အခန်း (၃၆၄)
Vol. 26 Ch. 364
ယခုအချိန်တွင် ထို့ပါ့ချန်က ကောင်းကင်ဘုံအဆင့်သို့ရောက်သွားပြီး ဂိုဏ်းချုပ်ကျင်းကျီက သေဆုံးသွားခဲ့သည်။
သို့သော် သူသေသွားသည်ဟု မပြောနိုင်ပေ။
ဂိုဏ်းချုပ်ကျင်းကျီ၏ဝိညာဉ်သည် ထို့ပါ့ချန်၏ ကြမ်းတမ်းသောကျားမာန်ဟုန်အဖြစ် ပြောင်းလဲသွားခဲ့ပြီး အနာဂတ်တွင် အံ့ဖွယ်ကိုးပါးတောင်ကို ဖိနှိပ်နိုင်လိမ့်မည်။
“ဝေါင်း ....”
ထို့ပါ့ချန်၏နောက်တွင် ကျားပုံရိပ်က ဟိန်းဟောက်ပြီး သူတော်စင်ဝမ်ဟွား၏အလင်းကို တိုက်ခိုက်လိုက်သည်။
“မင်းတို့ရှန့်ယန်မိစ္ဆာဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ ပူးပေါင်းထားခဲ့တာမဟုတ်လား”
“ဉာဏ်အလင်းပြနည်းစနစ်က မိစ္ဆာနည်းစနစ်လေ”
သူတောင်စင်ဝမ်ဟွားက လှောင်ပြောင်လိုက်ပြီး လက်ထဲတွင် ကျောက်စိမ်းယပ်တောင်တစ်ချောင်းပေါ်လာသည်။
ယပ်တောင်ပေါ်တွင် လှပသောပန်းပွင့်နှင့် ချီစွမ်းအင်အလင်းများရှိနေသည်။
ဓမ္မရတနာ …
ထိုယပ်တောင်သည် ထူးဆန်းသောဓမ္မရတနာတစ်ပါးဖြစ်သည်။
လင်တောက်တာအိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို ဖိနှိပ်ထားနိုင်သောကြောင့် ဓမ္မရတနာတစ်ခုရှိနေခြင်းက ပုံမှန်ပင်ဖြစ်သည်။
“ဟူး၊ ငါက တိုက်ခိုက်နိုင်စွမ်းမကောင်းပေမဲ့ ရွေးချယ်စရာမရှိဘဲ တိုက်ခိုက်ရတော့မယ်ထင်တယ်”
တိမ်တိုက်ပေါ်တွင် မူမိသားစုခေါင်းဆောင်က ခေါင်းခါလိုက်ပြီး ရှေ့တစ်လှမ်းတိုးသည်။
သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဖြစ်သည်။
တိမ်တိုက်ပေါ်တွင်ရှိနေသော ဖုန်းလင်ဓားဂိုဏ်းခေါင်းဆောင်ကျန်းချန်က တွန့်ဆုတ်နေသည်။ သို့သော် နောက်ဆုံးတွင် သူက ရှေ့တက်လာခဲ့သည်။
သူကလည်း အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူဖြစ်သည်။
တိမ်တိုက်ပေါ်တွင်ရပ်နေသော မိစ္ဆာကျင့်ကြံသူနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။
သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများမဟုတ်သောကြောင့် ဝင်မပါချင်ပေ။
ချက်ချင်းဆိုသလိုပဲ အနောက်ဘက်နယ်စပ်ကုန်းမြေ၏အခြေအနေသည် ဖရိုဖရဲဖြစ်သွားခဲ့သည်။
လင်တောက်တာအိုဂိုဏ်း၏ သူတော်စင်ဝမ်ဟွားသည် အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံးကို ဖိနှိပ်နိုင်သည်။
“ဒါက မင်းတို့ရဲ့ရွေးချယ်မှုဆိုမှတော့ သေလိုက်တော့”
သူတော်စင်ဝမ်ဟွားက လက်ထဲတွင်ရှိသောယပ်တောင်ကို လှုပ်ရှားလိုက်သောအခါတွင် အစိမ်းရောင်ချီစွမ်းအင်အလင်းများက သစ်ရွက်များအဖြစ်ပြောင်းလဲပြီး ကျားနှင့်မိစ္ဆာအလင်းကို တားဆီးလိုက်သည်။ သူက အောက်သို့ထိုးဆင်သွားခဲ့သည်။
သူလိုချင်သောအရာသည် တာအိုဓားဖြစ်သည်။
“သူ့ကို ဓားပေးလိုက်လို့မဖြစ်ဘူး”
ကောင်းကင်ပေါ်တွင် လီမူပိုင်က အော်ဟစ်လိုက်သည်။
အဝေးတစ်နေရာတွင် ရေမိစ္ဆာခြောက်ကောင်နှင့်တိုက်ခိုက်နေသော တင်းချွန်ကန်းက ဟိန်းဟောက်လိုက်ပြီး ပြန်လှည့်ရန်ကြိုးစားသည်။
ထို့နောက် သူက ရပ်တန့်လိုက်သည်။
တာအိုဓား၏ရှေ့တွင် ဟန်မူယဲ့က လက်ထဲတွင်ရှိသောဓားကို မြှောက်လိုက်သည်။
တာအိုဓား၏အောက်တွင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်တပည့်များဆီမှ မရေမတွက်နိုင်လောက်သော ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။
ထိုတပည့်များသည် အနောက်ဘက်နယ်စပ်ကုန်းမြေ ကျင့်ကြံခြင်းလောက၏ အနာဂတ်ဖြစ်သည်။
သူတို့က သွေးပူနေသည်။
သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေကိုကာကွယ်ရန်အတွက် တိုက်ခိုက်ချင်သည်။
ကောင်းကင်ဘုံ ဝိညာဉ်သူငယ်အဆင့် …
ဝိညာဉ်သူငယ်စတုတ္ထအဆင့်တွင်ရှိသော အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ကျင့်ကြံသူ …
‘အဲဒီတော့ ဘာဖြစ်လဲ’
‘ဓားကို ဆွဲထုတ်လိုက်’
“ခလွမ် ....”
ဓားဆွဲထုတ်လိုက်သောအသံများ လေထုထဲတွင်ပြည့်နှက်နေသည်။ ဓားဆွဲထုတ်သံများနှင့်အတူ ကောင်းကင်နှင့်မြေကြီး၏ ညင်သာသောအသံ ပေါ်ထွက်လာသည်။
မရေမတွက်နိုင်သောနည်းစနစ်များ ပေါ်ထွက်လာပြီး ကောင်းကင်ကို သက်တံရောင်ပြောင်းသွားစေသည်။
လက်ရွေးစင်တပည့်များအားလုံးသည် အသက်တစ်ရာမပြည့်သေးသောကြောင့် အချိန်ဆွဲမနေဘဲ စိတ်မြန်လက်မြန်ရှိသည်။
သူတို့က ရေဆန်တက်၍ မိုင်တစ်သိန်းခရီးသွားခဲ့သည်။ သူတို့၏တိုက်ခိုက်လိုစိတ်သည် တက်ကြွနေသည်။
သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေကို အိမ်အဖြစ် သတ်မှတ်ထားသည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာက ကောင်းမွန်သော်လည်း သူတို့အတွက် အိမ်မဟုတ်ပေ။
ဟန်မူယဲ့က ကျယ်လောင်စွာရယ်သည်။ သူ့လက်ထဲတွင်ရှိသောဓားသည် အရောင်အမျိုးမျိုးဖြင့် ရောင်ပြန်ဟပ်နေသည်။
“ငါ ဟန်မူယဲ့က ဆရာကောင်းတစ်ယောက်ပဲ။ ဒီနေ့မှာ ငါက မင်းတို့အားလုံးအတွက် ဓားကွက်တစ်ကွက် သရုပ်ပြမယ်”
ယခင်က ဟန်မူယဲ့သည် ကျောက်တုံးခွဲဓားနည်းစနစ်ကို လေ့ကျင့်ခဲ့သည်။
ယနေ့တွင် သူက ဓားတစ်သောင်းတို့အိမ်အပြန်နည်းစနစ်ကို လေ့ကျင့်မည်။
ဓားအလင်းသည် အောက်မှတက်လာသော ချီစွမ်းအင်အလင်း၊ ဓားအလင်းများဖြင့် ပေါင်းစပ်သွားပြီး ပေတစ်သောင်းရှည်လျားသောဓားတစ်လက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုဓားပေါ်လာသောအချိန်တွင် တောင်တန်းတာအိုဓားက တုန်ခါသွားသည်။
လောကတွင်ရှိသောဓားဆန္ဒများသည် ဆက်သွယ်နေသည်။
ဓားဆန္ဒ၏ဆွဲဆောင်မှုကြောင့် တောင်တန်းတာအိုဓားသည် အညံ့ခံလိုက်ပုံပေါ်သည်။
သူတော်စင်ဝမ်ဟွား၏မျက်နှာထားသည် ကြမ်းတမ်းနေသည်။ သူ့လက်ထဲတွင်ရှိသော ယပ်တောင်၏ချီစွမ်းအင်များသည် ပေါက်ကွဲထွက်လာပြီး သွေးလက်သည်းတစ်ခုအဖြစ်သို့ပြောင်း၍ ဟန်မူယဲ့၏ဦးခေါင်းကို ရိုက်ချသည်။
ဓားအလင်း အပြည့်အဝစုစည်းမလာခင်မှာ သူက ဟန်မူယဲ့ကို သတ်ချင်သည်။
“သူတော်စင်ဝမ်ဟွားက ဓားကျင့်ကြံသူမဟုတ်ဘူး။ ငါတို့ရဲ့ဓားဆန္ဒတွေက သန်မာတဲ့ရန်သူနဲ့ ရင်ဆိုင်ရရင် ပိုအားကောင်းလာတယ်ဆိုတာကို မင်းမသိဘူး”
ဟန်မူယဲ့က ရယ်လိုက်ပြီး လက်ထဲတွင်ရှိသောဓားအလင်းသည် ချက်ချင်းစုသည်းသွားသည်။ သူက ဓားအလင်းနှင့် ထိုးချလိုက်သည်။
“ဓားက နှလုံးသားထဲမှာ၊ ဓားတစ်သောင်းကို ဓားတစ်လက်အဖြစ်ပြောင်းမယ် ....”
“ဒီဓားက ဓားတစ်သောင်းတို့အိမ်အပြန်ပဲ”
ဓားအလင်းက သွေးလက်သည်းကိုဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် သူတော်စင်ဝမ်ဟွားကို တုံ့ဆိုင်းခြင်းမရှိဘဲ ခုတ်ချသည်။
သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ကျင့်ကြံသူဖြစ်နေလျှင်လည်း အရေးမပါပေ။
“ရွှပ်”
သူတော်စင်ဝမ်ဟွားက အံတင်းတင်းကြိတ်ထားသည်။ သူ့လက်ထဲတွင်ရှိသောယပ်တောင်က ပေါက်ကွဲသွားပြီး သူ့ခေါင်းပေါ်တွင် ကာကွယ်ပေးထားသော ရွှေရောင်ပန်းပွင့်အဖြစ် ပြောင်းလဲသွားသည်။
“ဘုန်း”
ဓားအလင်းက ရွှေရောင်ပန်းပွင့်ကို တစ်ပိုင်းတစ်စစီဖြစ်သွားစေသည်။
သူတော်စင်ဝမ်ဟွား၏ကိုယ်ပေါ်မှ ချီစွမ်းအင်အလင်းများတောက်ပလာပြီး ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ရတနာများပေါ်ထွက်လာသည်။
ထိုရတနာများက တစ်ခုပြီးတစ်ခု ပေါက်ကွဲသွားပြီး ချီစွမ်းအင်အလင်းများအဖြစ်ပြောင်း၍ ဓားအလင်းနှင့် ဝင်တိုက်လိုက်သည်။
ကံမကောင်းစွာဖြင့် ဓားရှည်သည် ယိမ်းယိုင်ခြင်းမရှိဘဲ ခုတ်ချသည်။
“ဘုန်း”
သူတော်စင်ဝမ်ဟွား၏ကိုယ်လုံးသည် ပေါက်ကွဲသွားပြီး ပုံရိပ်တစ်ခုပေါ်ထွက်လာသည်။
ဝိညာဉ်သူငယ် …
ဓားချက် ကျဆင်းလာသောအချိန်တွင် သူတော်စင်ဝမ်ဟွားက ဝိညာဉ်သူငယ်လွတ်မြောက်နိုင်ရန်အတွက် ခန္ဓာကိုယ်ကို စတေးခဲ့သည်။
သူ့ဝိညာဉ်သူငယ်က လေထုထဲတွင်လှုပ်ရှားနေသော ဝင်္ကပါဆီသို့ပြေးသွားပြီး တာအိုဓားကို မေ့ထားလိုက်သည်။
လီမူပိုင်၊ ထို့ပါ့ချန်နှင့် တခြားလူများက သူတော်စင်ဝမ်ဟွား၏ဝိညာဉ်သူငယ်ဆီသို့ ပြေးလာသည်။
“အမှိုက်”
ကောင်းကင်ထက်တွင်ရှိသော ဝင်္ကပါထဲမှ အသံတစ်သံထွက်လာသည်။
ဝင်္ကပါထဲမှ အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ဦး ပေါ်ထွက်လာပြီး သူတော်စင်ဝမ်ဟွား၏ဝိညာဉ်သူငယ်ကို လက်ဖြင့်ဖိထားသည်။
“ဆရာ၊ ချမ်းသာပေးပါ ....”
သူတော်စင်ဝမ်ဟွား၏ဝိညာဉ်သူငယ်က အော်ပြောလိုက်သည်။
“ဆရာတဲ့လား”
တာအိုတန်ခိုးရှင်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာပြောသည်။
“မင်းက ငါ့တပည့်ဖြစ်လာဖို့ အရည်အချင်းမရှိဘူး”
ထို့နောက် သူ့လက်ထဲတွင်ရှိသော ချီစွမ်းအင်အလင်းသည် ပေါက်ကွဲသွားခဲ့သည်။
သူတော်စင်ဝမ်ဟွား၏ဝိညာဉ်သူငယ်သည် တုန်ခါသွားပြီး ကြွယ်ဝသောချီစွမ်းအင်အလုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တာအိုတန်ခိုးရှင်က ထိုစွမ်းအင်ကို စုပ်ယူလိုက်သည်။
ဝိညာဉ်သူငယ်စတုတ္ထအဆင့်သို့ရောက်နေသော သူ့ကျင့်ကြံခြင်းသည် တခြားလူအတွက် ဖြစ်သွားခဲ့သည်။
“မင်းက ငါသင်ပေးခဲ့တဲ့ ကိုယ်ပွားတာအိုနည်းစနစ်ကို တကယ်လေ့ကျင့်ထားတာလား”
တာအိုတန်ခိုးရှင်က ခေါင်းခါလိုက်ပြီး ပြုံးသည်။
သူက ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး လှောင်ပြောင်လိုသောမျက်နှာထားဖြင့် လက်လှမ်းသည်။
“ဝီ”
ပေသုံးသောင်းရှည်လျားသော တာအိုဓားပုံရိပ်သည် သူ့လက်ထဲသို့ ရောက်လာသည်။
“တာအိုဓားက နောက်ဆုံးမှာတော့ ပြန်လာခဲ့ပြီ ....”
တာအိုတန်ခိုးရှင်က ဝမ်းနည်းမှုများနှင့်အတူ လက်ထဲတွင်ရှိသောဓားကျိုးကို ကြည့်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ သိပ်သည်းသောသတ်ဖြတ်လိုစိတ်များ ရူးသွပ်စွာပေါ်ထွက်လာသည်။
“ပြေး”
လီမူပိုင်က အော်ဟစ်လိုက်ပြီး လှည့်ပြေးသည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကလည်း လျင်မြန်စွာနောက်ဆုတ်သည်။
သူတို့က ထွက်ပြေးနိုင်သော်လည်း ဝင်္ကပါ၏ဖိနှိပ်မှုအောက်သို့ ရောက်နေသော ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် ထွက်မပြေးနိုင်ပေ။
အောက်တွင်ရှိနေသော လက်ရွေးစင်တပည့်များကလည်း သူတို့ကဲ့သို့ မလျင်မြန်ပေ။
“သခင်လေး၊ အဲဒီလူက အနည်းဆုံးတော့ ဝိညာဉ်ကိုယ်ခွဲအဆင့်မှာရှိနေတဲ့ ကျင့်ကြံသူတစ်ဦးပဲ။ သူက ဒီမှာရှိတဲ့လူတိုင်းကို သတ်ပစ်နိုင်တယ်”
ကျိုးယွင်လုံ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုတချို့ရှိနေသည်။
“သွားကြစို့။ ကောင်းကင်ကြိုးကြာတောင်ပံကိုသုံးပြီး ထွက်သွားကြမယ်။ မင်းက ဝိညာဉ်ကိုယ်ခွဲအဆင့်ကိုရောက်သွားရင် ပြန်ပြီးလက်စားချေလို့ရတယ်”
တာအိုဆရာတယန်၏အသံထဲတွင် အကူအညီမဲ့မှုများရှိနေသည်။
သူက ဤဖြစ်ရပ်မျိုးဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အရာအားလုံးကို အနိုင်ရခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက နံပတ်တစ်ဖြစ်လာသောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် သူတို့က အာဏာရှင်များဖြစ်လာလိမ့်မည်။
သို့သော် ထိုအချိန်တွင် ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူတစ်ဦး ပေါ်ထွက်လာသည်။
တိမ်တိုက်များပေါ်တွင် ရွှေအမြုတေအဆင့်ကျွမ်းကျင်သူ တစ်ထောင်နီးပါးရှိသည်။ တောင်ခြေတွင် မျိုးဆက်သစ်၏ လက်ရွေးစင်တပည့်များ တစ်သောင်းခန့်ရှိသည်။
ထို့အပြင် ပတ်ဝန်းကျင်တွင် ပွဲကြည့်နေသော ကျင့်ကြံသူများလည်းရှိသေးသည်။
ယနေ့တွင် ထိုလူများအားလုံး အသတ်ခံရလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံခြင်းလောကသည် ပျက်စီးသွားလိမ့်မည်။
ထို့အပြင် တောင်ပိုင်း၏မိစ္ဆာများကလည်း အနောက်ဘက်နယ်စပ်ကုန်းမြေကို ရွေ့ပြောင်းလာဦးမည်။ သူတို့ရောက်မလာလျှင်ပင် ဤဆုံးရှုံးမှုကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ကျင့်ကြံခြင်းလောကသည် ပြန်ကောင်းလာနိုင်တော့မည်မဟုတ်ပေ။
နှစ်တစ်သောင်းခန့်အချိန်မယူဘဲ ပြန်အားပြည့်လာရန် မဖြစ်နိုင်ပေ။
“ဝေါင်း ....”
ကောင်းကင်ထက်တွင် ထွက်ပြေးနေသောထို့ပါ့ချန်က ရုတ်တရက် နောက်ပြန်လှည့်သည်။
“ငါတို့ရဲ့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ နံပတ်တစ်ဖြစ်လာခဲ့တယ်။ ဒီနေ့မှာ ငါတို့က အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ တာအိုရောင်းရင်းတွေကို ကာကွယ်ရမယ်”
ထို့ပါ့ချန်၏ခန္ဓာကိုယ်ထဲမှ သိပ်သည်းသောဓားချီများ ပေါ်ထွက်လာသည်။ သူ့မျက်လုံးထဲတွင် ပြတ်သားမှုများရှိနေသည်။
“ဟန်မူယဲ့၊ ဒီတိုက်ပွဲမှာ ငါသေသွားခဲ့ရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို မင်းလက်ထဲထည့်ခဲ့မယ်”
ဟန်မူယဲ့မပြောနိုင်ခင်မှာ ကျားလင်မြစ်ထဲတွင်ရှိနေသောတင်းချွန်ကန်းက ကျယ်လောင်စွာရယ်သည်။
“အကြီးအကဲထို့ပါ့၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဘာဖြစ်လို့ သူ့လက်ထဲထည့်ရမှာလဲ”
သူက ဓားအလင်းအဖြစ်ပြောင်းလဲသွားပြီး အော်ပြောသည်။
“ဟန်မူယဲ့၊ ငါက တိုက်ပွဲမှာသေသွားရင် မင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကိုလွှဲယူဖို့ အဆင့်မီတယ်”
တင်းချွန်ကန်း၏ခန္ဓာကိုယ်သည် ဓားအလင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထို့ပါ့ချန်က ကျားမာန်ဟုန်ကိုဦးဆောင်၍ ကောင်းကင်ထက်တွင်ရှိနေသော တာအိုတန်ခိုးရှင်ဆီသို့ တိုးဝင်သွားသည်။
ထိုအချိန်တွင် မရေမတွက်နိုင်လောက်သောကျင့်ကြံသူများက တင်းကျပ်စွာလက်သီးဆုပ်လိုက်သည်။
ထိုအရာသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ နံပတ်တစ်ဂိုဏ်း၏ တာဝန်ဖြစ်သည်။
ဟန်မူယဲ့က မော့ကြည့်လိုက်ပြီး ညင်သာစွာသက်ပြင်းချသည်။
ကွာခြားချက်ကြီးမားလွန်းသည်။
တင်းချွန်ကန်းနှင့်ထို့ပါ့ချန်တို့က တာအိုတန်ခိုးရှင်ကျွီရှစ်၏တိုက်ခိုက်မှုကို မခုခံနိုင်ပေ။
ဟန်မူယဲ့က တုံ့ဆိုင်းခြင်းမရှိဘဲ လက်မြှောက်သည်။ ပျောက်ကွယ်မသွားသေးသောဓားက အဆုံးမရှိသောဓားအလင်းများကိုထုတ်လွှတ်၍ တာအိုတန်ခိုးရှင်ကျွီရှစ်ကို ခုတ်ချသည်။
ထိုဓားသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ သောင်းချီနေသော လက်ရွေးစင်တပည့်များ၏ စုပေါင်းခွန်အားဖြစ်သည်။ ထိုဓားသည် ထို့ပါ့ချန်နှင့် တင်းချွန်ကန်းတို့ထက် အဆပေါင်းများစွာသန်မာသည်။
တာအိုတန်ခိုးရှင်ကျွီရှစ်က ခေါင်းငုံ့ကြည့်ပြီး ပြုံးသည်။
“ကောင်လေး၊ မင်းရဲ့ ဓားတာအိုပါရမီက မဆိုးဘူး။ မင်းက ငါ့ကို ဆရာအဖြစ်သတ်မှတ်နိုင်တယ်”
“မင်းက နှစ်တစ်ထောင်အတွင်းမှာ လောကကိုလွှမ်းမိုးနိုင်ဖို့ ငါအာမခံတယ်”
သူက စကားပြောပြီးသွားသောအခါတွင် ဓားကိုမြှောက်လိုက်ပြီး ဟန်မူယဲ့၏ဓားအလင်းကို ဖြိုခွဲလိုက်သည်။
ထိုဓားချက်ကြောင့်ဖြစ်ပေါ်လာသောလေပြင်းများသည် ထို့ပါ့ချန်နှင့်တင်းချွန်ကန်းကို လွင့်ထွက်သွားစေခဲ့သည်။
ထိပ်တန်းကျွမ်းကျင်သူတစ်ဦးသည် ဟန်မူယဲ့ကို တပည့်အဖြစ်လက်ခံချင်နေသည်။
ကျင့်ကြံဆင့်မြင့်မားလှသော ထိုကျွမ်းကျင်သူကို ဆရာအဖြစ်တင်မြှောက်လိုက်လျှင် ဟန်မူယဲ့က လောကကို အမှန်တကယ်လွှမ်းမိုးနိုင်လိမ့်မည်။
ဟန်မူယဲ့က အားကျသောအကြည့်များကို လက်ခံလိုက်ရသည်။
“ကျွန်တော့်ကို တပည့်အဖြစ် လက်ခံချင်တာလား”
ဟန်မူယဲ့၏လက်ထဲတွင် ဓားအလင်းပျောက်ကွယ်သွားပြီး ထူးဆန်းစွာပြုံးသည်။