ပို၍ ပို၍ ဝေးရာသို့
Vol. 108 Ch. 1498
‘မဟုတ်သေးဘူး... နေပါဦး...’
ကျန်းရီ တွေးရင်းဖြင့် ပြဿနာကြီးတစ်ခုကို ရှာတွေ့သွား၏။ လက်ရှိတွင် သူ၏ နတ်ဘုရားအသံကောင်းကင်အတတ်ကို ဗျပ်စောင်းမှနေ၍သာ ထုတ်လွှတ်နိုင်သည်။ သူ ဗျပ်စောင်းတီးလိုက်သည်နှင့် ချီချင်ချန်မှလွဲ၍ မီးဖီးနစ်တပ်တစ်တပ်လုံး ဗျပ်စောင်းသံ၏ သက်ရောက်မှုကို ခံလိုက်ရမည်ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ဗျပ်စောင်းသံ၏ သက်ရောက်မှုကို ခံနေရသော တမလွန်ဘုံမိစ္ဆာများကို မည်သူက သွားသတ်မည်နည်း။ အကယ်၍ ဗျပ်စောင်းသံက တမလွန်ဘုံမိစ္ဆာများအပေါ် မသက်ရောက်နိုင်ဘဲ မီးဖီးနစ်တပ်သားများအပေါ်တွင် သက်ရောက်မည်ဆိုလျှင် အခြေအနေက ဆိုးဝါးသွားမည်လည်းဖြစ်သည်။
‘ငါ အဲ့ဒါကို ဖြည်းဖြည်းချင်း စမ်းသပ်ကြည့်မှရမယ်။ ဗျပ်စောင်းသံက ကိုယ့်ဘက်ကလူတွေအပေါ် မသက်ရောက်အောင် လုပ်နိုင်မဲ့ နည်းလမ်းတစ်ခုကို ရှာရမယ်။ ပြန်ရောက်မှ ထပ်လေ့လာကြည့်ရမှာပဲ’
ကျန်းရီ ရင်ထဲမှ သက်ပြင်းချလိုက်သည်။ ထိုကဲ့သို့ အရာများကို လော၍မရပေ။ သို့သော် ယခုတွင် သူ အတန်ငယ် စိတ်လှုပ်ရှားလာပေပြီ။ သူသာ ထိုဆန်းကြယ်စွမ်းရည်ကို ပြီးပြည့်စုံစွာ ထုတ်လွှတ်နိုင်မည်ဆိုလျှင် ယခုမှစ၍ တိုက်ပွဲအမှတ်များကို အလွယ်တကူ ရပေလိမ့်မည်။ မီးဖီးနစ်တပ်၌ တပ်သားအနည်းငယ်ပင် ရှိစေကာမူ သူတို့ အင်အားတစ်သန်းရှိသော တမလွန်ဘုံတပ်များကို ရင်ဆိုင်နိုင်မည်ဖြစ်သည်။
အခြေအနေက အနည်းနှင့်အများဆိုသလို တည်ငြိမ်သွားသောအခါ ကျန်းရီသည် တိုက်ပွဲအပေါ် အာရုံမစိုက်တော့ဘဲ နတ်ဘုရားအသံ ကောင်းကင်အတတ်အကြောင်းကိုသာ တွေးတောနေလိုက်သည်။ သူ ထိုအတတ်ကို ရန်သူများအပေါ် သုံးလိုလျှင် အရင်ဆုံး ပြဿနာကြီးတစ်ခုကို ဖြတ်ကျော်ရပေမည်။ ထိုပြဿနာမှာ ထိုအတတ်က သူ့ဘက်မှ လူများအပေါ် မသက်ရောက်အောင် မည်သို့ကာကွယ်ရမည်နည်းဆိုသော ပြဿနာပင်။
‘အသံဆိုတာ သဏ္ဌာန်မဲ့တယ်၊ အရပ်မျက်နှာတိုင်းကို ပျံ့နှံ့နိုင်တယ်။ အဲ့ဒါကို ငါက ဘယ်လိုလုပ် ဦးတည်ရာကိုပဲသွားအောင် လုပ်နိုင်မှာလဲ’
ကျန်းရီ မည်မျှတွေးတောပါစေ နည်းလမ်း ရှာမတွေ့နိုင်သေးချေ။ ထို့ကြောင့် သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ပင် အာရုံအပြည့်အဝနှစ်၍ ထပ်တွေးတောလိုက်၏။ အဆိပ်ဝိညာဉ်သည် ကျန်းရီကိုခေါ်၍ လျင်မြန်စွာ နောက်ဆုတ်သွားသည်။ ချီချင်ချန်သည် ထိုအဖြစ်များကို ကြည့်၍ ပြောစရာစကား ပျောက်ဆုံးနေပေသည်။ တိုက်ပွဲက ပြီးဆုံးတော့မည်ဖြစ်သော်လည်း တိုက်ပွဲပြင်ထဲတွင် မျက်လုံးမှိတ်၍ တွေးတောဆင်ခြင်နေခြင်းက အတန်ငယ် သတ္တိကောင်းလွန်းရာကျသည် မဟုတ်လော။
နှစ်နာရီကြာပြီးနောက် ရှင်းလင်းခြင်းလုပ်ငန်း ပြီးဆုံးသွားသည်။ ချီချင်ချန်သည် တပ်သားအားလုံးကို ဦးဆောင်၍ တောင်ကြားထဲတွင် နောက်တစ်ခေါက် လှည့်ပတ်စစ်ဆေးလိုက်၏။ တမလွန်ဘုံမိစ္ဆာများ၏ အရိပ်လက္ခဏာများနှင့် မည်သည့်တမလွန်ဘုံအစီအရင်များကိုမှ မတွေ့တော့မှ မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်ရန် အမိန့်ပေးလိုက်သည်။
အပြန်ခရီးက အလာခရီးထက်ပင် ပိုလွယ်ကူခဲ့သလို ပိုတိုသည်ဟုလည်း ထင်ရသည်။ တာဝန်ကို ပြောင်ပြောင်မြောက်မြောက် ထမ်းဆောင်နိုင်ခဲ့ပေပြီ။ အရေးအကြီးဆုံးမှာ တပ်သားတစ်ယောက်မှ မကျဆုံးခဲ့ခြင်းဖြစ်သည်။ အချို့က အပြင်းအထန် ဒဏ်ရာရခဲ့သော်လည်း၊ တစ်ယောက်ဆိုလျှင် ခြေလက်များ ပြတ်သွားခဲ့သော်လည်း ထိုစွမ်းအားကြီး သိုင်းသမားများအနေဖြင့် သူတို့၏ ခြေလက်များကို ပြန်ပေါက်လာအောင်လုပ်ရန်မှာ မခက်ခဲပါပေ။ သူတို့ မသေသေးသ၍ ကျန်အရာအားလုံးကို စီမံနိုင်ပေသည်။
ဤတိုက်ပွဲကြီးက မီးဖီးနစ်တပ်၏ စိတ်ဓာတ်ကို အမြင့်ဆုံးသို့ ရောက်သွားစေခဲ့သည်။ ချီချင်ချန်၏ ဦးဆောင်မှုနှင့် အင်အားကြီး တိုက်ခိုက်စွမ်းအားကို ကျန်းရီ၏ ထူးခြားသော ဆန်းကြယ်စွမ်းရည်နှင့် ပေါင်းစည်းလိုက်သောအခါ မီးဖီးနစ်တပ်သားအားလုံး စိတ်အေးရပေသည်။
ထို့ပြင် ချီချင်ချန်က အမှန်ပင် တိုက်ပွဲအမှတ်များကို မယူလျှင် တပ်သားတစ်ယောက်စီလျှင် ရမည့်ဝေစုက မဆိုးလှသောပမာဏတွင် ရှိပေလိမ့်မည်။ ထိုတပ်သားများကဲ့သို့သော စွမ်းအားကြီး သိုင်းသမားများအတွက် ထိုတိုက်ပွဲအမှတ်လောက်က များသည်ဟု မဆိုနိုင်သော်လည်း ၎င်းပမာဏမှာ တာဝန်တစ်ခုမှရသော ပမာဏဖြစ်သည်။ သူတို့သာ တာဝန်များ ဆက်ထမ်းဆောင်မည်ဆိုလျှင် တိုက်ပွဲအမှတ်များစွာ ရလာနိုင်ပေသည်။
မိစ္ဆာချေဖျက်တောင်ကြားတွင် တိုက်ပွဲအမှတ်များက အခရာဖြစ်သည်။ တိုက်ပွဲအမှတ်များများရှိလေလေ၊ အရင်းအမြစ်များကို ပိုသုံးနိုင်လေလေပင်။ တိုက်ပွဲအမှတ်များကို နတ်ဘုရားအသုံးအဆောင်များ၊ ဆန်းကြယ်စွမ်းရည်များ၊ လျှို့ဝှက်အတတ်များနှင်လည်း လဲလှယ်၍ရသည်။ ထို့ပြင် ၎င်းတို့ကိုသုံး၍ ရှေးဦးဆန်းကြယ်နယ်မြေ၊ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေနှင့် ကမ္ဘာဦးဆန်းကြယ်နယ်မြေတို့ထဲသို့လည်း ဝင်၍ရသည်။ ထို့ကြောင့် တိုက်ပွဲအမှတ်များရှိလျှင် ပို၍သန်မာလာမည်ဖြစ်ပြီး နှစ်အနည်းငယ်ကြာပြီးနောက်တွင် ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်သို့ပင် ရောက်နိုင်ပေသည်။
ယခုတွင် မီးဖီးနစ်တပ်သားအားလုံးသည် ရွှေရောင်အလင်း တောက်ပနေသော အနာဂတ်လမ်းကို ပုံဖော်ကြည့်နိုင်လာပြီဖြစ်သည်။ ချီချင်ချန်နှင့် ကျန်းရီတို့နောက်သို့သာ လိုက်မည်ဆိုလျှင် အခွင့်အရေးများက အကန့်အသတ်မဲ့နေလိမ့်မည်ဟု သူတို့ ခံစားကြရသည်။ မီးဖီးနစ်တပ်၏ ဂုဏ်သတင်းကလည်း အကန့်အသတ်မရှိ မြင့်မားလာပေလိမ့်မည်။ သို့ဖြင့် တပ်သားတစ်ရာကျော်သည် ပျော်ရွှင်စွာဖြင့် ပျံသန်းနေကြလေသည်။ လေးနာရီကြာပြီးနောက် သူတို့ စင်မြင့်သို့ ပြန်ရောက်သွားကြသည်။
ကျန်းရီသည် လမ်းတစ်လျှောက်လုံးတွင် မျက်လုံးမှိတ်ကာ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို မိမိသက်ရောက်စေလိုသူများအပေါ်သာ သက်ရောက်အောင် မည်သို့လုပ်ရမည်ကို စိတ်နှစ်၍တွေးတောလာခဲ့သည်။ တပ်က စင်မြင့်ဆီ ပြန်ရောက်လာချိန်တွင်ပင် သူ မျက်လုံးဖွင့်မလာသေးပေ။ ထို့ကြောင့် အဆိပ်ဝိညာဉ်က သူ့ထံ အသံပို့လွှတ်လိုက်ရသည်။ မဟုတ်လျှင် သူ တည်နေရာပြောင်းရွှေ့အစီအရင်ကြောင့် ဆတ်ခနဲနိုးလာကာ ခေါင်းကိုက်သွားနိုင်ပေသည်။
“အာ... ကျွန်တော်တို့ ပြန်ရောက်ပြီလား။ မြန်သားပဲ”
ကျန်းရီ အူလည်လည်ဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ အားလုံး ရယ်ကြ၏။ သို့သော် ဤတစ်ခေါက် ရယ်သံများက လှောင်ပြောင်သော ရယ်သံများ မဟုတ်ပါပေ။ အားလုံး၏ ကျန်းရီအပေါ် အမြင်က ပြောင်းလဲသွားပြီဖြစ်သည်။ သူတို့သည် ကျန်းရီကို သူတို့၏ ကြီးကြပ်စစ်သူကြီးအဖြစ်လည်း အလေးအနက် လက်ခံလိုက်ကြပေပြီ။ သူတို့က ကျန်းရီကို ရိုသေလေးစားသည့်အဆင့်အထိတော့ မရောက်သေးသော်လည်း သူ၏အင်အားနှင့် စွမ်းဆောင်ရည်များကိုမူ အသိအမှတ်ပြုနေကြပြီဖြစ်သည်။
“သွားကြမယ်...”
ချီချင်ချန်က လက်ဝှေ့ယမ်းလိုက်ရာ တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာ၏။ နာရီအနည်းငယ် တည်နေရာပြောင်းရွှေ့ပြီးနောက် မီးဖီးနစ်တပ်က မိစ္ဆာချေဖျက်တောင်ကြားသို့ ပြန်ရောက်သွားလေသည်။
“အာ...”
မိစ္ဆာချေဖျက်တောင်ကြား၏ ရင်ပြင်ထဲတွင် အဖွဲ့အစည်းအသီးအသီးမှ ထောက်လှမ်းရေးများစွာ ရှိနေကြ၏။ မီးဖီးနစ်တပ် ပြန်ရောက်လာသောအခါ ကောင်းကင်စိတ်အာရုံများစွာ ထွက်လာသည်။ ထို့နောက် မရေမတွက်နိုင်သော မျက်နှာများပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ မီးဖီးနစ်တပ်က ထွက်သွားသော လူအရေအတွက်နှင့်ပင် ပြန်ရောက်လာသည်။
ဤတစ်ခေါက် မီးဖီးနစ်တပ်၏တာဝန်အကြောင်းက ပျံ့နှံ့နေပြီးဖြစ်သည်။ တာဝန်မှာ တမလွန်ဘုံစစ်သူကြီး အယောက်တစ်ရာနှင့် တမလွန်ဘုံတမန်တော် အယောက်နှစ်သိန်းကို ရှင်းပစ်ရန်ဖြစ်သည်။ မီးဖီးနစ်တပ်တွင် တပ်သားတစ်ရာကျော်သာရှိသည်။ ထိုတပ်သားအားလုံးက စစ်နတ်ဘုရားအဆင့်တွင် ရှိကြပြီး ချီချင်ချန်က အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်သော်လည်း တစ်ယောက်ပင် မကျဆုံးခဲ့ဘဲ ပြန်လာနိုင်ခြင်းက အတန်ငယ် လွန်လွန်းသည် မဟုတ်လော။
“စခန်းကိုပြန်ပြီး အနားယူ၊ ဒဏ်ရာကုသနေလိုက်ကြပါ။ မနက်ဖြန်ကျရင် ကျွန်မတို့ နောက်ထပ်တာဝန်တစ်ခုကို ဆက်ထမ်းဆောင်ကြမယ်။ အနားယူနေချိန်မှာ အားလုံး လွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ ဒါပေမဲ့ ဘယ်သူမှ ပြဿနာမရှာရဘူး”
ချီချင်ချန်သည် လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်ပြီးနောက် သူမ၏ကိုယ်ပိုင်ရဲတိုက်ဆီသို့ ပျံသန်းသွားလိုက်၏။ မီးဖီးနစ်တပ်သည် ပျော်ပျော်ရွှင်ရွှင်ဖြင့် လူစုခွဲလိုက်ကြသည်။ အချို့က တပ်စခန်းသို့ ပြန်သွားကြပြီး အချို့က အောင်ပွဲခံရန် သေရည်သွားသောက်ကြသည်။ အချို့ဆိုလျှင် ဆောင်ကြာမြိုင်များသို့ သွား၍ပင် အောင်ပွဲခံကြသည်။ မိစ္ဆာချေဖျက်တောင်ကြားတွင် အရာအားလုံး ရှိပေသည်။ ထိုနေရာက နိုင်ငံငယ်လေးတစ်ခုကဲ့သို့ပင်။
“သခင်မလေးလင်အာ... ကျွန်တော်တို့ရဲ့ တိုက်ပွဲအမှတ်တွေ သွားထုတ်လိုက်ပါ။ ချီရွယ်နဲ့ ချီရှားလည်း သူနဲ့အတူ လိုက်သွားလိုက်ပါ။ ခင်ဗျားတို့ စခန်းကို ပြန်ရောက်ရင် တိုင်ပွဲအမှတ်တွေ ခွဲဝေပေးလိုက်ကြပါ။ ကျွန်တော် အရင်ပြန်နားလိုက်ပါဦးမယ်”
ကျန်းရီသည် သူ့ကို ကြည့်နေသော အကြည့်များကို လျစ်လျူရှု၍ အဆိပ်ဝိညာဉ်ကိုခေါ်၍ သူတို့ရထားသော ရဲတိုက်ဆီသို့ ပြန်သွားလိုက်သည်။ တိလင်အာက ချီရွယ်၊ ချီရှားတို့နှင့်အတူ တာဝန်ရုံးသို့သွား၍ သူမတို့ ပြီးမြောက်ခဲ့သောတာဝန်အတွက် တိုက်ပွဲအမှတ်များထုတ်ယူလိုက်သည်။ ထိုကဲ့သို့သော ကိစ္စများကို စာရေးဖြစ်သော တိလင်အာက လုပ်ဆောင်ရမည်ဖြစ်သည်။
ကျန်းရီသည် ရဲတိုက်သို့ရောက်သောအခါ အပြင်သွားရန် ဟန်ပြင်နေသော မိုဟွိုက်စန်းနှင့် မမျှော်လင့်ဘဲ တွေ့လိုက်၏။ မိုဟွိုက်စန်းက မျက်နှာချေများ လိမ်းထားပြီး အလွန်ကောင်းမွန်စွာ ဝတ်ဆင်ထားသည်။ သူမက စားသောက်ပွဲတစ်ခုသို့ သွားရန်လုပ်နေခြင်းဖြစ်မည်။ ကျန်းရီပြန်လာသည်ကို တွေ့လိုက်သောအခါ မိုဟွိုက်စန်း အံ့ဩသွား၏။ သို့သော် သူမ ဟန်ဆောင်ပြုံး၍ ပြောလိုက်သည်။
“ကျန်းရီ... ရှင်က တာဝန်သွားထမ်းဆောင်တာ မဟုတ်ဘူးလား။ ဘာလို့ ဒီလောက်မြန်မြန် ပြန်လာရတာလဲ”
“ကျွန်တော်တို့ တာဝန်ကို ထမ်းဆောင်ပြီးသွားပါပြီ”
ကျန်းရီက ယဉ်ကျေးစွာ ပြန်ပြောသည်။ ထို့နောက် ပုံမှန်အတိုင်း မေးလိုက်သည်။
“သခင်မလေးဟွိုက်စန်းက အပြင်သွားမလို့လား။ အဆိပ်ဝိညာဉ်ကို လိုက်ပို့ခိုင်းလိုက်ရမလား”
“ရပါတယ် မလိုပါဘူး”
မိုဟွိုက်စန်းက အတန်ငယ် အိုးတိုးအန်းတန်းဖြင် ခေါင်းခါ၏။
“သခင်လေးလုံက စားသောက်ပွဲတစ်ပွဲ လုပ်လို့လေ... သူ ကျွန်မအတွက် လူတစ်ယောက် လွှတ်လိုက်ပါလိမ့်မယ်။ ကျန်းရီ... ရှင်ရော သွားချင်လား။ သခင်လေးလုံက လုံထျန်းဝမ်ရဲ့ မြေးပဲ။ မိစ္ဆာချေဖျက်စစ်တပ်မှာ ရှင်နဲ့သူရဲ့ ဆက်ဆံရေးက အဆင်မပြေဘူးဆိုရင် ရှင့်အတွက် ကောင်းမှာ မဟုတ်ဘူး...”
“ဟားဟားဟား...”
ကျန်းရီ ခေါင်းမော့ကာ ရယ်လိုက်ပြီး ရွဲ့တဲ့တဲ့ပြောလိုက်သည်။
“အခုကို အတော်လေးဆိုးနေပါပြီ... သူတို့နဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးကို ပြင်လို့ရတော့မှာ မဟုတ်ပါဘူး။ သခင်မလေးဟွိုက်စန်းပဲ သွားပြီးပျော်ခဲ့ပါ။ ကျွန်တော့်ကို အရေးစိုက်နေဖို့ မလိုပါဘူး”
မိုဟွိုက်စန်း ခေါင်းငုံ့လိုက်၏။ သူမ၏ရင်ထဲတွင် လွန်ဆွဲနေပေသည်။ ကျန်းရီဆိုလိုသော အဓိပ္ပာယ်ကို သူမ ရှင်းရှင်းလင်းလင်းသိသည်။ သူမ ဤရဲတိုက်တံခါးမှ ထွက်သွားလိုက်လျှင် ကျန်းရီနှင့် ပို၍ ဝေးကွာသွားမည်ဖြစ်သည်။ အနာဂတ်တွင်လည်း သူမတို့ နီးစပ်နိုင်ရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ဂျုန်း...ဂျုန်း...ဂျုန်း...
ရဲတိုက်အပြင်သို့ စစ်ရထားလုံးတစ်စီး ရောက်လာ၏။ ထိုရထားလုံးက မိုဟွိုက်စန်းကို လာခေါ်သောရထားလုံးဖြစ်ကြောင်း ထင်ရှားသည်။ မိုဟွိုက်စန်း အံကြိတ်ကာ ခေါင်းမော့လိုက်ပြီး ဟန်လုပ်ပြုံး၍ အပြင်သို့ ပြတ်သားစွာ ထွက်သွားလိုက်သည်။ ကျန်းရီသည် သူမ ထွက်သွားသည်ကို ကြည့်ရင်း ခပ်သဲ့သဲ့ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက အတန်ငယ် အေးစက်နေပေသည်။
“ဟူး...”
မိုဟွိုက်စန်း ထွက်သွားပြီးနောက် ကျန်းရီ သက်ပြင်းချကာ ခေါင်းခါ၍ သူ့အခန်းထဲ ဝင်သွားလိုက်သည်။ အခန်းတံခါးဝတွင် ကျန်းရီ တစ်စုံတစ်ခုကို အမှတ်ရသွားပြီး အဆိပ်ဝိညာဉ်ကို လှည့်ကြည့်ကာ မေးလိုက်၏။
“အဆိပ်ဝိညာဉ်... အသံကို ကိုယ်သွားစေချင်တဲ့နေရာကိုပဲ သွားအောင် လုပ်နိုင်မဲ့နည်းလမ်းတစ်ခုကို ခင်ဗျားသိလား။ ဥပမာပြောရရင် ကျွန်တော့်ရဲ့ ပုလွေသံကို ကျွန်တော့်အရှေ့က လူတွေကိုပဲ ကြားစေချင်ပြီး ကျွန်တော့်ဘေးနဲ့ အနောက်ကလူတွေကို မကြားစေချင်တာမျိုးပေါ့”
“အဲ့ဒါက...”
အဆိပ်ဝိညာဉ် မျက်တောင်ပုတ်ခတ်ကာ ခေတ္တမျှတွေးတောလိုက်၏။ ထို့နောက် သူ ခေါင်းခါကာ ပြန်ပြောလိုက်သည်။
“အဲ့ဒါက နတ်ဘုရားအသံစည်းမျဉ်းနဲ့ ဆိုင်တဲ့ဟာပဲ။ ကျွန်တော်က အဲ့စည်းမျဉ်းနဲ့ သိပ်မရင်းနှီးဘူး။ ဒါပေမဲ့ မိစ္ဆာချေဖျက်တောင်ကြားမှာ ဆန်းကြယ်စွမ်းရည်ခန်းမတစ်ခု ရှိပါတယ်။ အဲ့စံအိမ်မှာ စာအုပ်တွေ သန်းနဲ့ချီပြီးရှိတယ်။ အရှင်ငယ် ဒီတစ်ခေါက်တာဝန်အတွက် တိုက်ပွဲအမှတ်တွေ ရတဲ့အခါကျ အဲ့ကိုသွားပြီး စာအုပ်တွေ သွားဖတ်လို့ရပါတယ်”
“ဟုတ်လား...”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်လာ၏။ သူသည် ထိုသို့လုပ်၍ရကြောင်းကို ယခင်က မတွေးမိခဲ့ချေ။ နတ်ဘုရားအသံစည်းမျဉ်းကို သိမြင်နားလည်ထားသူ အနည်းငယ်သာ ရှိခြင်းမှာ ယခင်က ထိုစည်းမျဉ်းကို နားလည်သူများ တစ်ယောက်မှမရှိခဲ့ဟူသော အဓိပ္ပာယ်မဟုတ်ပေ။ ထိုစည်းမျဉ်းနှင့်ပတ်သတ်၍ လျှို့ဝှက်ကျမ်းအချို့ ကျန်ခဲ့နိုင်သည်။ ကျမ်းတစ်ကျမ်းထဲတွင် သူသိလိုသောအရာများလည်း ရှိနေနိုင်ပေသည်။
နှစ်နာရီကြာပြီးနောက် တိလင်အာက ရဲတိုက်သို့ ရောက်လာပြီး တိုက်ပွဲအမှတ်များကို ခွဲဝေပေးလိုက်ပြီဖြစ်ကြောင်း တင်ပြ၏။ တိလင်အာသည် ကျန်းရီကိုလည်း ထူးခြားသော တံဆိပ်တစ်ခုပေး၏။ ထိုတံဆိပ်မှာ မိစ္ဆာချေဖျက်စစ်တပ်၏ တိုင်ပွဲအမှတ်တံဆိပ်ဖြစ်သည်။ ၎င်းကိုသုံး၍ တိုက်ပွဲအမှတ်များကို မှတ်တမ်းတင်နိုင်ပေသည်။
ကျန်းရီသည် မိစ္ဆာသတ်ဖြတ်စံအိမ်တွင် ရှိနေခဲ့စဉ်က တိုက်ပွဲအမှတ်များကို မှတ်တမ်းတင်ရန် လက်စွပ်ကို အသုံးပြုခဲ့ဖူး၏။ ထို့ကြောင့် သူ ထိုအရာများနှင့် ရင်းနှီးနေပြီဖြစ်သည်။ သူ တံဆိပ်ကို ချက်ချင်းသန့်စင်လိုက်ပြီး တိုက်ပွဲအမှတ်ကို စစ်ဆေးကြည့်လိုက်၏။ ထို့နောက် သူ မျက်မှောင်ကြုတ်သွားကာ ရေရွတ်လိုက်သည်။
“ငါးသောင်းတောင်လား... ဘာလို့ အဲ့လောက်များရတာလဲ”
***