မိစ္ဆာညှို့ဓာတ်သားရဲ
Vol. 108 Ch. 1496
ဟိန်း...ဟိန်း...
မီးဖီးနစ်တပ် တောင်ကြားထဲသို့ ငါးကီလိုမီတာ ဝင်ပြီးနောက်တွင် အရှေ့မှနေ၍ ဟိန်းသံများ ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော တမလွန်ဘုံမိစ္ဆာများက မြူခိုးနက်များထဲမှနေ၍ ထွက်လာကြသည်။ ၎င်းတို့ထဲတွင် အဓိကအားဖြင့် ဖုတ်ကောင်ဘုရင်များ၊ ခေါင်းသုံးလုံးမိစ္ဆာများနှင့် အရွယ်ငယ် အရိုးစုများသာ ပါဝင်သည်။ ဤတစ်ကြိမ်တွင် မိစ္ဆာအမျိုးအစားအသစ် တစ်ခုလည်း ပါလာသည်။ ၎င်းမှာ လင်းနို့လူသားများ ဖြစ်ကြသည်။
ထိုလင်းနို့လူသားများက အလွန်လျင်မြန်ပြီး ၎င်းတို့၏ ပါးစပ်ထဲမှနေ၍ အဆိပ်ငွေ့များကို ထုတ်လွှတ်နေကြသည်။ စူးရှစွာလည်း အော်ဟစ်နေကြသည်။
မီးဖီးနစ်တပ်သည် ထိုအဆင့်နိမ့် တမလွန်ဘုံမိစ္ဆာများကို အလွယ်တကူ ရှင်းပစ်နိုင်ခဲ့သည်။ တမလွန်ဘုံမိစ္ဆာများသည် ကြက်သွန်လှီးသလို အပိုင်းပိုင်းအပြတ်ပြတ် သေကုန်ကြသည်။ ချီချင်ချန်ပင် မတိုက်ခိုက်ခဲ့ရပေ။ တိလင်အာကလည်း အဆင့်မြင့် ချိပ်စည်းကျောက်တုံးကိုကိုင်၍ တိုက်ပွဲဖြစ်စဉ်များကို မှတ်သားနေသည်။ ထိုမှ နောက်တွင် တိုက်ပွဲအမှတ်များကို မျှမျှတတ ခွဲဝေပေးနိုင်မည်ဖြစ်သည်။ ထိုချိပ်စည်းကျောက်တုံးကို သက်သေအဖြစ် မိစ္ဆာချေဖျက်စစ်တပ်၏ တာဝန်ရုံးကို တင်ပြရမည်ဖြစ်သည်။
ကျန်းရီလည်း မတိုက်ခိုက်ခဲ့ချေ။ ထိုအဆင့်နိမ့် တမလွန်ဘုံမိစ္ဆာများကို ရှင်းပစ်ရန် သူ၏အကူအညီ မလိုသေးပေ။ အဆိပ်ဝိညာဉ်လည်း ရပ်ကြည့်၍သာနေခဲ့သည်။ သူ၏တာဝန်က ကျန်းရီနှင့် တိလင်အာတို့ကို ကာကွယ်ရန်ဖြစ်သည်။ တပ်သည် အရှေ့သို့ ဆက်ချီတက်၍ လမ်းတစ်လျှောက်ရှိ တမလွန်ဘုံမိစ္ဆာများကို ရှင်းပစ်နေသည်။ တစ်နာရီအတွင်းမှာပင် သောင်းချီသော တမလွန်ဘုံမိစ္ဆာများ အသတ်ခံခဲ့ရသည်။ နောက်ဆုံးတွင် တမလွန်ဘုံစစ်သူကြီးများ စတင် ပေါ်ပေါက်လာလေသည်။
ဂီး...ဂူး...
ကြောက်မက်ဖွယ် အော်သံကြီးများက အရှေ့မှနေ၍ လေနှင့်အတူ ပါလာ၏။ မြူခိုးနက်များအတွင်း၌ အရိပ်အချို့ကို လှမ်းမြင်နေရသည်။ ၎င်းတို့က အလင်းရောင်လက်နေကြပြီး အလွန်လျင်မြန်စွာ လာနေကြသည်။ ရေခဲတမျှအေးစက်သော မိစ္ဆာအရှိန်အဝါလှိုင်းများကလည်း တစ်လှိုင်းပြီးတစ်လှိုင်း ရောက်ရှိလာသည်။ ကျန်းရီ ရုတ်ခြည်း တောင့်တင်းသွား၏။ ထိုအရှိန်အဝါများမှာ တမလွန်ဘုံစစ်သူကြီးများသာ ပိုင်ဆိုင်သော အရှိန်အဝါ ဖြစ်ပေသည်။
“အဲ့မိစ္ဆာတွေက ဘာမိစ္ဆာတွေလဲ”
ကျန်းရီ အဆိပ်ဝိညာဉ်ထံ အသံပို့လွှတ်လိုက်၏။ အဆိပ်ဝိညာဉ်က ရှင်းပြသည်။
“သူတို့က အတော်လေး အဆင့်မြင့်တဲ့ တမလွန်ဘုံမိစ္ဆာပါ။ မိစ္ဆာညှို့ဓာတ်သားရဲလို့ ခေါ်ပါတယ်။ မိစ္ဆာညှို့ဓာတ်သားရဲတွေက စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေမှာ ကျွင်းကျင်ကြတယ်။ သတိထားပါ အရှင်ငယ်”
“စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေလား”
ကျန်းရီ စိတ်အေးသွား၏။ သူက စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို မကြောက်ဆုံးဖြစ်သည်။ တမလွန်ဘုံဘုရင်တစ်ပါး၏ ကိုယ်ပွားကပင် သူ့အား မထိန်းချုပ်နိုင်ခဲ့လျှင် ထိုတမလွန်ဘုံစစ်သူကြီးများကို ဘာကြောက်နေစရာ လိုပါမည်နည်း။ ထို့ပြင် ချီချင်ချန်က ဝင်ပင် မတိုက်ခိုက်ရသေးပေ။ သို့သော် ထိုအခိုက်တွင် သူမ အော်ပြောလိုက်သည်။
“ပုံစံပြောင်း... မီးတောက်ပုံစံခင်း...”
မီးဖီးနစ်တပ်သား တစ်ရာကျော်သည် စစ်ရေးများကို စနစ်တကျ လေ့ကျင့်ခဲ့သဖြင့် ချီချင်ချန်က အမိန့်ပေးလိုက်သည်နှင့် ချက်ချင်း ပုံစံပြောင်းလိုက်ကြသည်။ စွမ်းအားကြီး သိုင်းသမား တစ်ဒါဇင်က ရှေ့ဆုံးတွင် နေရာယူ၍ လာနေသော မိစ္ဆာငါးကောင်ထံသို့ မီးတောက်များ ပစ်လွှတ်လိုက်သည်။
“မိစ္ဆာညှို့ဓာတ်သားရဲတွေက မီးတောက်တွေကို အကြောက်ဆုံးပဲ။ သူတို့က မီးတောက်တွေနဲ့ ရပ်သွားလိမ့်မယ်။ အဲ့ကျ အလွယ်လေး သတ်ပစ်လိုက်နိုင်ပြီ”
အဆိပ်ဝိညာဉ်က ကျန်းရီထံ အသံပို့လွှတ်၍ ရှင်းပြ၏။ ကျန်းရီ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ သူ ပို၍ပင် စိတ်အေးသွားပေသည်။ သူ့တွင် ပေါင်းစည်းမီးတောက် အနည်းငယ်ကျန်သေးသည်။ သူသာ ထိုပေါင်းစည်းမီးတောက်များကို ထုတ်လိုက်မည်ဆိုလျှင် ၎င်းမိစ္ဆာညှို့ဓာတ်သားရဲများကို ရှင်းပစ်နိုင်လောက်ပေသည်။
ဂီး...ဂီး...
မျှော်လင့်ထားသလိုပင် မီးတောက်များ ပစ်လွှတ်လိုက်သောအခါ မိစ္ဆာငါးကောင် ရပ်တန့်သွားပြီး စူးရှစွာ အော်လိုက်ကြသည်။ နောက်ဆုံးတွင် ကျန်းရီသည် မိစ္ဆာညှို့ဓာတ်သားရဲများ၏ ခန္ဓာကိုယ်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ၎င်းတို့က အလွန်သေးငယ်သော မိစ္ဆာများဖြစ်ပြီး အရိုးနှင့်အရေသာ ရှိသည်ဟု ထင်ရသည်။ ၎င်းတို့၏ ကျောများက ကုန်းနေကာ အလွန်အရုပ်ဆိုးကြသည်။ ၎င်းတို့တွင် မျက်လုံးသုံးလုံးရှိပြီး ထိုမျက်လုံးများကလည်း နီရဲနေကြပေသည်။
ဝှစ်...
မိစ္ဆာညှို့ဓာတ်သားရဲငါးကောင်သည် တစ်ပြိုင်တည်း လင်းလက်သွားကြပြီး မီးဖီးနစ်တပ်ဆီသို့ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် ဆက်ပျံဝင်လာကြ၏။ ၎င်းတို့၏ မျက်လုံးများထဲမှနေ၍ အနက်ရောင်အလင်းများ ထွက်လာကာ အရှေ့ဆုံးရှိ လူငါးယောက်၏ ခေါင်းထဲ ဝင်သွားသည်။
ဝှစ်...ဝှစ်...ဝှစ်...
ဆယ်ချီသော တပ်သားများက မိစ္ဆာညှို့ဓာတ်သားရဲငါးကောင်ကို ချိန်ရွယ်တိုက်ခိုက်လိုက်ကြ၏။ အာကာပြင်က တုန်ခါသွားပြီး ကြယ်တာရာအလင်းတန်းများက သားရဲများထံ ဦးတည်ပျံဝင်သွားသည်။ ထိုသားရဲများ၏ ခုခံစွမ်းအားက အတော်လေးအားနည်းသည်။ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက်တွင် ၎င်းတို့ အမှုန့်ဖြစ်သွားလေသည်။
“အဲ့တပ်သားတွေကို မိစ္ဆာချေဖျက်ဆေးလုံးတွေပေးလိုက်။ အဲ့ဒါမှ ထိန်းချုပ်မခံရမှာ။ ကျန်တဲ့သူတွေက အရှေ့ကို ဆက်ချီတက်မယ်”
ချီချင်ချန်က အမိန့်ပေးလိုက်သည်။ ထိုအခါ ချီရွယ်နှင့် ချီရှားတို့သည် သူမတို့၏ လက်စွပ်ထဲမှနေ၍ ရနံ့မွှေးသော ဆေးလုံးအချို့ကို ထုတ်လိုက်ကြသည်။ ထိုအခိုက်တွင် ကျန်းရီက ရုတ်တရက် အော်ပြောလိုက်သည်။
“နေဦး...”
ချီရွယ်နှင့် ချီရှားတို့ လန့်သွားဟန်ဖြင့် လှမ်းကြည့်ကြ၏။ ချီချင်ချန်ကလည်း အံ့ဩစွာ လှမ်းကြည့်သည်။ သူမသည် ကျန်းရီထံတွင် ဝှက်ဖဲများစွာရှိကြောင်း ကြားဖူးထားသည်။ သို့သော် တမလွန်ဘုံအရှိန်အဝါကို သန့်စင်နိုင်သော တံဆိပ်စာလုံးများအကြောင်းကိုမူ ယခုအထိ သူမ မသိသေးပေ။
ကျန်းရီသည် အပိုစကားများ ဆိုမနေတော့ဘဲ အရှေ့သို့ သွား၍ မိစ္ဆာညှို့ဓာတ်သားရဲများ၏ တိုက်ခိုက်မှုကို ခံခဲ့ရသော တပ်သားတစ်ယောက်၏ ကျောပေါ် လက်တင်လိုက်သည်။ တံဆိပ်စာလုံးများက သူ့လက်မှတဆင့် ထိုတပ်သား၏ကိုယ်ထဲဝင်သွားပြီး တမလွန်ဘုံအရှိန်အဝါကို သန့်စင်လိုက်သည်။ တဒင်္ဂအတွင်းမှာပင် တပ်သား မျက်လုံးများပြူးသွားပြီး ကျန်းရီကို အံ့ဩတကြီး ကြည့်လိုက်လေသည်။
ဝှစ်...
ကျန်းရီသည် ထိုတပ်သားကို အရေးမစိုက်ဘဲ တိုက်ခိုက်ခံခဲ့ရသော အခြားတပ်သားတစ်ယောက်ထံ လျင်မြန်စွာ ဆက်သွားလိုက်သည်။ ဆယ်စက္ကန့်အတွင်းမှာပင် တပ်သားငါးယောက်စလုံး၏ ခန္ဓာကိုယ်များထဲမှ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပြီးသွားသည်။
“အာ...”
တပ်သားများစွာသည် ကျန်းရီကို အံ့ဩတကြီး ကြည့်လိုက်ကြ၏။ သူတို့ တမလွန်ဘုံမိစ္ဆာများကို တိုက်ခိုက်ရန်ပင် မေ့နေကြသည်။ ချီရွယ်နှင့် ချီရှားတို့၏ မျက်လုံးများလည်း အရောင်လက်လာကြသည်။ မိစ္ဆာချေဖျက်ဆေးလုံးများက အလွန်ဈေးကြီးသည်။ ၎င်းတို့က မိစ္ဆာချေဖျက်စစ်တပ်ထဲတွင်သာ ထုတ်လုပ်သည်။ ၎င်းတို့၏အာနိသင်မှာ တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးနိုင်ခြင်းဖြစ်သည်။ မည်သည့်တပ်မဆို တာဝန်ထမ်းဆောင်ရန် ထွက်ခွာရတိုင်း မိစ္ဆာချေဖျက်ဆေးလုံး အနည်းငယ် ရရှိသည်။ သူတို့ ပိုလိုချင်လျှင်မူ တိုက်ပွဲအမှတ်များနှင့် လဲလှယ်ရမည်ဖြစ်သည်။ နတ်ဘုရားအမြစ်များနှင့် ဝယ်လိုလျှင်မူ ဆေးလုံးတစ်လုံးအတွက်ပင် နတ်ဘုရားအမြစ်များစွာ ပေးရမည်ဖြစ်သည်။ မိစ္ဆာချေဖျက်ဆေးလုံးတစ်လုံးက နတ်ဘုရားအမြစ်တစ်သိန်း တန်ပေသည်။
တစ်နည်းဆိုရလျှင် ကျန်းရီ၏ လက်ဝါးချက်ငါးချက်က နတ်ဘုရားအမြစ်ငါးသိန်းတန်ခဲ့သည်ဟု ဆိုရပေမည်။ ထို့ပြင် ကျန်းရီ၏ သန့်စင်နှုန်းက အလွန်မြန်သည်။ မိစ္ဆာချေဖျက်ဆေးလုံး၏အာနိသင် ပြရန် အနည်းဆုံး ဆယ်မိနစ်လောက်လိုသည်။ ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါအားလုံးကို သန့်စင်ပစ်ရန်မူ တစ်နာရီနီးပါး လိုအပ်ပေသည်။ ထိုတစ်နာရီအတွင်းတွင် သူတို့၏ တိုက်ခိုက်စွမ်းအားက သိသိသာသာ လျော့ကျနေမည်ဖြစ်သည်။
တပ်သားများစွာ၏ မျက်လုံးများ တောက်ပနေကြသည်။ ယခုတွင် သူတို့သည် ကျန်းရီအပေါ် အမြင်ပြောင်းသွားကြပေပြီ။ သူတို့၏ မျက်ဝန်းများထဲတွင် အထင်သေးလှောင်ပြောင်သည့် အရိပ်အယောင် တစ်စက်ပင် ရှိမနေတော့ပေ။ ကျန်းရီ၏ ဆန်းကြယ်စွမ်းရည်က သူ့ကို စွမ်းအားကြီးကုသသူတစ်ယောက် ဖြစ်လာစေသည်။ သူတို့သည် တမလွန်ဘုံအရှိန်အဝါများကို လုံးဝအရေးစိုက်စရာမလိုတော့ဘဲ တိုက်ခိုက်နိုင်ပြီဖြစ်သည်။ တမလွန်ဘုံအရှိန်အဝါ၏ တိုက်ခိုက်မှုကို ခံရလျှင် ကျန်းရီက ထိုအရှိန်အဝါကို စက္ကန့်ပိုင်းအတွင်း သန့်စင်ပေးမည်ဖြစ်၍ သူတို့၏ တိုက်ခိုက်စွမ်းအားကို ချက်ချင်း အပြည့်အဝ ပြန်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီက ဤတာဝန်တွင် အခရာ ဖြစ်လာပေသည်။
“ဟင်းဟင်း...”
ချီချင်ချန်သည် ကျန်းရီကို ကြည့်၍ ခပ်ရေးရေး ပြုံးလိုက်၏။ ထို့နောက် သူမ အမိန့်ပေးလိုက်သည်။
“အရှေ့ကို ဆက်ချီတက်မယ်”
ကျန်းရီသည် မျက်လုံးများစွာ၏ ကြည့်ရှုမှုကို ခံနေရသော်လည်း မည်သည့်ထူးခြားသော မျက်နှာထားကိုမှ မပြပေ။ ပြီးခဲ့သည့်အခေါက် တမလွန်ဘုံစစ်တပ်က တိရှဘုံထဲ ကျူးကျော်လာခဲ့စဉ်ကလည်း သူ ထိုကဲ့သို့သော အကြည့်များကို မြင်ဖူးခဲ့ပေပြီ။ သူက ထိုမျှစွမ်းအားကြီးသည် သူ့ကိုယ်သူ မခံစားရပေ။ သူ တမလွန်ဘုံအရှိန်အဝါကို သန့်စင်နိုင်ခြင်းမှာ အမည်မဲ့ကျင့်စဉ်ကြောင့်သာ ဖြစ်သည်။
နောက်ထပ် ဆယ်ကီလိုမီတာကျော် ဆက်သွားပြီးနောက်တွင် အရိုးစုရှစ်ကောင်နှင့် မိစ္ဆာညှို့ဓာတ်သားရဲသုံးကောင်တို့ ထွက်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် ကျန်းရီသည် သူ၏စွမ်းရည်များကို ဆက်ဖုံးကွယ်မထားတော့ပေ။ ချီချင်ချန်က ဝင်တိုက်ဦးမည့်ပုံ မပေါ်သဖြင့် ကျန်းရီသည် အဆိပ်ဝိညာဉ်အား သူ့ကို အရိုးစုများအနီးသို့ လျင်မြန်စွာ ခေါ်သွားပေးရန် ပြောလိုက်၏။ ထို့နောက် သူ တံဆိပ်စာလုံးများကို အရိုးစုကြီးတစ်ကောင်၏ ခန္ဓာကိုယ်ဆီသို့ ပစ်လွှတ်လိုက်၏။ သူ့လက်ထဲတွင်လည်း မီးနဂါးဓားထွက်ပေါ်လာကာ သူ မီးနဂါးဓားကို ဝှေ့ယမ်း၍ မိစ္ဆာညှို့ဓာတ်သားရဲတစ်ကောင်ဆီသို့ ပေါင်းစည်းမီးတောက်လုံးတစ်လုံး ပစ်လွှတ်လိုက်သည်။
မျက်မြင်တွေ့၍သာ ယုံရတော့သည်။
တံဆိပ်စာလုံးများ ထိမှန်သွားသော ဧရာမအရိုးစုကြီးက ကြောက်မက်ဖွယ် အော်လိုက်သည်။ ၎င်းခန္ဓာကိုယ်ပတ်ပတ်လည်ရှိ အရှိန်အဝါကလည်း လျင်မြန်စွာ လျော့ကျသွားသည်။ မိစ္ဆာညှို့ဓာတ်သားရဲ၏ ခန္ဓာကိုယ်ကိုလည်း မီးတောက်များက လွှမ်းခြုံထားသည်။ မီးတောက်များ၏ အပူချိန်က အလွန်ပြင်းရာ သားရဲကောင် သေလုမြောပါး ဒဏ်ရာရသွားလေသည်။
“အာ...”
ကျန်းရီအနားမှ တပ်သားအချို့လည်း အပူချိန်ကြောင့် အနောက်သို့ လျင်မြန်စွာ ဆုတ်သွားကြ၏။ သို့သော် အဆိပ်ဝိညာဉ်မှာမူ မည်သို့မှ မဖြစ်ပေ။ ကျန်းရီသည် မီးဝိညာဉ်ပုလဲ၏ စွမ်းအင်အနည်းငယ်ကို အဆိပ်ဝိညာဉ်၏ ခန္ဓာကိုယ်ထဲ ပို့ပေးထားပြီးပြီဖြစ်သည်။ ထို့ကြောင့် အဆိပ်ဝိညာဉ်သည် အပူဒဏ်ကို ခံနိုင်ရည် ရှိနေပေသည်။
‘သူ့ဆီမှာ တကယ်ကို ဝှက်ဖဲတွေ အများကြီး ရှိနေတာပဲ’
ချီချင်ချန်၏ မျက်ဝန်းများထဲတွင် ငွေရောင်အလင်းတစ်ချက် လက်သွား၏။ ကျန်းရီက သာမန်မဟုတ်ကြောင်း သူမ ယခင်ကတည်းက သိထားခဲ့သည်။ မဟုတ်လျှင် သူမ သူ့ကို ကြီးကြပ်စစ်သူကြီးရာထူး ပေးမည် မဟုတ်ပေ။ တိရှအရှင်ကိုယ်တိုင် တန်ဖိုးထားသောသူတစ်ယောက်က မည်သို့ အရည်အချင်းမရှိဘဲ နေပါမည်နည်း။ ယဲ့ရှန်သည်ပင် တိရှအရှင်နှင့်အတူ ကျန်းရီကို ဘွဲ့ထူးတစ်ခု ပေးခဲ့ပေသည်။ ယဲ့ရှန် ထိုသို့လုပ်ခဲ့ခြင်းမှာ ကျန်းရီက ရီဖျောင်ဖျောင်၏ တစ်ဦးတည်းသောသား ဖြစ်နေရုံကြောင့်တော့ မဟုတ်နိုင်ပေ။ ယဲ့ရှန်က သူ၏အကျင့်စရိုက်ကြောင့် ကျော်ကြားသူတစ်ယောက်ဖြစ်ပေသည်။
ကျန်းရီ၏ ကူညီမှုကြောင့် တမလွန်ဘုံစစ်သူကြီးများကို အလွယ်တကူ သတ်ပစ်နိုင်ခဲ့သည်။ ချီချင်ချန်က တစ်ကြိမ်ပင် ဝင်မတိုက်ရသေးပေ။ ဤတိုက်ပွဲလေးများက သူမဝင်တိုက်ရလောက်အောင် မထိုက်တန်ချေ။ တမလွန်ဘုံစစ်သူကြီးအားလုံး သေဆုံးသွားသောအခါ ကျန်းရီသည် တမလွန်ဘုံအရှိန်အဝါ၏ တိုက်ခိုက်မှုကို ခံခဲ့ရသော တပ်သားတစ်ဒါဇင်၏ ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပေးလိုက်သည်။ ယခုတွင် မီးဖီးနစ်တပ် တစ်တပ်လုံးသည် ကျန်းရီအပေါ် အမြင်ပြောင်းသွားပြီဖြစ်ပြီး ကျန်းရီကို သူတို့၏ ကြီးကြပ်စစ်သူကြီးအဖြစ် လက်ခံလိုက်လာကြပေပြီ။ သူတို့၏ စိတ်ဓာတ်များလည်း တက်ကြွလာကြသည်။ ကျန်းရီ ရှိနေလျှင် သူတို့သည် တမလွန်ဘုံအရှိန်အဝါများကို စိုးရိမ်စရာမလိုဘဲ အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နိုင်ပေသည်။
“အားလုံး အာရုံစိုက်ကြပါ”
တပ်က အရှေ့သို့ ငါးဆယ်ကီလိုမီတာ ဆက်သွားပြီးနောက်တွင် ချီချင်ချန်က မျက်မှောင်ကြုတ်၍ အဝေးသို့ လှမ်းကြည့်လိုက်၏။ သူမလက်ထဲမှ အနီရောင် ဓားပျော့လည်း လင်းလက်လာသည်။ ထို့နောက် သူမ အလေးအနက် ပြောလိုက်သည်။
“တမလွန်ဘုံစစ်သူကြီးတွေအကုန် ထွက်လာပြီ။ ကျန်းရီ ပြန်လာခဲ့။ ရှင် တိုက်ခိုက်စရာ မလိုဘူး။ ရှင်က ကျွန်မတို့ရဲ့ နောက်ကျောဘက်ကို ကာကွယ်ပေးပြီး အဲ့တမလွန်ဘုံစစ်သူကြီးတွေကို ကျွန်မတို့ ရှင်းပစ်နိုင်အောင် ကူညီပေး”
***