← Chapters

အလွန်သန်မာသည်

Vol. 108 Ch. 1497

အလွန်သန်မာသည်

Vol. 108 Ch. 1497

ဂါး...ဂါး...ဂါး... ဝူ...ဝူ... ဂီး...ဂီး...

တောင်ကြားထဲရှိ တမလွန်ဘုံမိစ္ဆာအားလုံးသည် မြူခိုးနက်ထဲမှနေ၍ ထူးဆန်းသော အော်သံများပြုကာ အရှေ့သို့ ဦးတည်လာနေကြသည်။ ၎င်းတို့၏ အရှိန်အဝါများကလည်း ထိုးထွက်လာသည်။ ကျန်းရီသည် အနောက်သို့ ဆုတ်ပြီးသွားပေပြီ။ သူ့အရှေ့မှ စွမ်းအားကြီး သိုင်းသမားများက တမလွန်ဘုံမိစ္ဆာများ၏ အရှိန်အဝါများကို ကာထားကြသည်။ ကျန်းရီက အားနည်းလွန်းသေးသဖြင့် တမလွန်ဘုံစစ်သူကြီးများနှင့် ထိပ်တိုက် မရင်ဆိုင်နိုင်သေးပါပေ။

“ကျား...ကျား...”

မီးဖီးနစ်တပ်မှ ဘွဲ့ထူးရစစ်နတ်ဘုရား ခြောက်ယောက်သည် အရှေ့သို့ လျင်မြန်စွာ ပျံသန်း၍ သူတို့၏ အရှိန်အဝါများကို ထုတ်ကာ တမလွန်ဘုံစစ်သူကြီးများ၏ အရှိန်အဝါများကို ကာလိုက်ကြ၏။ ချီချင်ချန်သည်လည်း အရှေ့သို့ ပျံသန်း၍ အရှေ့ဆုံးတွင် ရပ်လိုက်သည်။ သူမ၏ ငွေရောင်ချပ်ဝတ်မှ အလင်းက ပေတစ်သိန်းအကွာအထိ ဖြာထွက်နေ၏။ ထို့နောက် သူမ၏ခန္ဓာကိုယ်မှနေ၍ တောင်တစ်လုံးကဲ့သို့ အားကောင်းသော အရှိန်အဝါ ထွက်လာသည်။ ထိုမှ ကျန်းရီတို့ အတော်လေး စိတ်အေးသွားကြ၏။

“အဝေးတိုက်ခိုက်မှုတွေပြင်”

ချီချင်ချန်သည် အော်ကာအမိန့်ပေး၍ သူမ၏ဓားပျော့ကို အ‌ရှေ့သို့ ချိန်လိုက်၏။ ဓားပျော့မှနေ၍ ကြယ်တာရာအလင်းတန်း တစ်တန်း ထွက်သွားပြီး မြူခိုးနက်များကို ဖောက်ထွက်သွား၏။ ထို့နောင် ၎င်းအလင်းတန်းက ပြင်းထန်စွာ ပေါက်ကွဲသွားပြီး မြူခိုးနက်များကို ဖယ်ရှားလိုက်သည်။ ထိုပေါက်ကွဲမှုက ဧရာမအရိုးစုကြီးနှစ်ကောင်ကိုလည်း အနောက်သို့ ပေတစ်ထောင် လွင့်သွားစေသည်။ အခြားတမလွန်ဘုံမိစ္ဆာအချို့မှာမူ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်။ ချီချင်ချန်၏ တိုက်ခိုက်မှုက ကြောက်မက်ဖွယ်ပင်။

ဝှစ်...ဝှစ်...ဝှစ်...

တပ်သားတစ်ရာကျော်စလုံးသည် သူတို့၏ အဝေးတိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြ၏။ အလင်းတန်းအမျိုးမျိုးက အရှေ့သို့ ပျံထွက်သွားပြီး မှောင်နေသောတောင်ကြားကို တောက်ပသွားစေလေသည်။ မြူခိုးနက်များနှင့် တမလွန်ဘုံမိစ္ဆာများလည်း အနောက်သို့ လွင့်ထွက်သွားကြသည်။ သို့သော် ထိုမျှအကွာအဝေးတွင် ချီချင်ချန်၏တိုက်ခိုက်မှုလွဲ၍ ကျန်တပ်သားအားလုံး၏ တိုက်ခိုက်မှုများက တမလွန်ဘုံစစ်သူကြီးများအပေါ် သက်ရောက်မှု မရှိကြပေ။ ၎င်းတို့က အတန်ငယ်သာ ဒဏ်ရာရသွားကြသည်။

“ကျန်းရီ... ကျွန်မ အရှေ့ကိုလာပြီး မီးတောက်တွေ ထုတ်လွှတ်လိုက်”

ချီချင်ချန်က ထပ်မံအော်ပြောလိုက်၏။ ကျန်းရီ ခေတ္တမျှ မှင်တက်သွားသော်လည်း အရှေသို့ လျင်မြန်စွာ ပျံသွားလိုက်သည်။ သူ ချီချင်ချန်အရှေ့တွင် ရပ်၍ လက်တစ်ဘက်ဖြင့် ပေါင်းစည်းမီးတောက်များကို ဆင့်ခေါ်လိုက်ပြီး ကျန်လက်တစ်ဘက်ကို ချီချင်ချန်၏ ကျောပေါ်တင်၍ သူမကိုယ်ထဲသို့ မီးဝိညာဉ်ပုလဲ၏ စွမ်းအင်အနည်းငယ်ကို ထည့်ပေးလိုက်သည်။

“အာ...”

ခန္ဓာကိုယ်ချင်း ထိတွေ့မှုရယ်ကြောင့်လောမသိ ကျန်းရီက ချီချင်ချန်၏ကိုယ်ထဲတွင် အမျိုးအမည်မသိသော စွမ်းအင်တစ်ခု ထည့်သွင်းပေးသောအခါ ချီချန်ချန်သည် အလွန်မှင်တက်ကာ တစ်ခဏမျှ ကြက်သေသေသွားသည်။ ကျန်းရီသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး အနောက်သို့ ပြန်ပျံသွားကာ အသံပို့လွှတ်လိုက်သည်။

“စစ်သူကြီး ဘာရပ်လုပ်နေတာလဲ။ တမလွန်ဘုံစစ်သူကြီးတွေ လာနေပြီ... ကျွန်တော် အရင်ပြန်ဆုတ်သွားတော့မယ်”

ချီချင်ချန် အသိပြန်ကပ်လာပြီး သူမ၏ဓားပျော့ကို ဝှေ့ယမ်း၍ လေပွေတစ်ခု ဖန်တီးလိုက်သည်။ လေပွေသည် ကျန်းရီ ထုတ်ပေးထားသော မီးတောက်များကို သယ်ဆောင်၍ တမလွန်ဘုံမိစ္ဆာများထံသို့ လျင်မြန်စွာ ‌ရွေ့လျားသွားသည်။ ထိုအခိုက်တွင် အာကာပြင်ထဲတွင် မီးတောက်များ ပြည့်နှက်နေပေသည်။ ကြောက်မက်ဖွယ် အပူချိန်ကလည်း အရှေ့သို့ ပျံသန်းလာသော တမလွန်ဘုံမိစ္ဆာများကို လွှမ်းခြုံသွားသည်။ အဆင့်နိမ့်သော အချို့တမလွန်ဘုံမိစ္ဆာများသည် ချက်ချင်း ပြာကျသွားကြ၏။ မိစ္ဆာညှို့ဓာတ်သားရဲ တစ်ဒါဇင်၏ ခန္ဓာကိုယ်များကိုလည်း မြင်နိုင်လာသည်။

“သတ်ကြ...”

ချီချင်ချန်က အော်ပြောလိုက်ပြီး အ‌ရှေ့ရှိ တမလွန်ဘုံတပ်ထဲ ပျံဝင်သွားလေသည်။ ဤတမလွန်ဘုံတပ်ထဲတွင် အနည်းဆုံး ဧရာမအရိုးစု သုံးဆယ်ကျော် လေးဆယ်နှင့် မိစ္ဆာညှို့ဓာတ်သားရဲများစွာ ရှိနေသည်။ သို့သော် ချီချင်ချန်က ထိုသို့ မဆင်မခြင် ပျံဝင်သွားပေသည်။

“သတ်ကြ...”

ဘွဲ့ထူးရစစ်နတ်ဘုရား ခြောက်ယောက်က‌ နောက်မှ ကပ်လိုက်သွားကြ၏။ သူတို့အားလုံးက ချီမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများ ဖြစ်ကြ၍ ချီချင်ချန် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်ကြပေသည်။ ကျန်စွမ်းအားကြီး သိုင်းသမားများလည်း အရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားကြ၏။ သို့ဖြင့် အနီးကပ်တိုက်ပွဲ ဖြစ်ပေါ်လာသည်။ အဝေးတိုက်ခိုက်မှုများက များစွာထိရောက်မှု မရှိခဲ့ပေ။ တမလွန်ဘုံစစ်သူကြီးများကို သတ်ရန် အနီးကပ်တိုက်ခိုက်မှသာ ရပေမည်။

အဆိပ်ဝိညာဉ်သည် ကျန်းရီကို လက်တစ်ဘက်ဖြင့် ဆွဲခေါ်၍ တိလင်အာကို ကျန်လက်တစ်ဘက်ဖြင့် ဆွဲခေါ်ကာ နောက်တန်းသို့ ခေါ်သွားလိုက်၏။ အဆိပ်ဝိညာဉ်၏ တိုက်ခိုက်စွမ်းအားက အတော်လေးကြီးသည်။ သို့သော် ကျန်းရီထံက အမိန့်မရလျှင် အဆိပ်ဝိညာဉ် တိုက်ခိုက်မည် မဟုတ်ချေ။ ထို့ပြင် တမလွန်ဘုံစစ်သူကြီးများကို သတ်ဖြတ်ရာတွင် ကျန်းရီက သူ့ထက်ပို အသုံးဝင်ကြောင်းကိုလည်း အဆိပ်ဝိညာဉ် သိပေသည်။

အဆိပ်ဝိညာဉ်သည် ကျန်းရီနှင့် တိလင်အာတို့ကိုခေါ်ကာ လှည့်ပတ်ပျံသန်းနေ၏။ ကျန်းရီက တံဆိပ်စာလုံးများကို ထိန်းချုပ်၍ တိုက်ပွဲကို ကူညီပေးကာ တမလွန်ဘုံအရှိန်အဝါ၏ တိုက်ခိုက်မှုကို ခံခဲ့ရသူများကိုလည်း ကယ်တင်နေသည်။ တိလင်အာ၏ တိုက်ခိုက်စွမ်းအားက အတော်လေးအားနည်းသည်။ သူမက ဘွဲ့ထူးတစ်ခုရထားသော်လည်း လူသားတပ်သားများကိုပါ ထိခိုက်သွားမည်စိုး၍ သူမ မတိုက်ခိုက်ဝံ့ပေ။ ထို့ကြောင့် သူမသည် ချိပ်စည်းကျောက်တုံးကိုသာကိုင်၍ ပတ်ပတ်လည်မှ တိုက်ပွဲကို မှတ်တမ်းတင်နေပေသည်။

မီးဖီးနစ်တပ်ဘက်တွင် တပ်သားတစ်ရာကျော်သာရှိသော်လည်း တမလွန်ဘုံတပ်ဘက်တွင်မူ အင်အားတစ်သိန်းကျော်လောက် ရှိနေသည်။ ထို့ပြင် တမလွန်ဘုံတပ်ဘက်၌ တမလွန်ဘုံစစ်သူကြီး ခုနစ်ဆယ်ကျော် ရှစ်ဆယ်လောက်လည်း ပါလာသည်။ ကြည့်ရပုံအရ တမလွန်ဘုံတပ်ဘက်က အရေးသာနေပုံပေါ်ပေသည်။ သို့သော် မကြာခင်မှာပင် တမလွန်ဘုံတပ်သည် ဖိနှိပ်ခံလာ၏။ မီးဖီးနစ်တပ်သည် အခြေအနေကို တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့ရုံသာမက အသာစီးရအောင်ပင် တိုက်ခိုက်နိုင်ခဲ့သည်။

“လခွမ်း... အဲ့ကောင်မလေးက အရမ်းသန်မာလွန်းတယ်”

မီးဖီးနစ်တပ် လျင်မြန်စွာ အသာစီးရလာခြင်းမှာ ချီချင်ချန်ကြောင့်ဖြစ်သည်။ ထို့ကြောင့် တမလွန်ဘုံစစ်သူကြီးများသည် သူမကိုသာ အာရုံစိုက်လာကြပေသည်။ ထို့အတွက် တပ်သားအများစု သက်သာရာရနေသည်။ ကျန်းရီသည် လှမ်းကြည့်ရင်း ဆွံ့အနေ၏။ ချီချင်ချန်က လေဓာတ်စည်းမျဉ်းများကို ကျင့်ကြံခြင်းဖြစ်နိုင်သည်။ သူမသည် လေညင်းကဲ့သို့ ပျံဝဲနေ၏။ သူမ တိုက်ခိုက်ခံရတော့မည်ဟု ထင်လိုက်ရချိန်တွင် သူမက တစ်ဘက်သို့ မျောလွင့်သွားသည်။ ချီချင်ချန်သည် တမလွန်ဘုံစစ်သူကြီးများ၏ တိုက်ခိုက်မှုများကို ပွတ်ကာသီကာ ရှောင်တိမ်းနေပေသည်။

“အာ...”

ကျန်းရီသည် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပေးပြီးနောက်တွင် ချီချင်ချန်ကို ထပ်ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို သတိပြုမိလိုက်၏။ ချီချင်ချန်၏ မျက်လုံးများက အဆက်မပြတ် လင်းလက်နေ၏။ တမလွန်ဘုံစစ်သူကြီးများက သူမကို တိုက်ခိုက်ရန် လုပ်လိုက်တိုင်း တုန်ယင်သွားကြပြီး တစ်ခဏမျှ ရပ်တန့်သွားကြသည်။ ထို့ကြောင့် သူမက တိုက်ခိုက်မှုများကို အကြိမ်များစွာ ရှောင်တိမ်းနိုင်ခဲ့ခြင်းပင်။

‘စိတ်ဝိညာဉ်တိုက်ခိုက်မှုက တမလွန်ဘုံစစ်သူကြီးတွေအပေါ် သက်ရောက်နိုင်တာလား...’

ကျန်းရီ နားမလည်နိုင်စွာဖြင့် မျက်တောင်ခတ်လိုက်၏။ တမလွန်ဘုံမိစ္ဆာများက အသေကောင်များ မဟုတ်လော။ အဘယ်ကြောင့် စိတ်ဝိညာဉ်တိုက်ခိုက်မှုက ၎င်းတို့အပေါ် သက်ရောက်နိုင်ရသနည်း။

ချီချင်ချန်၏ ဓားချက်တိုင်းက တမလွန်ဘုံစစ်သူကြီးများကို ခုတ်ပိုင်းသွားသဖြင့် ကျန်းရီ အံ့အားသင့်နေရသည်။ ထိုအနီရောင်ဓားပျော့က သာမန်လက်နက်တစ်ခု မဟုတ်ပုံပင်။ ၎င်းက ရှေးဦးဝိညာဉ်ရတနာတစ်ခု သို့မဟုတ် တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခု ဖြစ်ရမည်။

ချီချင်ချန်က အလွန်စွမ်းအားကြီးသည်။ တမလွန်ဘုံတပ်ထဲသို့ တစ်ကိုယ်တော် ပျံဝင်ပြီးနောက် စက္ကန့်ပိုင်းအတွင်းမှာပင် အဆင့်မြင့် တမလွန်ဘုံစစ်သူကြီး နှစ်ဆယ်ကျော်ကို သတ်ပစ်နိုင်လိုက်သည်။ တိုက်ပွဲ တည်ငြိမ်လာသောအခါ သူမသည် မိစ္ဆာညှို့ဓာတ်သားရဲတစ်ကောင်ကို သတ်ပစ်၍ အနောက်သို့ ရုတ်တရက် ပြန်ဆုတ်ကာ အော်ပြောလိုက်သည်။

“အားလုံး ခဏလောက် ထိန်းထားကြပါ”

ချီချင်ချန် ပြန်ဆုတ်သွားသည်နှင့် အားလုံးသည် တိုက်ပွဲက ပိုခက်ခဲလာကြောင်း ရုတ်ခြည်းခံစားလိုက်ရ၏။ အချို့ဆိုလျှင် ချက်ချင်း ဒဏ်ရာရသွားကြသည်။ ချီချင်ချန်သည် လေညင်းတစ်ခုကဲ့သို့ ကျန်းရီနားသို့ လွင့်မျောလပြီး ပြောလိုက်၏။

“ကျွန်မကိုယ်ထဲက တမလွန်ဘုံအရှိန်အဝါကို ဖယ်ပေးပါ။ ကျွန်မ တိုက်ခိုက်ခံရလိုက်ရပြီ”

“ဟုတ်ကဲ့ပါ”

ကျန်းရီ သတိမလွတ်ဝံ့ပေ။ ချီချင်ချန်က သူတို့၏ အဓိကအင်အားဖြစ်သည်။ သူမ ဆက်မတိုက်ခိုက်နိုင်တော့လျှင် ကျဆုံးသူနှင့် ဒဏ်ရာရသူ အရေအတွက်က ဆတိုး တိုးလာပေလိမ့်မည်။ ကျန်းရီသည် တံဆိပ်စာလုံးအချို့ကို ထိန်းချုပ်၍ ချီချင်ချန်၏ မျက်ခုံးနှစ်ခုကြားထဲ ဝင်သွားစေလိုက်၏။ တံဆိပ်စာလုံးများက သူမ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်လိုက်သည်။ ထို့နောက်တွင် ချီချင်ချန်သည် အ‌ရှေ့သို့ ပြန်ပျံသွားပြီး ဆက်တိုက်ခိုက်လိုက်လေသည်။

ချီချင်ချန် တိုက်ပွဲထဲ ပြန်ဝင်လာသောအခါ တိုက်ပွဲက ပြန်၍ တည်ငြိမ်လာ၏။ သူမ တစ်ကြိမ်သာ တိုက်ခိုက်လိုက်ရသေးသော်လည်း တမလွန်ဘုံစစ်သူကြီးအများစုက သူမကိုသာ ပြန်အာရုံစိုက်လာကြသည်။ သူမ ရှိနေလျှင် စွမ်းအားကြီး သိုင်းသမားများအတွက်လည်း ပိုလွယ်ကူသွားစေပေသည်။ ဒဏ်ရာရနေသူများက လျင်မြန်စွာ ပြန်ဆုတ်ကြသည်။ တိုက်ပွဲက အနည်းနှင့်အများဆိုသလို တည်ငြိမ်နေပြီဖြစ်၍ အသေခံရန်မလိုလျှင် သူတို့ မသေလိုကြပါပေ။

ဝှစ်...ဝှစ်...

ကျန်းရီသည် ဒဏ်ရာရနေသော တပ်သားအချို့ကို နောက်တန်းတွင် အနားယူနေရန်နှင့် တိလင်အာကို စောင့်ရှောက်ပေးရန် ပြောလိုက်၏။ ထို့နောက် သူနှင့် အဆိပ်ဝိညာဉ်တို့သည် တိုက်ပွဲကို ကူညီရန် အရှေ့သို့ ပျံသန်းသွားလိုက်ကြသည်။ သူ၏တံဆိပ်စာလုံးများက တမလွန်ဘုံစစ်သူကြီးများကို ဝင်တိုက်လိုက်၏။ ထိုအခါ တမလွန်ဘုံစစ်သူကြီးများ၏ တမလွန်ဘုံအရှိန်အဝါက လျင်မြန်စွာ လွင့်ပြယ်သွားသည်။ တမလွန်ဘုံအရှိန်အဝါ မရှိလျှင် တမလွန်ဘုံစစ်သူကြီးများ၏ တိုက်ခိုက်စွမ်းအားက များစွာလျော့ကျသွားပေသည်။ ထို့ကြောင့် ၎င်းတို့ကို သတ်ဖြတ်ရန် ပို၍လွယ်ကူလာတော့သည်။

ဆယ့်ငါးမိနစ်...

ဆယ့်ငါးမိနစ်အတွင်းမှာပင် တမလွန်ဘုံစစ်သူကြီးအားလုံး အသတ်ခံလိုက်ရ၏။ မီးဖီးနစ်တပ်ဘက်တွင်မူ တပ်သားတစ်ယောက်ပင် မကျဆုံးခဲ့ချေ။ တပ်သားလေးဆယ်လောက်သော ဒဏ်ရာရသွားခဲ့သည်။

ကျန်နေသေးသော တမလွန်ဘုံမိစ္ဆာများမှာ မီးဖီးနစ်တပ်မှ စစ်နတ်ဘုရားအဆင့်နှင့်အထက် စွမ်းအားကြီး သိုင်းသမားများအတွက် သိုးငယ်လေးများကဲ့သို့ပင်ဖြစ်သည်။ ချီချင်ချန်သည်လည်း ကျန်းရီထံ ထပ်သွား၍ သူမကိုယ်ထဲနှင့် စိတ်ဝိညာဉ်ထဲမှ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပေးရန် ပြောလိုက်သည်။ သို့သော် တံဆိပ်စာလုံးများက သူမ၏ကိုယ်ထဲမှ ထွက်သွားပြီးနောက် သူမ မျက်နှာထားပြောင်းသွား၏။ သူမက အတော်လေး မသက်မသာ ခံစားနေရပုံပင်။

ကျန်းရီ နားမလည်နိုင်ဘဲ ခေါင်းရှုပ်သွား၏။ သို့သော် ဘေးမှ တိလင်အာက နားလည်လိုက်၏။ သူမသည် ကျန်းရီက သူမကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို ပထမဆုံးအကြိမ် ဖယ်ပေးခဲ့စဉ်က ထိုကဲ့သို့သော ခံစားချက်ကို ခံစားခဲ့ရသည်။ သူမတို့က လက်မထပ်ရသေးသော အပျိုစင်လေးများဖြစ်ကြပြီး ယောက်ျားတစ်ယောက်၏ လက်ကိုင်ခြင်းကိုပင် မခံဖူးကြပေ။ သို့သော် ကျန်းရီ၏ တံဆိပ်စာလုံးများက သူမတို့၏ တစ်ကိုယ်လုံးတွင် ရွေ့လျားနေပေသည်။ ထို့ကြောင့် သူမတို့သည် ကျန်းရီက သူမတို့၏တစ်ကိုယ်လုံးကို ကိုင်တယ်နေသကဲ့သို့ ခံစားရခြင်းပင်။

ကျန်းရီ ချီချင်ချန်ကို လျစ်လျူရှုလိုက်ပြီး အခြားမီဖီးနစ်တပ်သားများကို သွားကူညီလိုက်သည်။ အားလုံးကို သန့်စင်ပေးပြီးနောက်တွင် သုတ်သင်ရှင်းလင်းမှုကလည်း ပြီးလုနီးပါး ဖြစ်နေပေပြီ။ ထိုမှ ကျန်းရီ သူ သိလိုသည်ကို မေးလိုက်သည်။

“စစ်သူကြီး.. အစောက စစ်သူကြီး တမလွန်ဘုံစစ်သူကြီးတွေကို စိတ်ဝိညာဉ်တိုက်ခိုက်ခိုက်မှုနဲ့ တိုက်ခိုက်ခဲ့တာကို ကျွန်တော်မြင်လိုက်တယ်။ အဲ့တမလွန်ဘုံစစ်သူကြီးတွေက သေပြီးသား အသေကောင်တွေ မဟုတ်ဘူးလား။ ဘယ်လိုလုပ်...”

ချီချင်ချန် မျက်လုံးပင့်လိုက်၏။ သူမ ကျန်းရီကြောင့် ဆွံ့နေပေပြီ။ ထို့နောက် သူမ စိတ်မရှည်ဟန်ဖြင့် ပြောလိုက်သည်။

“စကားပြောနိုင်တဲ့ အသေကောင်တွေကို ရှင်မြင်ဖူးလား။ တမလွန်ဘုံကျွန်တွေကို ထိန်းချုပ်နိုင်တဲ့ အသေကောင်တွေကိုရော မြင်ဖူးလား။ တိုက်ပွဲဗျူဟာတွေကိုသိတဲ့ အသေကောင်တွေနဲ့ရော တွေ့ဖူးလား။ တမလွန်ဘုံစစ်သူကြီးတွေနဲ့ တမလွန်ဘုံတမန်တော်တွေက တမလွန်ဘုံမိစ္ဆာတွေဆိုပေမဲ့ အသေကောင်တွေ မဟုတ်ဘူး။ သူတို့က တမလွန်ဘုံကနေ မွေးဖွားလာတဲ့ မိစ္ဆာတွေပဲ။ ရှင့်ရဲ့ အသိဉာဏ်ကတော့ တကယ်ပါပဲ... တိရှအရှင်က ဘာကြောင့် ရှင့်ကို အဲ့လောက်တန်ဖိုးထားနေရတာလဲဆို ကျွန်မ နားမလည်နိုင်ဘူး”

“သူတို့မှာ စိတ်ဝိညာဉ်ရှိတာလား”

ကျန်းရီ တုန်လှုပ်သွား၏။ သူသည် ချီချင်ချန်၏ ခနဲ့သည့် လေသံနှင့် မျက်နှာထားကို အရေးမစိုက်ပေ။ သူ၏မျက်လုံးများက တလက်လက် တောက်ပလာသည်။ ထိုမိစ္ဆာများတွင် စိတ်ဝိညာဉ်ရှိလျှင် သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်က အသုံးဝင်နိုင်သည် မဟုတ်လော။ ထိုသို့ဆိုလျှင် သူ တမလွန်ဘုံမိစ္ဆာ တစ်သန်းလောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်နိုင်မည်ဖြစ်ပေသည်။

***

All Chapters