သိမ်းငှက်ဘုရင်အိုကြီးနှင့် သိမ်းငှက်ဘုရင်လေးတို့ နှစ်ယောက်စလုံးကို တစ်ချိန်တည်း အနိုင်ယူမည်
Vol. 108 Ch. 1500
ရီပုဟွေ စောစောလွတ်လာခဲ့ခြင်းမှာ ကျန်းရီကြောင့်ဖြစ်သည်။
ရီထူသည် ကျန်းရီက မိစ္ဆာချေဖျက်စစ်တပ်ထဲ ဝင်သွားသည်ဆိုသော သတင်းကို ရခဲ့ပြီး သူတို့၏ဆက်ဆံရေးကို ပိုဆိုးမသွားအောင်လုပ်လျှင် ကောင်းမည်ဟု တွေးခဲ့သည်။ သို့သော် သူ၏အဆင့်အတန်းအရ သူကိုယ်တိုင် လုပ်ဆောင်၍ မဖြစ်ပေ။ တတိယမျိုးဆက်မှ လူတစ်ယောက်ကိုသာ စေလွှတ်ရပေမည်။ ရီပုဟွေက ကျန်းရီကို ရီဖျောင်ဖျောင်ဆီ ခိုး၍ခေါ်သွားပေးခဲ့ဖူးသည် မဟုတ်လော။
ကျန်းရီနှင့် ရီပုဟွေတို့၏ ဆက်ဆံရေးက သိပ်မဆိုးလောက်ပေ။ ထို့ကြောင့် ရီထူသည် ရီပုဟွေကို မိစ္ဆာချေဖျက်စစ်တပ်သို့ စေလွှတ်၍ ကျန်းရီနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ခိုင်းနိုင်ဖို့ ခွင့်ပြုချက်ပေးရန် ဝိညာဉ်မျိုးနွယ်ကို တောင်းဆိုလိုက်သည်။ သူသည် ကျန်းရီနှင့် ဝိညာဉ်မျိုးနွယ်ကြားမှ ရန်ငြိုးများကို လျှော့ချလိုပေသည်။
ကျန်းရီ အဆိပ်ဝိညာဉ်ကိုခေါ်၍ ဧည့်ခန်းသို့ သွားလိုက်၏။ ရီပုဟွေက အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။ သူသည် အေးအေးလူလူဖြင့် လက်ဖက်ရည်သောက်နေပေသည်။ သူ၏လှုပ်ရှားမှုတိုင်းက ကြော့ရှင်းသည်။ သူက လုံးဝ ဟန်ဆောင်နေပုံ မပေါ်ချေ။ သူသည် ငယ်စဉ်ကတည်းက မျိုးနွယ်ကြီးတစ်ခုတွင် ပျိုးထောင်ခံခဲ့ရသူဖြစ်၍ သဘာဝကျသော ကြော့ရှင်းမှု ရှိနေပေသည်။
ရီပုဟွေသည် ကျန်းရီကို မြင်လိုက်သောအခါ ထရပ်၍ ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။ သူ၏ အပြုံးက လေပြေလေးတစ်ချက် တိုက်ခတ်သွားသကဲ့သို့ တစ်ဘက်လူကို အေးမြသွားစေသည်။ ထို့နောက် သူ အဆိပ်ဝိညာဉ်ကို ကြည့်ကာ ပြောလိုက်သည်။
“ရီဖန်... ခင်ဗျား နတ်ဘုရားဝိညာဉ်ထိုးချက်ကို သိမြင်နားလည်သွားတဲ့အတွက် ကျွန်တော် ဂုဏ်ပြုပါတယ်”
ရီပုဟွေသည် ရောက်ကတည်းက အဆိပ်ဝိညာဉ်နှင့် စကားပြောလိုက်ခဲ့၏။ သို့သော် အဆိပ်ဝိညာဉ်က သူ့ကို တစ်ချိန်လုံး လျစ်လျူရှုထားခဲ့သည်။ ယခုမှ သူ စကားပြောရန် အခွင့်အရေးရပေသည်။ သူသည် ထိုအခွင့်အရေးကို အသုံးချ၍ ချီးကျူးစကားဆိုကာ သူတို့ကြားတွင် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ရန် ကြိုးစားလိုက်သည်။
သို့သော် အဆိပ်ဝိညာဉ်က ရီပုဟွေ၏အကွက်ထဲ မဝင်ပေ။ သူ လက်ဆုပ်၍သာ ပြန်ပြောလိုက်သည်။
“သခင်လေးရီ... ကျွန်တော်က မျိုးနွယ်ထဲက ထုတ်ပယ်ခံခဲ့ရတဲ့သူပါ။ ကျွန်တော့်ကို ရီဖန်လို့ ခေါ်လို့ မသင့်တော်ပါဘူး။ အဆိပ်ဝိညာဉ်လို့ပဲ ခေါ်ပါ”
ရီပုဟွေက ပြုံး၍သာ နေလိုက်ပြီး အဆိပ်ဝိညာဉ်ကို အရေးမစိုက်တော့ပေ။ စကားပြောရန်လည်း သူ လက်လျှော့လိုက်ပေပြီ။ အဆိပ်ဝိညာဉ်က ကျန်းရီ၏ ဝိညာဉ်ကျွန် မဟုတ်ပါလော။
ရီပုဟွေ ကျန်းရီကို ပြန်ကြည့်၍ ပြောလိုက်၏။
“ကျန်းရီ... မင်းက ဒေါ်လေးရဲ့သားဆိုတာကို ငါမသိခဲ့ဘူး။ ငါ မင်းအပေါ် အပြစ်ပြုမိခဲ့ရင် ငါ့ကို ခွင့်လွှတ်ပေးပါ။ သွေးက ရေထက်ပျစ်တယ်ဆိုတဲ့ ဆိုရိုး ရှိတယ်မလား။ ငါတို့ရဲ့ ကိုယ်ထဲမှာ တူညီတဲ့သွေးတွေ စီးဆင်းနေတယ်။ အဲ့ဒါက ပြောင်းလဲလို့မရနိုင်တဲ့ အရာတစ်ခုပဲ။ ငါက အမြဲ ဒေါ်လေးကို လေးစားခဲ့တာ။ ငါငယ်ငယ်တုန်းက ဒေါ်လေးက ငါ့ကို ကစားဖို့ လျှောက်ပတ်ခေါ်သွားခဲ့တာကို မှတ်မိသေးတယ်...”
ကျန်းရီသည် ရီပုဟွေ၏ အစပိုင်းစကားများကို ကြားလိုက်သောအခါ မျက်နှာမည်းမှောင်သွားခဲ့၏။ သို့သော် နောက်ပိုင်းစကားများက သူ့မျက်နှာကို ပြန်၍လင်းလက်သွားစေခဲ့သည်။ သူတော်စင်အကျဉ်းထောင်၏ ဆယ့်ရှစ်ထပ်မြောက်တွင် ရီပုဟွေက ဝိညာဉ်ဘုရင်ကို ‘ဘိုးတော်ကြီး’ဟု ခေါ်ခဲ့သည်ကိုလည်း သူ ပြန်အမှတ်ရသွားသည်။ ထို့ကြောင့် သူ ရီပုဟွေအပေါ် အကောင်းမြင်လာပေသည်။ ကျန်အရာများကို ဘေးဖယ်ထားလျှင်ပင် ရီပုဟွေက ရီဖျောင်ဖျောင်ကို အမှန်တကယ် လေးစားသူ ဖြစ်ရပေမည်။ သူက သူမအတွက် မတရားသလို ခံစားနေရခြင်း ဖြစ်မည်။ ယင်းကပင် ကျန်းရီအတွက် သူ့ကို သဘောကျရန် လုံလောက်ပေပြီ။
ထို့ကြောင့် ကျန်းရီ လက်ဝှေ့ယမ်းကာ နွေးထွေးစွာ ပြန်ပြောလိုက်သည်။
“သခင်လေးရီ... ထိုင်ပါ”
ကျန်းရီ၏ မျက်နှာထားက နွေးထွေးလာကြောင်း မြင်လိုက်ရသောအခါ ရီပုဟွေ၏ အပြုံးကာ ပိုရွှင်ပြလာပေသည်။ သို့သော် သူ အတန်ငယ် စိတ်မကောင်းဖြစ်သွားဟန်ဖြင့် ပြောလိုက်သည်။
“ကျန်းရီ... အရင်တုန်းက ဒေါ်လေးက အထက်ဘုံရဲ့ အလှဆုံးအမျိုးသမီး ဖြစ်ခဲ့တာ။ သူ့ရဲ့စွမ်းရည်တွေကလည်း သူ့အသက်အရွယ်နဲ့ မလိုက်အောင် ပြောင်မြောက်ခဲ့တာ။ သူက ဝိညာဉ်မျိုးနွယ်ရဲ့ အလှဆုံး သူတော်စင်ဝိညာဉ်ပန်းလေးတစ်ပွင့် ဖြစ်ခဲ့တာပေါ့။ မင်းက သူ့ရဲ့သားအနေနဲ့ သူ့ကို အရှက်မရစေခဲ့ပါဘူး။ ဒေါ်လေးက မင်းအတွက် အရမ်းဂုဏ်ယူနေတယ်လို့ ခမည်းတော်က ပြောတယ်”
“အမေ...”
ကျန်းရီ နာကျင်စွာ မျက်လုံးများ မှိတ်လိုက်၏။ သူ့အတွေးထဲတွင် ရီဖျောင်ဖျောင်၏ ပုံရိပ်များ ပြည့်နှက်နေသည်။ ထိုပုံရိပ်များထဲတွင် သူတော်စင်အကျဉ်းထောင်တွင် တွေ့ခဲ့ရသော ခါးကိုင်းကိုင်းနှင့် ထိုင်နေသည့် ပုံရိပ်လည်း ပါဝင်ပေသည်။ ကျန်းရီ အကြိမ်များစွာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးမှ ပြောလိုက်သည်။
“သခင်လေးရီ... အဲ့အကြောင်းတွေမပြောဘဲ နေကြတာပေါ့။ သခင်လေး ဘာလို့ ကျွန်တော့်ကို လာရှာတာပါလဲ”
ကျန်းရီထံတွင် ရီဖျောင်ဖျောင်ကို ကယ်တင်နိုင်ရန် အစွမ်းအစ မရှိသေးပေ။ ထိုကိစ္စများကို ပြောနေခြင်းက သူ့ကို ရင်ပိုနာစေရုံသာ ရှိသည်။ ကျန်းရီသည် ထိုအကြောင်းများကို မတွေးလိုသဖြင့် စကားလမ်းကြောင်း ပြောင်းလိုက်ခြင်းဖြစ်သည်။
ရီပုဟွေသည်လည်း ကျန်းရီ၏စိတ်ကို နားလည်၏။ ထို့ကြောင့် ရီဖျောင်ဖျောင်အကြောင်းကို ဆက်မပြောတော့ဘဲ တည်သောမျက်နှာထားဖြင့် လာရင်းကိုသာ ပြောလိုက်သည်။
“ကျန်းရီ... မိစ္ဆာချေဖျက်စစ်တပ်က အခြေအနေကို ငါနားလည်တယ်။ မင်း ဒီအတိုင်းဆက်သွားလို့ မဖြစ်ဘူး။ မင်း သခင်လေးယိုကို အပြစ်ပြုလိုက်မိပြီဆိုတော့ မိစ္ဆာချေဖျက်စစ်တပ်မှာ ရပ်တည်နိုင်ဖို့ ခက်ခဲလိမ့်မယ်...”
“ပြီးတော့ မင်းက တခြား သခင်လေးတွေ၊ သခင်မလေးတွေ အကုန်လုံးနီးပါးနဲ့လည်း အဆင်မပြေဘူးမလား။ အဲ့ဒါက မင်းရဲ့တိုးတက်မှုကို အများကြီး နှောင့်နှေးစေလိမ့်မယ်။ အဲ့သခင်လေးတွေက ဘုံအသီးသီးမှာ ထိပ်တန်းအဆင့်တွေကို ရောက်ကြမဲ့သူတွေ။ မင်း အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာလို့ ဘုံတစ်ဘုံကို အုပ်စိုးနိုင်မယ်ဆိုရင်တောင် မင်းရဲ့ဘုံက အထက်ဘုံက တခြားဘုံတွေနဲ့ တသီးတခြား ဖြစ်နေမှာပဲ...”
ရီပုဟွေ၏ စကားများက မှန်၏။ သို့သော် ကျန်းရီ မည်သို့တတ်နိုင်မည်နည်း။ သူ ထိုသခင်လေးများကို မီးဖီးနစ်တပ်ထဲ ဝင်ခွင့်ပြု၍ တပ်ကို ရှုပ်ထွေးသွားအောင် လုပ်ရမည်လော။ ထိုသခင်လေးများက မိမိ၏ကိုယ်ပိုင်ဂုဏ်အတွက် တိုက်ခိုက်ကာ တပ်ကို ဇောက်ထိုးမိုးမျှော်ဖြစ်သွားအောင် လုပ်မည်ကို ခွင့်ပြုရမည်လော။ သို့ဆိုလျှင် သူတို့ မည်သို့ တိုက်ပွဲအမှတ်များ ရနိုင်တော့မည်နည်း။
တိုင်ပွဲအမှတ်များ မရှိလျှင် ကျန်းရီ လျင်မြန်စွာ တိုးတက်လာနိုင်မည် မဟုတ်ပေ။ သူ မတိုးတက်လာလျှင် ရီဖျောင်ဖျောင်ကို ကယ်တင်နိုင်မည် မဟုတ်သလို သိမ်းငှက်စိမ်းဘုရင်ကိုလည်း ဆယ်နှစ်အတွင်း အနိုင်ယူနိုင်မည် မဟုတ်ချေ။
ကျန်းရီ ခါးသက်သက်ပြုံးကာ ပြန်ပြောလိုက်သည်။
“ကျွန်တော်နဲ့ အဲ့သခင်လေးတွေကြားက ဆက်ဆံရေးက ဆိုးနေပါပြီ။ ကျွန်တော့်မှာ တခြားရွေးချယ်စရာလည်း မရှိပါဘူး”
“ရှိပါတယ်...”
ရီပုဟွေ၏ မျက်လုံးများ တောက်ပလာ၏။
“ငါ သခင်လေးယိုတို့နဲ့ ချိန်းထားပြီးပြီ။ ငါ ကြားက ဖျန်ဖြေပေးမယ်။ သူတို့ကို ကောင်းကောင်းဆက်ဆံပါ။ မင်းတို့အကုန်လုံး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးချင်စိတ်ရှိရင် ဒီရန်ငြိုးကို အလွယ်လေး ချေဖျက်ပစ်လို့ ရပါတယ်။ မင်းသာ နောက်တစ်လှမ်းဆုတ်လိုက်မယ်ဆိုရင် သူတို့ကို ငါ့မျက်နှာကိုထောက်ပြီး မင်းကို ခွင့်လွှတ်ပေးကြမှာပါ”
“ဟင့်အင်း...”
ကျန်းရီ ထိုကမ်းလှမ်းချက်ကို ပြတ်ပြတ်သားသား ငြင်းလိုက်၏။
“သခင်လေးရီ... ကျွန်တော်က သခင်လေးရဲ့မျက်နှာကို မထောက်တာ မဟုတ်ပါဘူး။ ကျွန်တော်က ဆုံးဖြတ်ပြီးသွားပြီဆိုရင် အဆုံးအထိ အဲ့ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်တတ်ပါတယ်။ အဲ့ဒါက ကျွန်တော့်ရဲ့ အကျင့်ပါပဲ။ သူတို့က ကျွန်တော့်ကို အထင်သေးတာ၊ အကောက်ကြံတာတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်မှာလည်း အခွင့်အရေးရှိရင် သူတို့ကို နည်းနည်းလောက် အခက်တွေ့သွားအောင် လုပ်မှာပါပဲ”
“...”
ယခုတွင် ရီပုဟွေ လုံးဝဆွံ့အနေပေပြီ။ ကျန်းရီ၏အကျင့်စရိုက်က အဘယ်ကြောင့် ရီဖျောင်ဖျောင်၏အကျင့်စရိုက်နှင့် တစ်ပုံစံတည်း တူညီနေရသနည်း။
ရီပုဟွေ တင်းမာသော မျက်နှာထားဖြင့် တီးတိုးပြောလိုက်သည်။
“ကျန်းရီ... မင်း အဲ့ကိစ္စကို သေချာတွေးပါ။ ငါ မင်းကို ဥပမာတစ်ခု ပေးမယ်။ မင်း ရှစ်ရှဲ့ဘုရင်ကို ကြားဖူးတယ်မလား။ သူက အထက်ဘုံရဲ့ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်ပဲ။ သူက အသက်နှစ်ဆယ်အရွယ်မှာတင် အုပ်ချုပ်သူအဆင့်ကို ရောက်နေပြီ။ သူ့ရဲ့ စွမ်းရည်တွေက သူနဲ့တန်းတူတွေထက် သာခဲ့တယ်။ ဒါပေမဲ့ သူက အရမ်းခေါင်းမာတယ်... တခြားသူတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမယ်ဆိုတာကိုလည်း မသိဘူး။ အဲ့ဒါကြောင့်လည်း သူက ဘုံအသေးလေးတစ်ခုကိုပဲ ရခဲ့တာပေါ့။ သူ ဘုံအကြီးတစ်ခုကို သိမ်းပိုက်ဖို့ ကြိုးစားတိုင်း ကျန်တဲ့ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေက အင်အားပူးပေါင်းပြီး သူ့ကို တိုက်ထုတ်ခဲ့ကြတယ်...”
“ကိစ္စကြီးတစ်ခုဖြစ်လို့ စွမ်းအားကြီး သိုင်းသမားတွေ အင်အားပူးပေါင်းကြပြီဆိုရင်လည်း သူက ကြိုဆိုမခံရဘူး။ တစ်ခါတလေဆို သူ ဖိတ်ခေါ်တောင် မခံရဘူး။ မင်းလည်း အခုအတိုင်း ဆက်သွားမယ်ဆိုရင် ရှစ်ရှဲ့ဘုရင်လို ဖြစ်လာလိမ့်မယ်။ ပြီးတော့ အဲ့သခင်လေးတွေက မင်းကို ပြိုလဲသွားအောင် အကွက်ဆင်နိုင်တယ်။ မင်း မင်းကိုယ်မင်းအတွက် မတွေးဘူးဆိုရင်တောင် မင်းရဲ့မိန်းမတွေ၊ မင်းရဲ့မိတ်ဆွေတွေနဲ့ မင်းရဲ့မျိုးနွယ်...”
“ဘာမှ ထပ်တွေးစရာ မလိုပါဘူး”
ကျန်းရီ၏ ခေါင်းမာပုံက ယခင်ကအတိုင်းပင် ရှိနေသေးသည်။ သူ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သခင်လေးက ကျွန်တော့်ကို သူတို့ဆီမှာ ဦးညွှတ်စေချင်တာလား။ အဲ့ဒါက မဖြစ်နိုင်ပါဘူး။ သခင်လေးရီ အိမ်ပြန်လိုက်ပါတော့။ ဒီကိစ္စအတွက် ထပ်ပြီးလေကုန်ခံနေစရာ မလိုတော့ပါဘူး”
ကျန်းရီ ထိုသို့ ပြတ်သားနေရခြင်းတွင် အကြောင်းနှစ်ခုရှိသည်။ ပထမအကြောင်းမှာ ယင်းက သူ၏အကျင့်စရိုက် ဖြစ်နေ၍ပင်။ ဒုတိယအကြောင်းမှာ သူ့တွင် အထက်ဘုံ၌ အခြေချရန် အစီအစဉ်မရှိခြင်းကြောင့်ဖြစ်သည်။ သူသည် ရီဖျောင်ဖျောင်နှင့် ကျန်းရှောင်နူတို့ နှစ်ယောက်စလုံးကို ကယ်ပြီးသည်နှင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ပြန်မည်ဖြစ်သည်။ ထိုအာဏာပြိုင်ပွဲများကို သူ အရေးမစိုက်ပေ။ ထို့ပြင် ၎င်းကိစ္စများက သူ့ကို အလွန်ပင်စိတ်ပျက်စေပေသေးသည်။
“ဟူး...”
ရီပုဟွေ သက်ပြင်းရှည်ကြီးတစ်ချက် ချကာ ထရပ်၍ လက်ဆုပ်လိုက်၏။
“အဲ့ဒါဆိုလည်း ကောင်းပါပြီ။ ငါ ပြန်တော့မယ်။ တကယ်လို့ နောက်ကျ မင်း ပြဿနာတွေကြုံရင် ငါ့ကို အချိန်မရွေး လာရှာနိုင်တယ်။ ငါ တတ်နိုင်ရင် အကောင်းဆုံး ကူညီပေးမှာပါ...”
“အို့... ဟုတ်သား...”
ရီပုဟွေသည် တံခါးဝသို့ ရောက်သောအခါ တစ်စုံတစ်ခုကို အမှတ်ရ၏။ သူ လေးနက်သော မျက်နှာထားဖြင့် အနောက်ပြန်လှည့်လိုက်ပြီး အကြံပေးလိုက်သည်။
“မင်း... ချီချင်ချန်ကို ပိုးပန်းဖို့ မတွေးတာ ကောင်းလိမ့်မယ်။ သိမ်းငှက်ဘုရင်လေးရဲ့ အကျင့်စရိုက်ကို မင်းလည်း ကောင်းကောင်းသိတာပဲ။ ငါတောင် လက်လျှော့လိုက်ပြီ။ မင်း ရူးမိုက်တဲ့ကိစ္စတွေ မလုပ်ဖို့ ငါ မျှော်လင့်ပါတယ်။ မင်း အဲ့လိုမိန်းမတစ်ယောက်ကို မသိမ်းသွင်းနိုင်ဘူး”
“ဟားဟားဟား....”
ကျန်းရီ ထရပ်ကာ ရယ်လိုက်၏။
“ကျွန်တော်က သိမ်းငှက်ဘုရင်အိုကြီးကိုတောင် မကြောက်တာ သိမ်းငှက်ဘုရင်လေးကို ဘာလို့ ကြောက်ရမှာလဲ။ ကျွန်တော် အင်အားကြီးလာတာနဲ့ သိမ်းငှက်ဘုရင်အိုကြီးကိုရော သိမ်းငှက်ဘုရင်လေးကိုပါ တစ်ချိန်တည်း အနိုင်ယူပစ်မယ်”
“...”
ရီပုဟွေ သူ့နဖူးသူရိုက်ကာ မည်သို့မှ ထပ်မပြောတော့ဘဲ ထွက်သွားလေသည်။ ကျန်းရီကို မည်သို့ကိုင်တွယ်ရမည်ဖြစ်ကြောင်း သူ မသိတော့ပေ။ ဤတစ်ကြိမ် မိစ္ဆာချေဖျက်စစ်တပ်သို့ လာခဲ့ရခြင်းကလည်း မည်သို့မှ အကျိုးမရှိဟု သူ ခံစားနေရသည်။ အကျိုးမရှိသည်အပြင် အခြေအနေများက ပိုဆိုးသွားသလိုပင်။ ကျန်းရီကဲ့သို့သော လူတစ်ယောက်နှင့် အဆင်ပြေရန်မှာ မလွယ်လှပေ။ သူတို့နှစ်ယောက်၏ ကြီးပြင်းခဲ့ရသည့်ပုံစံများက မတူသဖြင့် သူတို့၏အတွေးများကလည်း မတူကြပေ။ သို့ဖြစ်ရာ သူတို့ မည်သို့ အဆင်ပြေနိုင်ပါမည်နည်း။
“ချီချင်ချန်...”
ကျန်းရီသည် ချီချင်ချန်ကို ချဉ်းကပ်ရန် စိတ်ကူးမရှိပေ။ ဆိုရလျှင် သူ အထက်ဘုံသို့ ရောက်ကတည်းက မိန်းမများအကြောင်းကို လုံးဝမတွေးခဲ့ချေ။ သူ ဤသို့တက်လှမ်းလာခဲ့ခြင်းမှာ မိန်းမပွေရှုပ်ရန် မဟုတ်ပေ။ လုပ်စရာရှိသည့်ကိစ္စများကို ပြီးမြောက်အောင်လုပ်ရန်သာဖြစ်သည်။ ချီချင်ချန်က အလွန်လှပသော မိန်းမတစ်ယောက်ဖြစ်ရာ သူ သူမကို အမှန်ပင် မရနိုင်လောက်ပါပေ။
‘အထက်ဘုံက ဘယ်သူကရော သူနဲ့ ထိုက်တန်လို့လဲ’
ကျန်းရီသည် ချီချင်ချန်၏ အဆင့်အတန်း၊ ရုပ်ရည်နှင့် ကျင့်ကြံခြင်းအဆင်တို့ကို တွေးလိုက်၏။ သူ့စိတ်ထဲတွင် မေးခွန်းများနှင့် ပြည့်နှက်သွားသည်။ ချီချင်ချန်နှင့် လိုက်ဖက်သူက သိမ်းငှက်ဘုရင်လေးသာ ရှိသည်ဟု သူ တွေးမိသည်။ သို့သော် ချီချင်ချန်က သိမ်းငှက်ဘုရင်လေးကို အနည်းငယ်ပင် သဘောမကျသည့်ပုံပင်။ သူမက တစ်သက်လုံး တစ်ယောက်တည်းနေရရန် ကံကြမ္မာပါလာသူပေလော။
***