အခန်း (၃၆၀)
Vol. 26 Ch. 360
ဟန်မူယဲ့က နောက်တွင်ရှိနေသော လောင်ကျွမ်းနေသည့်အကြည့်များကို လှည့်ကြည့်လိုက်ပြီး အော်ပြောသည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကိုးဂိုဏ်းကို ပြန်ပြီးအဆင့်သတ်မှတ်တော့မယ်။ နဂါးတက်လှမ်းစင်မြင့်မှာ အဖြေကိုဆုံးဖြတ်မယ်”
“ဟန်မူယဲ့က ဒီမှာ သင်ပြခံရဖို့ စောင့်နေပါတယ်”
“ဘယ်သူတိုက်ခိုက်ချင်လဲ”
“နဂါးတက်လှမ်းစင်မြင့် မြင့်တက်လာတဲ့အချိန်မှာ ဖိနှိပ်ထားခဲ့တဲ့ကျွမ်းကျင်သူတွေ ပြန်ပေါ်လာမှာလား”
”အဲဒါဆိုရင်လည်း သူတို့ကို ပြန်လာခိုင်းလိုက်တာပေါ့”
“အတိတ်မှာ ဓားဘုရင်ယွမ်ထျန်းက ဖိနှိပ်ခဲ့တယ်ဆိုရင် ဒီနေ့မှာ ငါ ဟန်မူယဲ့က ဖိနှိပ်နိုင်တယ်”
နဂါးတက်လှမ်းစင်မြင့်ပေါ်တွင် ဟန်မူယဲ့၏တိုက်ခိုက်လိုစိတ်များ ပေါ်ထွက်လာပြီး ကောင်းကင်ရှိတိမ်တိုက်များကို ပြန့်ကျဲသွားစေသည်။
တိုက်မယ် …
ဟန်မူယဲ့က နဂါးကျောက်တိုင်ပေါ်သို့ရောက်သွားသောအခါတွင် လူအချို့ ပျံသန်းလာသည်။
တချို့က တခြားနဂါးကျောက်တိုင်များဆီသို့ ပြေးသွားသော်လည်း တချို့ကတော့ ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။
ဓားတာအိုအင်မော်တယ်၊ ပြိုင်ဘက်ကင်းဓားနည်းစနစ် …
ဟန်မူယဲ့က ကျင့်ကြံခြင်းဆုံးရှုံးသွားခဲ့သော်လည်း လက်ထဲတွင် ရတနာနှစ်ခုရှိနေသောကြောင့် စိတ်ကူးမယဉ်နိုင်လောက်သောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။
ထိုသို့ဖြစ်နေသောကြောင့် စိန်ခေါ်ရန်အတွက် ပိုမိုအဆင်ပြေသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်များသည် မသိစိတ်အလျောက် တိုက်ခိုက်လိုစိတ်များဖြင့်ပြည့်လာသည်။ သူတို့က ကြောက်ရွံ့နေခြင်းမရှိတော့ပေ။
“မင်ချန်တာအိုဂိုဏ်းက အင်မော်တယ်ဟန်ရဲ့ကျွမ်းကျင်မှုကို စစ်ဆေးဖို့အတွက် စွန်းစစ်ရှန်ကို လွှတ်လိုက်ပါတယ်”
ကျောက်စိမ်းပေတံတစ်ချောင်းကိုကိုင်ထားသော တာအိုဝတ်စုံနှင့် တာအိုတန်ခိုးရှင်လူငယ်လေးတစ်ယောက် ပျံတက်လာသည်။ သူ့လက်ထဲတွင်ရှိသော ချီစွမ်းအင်အလင်းသည် ထူးခြားသောမီးတောက်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ရိုက်ချသည်။
မင်ချန်တာအိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တာအိုဂိုဏ်းများကြားတွင် အဓိကဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းတွင် ကောင်းကင်ဘုံတစ်ဝက်အဆင့် ကျွမ်းကျင်သူတစ်ဦးရှိသည်။ စွန်းစစ်ရှန်က ဂိုဏ်းခေါင်းဆောင်ငယ်ဖြစ်ပြီး ဝိညာဉ်နိုးထခြင်းဆဌမအဆင့်တွင်ရှိနေသည်။ သူ့တိုက်ခိုက်နိုင်စွမ်းက ထူးခြားသည်။
ယခင်ကဆိုလျှင် တာအိုတန်ခိုးရှင်များသည် လင်တောက်တာအိုဂိုဏ်း၏ဦးဆောင်မှုအောက်တွင် ရှိနေလိမ့်မည်။
ယနေ့တွင် စွန်းစစ်ရှန်တင်မကဘဲ လက်ရွေးစင်တပည့်များအားလုံးသည် လွတ်လပ်ပြီး တိုက်ခိုက်လိုစိတ်များဖြင့်ပြည့်နေသည်။
‘အရင်ဆုံး စိတ်ကျေနပ်သွားအောင်တိုက်ခိုက်ကြမယ်’
ဟန်မူယဲ့က ရယ်လိုက်ပြီး ဓားလင်းကိုလှုပ်ရှား၍ စွန်းစစ်ရှန်၏ ကျောက်စိမ်းပေတံအလင်းကို တားဆီးသည်။
“အချိန်ကိုက်လှုပ်ရှားနိုင်တာပဲ ....”
ဓားအလင်းသည် ရေနှင့်တူပြီး ချီစွမ်းအင်အလင်းကို ငြိတွယ်ခွင့်မပေးဘဲ လှုပ်ရှားသွားစေသည်။
“ကောင်းလိုက်တဲ့ဓားနည်းစနစ်။ ရေဓာတ်မျိုးဆက်စွမ်းအားကို ဓားတစ်ချက်နဲ့အသက်သွင်းနိုင်တယ်။ အင်မော်တယ်ဟန်ရဲ့ဓားနည်းစနစ်နားလည်နိုင်စွမ်းက တကယ့်ကိုထူးခြားတယ်”
တိမ်တိုက်များအပေါ်တွင် မင်ချန်တာအိုဂိုဏ်း၏ ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ရောက်နေသော ဂိုဏ်းခေါင်းဆောင်ဟယ်ယွမ်က လေးစားမှုများနှင့်အတူ ခပ်ဟဟရယ်သည်။
သူက ဟန်မူယဲ့၏ဓားနည်းစနစ်ကို ချီးကျူးခဲ့သော်လည်း ထူးချွန်သောဓားနည်းစနစ်ကြောင့်သာမဟုတ်လျှင် သူ့တပည့်၏တိုက်ကွက်တစ်ကွက်ကို ခုခံနိုင်မည်မဟုတ်ကြောင်း ပြောခဲ့သည်။
တိမ်တိုက်များအပေါ်တွင် ရွှေအမြုတေအဆင့်ကကျင့်ကြံသူများ ပြုံးနေကြသည်။
“ဘုန်း”
အဆုံးမဲ့တာအိုဂိုဏ်း၏ သွမ့်ရီဟုန်သည် ရွှေနဂါးတိုင်လုံးတစ်လုံးပေါ်သို့ ရောက်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ မြေဓာတ်စွမ်းအားများ စုစည်းလာပြီး အခွံနက်လိပ်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
မဟာတာအိုဓမ္မပုံရိပ် …
မန္တန်ကို အဆုံးစွန်အထိကျင့်ကြံလိုက်သောအခါတွင် ဓားတာအို၏ ယေဘုယျအခြေအနေနှင့် တူညီသည်။ ဓမ္မသည် တာအို၏အနှစ်သာရဖြစ်သည်။
“သန်မာလိုက်တဲ့ မြေဓာတ်ပါရမီပဲ။ အဆုံးမဲ့တာအိုဂိုဏ်းက ထူးခြားတဲ့တပည့်တစ်ယောက်ကို တကယ်မွေးထုတ်ထားတယ်”
အဝေးမှစောင့်ကြည့်နေသောကျင့်ကြံသူများက အသံပြုမိသည်။
မဟာတာအိုဓမ္မပုံရိပ်အကြောင်းကို ရှင်းပြနေသောလူများလည်းရှိသည်။
သို့သော် ရှင်းပြနေရန် မလိုအပ်ခဲ့ပေ။ လိပ်နက်က စွမ်းအားများထုတ်ပြနေသည်။
အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်လူငယ်တစ်ယောက်က ပျံသန်းလာပြီး လက်ထဲတွင်ရှိသော ဝိညာဉ်ပုလဲလုံးကို လိပ်နက်၏ကျောပေါ်သို့ ကြမ်းတမ်းစွာပစ်ချသည်။
ဝိညာဉ်ပုလဲသည် အားကောင်းလှသောချီစွမ်းအင်မျာကို ထုတ်ပေးလိုက်ပြီး ပတ်ဝန်းကျင်လေထုကို တုန်ခါသွားစေသည်။
ထိုတိုက်ကွက်သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်နိုင်သည်။
ဝိညာဉ်ပုလဲလုံးနှင့် အရိုက်ခံလိုက်ရသောအခါတွင် လိပ်နက်က ခေါင်းထုတ်၍ ကျယ်လောင်စွာအော်ဟစ်ပြီး ပတ်ဝန်းကျင်ကို မာကျောသွားစေသည်။
“ဘမ်း”
ဝိညာဉ်ပုလဲလုံး၏စွမ်းအားများသည်လည်း မြေကြီးနှင့်ကျောက်တုံးများအဖြစ် ဖြည်းဖြည်းချင်းပြောင်းလဲပြီး ပြုတ်ကျသွားသည်။
တိမ်တိုက်ပေါ်တွင် အဆုံးမဲ့တာအိုဂိုဏ်း၏ခေါင်းဆောင်က မုတ်ဆိတ်များကိုပွတ်သပ်လိုက်ပြီး ခပ်ဟဟရယ်သည်။ “ဒီကလေးရဲ့ မြေဓာတ်လိုက်ဖက်ညီမှုက နည်းနည်းလောက်တိုးလာပြီပဲ”
မြေဓာတ်လိုက်ဖက်ညီမှု …
ကောင်းကင်ထက်ရှိ ကျင့်ကြံသူများ၏အမြင်တွင် သွမ့်ရီဟုန်၏ မြေဓာတ်လိုက်ဖက်ညီမှုက တိုးလာရုံတင်မကဘဲ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်လုနီးပါးဖြစ်နေသည်။
“ခလွမ် ....”
ယန်မင်ရွှမ်က ဓားရှည်ကိုထုတ်လိုက်ပြီး အော်ပြောသည်။
“အလင်းတောင်ကုန်းဓားဂိုဏ်းရဲ့ယန်မင်ရွှမ်က ဒီမှာရှိနေတယ်”
သူက ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး နဂါးတိုင်လုံးပေါ်သို့ တစ္ဆေတစ်ကောင်သဖွယ် ခြေချလိုက်သည်။
“အလင်းတောင်ကုန်းဓားဂိုဏ်းလား”
ပတ်ဝန်းကျင်တွင် တပည့်တစ်ယောက်က မျက်မှောင်ကြုတ်ပြီး ပြောသည်။
“သူတို့ရဲ့ဂိုဏ်းခေါင်းဆောင်က တိမ်မြုံကမ်းပါးမှာ သေသွားပြီမဟုတ်လား”
တိမ်မြုံကမ်းပါးတွင် အလင်းတောင်ကုန်းဓားဂိုဏ်း၏ ယန်တင်းရွှမ်အပါအဝင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများ သေဆုံးခဲ့သည်။
ယန်တင်းရွှမ်ရှိနေသေးလျှင် အလင်းတောင်ကုန်းဓားဂိုဏ်းက ဂိုဏ်းကိုးဂိုဏ်းအတွက် ယှဉ်ပြိုင်နိုင်လိမ့်မည်။
သို့သော် ယန်တင်းရွှမ်က သေဆုံးသွားပြီး အလင်းတောင်ကုန်းဓားဂိုဏ်းက ဖရိုဖရဲဖြစ်နေသည်။ သူတို့က ဂိုဏ်းကိုးဂိုဏ်းအဆင့်အတန်းအတွက် တိုက်ခိုက်နိုင်ရန် အခွင့်အရေးမရှိပေ။
“အဲဒီယန်မင်ရွှမ်က မကျင့်ကြံနိုင်ခဲ့ဘူး”
“ယန်တင်းရွှမ်မသေခင်မှာ ယန်မင်ရွှမ်ကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ဓားစံအိမ်ဆီ ပို့လိုက်တယ်လို့ကြားတယ်။ အခု သူ့ရဲ့ကျင့်ကြံဆင့်နဲ့တိုက်ခိုက်နိုင်စွမ်းက အားမနည်းဘူး။ သူက နဂါးတိုင်ပေါ်ကိုတောင် တက်ရဲတယ်”
လူတစ်ယောက်က ယန်မင်ရွှမ်ကိုကြည့်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဓားစံအိမ် …
ယန်မင်ရွှမ်က နဂါးတိုင်ပေါ်သို့ရောက်သွားသောအချိန်တွင် လူအများအပြားပျံသန်းလာသည်။
ယန်မင်ရွှမ်က ဓားကိုင်ထားပြီး မျက်လုံးထဲတွင် သွေးအလင်းရောင်ဖြတ်ပြေးသွားသည်။
“သတ်”
အော်သံနှင့်အတူ ဓားချက်သည် မိုးကြိုးတစ်စင်းကိုထုတ်ပေးသည်။
ထိုဓားချက်ကြောင့် တိမ်တိုက်ပေါ်တွင်ရှိနေသော ကျင့်ကြံသူများ၏မျက်လုံးများ တောက်ပသွားသည်။
“ရွှပ် ....”
ဓားအလင်းသည် အလွန်လျင်မြန်သည်။ လက်ရွေးစင်တပည့်များက မန္တန်၊ ဓားများဖြင့် တားဆီးရန်အတွက်ပဲ အချိန်ရခဲ့သည်။
ထို့နောက် သူတို့က ဓားအလင်း၏ရိုက်ခတ်မှုကြောင့် နှင်းတောင်ခြေသို့ပြန်ကျသွားသည်။
နေရာအနှံ့တွင် သွေးများလွင့်စင်လာသည်။
သူက လက်ရွေးစင်တပည့်သုံးဦးကို ဓားတစ်ချက်ဖြင့် ဒဏ်ရာရစေခဲ့သည်။
“ရက်စက်လိုက်တဲ့ဓားအလင်းပဲ”
အဝေးတစ်နေရာတွင်ရှိသောတပည့်တစ်ယောက်က ထုတ်ပြောမိသည်။
ထိုဓားချက်သည် အမှန်တကယ်ရက်စက်ပြီး ကြမ်းတမ်းသည်။
တပည်သုံးယောက်ရှုံးနိမ့်သွားသောအခါတွင် ယန်မင်ရွှမ်အပိုင်စီးထားသော နဂါးတိုင်လုံးက တုန်ခါသွားပြီး အနည်းငယ်မြင့်တက်လာသည်။
ထိုအရာသည် နဂါးတက်လှမ်းစင်မြင့်ဖြစ်သည်။
သူက ကိုယ်ပိုင်နေရာကို ထိန်းသိမ်းထားနိုင်လျှင် နဂါးတိုင်လုံးက မြင့်တက်လာလိမ့်မည်။
ယန်မင်ရွှမ်၏ ဓားချက်စွမ်းအားကြောင့် လက်ရွေးစင်တပည့်များ၏နှလုံးသား လေးလံသွားသည်။ သူတို့က မသိစိတ်အလျောက် တခြားနဂါးတိုင်များကို လှည့်ကြည့်သည်။
လင်တောက်တာအိုဂိုဏ်း၏တပည့်နှစ်ယောက်သည် နဂါးတိုင်နှစ်ခုကို သိမ်းယူထားသည်။ လအနှစ်သာရဓားဂိုဏ်း၊ ဖုန်းလင်ဓားဂိုဏ်းနှင့် ရှန်ယန့်မိစ္ဆာဂိုဏ်းတို့သည် တုံ့ဆိုင်းခြင်းမရှိဘဲ နဂါးတိုင်များကို ထိန်းချုပ်ထားသည်။
လုံလောက်အောင်မသန်မာသောလူများက အစွမ်းကုန်ထုတ်သုံးပြီး ကျောက်စိမ်းတိုင်များကို သိမ်းယူထားသည်။
ချက်ချင်းဆိုသလိုပင် နဂါးတိုင်များအားလုံး လူပြည့်သွားသည်။
“ဘုန်း”
ပုံရိပ်များလှုပ်ရှားနေသည်။
တချို့က သိမ်းယူထားသော ဂိုဏ်း၏ကျောက်တိုင်ကို ကာကွယ်နေပြီး တချို့ကတော့ တခြားဂိုဏ်းများ၏ကျောက်တိုင်ကို အစွမ်းကုန်တိုက်ခိုက်နေသည်။
ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါတွင် တိမ်တိုက်များအပေါ်တွင်ရှိသော သူတော်စင်ဝမ်ဟွားက ပြုံးလိုက်သည်။
အဆုံးတွင် အရာအားလုံးသည် သူစီစဉ်ထားသည့်အတိုင်း ဖြစ်နေခဲ့သည်။
နဂါးတက်လှမ်းစင်မြင့်သည် မြင့်တက်လာခဲ့သည်။
သူက တစ်ဘက်သို့လှည့်ပြီး မျက်လုံးထဲတွင် မျှော်လင့်ချက်များဖြင့်ပြည့်နေသော လီမူပိုင်ကိုကြည့်သည်။
အောက်တွင် ဟန်မူယဲ့၏ဓားအလင်းသည် စွန်းစစ်ရှန်၏ကျောက်စိမ်းပေတံအလင်းကို ဖယ်ထုတ်လိုက်သည်။
စွန်းစစ်ရှန်က ထပ်မံတိုက်ခိုက်ချင်သော်လည်း ဟန်မူယဲ့၏ဘေးသို့ရောက်လာသော ဓားကိုင်ထားသည့်လင်းရှန်ကို မြင်လိုက်ရသည်။
သူက ရယ်လိုက်ပြီး ကျောက်စိမ်းတိုင်ဆီသို့ သွားလိုက်သည်။ သူ့လက်ထဲတွင်ရှိသော ကျောက်စိမ်းပေတံသည် ချီစွမ်းအင်အလင်းများကိုထုတ်လွှတ်ပြီး ကျောက်စိမ်းတိုင်ပေါ်ရှိလူများကို တွန်းထုတ်လိုက်သည်။
“သောက်ကျိုးနည်း”
တပည့်တစ်ယောက်က ဒေါသများနှင့်ဟိန်းဟောက်သည်။
နှင်းတောင်ခြေတွင် ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများ လှုပ်ရှားနေသည်။
နဂါးတိုင်များပေါ်တွင် လူများ တက်လိုက်ကျလိုက်ဖြစ်နေသည်။
ရုတ်တရက်ဆိုသလိုပဲ ကျောက်စိမ်းတိုင်များကိုဖြတ်ကျော်၍ လျင်မြန်စွာမြင့်တက်လာသော ရွှေနဂါးကျောက်တိုင်များကို မြင်နိုင်သည်။
ဟန်မူယဲ့၏ကျောက်တိုင်ပေါ်သို့ ကျရောက်လာသောတိုက်ခိုက်မှုများကို ဟန်မူယဲ့က ဖယ်ထုတ်လိုက်ပြီး တိုက်ခိုက်လာသူကို လက်လျော့သွားစေလိမ့်မည်။
သူရှိနေသောနဂါးတိုင်သည် အမြန်ဆုံးမြင့်တက်သွားပြီး ချက်ချင်းဆိုသလိုပဲ ပေတစ်ထောင်အကွာသို့ရောက်သွားသည်။
နဂါးတိုင်သည် ပေတစ်ထောင်သို့ရောက်လာသောအခါတွင် ဟန်မူယဲ့နှင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်များသည် ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။
ထိုဖိအားကိုတောင့်ခံပြီး တိုက်ခိုက်နိုင်သောလူများ သိပ်မရှိပေ။
နဂါးတိုင်ကို လုယူချင်သောလူများသည် မည်သည့်သက်ရောက်မှုမှ မခံစားရဘဲ လေထုထဲတွင် တိုက်ခိုက်နိုင်သည်။
နဂါးတိုင်ပေါ်တွင်ရှိနေသောလူများက ဖိအားကိုတောင့်ခံ၍ တိုက်ခိုက်ရမည်။
ကံကောင်းစွာဖြင့် ပျံသန်းခြင်းတားမြစ်ဝင်္ကပါကြောင့် လေထုထဲတွင် အသက်ရှူကြိမ်တစ်ရာခန့်ပဲနေနိုင်သည်။ အသက်ရှူကြိမ်တစ်ရာပြည့်သွားလျှင် သူတို့ကလည်း ဖိအားကို ခံစားရလိမ့်မည်။
သို့သော် အသက်ရှူကြိမ်တစ်ရာကို ခုခံနိုင်ရန်မလွယ်ပေ။
သိပ်မဝေးသောနေရာတွင် လင်တောက်တာအိုဂိုဏ်း၏ နံပတ်တစ်တပည့်ဖြစ်သော လုချင်းချန်က လှောင်ပြောင်လိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။
လူအများအပြားသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးတိုင်ဆီသို့ ပြေးဝင်လာသည်။
ဟန်မူယဲ့က ဓားမထုတ်နိုင်ခင်မှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် ထိုလူများကိုတားဆီးရန်အတွက် ပျံထွက်သွားခဲ့သည်။
သို့သော် တပည့်များက တိုက်ကွက်အနည်းငယ်ခန့်ဖလှယ်ပြီး အရှုံးများနှင့်အတူ ပြန်လာခဲ့ရသည်။
တပည့်တချို့က နဂါးတိုင်ပေါ်မှပျံထွက်သွားပြီး တိုက်ခိုက်ခဲ့သည်။ သို့သော် လူအင်အားမမျှသောကြောင့် အသက်ရှူကြိမ်အနည်းငယ်အတွင်း၌ သူတို့အားလုံး ရှုံးနိမ့်သွားသည်။
နဂါးတိုင်ပေါ်တွင် လင်းရှန်က ခပ်အုပ်အုပ်အော်ဟစ်လိုက်သည်။ ဓားအလင်းသည် တိုက်ခိုက်နေသော လင်တောက်တာအိုဂိုဏ်း၏တပည့်များဆီသို့ တိုးဝင်သွားသည်။
လင်းရှန်၏ဓားအလင်းကို မြင်လိုက်ရသောအခါတွင် လုချင်းချန်က အေးစက်စွာနှာမှုတ်လိုက်ပြီး တိုက်ခိုက်ရန်အတွက် တခြားလူများကို ထပ်မလွှတ်ခဲ့ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးတိုင်က ပေ ၁၅၀၀အကွာသို့ ရောက်လာသောအခါတွင် တခြားဂိုဏ်းများ၏နဂါးတိုင်က ပေတစ်ထောင်အကွာသို့ ရောက်လာသည်။
ပေတစ်ထောင်သို့ ရောက်လာသောအခါတွင် ကျင့်ကြံဆင့်နိမ့်သောဂိုဏ်းတပည့်များက ကျောက်တိုင်ပေါ်တွင် လဲကျသွားသည်။
ထိုအခြေအနေကိုအခွင့်ကောင်းယူ၍ နဂါးတိုင်များပေါ်သို့ တခြားတပည့်များတက်လာသည်။ ချီစွမ်းအင်အလင်းများပေါ်ထွက်လာပြီး နဂါးတိုင်ပေါ်ရှိလူများကို ဖယ်ထုတ်လိုက်သည်။
နဂါးကျောက်တိုင်များပေါ်တွင် တစ်ဝက်ခန့်ပိုင်ရှင်ပြောင်းသွားသည်။
သူတို့က အခွင့်အရေးကို ရယူနိုင်ခဲ့သည်။
သို့သော် နဂါးကျောက်တိုင်ပေါ်သို့ ခြေချလိုက်သောအခါတွင် သူတို့၏မျက်နှာထားများ ချက်ချင်းပြောင်းလဲသွားသည်။
ထိုဖိအားနှင့်ဆိုလျှင် တိုက်ခိုက်မှုများကို မကာကွယ်နိုင်ပေ။
“ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲက ဒီလောက်မလွယ်ဘူး”
တိမ်တိုက်များအပေါ်တွင် သူတော်စင်ဝမ်ဟွားက ခေါင်းခါလိုက်ပြီး ခပ်ဟဟရယ်သည်။
ယခုအချိန်တွင် ကွာခြားမှုကို မြင်နိုင်သည်။
ဂိုဏ်းကြီးများကပဲ ဂိုဏ်းကိုးဂိုဏ်း၏နဂါးကျောက်တိုင်ပေါ်တွင် ရပ်နိုင်လိမ့်မည်။ တခြားလူများအတွက် အခွင့်အရေးမရှိပေ။
ကျောက်တိုင်ပေါ်သို့တက်သွားရဲလျှင် ဓားအလင်းနှင့် တာအိုနည်းစနစ်များကို ခုခံနိုင်မည်မဟုတ်ပေ။
ချက်ချင်းဆိုသလိုပဲ နဂါးကျောက်တိုင်တစ်ဝက်သာ ကျန်ရစ်ခဲ့သည်။
တခြားကျောက်တိုင်တစ်ဝက်သည် ဗလာဖြစ်နေပြီး ကျောက်တိုင်ပေါ်သို့ တက်ရဲသောတပည့်များ မရှိတော့ပေ။
နဂါးကျောက်တိုင်များ ဆက်လက်မြင့်တက်သွားသည်။ ပေနှစ်ထောင်အကွာသို့ရောက်သောအခါတွင် ဖိအားသည် ဆယ်ဆမြင့်တက်လာပြီး တန်ချိန်တစ်သိန်းဖြစ်လာသည်။
ကျောက်တိုင်ပေါ်တွင်ရပ်နေသောလူများသည် နှင်းတောင်တစ်လုံးကိုထမ်းထားရသည်ဟု ခံစားလာရသည်။
တပည့်အများစုက မတ်တပ်မရပ်နိုင်တော့ဘဲ ဓားဆွဲထုတ်ပြီး မန္တန်များရွတ်ဆိုရန် မဖြစ်နိုင်တော့ပေ။
“မင်းတို့ အရင်ဆင်းသွားလိုက်ကြ“
ဟန်မူယဲ့က အော်ဟစ်သည်။