေအမြုတေကျင့်ကြံသူများသည် အသံမထွက်သလို တိုက်ခိုက်မှုလည်း မလုပ်ကြပေ။
ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး ဓားကိုသိမ်းသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်သောအခါတွင် ဝင်္ကပါပြားပေါ်လာပြီး အလင်းလွှာတစ်ခုဖန်တီးလိုက်သည်။
ကျန်းချီက ကမ်းခြေသို့ ဖြည်းဖြည်းချင်းဆင်းသက်လာပြီး ခြေလှမ်းကျဲကြီးများနှင့် အဝေးသို့ထွက်သွားသည်။
သူ့ကို ရပ်တန့်ရဲသောလူမရှိပေ။
ဟန်မူယဲ့က ဝင်္ကပါအလင်းလွှာထဲတွင်ရှိနေပြီး အပြုံးတစ်ခုနှင့်အတူ ထွက်သားသောကျန်းချီကိုကြည့်သည်။
ယနေ့တွင် အနောက်ဘက်နယ်စပ်ကုန်းမြေတွင်ရှိသော လင်တောက်တာအိုဂိုဏ်း၏ဂိုဏ်သိက္ခာသည် ပျောက်ကွယ်သွားခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် စွမ်းအားစုစည်းရန်အတွက် နှစ်ထောင်ချီ နှစ်သောင်းချီ၍ အချိန်လိုအပ်သည်။ သို့သော် ကျရှုံးသွားချင်လျှင် ဓားချက်တစ်ချက်ပဲ လိုအပ်သည်။
သူတော်စင်ဝမ်ဟွားက အစွမ်းကုန်တိုက်ခိုက်ပြီး ဟန်မူယဲ့ကိုဖိနှိပ်ခဲ့လျှင် လင်တောက်တာအိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဆက်ဖြစ်နေလိမ့်မည်။
ကံမကောင်းစွာဖြင့် သူတော်စင်ဝမ်ဟွားက ထိုသို့မလုပ်ရဲခဲ့ပေ။
မရေမတွက်နိုင်သောဓားဆန္ဒနှင့် ဓားချီများကိုစုစည်းထားသော ဓားအလင်း၏ရှေ့တွင် သူက နောက်ဆုတ်သွားခဲ့ပြီး ဂိုဏ်း၏အကြီးအကဲတစ်ယောက်ကို သေဆုံးသွားစေခဲ့သည်။