အခန်း (၃၆၃)
Vol. 26 Ch. 363
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏မျိုးဆက်သစ်များ ကြီးပြင်းလာပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိသည်အထိ သူက တောင့်ခံထားရမည်။
လူအိုကြီးက စာတစ်ဆောင်ကြောင့် ဒေါသထွက်သွားသည်။ သူက တောင်အောက်သို့ဆင်းသွားခဲ့သည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏တပည့်များက သူ့ကိုတားဆီးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
လင်တောက်တာအိုဂိုဏ်း …
လင်တောက်တာအိုဂိုဏ်းပင်ဖြစ်သည်။
လင်တောက်တာအိုဂိုဏ်းသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစံအိမ်အကြီးအကဲတစ်ယောက်၏အကြွင်းအကျန်ကို ငါးစာအနေဖြင့်ထား၍ ကျူးရှန်ကို မျှားခေါ်ပြီး ဝိုင်းရံတိုက်ခိုက်ခဲ့သည်။
ထိုတိုက်ပွဲတွင် လင်တောက်တာအိုဂိုဏ်းသည် ဆုံးရှုံးမှုများ ခံစားခဲ့ရသည်။
ထိုတိုက်ပွဲပြီးသွားသောအခါတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဓားစံအိမ်၏အမွေအနှစ်သည် ပြီးပြည့်စုံခြင်းမရှိတော့ပေ။ ဂိုဏ်း၏မျိုးဆက်သစ်များသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရုံသာရှိပြီး တခြားဂိုဏ်းများအတွက် ခြိမ်းခြောက်မှုမဖြစ်နိုင်တော့ပေ။
ထိုတိုက်ပွဲပြီးသွားသောအခါတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနားယူရန်အတွက် အချိန်ရခဲ့သည်။
အကြီးအကဲကျူးရှန်၏ ဗလာဆန္ဒဓားကို လင်တောက်တာအိုဂိုဏ်းကယူသွားပြီး လျှို့ဝှက်ဘဏ္ဍာတိုက်ထဲတွင် သိမ်းဆည်းထားခဲ့သည်။ ယခု ထိုဓားကိုထုတ်ယူပြီး ပြန်လည်မြင့်တက်လာသော အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဖိနှိပ်ရန်စီစဉ်ခဲ့သည်။
ဓားရိုးကိုကိုင်ထားသောဟန်မူယဲ့က တုန်ခါသွားသည်။
အနက်ရောင်ချီစွမ်းအင်အလင်းသည် ဓားပေါ်တွင်ဖျတ်ခနဲပေါ်လာပြီး သူ့ကိုယ်ထဲသို့ တိုးဝင်လာသည်။
“ကောင်လေး၊ ဒီဓားကို ပြင်ပဘုံကျင့်ကြံသူကြီးတစ်ယောက်က ချုပ်နှောင်ထားခဲ့တယ်။ ပြေးတော့”
ထိုအရာသည် အကြီးအကဲကျူးရှန်၏ အကြွင်းအကျန်ဝိညာဉ်ဖြစ်သည်။
‘ပြင်ပဘုံကျင့်ကြံသူတစ်ယောက်ရဲ့ အချုပ်အနှောင်’
ဟန်မူယဲ့က ခံစားမိသည်။
လေဟာနယ်စွမ်းအားဖြစ်သည်။
ဓားထဲသို့ ဓားချီများထည့်သွင်းလိုက်သောအချိန်တွင် တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားကို အသက်သွင်းမိခဲ့သည်။
“ဝီ”
လေဟာနယ်ထဲတွင် အလင်းဝင်္ကပါတစ်ခု ပေါ်လာသည်။
သူတော်စင်ဝမ်ဟွားက ရယ်လိုက်ပြီး လက်မြှောက်သည်။ သူ့လက်ထဲသို့ သဘာဝစွမ်းအင်အလင်းတစ်ခု ကျရောက်လာသည်။
တောက်ပနေသော ဝိညာဉ်ကျောက်တုံးတစ်တုံးဖြစ်သည်။
အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံး …
နဂါးကျောက်တိုင်ပေါ်တွင်ထိုင်နေသော လုချင်းချန်က ဝိညာဉ်ကျောက်တုံးတစ်တုံးကို ပစ်လွှတ်သည်။
နဂါးကျောက်တိုင်များ၏အောက်တွင် တိမ်တိုက်ပင်လယ်ဓားဂိုဏ်း၏ နံပတ်တစ်အတွင်းစည်းတပည့်ဖြစ်သူ ကောင်းထန်ကျင်းက လက်မြှောက်ပြီး အလင်းတန်းတစ်ခုကို ပစ်လွှတ်သည်။
အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံး သုံးတုံး …
ထိုဝိညာဉ်ကျောက်တုံးသုံးတုံးက ဝင်္ကပါနှင့်တိုက်မိသွားပြီး ဝင်္ကပါကို အားဖြည့်ပေးလိုက်သည်။
တိမ်တိုက်များပေါ်တွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူများ၏မျက်နှာထားက ပြောင်းလဲသွားသည်။
“ဒါက ရှေးခေတ်တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ပဲ”
လူတစ်ယောက် အော်ပြောသည်။
“သူတော်စင်ဝမ်ဟွား၊ ဘာတွေလုပ်နေတာလဲ”
“အဲဒီဝင်္ကပါက ပျံသန်းခြင်းတာမြစ်ဝင်္ကပါနဲ့ ချိတ်ဆက်နေပြီး ငါတို့ရဲ့စွမ်းအားတွေကို စုပ်ယူနေတယ်”
“ငါတို့က အဲဒါကို တားဆီးလို့မရဘူး။ အမြင့်ဆုံးအဆင့်အရည်အသွေး ဝိညာဉ်ကျောက်တုံးတွေနဲ့ အသက်သွင်းထားတဲ့ဝင်္ကပါကို ချိုးဖောက်လိုက်ရင် ငါတို့တွေ တန်ပြန်ဒဏ်ခံရလိမ့်မယ်”
တိမ်တိုက်များပေါ်တွင် ထိတ်လန့်နေသောအော်သံများ ပေါ်ထွက်လာသည်။
‘သူတော်စင်ဝမ်ဟွားက အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံးနဲ့ ရန်သူဖြစ်ချင်တာလား’
သူတော်စင်ဝမ်ဟွားက ရယ်လိုက်ပြီး ရှေ့သို့တစ်လှမ်းတိုးသည်။
“ဒီဝင်္ကပါက ပြင်ပဘုံရဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာနဲ့ ဆက်သွယ်ထားတယ်”
“အင်မော်တယ်ဝိညာဉ်ကမ္ဘာက ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် သာလွန်နေတဲ့လောကတစ်ခုပဲ။ အဲဒီမှာ အင်မော်တယ်နဲ့ဗုဒ္ဓတွေ မရေမတွက်နိုင်အောင်ရှိနေတယ်”
“တာအိုရောင်းရင်းတို့ ငါနဲ့အတူ အင်မော်တယ်ဝိညာဉ်ကမ္ဘာကို လိုက်ချင်တယ်ဆိုရင် လင်တောက်တာအိုဂိုဏ်းရဲ့လက်အောက်ကို ဝင်လာဖို့ပဲလိုအပ်တယ်”
အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ချိတ်ဆက်ထားသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် သာလွန်သည်။
တိမ်တိုက်များပေါ်တွင် လူတချို့က ထိတ်လန့်သွားသည်။ လူတချို့က မျက်မှောင်ကြုတ်သည်။ လူတချို့က စိတ်ဝင်စားပုံပေါ်သည်။
“သူတော်စင်ဝမ်ဟွား၊ နဂါးတက်လှမ်းစင်မြင့်မှာ ဖိနှိပ်ထားတဲ့ရတနာရှိတယ်လို့ ပြောခဲ့တယ်မဟုတ်လား”
လီမူပိုင်က မျက်မှောင်ကြုတ်လိုက်ပြီး အေးစက်စွာပြောသည်။
သူတော်စင်ဝမ်ဟွားက ပြုံးသည်။
“ညီအစ်ကိုလီ၊ အင်မော်တယ်ဝိညာဉ်ကမ္ဘာမှာဆိုရင် ရတနာတွေက နေရာတိုင်းမှာရှိနေမှာပဲလေ”
လီမူပိုင်၏မျက်နှာထားက အေးစက်သွားပြီး မျက်လုံးထဲတွင် အလင်းရောင်များဖြတ်ပြေးသွားသည်။
သူတော်စင်ဝမ်ဟွားက သူ့ကို လိမ်ညာခဲ့သည်။
သူတော်စင်ဝမ်ဟွားက တိမ်တိုက်ပေါ်ရှိလူများကိုကြည့်လိုက်ပြီး အထင်သေးစွာပြုံးသည်။
“မင်းတို့က အနောက်ဘက်နယ်စပ်ကုန်းမြေကို ရတနာနယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားတယ်။ ဒါပေမဲ့ ဒီလောကကြီးက ဘယ်လောက်ကျယ်ပြန့်သလဲဆိုတာကို မင်းတို့မသိဘူး”
“အနောက်ဘက်နယ်စပ်ကုန်းမြေတင်မကဘူး ကောင်းကင်အံ့ဖွယ်ကမ္ဘာတစ်ခုလုံးက အင်မော်တယ်ဝိညာဉ်ကမ္ဘာနဲ့ယှဉ်လိုက်ရင် ကျတ်တီးမြေတစ်ခုပဲ”
“ငါက အင်မော်တယ်ဝိညာဉ်ကမ္ဘာမှာ ထာဝရရှင်သန်ခြင်းကိုရှာဖွေမယ်။ မင်းတို့လိုက်မလာရင် ဘယ်တော့မှအခွင့်အရေးရှိမှာမဟုတ်ဘူး”
ထာဝရရှင်သန်ခြင်း …
မည်သည့်ကျင့်ကြံသူက ထာဝရရှင်သန်ခြင်းကို ငြင်းပယ်နိုင်မည်နည်း။
ထာဝရရှင်သန်ခြင်း၏ဆွဲဆောင်မှုကို တောင့်ခံနိုင်သောလူများ မည်မျှရှိသနည်း။
“တာအိုရောင်းရင်းဝမ်ဟွား ....”
မုတ်ဆိတ်ဖြူများနှင့်လူအိုကြီးတစ်ယောက်က ညင်သာစွာခေါ်လိုက်သည်။
သူတော်စင်ဝမ်ဟွားက သူ့ကို အေးစက်စွာလှည့်ကြည့်သည်။
လူအိုကြီးက ကြောင်အသွားပြီး ခေါင်းငုံ့ထားသည်။
အရှုံးပေးမှ သူတော်စင်ဝမ်ဟွားနှင့်အတူ ထွက်သွားနိုင်လိမ့်မည်။
တာအိုရောင်းရင်းဟူသောစကားလုံးသည် အရှုံးပေးခြင်းမဟုတ်ပေ။
“မဟာသူတော်စင်ဝမ်ဟွား၊ ငါက အရှုံးပေးပြီး သူတော်စင်ဝမ်ဟွားနဲ့အတူ အင်မော်တယ်ဝိညာဉ်ကမ္ဘာကို လိုက်ချင်ပါတယ်”
အရှုံးပေးသည်။
ထာဝရရှင်သန်ခြင်းအတွက် အရှုံးပေးရန် ရွေးချယ်ခဲ့သည်။
တိမ်တိုက်ပေါ်တွင် အသံများထွက်လာသည်။
ထိုအချိန်တွင် နဂါးကျောက်တိုင်က တုန်ခါနေပြီး တစ်ပိုင်းတစ်စစီဖြစ်သွားခဲ့သည်။
မြေပြင်သည် အက်ကွဲသွားပြီး ရွှေရောင်ချီစွမ်းအင်အလင်း ပေါ်ထွက်လာသည်။
တောင်တန်းတာအိုဓား …
နှင်းတောင်အက်ကွဲကြောင်းအတွင်း၌ ဧရာမဓားပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုဓားသည် စိတ်ကူးမယဉ်နိုင်လောက်သောစွမ်းအားကို ပိုင်ဆိုင်ထားသည်။
တာအိုဓားပုံရိပ် ပေါ်လာသောအခါတွင် လူတိုင်းက နှလုံးသားများတုန်ခါသွားကြောင်း ခံစားလိုက်ရသည်။
လင်တောက်တာအိုဂိုဏ်း၏ သားတော်လေးပါးက လှုပ်ရှားလိုက်ပြီး လေထုထဲတွင်ပေါ်လာသည်။ သူတို့က ဧရာမဓားကြီးကို စိုက်ကြည့်နေသည်။
ထိုဓားကို ယူသွားချင်သည်။
သို့သော် အောက်တွင် မရေမတွက်နိုင်သော လက်ရွေးစင်တပည့်များရှိသည်။
“မင်းတို့ကလည်း ငါ့ရဲ့ရှစ်ဟမ်တာအိုဂိုဏ်းထဲကို ဝင်ရောက်ပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာမှာ ကျင့်ကြံနိုင်တယ်”
လုချင်းချန်က လေထုထဲတွင်ရှိနေပြီး ခေါင်းငုံ၍ ပြောလိုက်သည်။
‘အင်မော်တယ်ဝိညာဉ်ကမ္ဘာမှာ ကျင့်ကြံရမှာလား’
‘ထာဝရရှင်ခြင်းကို ရှာဖွေရမှာလား’
လက်ရွေးစင်တပည့်များ၏မျက်လုံးထဲတွင် ချီစွမ်းအင်အလင်းများ ဖြတ်ပြေးသွားသည်။
“ဟန်မူယဲ့၊ မင်းကိုလည်း အခွင့်အရေးပေးမယ်”
လုချင်းချန်က ဓားရှည်အားကိုင်ထားသောဟန်မူယဲ့ကို မော့ကြည့်သည်။
“ငါ့တပည့်လုပ်ရင် ငါက မင်းကို အင်မော်တယ်ဝိညာဉ်ကမ္ဘာဆီ ခေါ်သွားပေးမယ်”
လုချင်းချန်က ပြုံးသည်။
ပါရမီရှင်တစ်ယောက်ဖြစ်သောဟန်မူယဲ့သည် ရွေးချယ်မှုကောင်းတစ်ခု ပြုလုပ်လိမ့်မည်ဟု သူယုံသည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် မခုခံနိုင်သော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။
သန်မာပြီး ပါရမီရှိသောလူတစ်ယောက်သည် အင်မော်တယ်ဝိညာဉ်ကမ္ဘာသို့ ဝင်ရောက်ချင်လိမ့်မည်။
ကျင့်ကြံခြင်းသည် ထာဝရရှင်သန်ရန်အတွက်ဖြစ်သည်။
ထာဝရရှင်သန်နိုင်ရန်အတွက် မလုပ်နိုင်သောအရာမရှိပေ။
အောက်တွင်ရှိသောတပည့်များအားလုံးက ဟန်မူယဲ့ကို မော့ကြည့်သည်။
‘ဓားအင်မော်တယ်က ဘာကိုရွေးမှာလဲ’
ဟန်မူယဲ့က လက်ရွေးစင်တပည့်များကို ငုံ့ကြည့်သည်။
သူတို့က သူ့ရွေးချယ်မှုကို စောင့်နေသည်။
‘ရွေးချယ်ရမှာလား’
‘ကောင်းပြီလေ’
ဟန်မူယဲ့က ရယ်လိုက်ပြီး ဗလာဆန္ဒဓားကို တင်းကျပ်စွာဆုပ်ကိုင်သည်။
“ခလွမ် ....”
ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။
ဓားအလင်းသည် အေးစက်စွာတောက်ပနေသည်။
အကြီးအကဲကျူးရှန်သေသွားသောအချိန်မှစ၍ ဓားကို တစ်ခါမှဆွဲမထုတ်ခဲ့ပေ။
ယခုအချိန်တွင် နှစ်ပေါင်းများစွာကြာအောင် ဖုံးကွယ်နေသောဓားအလင်းသည် အေးစက်သောအရှိန်အဝါဖြင့် ခုတ်ချလိုက်သည်။
ထိုဓားချက်သည် ထက်မြက်ခြင်းမရှိပေ။
သို့သော် မမေ့နိုင်သော လွတ်လပ်မှုများပါဝင်နေသည်။
ဟန်မူယဲ့က ဓားချက်ထုတ်လိုက်သောအခါ သူ့နောက်တွင် ဆံပင်ဖြူလူအိုကြီးတစ်ယောက် ပေါ်လာပုံပေါ်သည်။ သူက အပြုံးတစ်ခုနှင့်အတူ ခေါင်းညိတ်သည်။
ထိုဓားချက်သည် ဟန်မူယဲ့၏ရွေးချယ်မှုဖြစ်သည်။
‘ထာဝရရှင်သန်ခြင်းလည်း ငရဲကိုသွားလိုက်’
‘ငါဖြစ်ချင်တာက လွတ်လပ်တဲ့ဓားအင်မော်တယ်ပဲ’
‘အရှုံးပေးရမယ်တဲ့လား’
‘ထွက်သွားစမ်း’
ဓားအလင်းသည် မိုးကြိုးတစ်စင်းကဲ့သို့ လေထုကိုထိုးခွဲလာသည်။
လုချင်းချန်နှင့် သူ့နောက်တွင်ရှိသောလူအချို့သည် မျက်နှာထားပြောင်းလဲသွားသည်။ သူတို့က လက်မြှောက်ပြီး ချီစွမ်းအင်အလင်းများကိုထုတ်ဖော်၍ ဓားအလင်းကို တားဆီးသည်။
“ရွှပ် ....”
ဓားအလင်းသည် ချီစွမ်းအင်အလင်းများကိုထိုးဖောက်၍ လုချင်းချန်ဆီသို့ တိုးဝင်သွားခဲ့သည်။ လုချင်းချန်က အကြိမ်ရေများစွာရှောင်တိမ်းလိုက်ရပြီး လေထုထဲတွင် ဆက်ရှိနေနိုင်ခဲ့သည်။
ဟန်မူယဲ့က ဓားကိုင်ထားပြီး အပြုံးတစ်ခုနှင့်အတူ သူ့ကို တိတ်ဆိတ်စွာကြည့်သည်။
အောက်တွင်ရှိသော လက်ရွေးစင်တပည့်များကလည်း ပြုံးသည်။
ထိုအရာသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်သည်။
ဓားကျင့်ကြံသူများသည် ထိုသို့ဖြစ်သင့်သည်။
ဓားကို ဆွဲထုတ်လိုက် …
“ကောင်းတယ်၊ ကောင်းတယ်”
လုချင်းချန်က အံတင်းတင်းကြိတ်ထားပြီး အောက်တွင်ရှိသောလက်ရွေးစင်တပည့်များကို ဆိုးယုတ်သောမျက်နှာထားဖြင့် ကြည့်သည်။
“မင်းက ဒါကို နောင်တရလိမ့်မယ် ....”
ထို့နောက် သူနှင့် နောက်တွင်ရှိသောလူသုံးယောက်သည် ပေါက်ကွဲသွားသည်။ သူတို့က သွေးရောင်အလင်းများအဖြစ်ပြောင်းလဲပြီး တိမ်တိုက်ပေါ်သို့ ထိုးတက်သွားသည်။
သူတို့က သူတော်စင်ဝမ်ဟွား၏ကိုယ်ပွားများဖြစ်သည်။ သူတို့က များပြားလှသော သွေးနှင့်ချီစွမ်းအားများကိုသယ်ဆောင်၍ သူတော်စင်ဝမ်ဟွား၏ကိုယ်ထဲသို့ တိုးဝင်သွားသည်။
“ဘုန်း”
ချီစွမ်းအင်အလင်းသည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ သူတော်စင်ဝမ်ဟွားက ရယ်မောလိုက်ပြီး ကျင့်ကြံဆင့်ကို ဆက်လက်ဖိနှိပ်မထားတော့ပေ။
ဝိညာဉ်သူငယ်စတုတ္ထအဆင့် …
သူက ကိုယ်ပွားများ၏အကူအညီဖြင့် ဝိညာဉ်သူငယ်စတုတ္ထအဆင့်သို့ ရောက်သွားခဲ့သည်။
သူ့ကျင့်ကြံဆင့်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အမြင့်ဆုံးဖြစ်သည်။ ယခု ထပ်မံအဆင့်တက်သွားသောကြောင့် ကျန်လူများက သူ့ကို မော့ကြည့်နေရသည်။
“လီမူပိုင်၊ မင်းက ဝိညာဉ်သူငယ်တတိယအဆင့်ကို ရောက်နေပြီဆိုတာ ငါသိတယ်။ အခု မင်းက အရှုံးပေးဖို့ဆန္ဒရှိပြီလား”
သူတော်စင်ဝမ်ဟွားက အရိုင်းဆန်စွာရယ်သည်။
တိမ်တိုက်ပေါ်၌ လီမူပိုင်၏ခန္ဓာကိုယ်တွင် မိစ္ဆာအလင်းများ စုစည်းလာသည်။ သူက ဝိညာဉ်သူငယ်တတိယအဆင့်တွင် ရှိနေသည်။
မိစ္ဆာအလင်းသည် ကောင်းကင်ကို မည်းနက်သွားစေသည်။
သို့သော် သူတော်စင်ဝမ်ဟွားနှင့်ယှဉ်လိုက်လျှင် သူက အဆင့်နိမ့်နေသည်။
“အရှုံးပေးရမှာတဲ့လား”
လီမူပိုင်က သူတော်စင်ဝမ်ဟွားကိုကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“မင်းမှာ အဲဒီလိုစွမ်းရည်မျိုးရှိလား ကြည့်ကြတာပေါ့”
သူ့လက်ထဲတွင်ရှိသော ရွှေရောင်လှံသည် အေးစက်သောမိစ္ဆာဆန္ဒကိုထုတ်လွှတ်၍ သူတော်စင်ဝမ်ဟွားကို ထိုးချလိုက်သည်။
“ဒီလောက်ပဲလား”
သူတော်စင်ဝမ်ဟွားက လှောင်ပြောင်သည်။
“ငါလည်းရှိတယ်”
ထို့ပါ့ချန်၏ခန္ဓာကိုယ်ထဲတွင် ဖိနှိပ်ထားသောခွန်အားများ ချက်ချင်းပေါ်ထွက်လာသည်။
ထို့ပါ့ချန်၏ကျင့်ကြံခြင်းက ကောင်းကင်ဘုံအဆင့်သို့ ချက်ချင်းရောက်သွားခဲ့သည်။
ထို့ပါ့ချန်၏နောက်တွင် ရွှေရောင်ကျားပုံရိပ်ပေါ်လာပြီး သူတော်စင်ဝမ်ဟွားကို စိုက်ကြည့်နေသည်။
ကြမ်းတမ်းသောကျားကိုကြည့်လိုက်ပြီး သူတော်စင်ဝမ်ဟွား၏မျက်လုံးများ တောက်ပသွားသည်။
“မင်းနဲ့ကျင်းကျီတို့တွေးနေတာကို ငါသိတယ်”
“ကျင်းကျီက သူ့ရဲ့ ဘဝတစ်သက်တာကျင့်ကြံခြင်းတွေကို ဉာဏ်အလင်းပြတဲ့အနေနဲ့ မင်းဆီလွှဲပေးလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ဝိညာဉ်က မင်းရဲ့ဓားအရှိန်အဝါနဲ့ ပေါင်းစပ်သွားပြီး မင်းကို ကောင်းကင်ဘုံအဆင့်ရောက်အောင် ကူညီပေးလိမ့်မယ်”
သူတော်စင်ဝမ်ဟွားက အော်ဟစ်လိုက်ပြီး သူ့ကိုယ်ပေါ်ရှိချီစွမ်းအင်အလင်းများသည် တောင်တစ်လုံးအဖြစ် ပြောင်းသွားခဲ့သည်။
ရှစ်ဟမ်တာအိုဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ် …
အောက်တွင် ဓားကိုင်ထားလျက် မတ်တပ်ရပ်နေသောဟန်မူယဲ့က ညင်သာစွာသက်ပြင်းချသည်။
ဂိုဏ်းချုပ်ကျင်းကျီက ဝိညာဉ်နှင့်ကျင့်ကြံခြင်းကိုအသုံးပြု၍ ထို့ပါ့ချန်ကို ကောင်းကင်ဘုံအဆင့်သို့ရောက်အောင် ကူညီပေးခဲ့သည်။
သူက ထိုအကြောင်းကိုသိထားခဲ့သော်လည်း တားဆီးနိုင်သောအရာမရှိပေ။
ကျင်းကျီနှင့်ထို့ပါ့ချန်က ထိုကိစ္စကို စတင်ခဲ့ပြီဖြစ်သည်။ သူက သူတို့ကို မတားနိုင်ခဲ့ပေ။
သူက ထို့ပါ့ချန်အဆင့်တက်သွားနိုင်ရန်အတွက် အာကသဝိညာဉ်သူငယ်ဆေးလုံးကို သန့်စင်ပေးရန်ပဲ တတ်နိုင်ခဲ့သည်။
သူတို့က ကျားလင်မြစ်သို့ရောက်လာသောအခါတွင် ကျင်းကျီ၏ခန္ဓာကိုယ်ထဲတွင်ရှိသော စွမ်းအားများအားလုံးက ထို့ပါ့ချန်ဆီသို့ ရောက်သွားပြီဖြစ်သည်။ သူက ကျားဖြူ၏မာန်ဟုန်များ စုစည်းသွားသော နောက်ဆုံးအချိန်ကို စောင့်နေခဲ့သည်။