← Chapters

အခန်း (၃၆၁)

Vol. 26 Ch. 361

အခန်း (၃၆၁)

Vol. 26 Ch. 361

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်များက ခေါင်းညိတ်လိုက်ပြီး နဂါးကျောက်တိုင်ပေါ်မှ ခုန်ဆင်းသွားသည်။

တခြားဂိုဏ်းများ၏ နဂါးကျောက်တိုင် နှစ်တိုင် သုံးတိုင်ခန့်ပဲ ကျန်ရစ်ခဲ့သည်။

လင်တောက်တာအိုဂိုဏ်းတွင် လူအများဆုံးရှိနေပြီး ဆယ်ယောက်ခန့်ရှိသည်။

သားတော်ခုနစ်ပါးထဲတွင် တစ်ဝက်ခန့်သေဆုံးသွားသောကြောင့် လူနည်းနေခြင်းဖြစ်သည်။

လုချင်းချန်က ကျယ်လောင်စွာရယ်သည်။ သူ့နောက်တွင်ရှိသောတပည့်များက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးတိုင်ဆီသို့ ပြေးဝင်သွားသည်။

တခြားဂိုဏ်းများသည် နဂါးကျောက်တိုင်ကိုကာကွယ်ရန်အတွက် ခက်ခဲနေသော်လည်း လင်တောက်တာအိုဂိုဏ်းသည် တိုက်ခိုက်နိုင်စွမ်းရှိနေသေးသည်။

ထို့အပြင် ထိုလူများ တိုက်ခိုက်သောအခါတွင် ချီစွမ်းအင်အလင်းသည် တိမ်တိုက်များအဖြစ်ပြောင်းလဲသွားပြီး အစွမ်းကုန်ထုတ်သုံးထားသည်။

“အစ်ကိုဟန်၊ အခုအချိန်ကစပြီး ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်”

ကူယွမ်လုံက အော်ဟစ်လိုက်ပြီး နဂါးကျောက်တိုင်ပေါ်မှ ပျံထွက်သွားသည်။ သူက ပြေးဝင်လာသော ကောင်းထန်ကျင်းနှင့် တိုက်ခိုက်လိုက်သည်။

သူက အရှေ့ပင်လယ်မှဖြစ်သည်။ မဟာမိတ်တစ်ယောက်အနေဖြင့် ယခုအချိန်ထိရှိနေခဲ့ခြင်းသည် လုံလောက်သည်။

လုကောနှင့်လင်းရှန်က ရှေ့တစ်လှမ်းတိုးပြီး ကျဆင်းလာသောချီစွမ်းအင်အလင်းများကို တားဆီးသည်။

ဟန်မူယဲ့၏သွေးချီများ လှုပ်ရှားလာသည်။ သူက ဓားကို ထောင့်ဖြတ်အတိုင်း ညွှန်ပြသည်။

ပေသုံးထောင် …

ယခုအချိန်တွင် ဂိုဏ်းကိုးဂိုဏ်း၏အဆင့်အတန်းကို အခြေခံအားဖြင့် ဆုံးဖြတ်နိုင်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အမြင့်ဆုံးနေရာတွင်ရှိနေသည်။ ဟန်မူယဲ့သည် နဂါးတိုင်ပေါ်တွင်ရှိနေပြီ လုကောနှင့်လင်းရှန်က သူ့ကို ကာကွယ်ပေးထားသည်။

လင်တောက်တာအိုဂိုဏ်းသည် နောက်မှ နီးကပ်စွာလိုက်လာသည်။ လုချင်းချန်နှင့် တာအိုတန်ခိုးရှင်သုံးဦးသည် တင်ပျဉ်ခွေထိုင်နေသည်။

ဖုန်းလင်ဓားဂိုဏ်း၏ တုဖုန်း၊ ရှန့်ယန်မိစ္ဆာဂိုဏ်း၏ အဖြူရောင်မိစ္ဆာသားတော်၊ အဆုံးမဲ့တာအိုဂိုဏ်း၏ သွမ့်ရီဟုန်၊ လအနှစ်သာရဓားဂိုဏ်း၏ ဝမ်ယွဲ့။

တခြားနဂါးတိုင်သုံးတိုင်တွင် ယန်မင်ရွှမ်က သွေးများဖြင့်စိုရွှဲနေပြီး ဓားနှင့်အတူ မတ်တပ်ရပ်နေသည်။

ထိုက်ရီဓားဂိုဏ်း၏ နံပတ်တစ်တပည့် ဖုန်းယွမ်ကောက ဓားကိုင်ထားပြီး မျက်လုံးမှိတ်လျက်ရှိနေသည်။ သူ့မျက်နှာက အနည်းငယ်ဖြူဖျော့နေသည်။

ကိုးခုမြောက်နဂါးတိုင်တွင်ရပ်နေသောလူသည် ဂိုဏ်းကိုးဂိုဏ်းထဲမှ ယွမ်ထိုက်တာအိုဂိုဏ်း၏ တပည်တစ်ယောက်သလို မျက်နှာသိပ်မပြသော ဝိညာဉ်ငယ်တောင်ကြားမှ ကျင့်ကြံသူတစ်ဦးလည်းမဟုတ်ပေ။

တာအိုဂိုဏ်းများကြားတွင် ရွှမ်ရှန့်ဂိုဏ်းသည် လုံလောက်အောင်သန်မာသည်။ ဂိုဏ်းတပည့်ဖြစ်သူ ဝမ်ရွှမ်ကျိက ကျောက်စိမ်းအဆောင်တစ်ခုကိုကိုင်ထားပြီး မတ်တပ်ရပ်နေသည်။

ထိုကျောက်စိမ်းအဆောင်သည် မှော်ရတနာတစ်ခု၏စွမ်းအားရှိသော ထိပ်တန်းအဆင့်ဝိညာဉ်အဆောင်ဖြစ်သည်။

ထိုအဆောင်၏ထောက်ပံ့မှုကြောင့် ဝမ်ရွှမ်ကျိသည် ဖိအားတစ်ဝက်ကို လျော့ချပြီး တိုက်ခိုက်နိုင်စွမ်းတစ်ဝက်ကို ထုတ်သုံးနိုင်သည်။

ထိုအခြေအနေသည် လုံလောက်သည်။

တခြားနဂါးကျောက်တိုင်များသည် ဖြည်းဖြည်းချင်းရပ်တန့်သွားသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့် လင်တောက်တာအိုဂိုဏ်း၏ကျောက်တိုင်များကပဲ ဆက်လက်မြင့်တက်နေသည်။

ထို့အပြင် လင်တောက်တာအိုဂိုဏ်း၏နဂါးကျောက်တိုင်သည် လျင်မြန်စွာမြင့်တက်နေပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏နဂါးကျောက်တိုင်ကို ကျော်ဖြတ်သွားတော့မည့်ပုံပေါ်သည်။

“ငါတို့ရဲ့အခြေခံအုတ်မြစ်က အားနည်းနေသေးတာပဲ ....”

နဂါးကျောက်တိုင်နှစ်ခုကိုကြည့်ပြီး လူတစ်ယောက်က ညင်သာစွာသက်ပြင်းချသည်။

လင်တောက်တာအိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို နှစ်တစ်သောင်းကြာအောင် လွှမ်းမိုးခဲ့သည်။ အမြဲတမ်းအရေးနိမ့်နေခဲ့သော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက လင်တောက်တာအိုဂိုဏ်းနှင့် မည်သို့ယှဉ်နိုင်မည်နည်း။

နဂါးကျောက်တိုင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသောလုချင်းချန်က အောက်တွင်ရှိသောလူအုပ်ကို တစ်ချက်ကြည့်ပြီး ပြောသည်။

“အလင်းတောင်ကုန်းဓားဂိုဏ်းက ဂိုဏ်းကိုးဂိုဏ်းထဲကိုဝင်ရောက်ဖို့ အဆင့်မီတယ်လား”

သူစကားပြောလိုက်သောအခါတွင် ဒါဇင်နှင့်ချီသောလူများ ပျံတက်လာသည်။

ယန်မင်ရွှမ်က ကြမ်းတမ်းသောကြောင့် နဂါးကျောက်တိုင်တစ်တိုင်ကို အပိုင်သိမ်းထားနိုင်သည်။

သို့သော် အလင်းတောင်ကုန်းဓားဂိုဏ်းက အားနည်းပြီး ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူလည်းမရှိပေ။

ထိုဂိုဏ်းမျိုးကို ဂိုဏ်းကိုးဂိုဏ်းထဲမှတစ်ဂိုဏ်းဖြစ်လာရန် လူအများက ခွင့်ပြုမည်မဟုတ်ပေ။

သူတို့က ယန်မင်ရွှမ်၏နဂါးတိုင်ကို အလွတ်ထားပြီး အလင်းတောင်ကုန်းဓားဂိုဏ်းက ဂိုဏ်းကိုးဂိုဏ်းအတွင်းသို့ ဝင်ရောက်သွားခြင်းထက် ဂိုဏ်းရှစ်ဂိုဏ်းအဖြစ်ပြောင်းလဲသွားခြင်းကိုပဲ မြင်ချင်သည်။

ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲသည် ဂိုဏ်း၏ခွန်အားအပေါ်တွင်မူတည်နေကြောင်း မြင်နိုင်သည်။

အောက်တွင်ရှိနေသောတပည့်များ ဝိုင်းရံတိုက်ခိုက်ခဲ့လျှင် အလင်းတောင်ကုန်းဓားဂိုဏ်းတင်မကဘဲ နဂါးတိုင်ပေါ်တွင်ရှိနေသောဂိုဏ်းများအားလုံး ပြုတ်ကျသွားလိမ့်မည်။

သို့သော် လုံလောက်သောခွန်အားရှိသည့်ဂိုဏ်းများကို သူတို့က လေးစားသည်။

ထို့ကြောင့် နဂါးတိုင်အားအပိုင်သိမ်းထားသောလူများကို တမင်သက်သက် တိုက်ခိုက်လိမ့်မည်မဟုတ်ပေ။

သူတို့ကလည်း နဂါးကျောက်တိုင်ပေါ်တွင် မနေနိုင်သောကြောင့် တခြားလူများကို တမင်သက်သက်ဆွဲချခဲ့လျှင် ရန်သူများဖြစ်သွားလိမ့်မည်။

လင်းရှန်က ယန်မင်ရွှမ်ဆီသို့တိုးဝင်လာသောလူများကိုကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လျက် ပြောသည်။

“ယန်မင်ရွှမ်က တောင့်မခံနိုင်မှာစိုးရိမ်မိတယ်”

လုကောက ခေါင်းညိတ်လိုက်သည်။

“ကောင်လေးယန်၊ မင်းလုပ်နိုင်လား”

သူ့စကားကို ကြားလိုက်ရသောအခါတွင် ယန်မင်ရွှမ်က ပြုံးသည်။

သူ့မျက်နှာသည် ဖြူဖျော့နေသော်လည်း သူ့မျက်လုံးများက တောက်ပနေသည်။

“အံ့ဖွယ်ကိုးပါးတောင်ခြေမှာရှိနေတဲ့ စားသောက်ဆိုင်တိုင်းက ကျွန်တော်လုပ်နိုင်တာကိုသိတယ်”

သူက စိတ်ပါလက်ပါရယ်လိုက်ပြီး မျက်လုံးထဲတွင် ရူးသွပ်မှုများဖြင့်တောက်ပနေသည်။

သူ့လက်ထဲတွင်ရှိသောဓားရှည်သည် ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်က ပေတစ်ရာရှည်သောဓားအလင်းအဖြစ် ပြောင်းလဲသွားသည်။

ဓားအလင်းက ပျံထွက်သွားပြီး ဒါဇင်နှင့်ချီသောလူများကို ရိုက်ခတ်လိုက်သည်။

ယန်မင်ရွှမ်က ကိုယ်ပိုင်ဝိညာဉ်ဓားနှင့် ပေါင်းစပ်နိုင်ခဲ့သည်။ သူက ဓားအဖြစ်ပြောင်းလဲလိုက်သောအခါတွင် အလွန်လျင်မြန်လာပြီး အသက်ဆယ်ခါရှုချိန်အတွင်း၌ ထိုလူများအားလုံးကို ရိုက်ချနိုင်ခဲ့သည်။

ထိုမြင်ကွင်းကြောင့် လူအများအပြား ထိတ်လန့်သွားသည်။

‘အလင်းတောင်ကုန်းဓားဂိုဏ်းရဲ့ယန်မင်ရွှမ်က ဒီလောက်တောင်သန်မာတာလား’

“ဘမ်း ....”

ယန်မင်ရွှမ်က ခြေထောက်များအားနည်းသွားပြီး နဂါးတိုင်ပေါ်တွင် လဲကျနေသည်။

သူနှင့်ပေါင်းစပ်ထားသောဓားသည် သိပ်မကောင်းပေ။ လက်ရွေးစင်တပည့်များနှင့် တိုက်ခိုက်လိုက်ရသောကြောင့် ဒဏ်ရာရသွားသည်။

သူလဲကျသွားကြောင်း မြင်လိုက်ရသောအခါတွင် လူအများအပြား ပျံတက်လာသည်။

“မင်းတို့တွေ အလင်းတောင်ကုန်းဓားဂိုဏ်းရဲ့နဂါးတိုင်ကို ကာကွယ်ပေးလိုက်ကြ”

ထိုအချိန်တွင် တိတ်ဆိတ်နေသောဟန်မူယဲ့က စကားပြောလိုက်သည်။

‘နဂါးကျောက်တိုင်ကို ကာကွယ်ရမှာလား’

လုကောနှင့်လင်းရှန်က အံ့အားသင့်သွားပြီး ဟန်မူယဲ့ကိုလှည့်ကြည့်သည်။

“အလင်းတောင်ကုန်းဓားဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ မဟာမိတ်တွေပဲ။ ငါတို့က သူတို့ကို ကူညီပေးရမှာပေါ့”

“ယန်မင်ရွှမ်က ဓားစံအိမ်ကပဲ။ သူ့ကိုကူညီပြီး နဂါးကျောက်တိုင်ကိုကာကွယ်ပေးတာက လုပ်သင့်တဲ့အရာပဲ”

ဟန်မူယဲ့၏လေသံက ပုံမှန်အတိုင်းပင်ဖြစ်သည်။

နဂါးကျောက်တိုင်ကို ကာကွယ်ပေးသောအရာသည် ရိုးရှင်းသောကိစ္စလေးတစ်ခုကဲ့သို့ ပြောလိုက်သည်။

ဤနေရာသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲဖြစ်သည်။

ဂိုဏ်းကိုးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်လာလျှင် အရင်းအမြစ်အမျိုးမျိုးကို ထိန်းချုပ်နိုင်လိမ့်မည်။

ထိုအရာသည် ဂိုဏ်းတစ်ဂိုဏ်းတိုးတက်လာရန်အတွက် သော့ချက်ဖြစ်သည်။

‘အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အလင်းတောင်ကုန်းဓားဂိုဏ်းရဲ့နဂါးကျောက်တိုင်ကို ကာကွယ်ပေးချင်တာလား’

ဟန်မူယဲ့၏စကားကြောင့် လူတိုင်းထိတ်လန့်သွားသည်။ သူတို့က မယုံကြည်နိုင်စွာဖြင့် မျက်လုံးများပြူးနေသည်။

လင်တောက်တာအိုဂိုဏ်း၏ နဂါးကျောက်တိုင်ပေါ်တွင် လုချင်းချန်က ကျယ်လောင်စွာရယ်သည်။

“မောက်မာလိုက်တာ”

နဂါကျောက်တိုင်တစ်ခုကို ကာကွယ်ထားခြင်းနှင့် နဂါးကျောက်တိုင်နှစ်ခုကို ကာကွယ်ထားခြင်းသည် မတူညီပေ။

တိမ်တိုက်များပေါ်တွင် ရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏မျက်နှာထားက လေးနက်နေသည်။

ဟန်မူယဲ့၏ဆုံးဖြတ်ချက်သည် မဆိုးပေ။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အားကောင်းပြီး အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်နေရာကို ရည်ရွယ်ထားသည်။

ထိုသို့ဆိုလျှင် သူက မဟာမိတ်များကို ဂိုဏ်းကိုးဂိုဏ်းအတွင်းသို့ ဝင်ရောက်နိုင်အောင် ကူညီပေးသင့်သည်။

ထိုဂိုဏ်းမျိုးသည် ယုံကြည်နိုင်ပြီး ဖော်ရွေမှုရှိသည်။ ထို့ကြောင့် ပူးပေါင်းရန်အတွက် အလွန်သင့်တော်သည်။

‘ဒါပေမဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ နဂါကျောက်တိုင်နှစ်ခုကို ကာကွယ်နိုင်တဲ့ခွန်အားရှိလို့လား’ သူတို့ တွေးမိသည်။

‘ကိုယ်ပိုင်နဂါးကျောက်တိုင်ကို လက်လွှတ်လိုက်ရဦးမယ်’

အောက်တွင်ရှိသောတပည့်များက ပျံတက်လာပြီး ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများသည် ယန်မင်ရွှမ်ဆီသို့ပြေးဝင်လာကြောင်း မြင်လိုက်ရသောအခါတွင် လုကောနှင့်လင်းရှန်က အချိန်ဆွဲမနေတော့ဘဲ ပျံထွက်သွားသည်။

သူတို့က အလင်းတောင်ကုန်းဓားဂိုဏ်းကို အမှန်တကယ်ကူညီပေးခဲ့သည်။

လင်တောက်တာအိုဂိုဏ်း၏ နဂါးကျောက်တိုင်ပေါ်တွင် လုချင်းချန်က လှောင်ပြောင်လိုက်ပြီး စကားလုံးအနည်းငယ် တီးတိုးပြောသည်။

အောက်မှ ရာချီနေသောတပည့်များ ပျံတက်လာသည်။

သူတို့၏ပစ်မှတ်သည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နဂါးကျောက်တိုင်ဖြစ်သည်။

ဟန်မူယဲ့က နဂါးကျောက်တိုင်နှစ်ခုကို ကာကွယ်ချင်သောကြောင့် ခွန်အားထုတ်ပြရမည်။

ထိုတပည့်များကိုကြည့်လိုက်ပြီး တခြားနဂါးကျောက်တိုင်များပေါ်တွင်ရှိသော သွမ့်ရီဟုန်၊ ဝမ်ယွဲ့နှင့် တခြားလူများက မျက်နှာထားလေးနက်သွားသည်။

ထိုလူများကို မခုခံနိုင်ပေ။

ရွှေအမြုတေအဆင့်ကျင့်ကြံသူဖြစ်နေလျှင်ပင် ရာချီနေသောလက်ရွေးစင်တပည့်များနှင့်ရင်ဆိုင်ရလျှင် ချက်ချင်းသေဆုံးသွားလိမ့်မည်။

“စီနီယာအစ်ကိုဟန်ကို ကာကွယ်ကြ”

အောက်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်တစ်ယောက်က အော်ဟစ်လိုက်ပြီး ပျံတက်သွားသည်။

‘နဂါးကျောက်တိုင်ကို စောင့်ရှောက်မယ်’

‘စီနီယာအစ်ကိုဟန်ကို ကာကွယ်မယ်’

နဂါးကျောက်တိုင်ကို ကာကွယ်ရန်အတွက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် ပျံတက်လာပြီး ဂိုဏ်းအသီးသီးမှ လက်ရွေးစင်တပည့်များနှင့် တိုက်ခိုက်လိုက်သည်။

သူတို့က လေထုထဲတွင် အသက်ရှူကြိမ်တစ်ရာခန့်ပဲ ပျံသန်းနိုင်သည်။

သို့သော် လက်ရွေးစင်တပည့်များအတွက် အသက်ရှူကြိမ်တစ်ရာသည် အလွန်ကြာမြင့်သည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များသည် သန်မာသည်။ သူတို့က တစ်ယောက်တည်းနှင့် လူအများကို တိုက်ခိုက်နိုင်သည်။

သို့သော် နဂါးကျောက်တိုင်ကိုတိုက်ခိုက်လာသောတပည့်များသည် များပြားလွန်းသောကြောင့် အားလုံးကို မတားနိုင်ခဲ့ပေ။

ချီစွမ်းအင်အလင်းနှင့်ဓားအလင်းများသည် ခုခံမှုကိုကျော်ဖြတ်ပြီး နဂါးကျောက်တိုင်ပေါ်တွင်ရပ်နေသော ဟန်မူယဲ့ဆီသို့ ပြေးဝင်လာသည်။

ဟန်မူယဲ့က တိုက်ခိုက်မှုအများအပြားရောက်လာလိမ့်မည်ဟု မျှော်လင့်ထားပုံမပေါ်ပေ။ သူက ပတ်ဝန်းကျင်တွင် မှိန်ဖျော့သောအလင်းအတားအဆီးတစ်ခုကိုပဲ ဖန်တီးထားသည်။

“အိုး မဟုတ်ဘူး”

အဝေးတစ်နေရာတွင် အော်သံများထွက်လာသည်။

ဝမ်ယွဲ့နှင့် တခြားလူများက မျက်လုံးပြူးသွားသည်။

လင်းရှန်နှင့်လုကောက ပြန်လှည့်လာနိုင်ရန် အသည်းအသန်ကြိုးစားနေသည်။

လုချင်းချန်နှင့်တခြားလူများက ပြုံးသည်။

ယနေ့တွင် သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျဆုံးသွားသောပါရမီရှင်တစ်ယောက်ကို မြင်ရတော့မည်။

“ဘုန်း”

ဓားအလင်းနှင့်ချီစွမ်းအင်အလင်းများသည် အလင်းအတားအဆီးနှင့် ဝင်တိုက်သွားပြီး မျက်စိကျိန်းလောက်သောအလင်းများကို ထုတ်လွှတ်ပေးလိုက်သည်။

အလင်းရောင်ပျောက်ကွယ်သွားသောအခါတွင် လူတိုင်းက နဂါးကျောက်တိုင်ကို ငေးကြည့်မိသည်။

ထိုနေရာတွင် ဟန်မူယဲ့က အကောင်းအတိုင်းရှိနေသည်။

ကောင်းကင်နှင့်မြေကြီးမှ ချီးမြှင့်ပေးထားသောစွမ်းအားသည် မိုင်တစ်သောင်းပတ်လည်ရှိမြေစွမ်းအားကို အသုံးချနိုင်သည်။

ယခုအချိန်တွင် ဟန်မူယဲ့က မြေထုနှင့်ပေါင်းစပ်သွားသည်။ သူ့ကို ထိခိုက်အောင်လုပ်ချင်လျှင် တောင်တန်းနှင့်မြစ်များကို ဖြိုခွင်းနိုင်သောစွမ်းအားမျိုး ပိုင်ဆိုင်ရမည်။

ဤတပည့်များတင်မကဘဲ ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူများကတောင် ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။

နဂါးကျောက်တိုင်ပေါ်တွင်ရပ်နေသောဟန်မူယဲ့သည် ပြိုင်ဘက်ကင်းသည်။

“ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအား ....”

ကောင်းကင်ထက်တွင် ကျွမ်းကျင်သူတစ်ယောက်က ခါးသီးမှု၊ အားကျမှုများနှင့်အတူ ရေရွတ်သည်။

‘အင်မော်တယ်ဟန်က တကယ့်ကို နာမည်နဲ့လိုက်တာပဲ ....”

တည်ငြိမ်နေသောဟန်မူယဲ့ကိုကြည့်လိုက်ပြီး လူတစ်ယောက်က သက်ပြင်းချသည်။

တိုက်ခိုက်လိုက်သော လက်ရွေးစင်တပည့်များသည် ထိုမြင်ကွင်းကို ငေးကြည့်နေမိသည်။

‘ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ’ သူတို့ တွေးမိသည်။

လင်တောက်တာအိုဂိုဏ်း၏ နဂါးကျောက်တိုင်ပေါ်တွင် လုချင်းချန်က ကြောင်အသွားသည်။ ထို့နောက် သူ့မျက်လုံးထဲတွင် ရက်စက်မှုများပေါ်လာပြီး အော်ဟစ်လိုက်သည်။

အဝေးတစ်နေရာတွင် ကျားလင်မြစ်ထဲမှ အနက်ရောင်ပုံရိပ်များပြေးထွက်လာသည်။

ကြေးခွံနက်ရေမိစ္ဆာများ …

ရေမိစ္ဆာကြီးများသည် ရေထဲမှခုန်ထွက်လာပြီး မိုင်ဒါဇင်ကျော်ကိုဖြတ်သန်း၍ နဂါးကျောက်တိုင်နှင့် ဝင်တိုက်သည်။

ထိုမိစ္ဆာများသည် အလွန်အားကောင်းသည်။

သူတို့ထဲတွင် ရွှေအမြုတေအဆင့်မြင့်အဆင့်သို့ရောက်နေသော အသွင်ပြောင်းမိစ္ဆာများလည်း ရှိနေသည်။

ထိုရေမိစ္ဆာများသည် ကောင်းကင်တစ်ဝက်ကိုဖုံးလွှမ်းထားသော မိစ္ဆာတိမ်တိုက်များ ကြယ်လေပြင်းများနှင့်အတူ ပြေးဝင်လာသည်။

တိမ်တိုက်များပေါ်တွင် လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ ဒီရေမိစ္ဆာတွေက ဘာဖြစ်လို့ရောက်လာတာလဲ”

သို့သော် သူပြောပြီးသွားသောအခါတွင် သူ့ဆီသို့ အကြည့်တချို့ရောက်လာသည်။

ထိုမိစ္ဆာများနှင့် လင်တောက်တာအိုဂိုဏ်းက ပူးပေါင်းထားကြောင်း သိသာနေသည်။ သူတို့က အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ပစ်မှတ်ထားနေသည်။

All Chapters