← Chapters

ကျန့်ရှမျိုးနွယ်

Vol. 108 Ch. 1501

ကျန့်ရှမျိုးနွယ်

Vol. 108 Ch. 1501

တိလင်အာ၏ လျှို့ဝှက်ကျမ်းက လွန်ခဲ့သော နာရီအနည်းလောက်က ရောက်လာခဲ့၏။ ကျမ်းက တစ်ကျမ်းတည်းမဟုတ်ဘဲ သုံးကျမ်းဖြစ်သည်။

ဤလောကထဲတွင် အမှန်ပင် တရားမျှတမှု မရှိပါပေ။ အင်အားအလုံအလောက်ရှိလျှင် မိမိအတွက်နှင့် မိမိအမျိုးအနွယ်အတွက် အကျိုးအမြတ်ရှာကြသူချည်းသာ။ တိမင်က တိရှဘုံ၏ ပင်မမိစ္ဆာသတ်ဖြတ်စံအိမ်မှ စံအိမ်အရှင်ဖြစ်သည်။ သူ့လက်ထဲတွင် အာဏာများစွာ ရှိသည်။ သူ့တွင် အရင်းအမြစ်များစွာလည်း ရှိပေသည်။ သူ တစ်ခွန်းပြောလိုက်သည်နှင့် လျှို့ဝှက်ကျမ်းများစွာကို ချက်ချင်း ရနိုင်လေသည်။

လျှို့ဝှက်ကျမ်း သုံးကျမ်းထဲတွင် တစ်ကျမ်းမှာ နတ်ဘုရားအသံစည်းမျဉ်းများကို မည်သို့ကျင့်ကြံရမည်ဆိုသော နည်းလမ်းများကို ရေးထားသည်။ ထိုကျမ်းသည် နတ်ဘုရားအသံစည်းမျဉ်းများအတွက် လိုအပ်သော အခြေခံဗဟုသုတများ၊ ကျင့်စဉ်များနှင့် စည်းမျဉ်းများကို အသုံးချပုံများကို အသေးစိတ် ရေးသားထားသည်။ ၎င်းက စွယ်စုံကျမ်းတစ်ကျမ်းကဲ့သို့ပင်။ ထိုကျမ်းက ကျန်းရီကို နတ်ဘုရားအသံစည်းမျဉ်းများအပေါ် ပို၍အတွင်းကျကျ နားလည်သွားစေ၏။

ဒုတိယကျမ်းမှာ နတ်ဘုရားအသံစည်းမျဉ်းများနှင့် လိုက်ဖက်သည့် အတတ်များအကြောင်းဖြစ်သည်။ ကျန်းရီသည် ထိုကျမ်းကို ဟိုတစ်ရွက်ဒီတစ်ရွက် ဖတ်ပြီးနောက် ၎င်းက အလွန်ဆန်းကြယ်ဟည်ဟု တွေးလိုက်၏။ သူသာ ထိုအတတ်အားလုံးကို သိမြင်နားလည်သွားလျှင် သူ၏စွမ်းအားက သိသိသာသာ တိုးတက်လာပေလိမ့်မည်။

တတိယကျမ်းမှာမူ ကျမ်းသုံးကျမ်းထဲမှ အရေးအကြီးဆုံးကျမ်းဖြစ်သည်။ ထိုကျမ်းထဲတွင် နတ်ဘုရားအသံကို ထိန်းချုပ်သည့်အတတ် ပါဝင်ပေသည်။ ကျန်းရီသည် ကျမ်းစာအုပ်ကို လှန်လှောကြည့်ပြီးနောက် မျက်လုံးများ အဆတစ်ထောင်ပို၍ တောက်ပသွား၏။ သူသာ ထိုအတတ်ကို တတ်သွားလျှင် ဘေးမှလူများကို မထိခိုက်စေဘဲ သူကြိုက်ရာလူကိုသာ တိုက်ခိုက်နိုင်ပြီဖြစ်သည်။

“ကျေးဇူးတင်ပါတယ် သခင်မလေးလင်အာ။ ကျွန်တော် အခန်းအောင်း ကျင့်ကြံလိုက်ဦးမယ်လို့ ချီရွယ်ကို ပြောပေးပါ။ တကယ်လို့ ပြဿနာတစ်ခုခု တက်လာရင် ကျွန်တော့်ကိုယ်စား သူတို့ပဲ ဖြေရှင်းပေးပါလို့လည်း ပြောလိုက်ပါ”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။ သူသည် လျှို့ဝှက်ကျမ်းသုံးကျမ်းကိုကိုင်၍ သူ့အခန်းသို့ပြန်ကာ အခန်းအကာအရံများကို နှိုးလိုက်သည်။ ထို့နောက် မည်သည်ကိုမှ အရေးမစိုက်တော့ဘဲ ကျမ်းများကိုသာ အပြည့်အဝစိတ်နှစ်၍ လေ့လာလိုက်လေသည်။ ထိုကျမ်းများထဲမှ အတတ်များက တမလွန်ဘုံမိစ္ဆာများအပေါ် သက်ရောက်နိုင်မည်၊ မနိုင်မည် မသေချာသော်လည်း သူသာ ၎င်းတို့ကို တတ်မြောက်သွားလျှင် သေချာပေါက် တိုက်ခိုက်စွမ်းအား တိုးတက်သွားမည်ဖြစ်သည်။ ဤလောကထဲတွင် သူတိုက်ခိုက်ရမည်မှာ တမလွန်ဘုံမိစ္ဆာများသာ မဟုတ်ပေ။ အခြားလူသားများကိုလည်း တိုက်ခိုက်ရဦးမည်ဖြစ်သည်။

တမလွန်ဘုံမိစ္ဆာများက တမလွန်ဘုံအရှိန်အဝါမှ မွေးဖွားလာကြခြင်းပင်။ ၎င်းတို့တွင် မည်သည့်အလိုဆန္ဒ၊ မည်သည့်ခံစားချက်မှ မရှိပေ။ ဥပမာအားဖြင့် ၎င်းတို့က မိတ်လိုက်ကာ သားပေါက်ခြင်းမျိုး မလုပ်ကြချေ။ လူသားများကဲ့သို့လည်း ခံစားချက်မှား မရှိကြပေ။ ထို့ကြောင့် နတ်ဘုရားအသံ ကောင်းကင်အတတ်က တမလွန်ဘုံမိစ္ဆာများ၏ စိတ်ဝိညာဉ်အပေါ် သက်ရောက်ချင်မှ သက်ရောက်နိုင်မည်ဖြစ်သည်။ နတ်ဘုရားအသံစည်းမျဉ်းဆန်းကြယ်စွမ်းရည်များက အလွန်ထူးခြားသည်။ ၎င်းတို့က လူသားများ၏ နှလုံးသားကို ပစ်မှတ်ထားကာ ခံစားချက်များကို နှောင့်ယှက်၍ သူတို့၏ပြုမူပုံများကို ထိန်းချုပ်ခြင်းဖြစ်သည်။ ပစ်မှတ်က ထိန်းချုပ်ခံထားရပြီဆိုလျှင် ပစ်မှတ်ကိုသတ်ဖြတ်ရန် အလွန်လွယ်ကူသွားမည်ဖြစ်သည်။

တမလွန်ဘုံမိစ္ဆာများတွင် မည်သည့်ခံစားချက်မှ မရှိသော်လည်း ဒေါသထွက်နိုင်၊ သွေးဆာနိုင်ကြသေးသည်။ ထို့ကြောင့် နတ်ဘုရားအသံ ကောင်းကင်အတတ်က ၎င်းတို့အပေါ် သက်တော့သက်ရောက်နိုင်လောက်သည်။ တစ်ခုတည်းသော မေးခွန်းမှာ မည်မျှသက်ရောက်နိုင်မည်နည်းဆိုသော မေးခွန်းပင်။

ကျန်းရီသည် ပထမလျှို့ဝှက်ကျမ်းကို ဖတ်ပြီးနောက် နတ်ဘုရားအသံစည်းမျဉ်းများအကြောင်းကို အ‌တော်လေးသိသွားသည်။ သူ စိတ်လည်းတက်ကြွလာသည်။ သူ့တွင် မျှော်လင့်ချက်တစ်ခု ရှိနေသေးလျှင်ပင် သူ အကောင်းဆုံးကြိုးစားရမည်ဖြစ်သည်။ သူသာ ကျမ်းစာပါ အတတ်များကို သိမြင်နားလည်နိုင်လျှင် အကျိုးအမြတ်များစွာ ရပေလိမ့်မည်။ သူ၏တိုက်ခိုက်စွမ်းအားကလည်း ဆတိုး တိုးတက်သွားမည်ဖြစ်သည်။

ကျန်းရီသည် ဒုတိယကျမ်းစာအုပ်ကို ကျော်၍ တတိယကျမ်းစာအုပ်ကို အရင်ဆက်ဖတ်လိုက်၏။ အသံကို မိမိသွားစေလိုသော နေရာသို့သာ သွားအောင် မည်သို့ ထိန်းချုပ်ရမည်ကို သူ သိလိုပေသည်။ နောက်ပိုင်း တမလွန်ဘုံမိစ္ဆာများနှင့် တိုက်ခိုက်ရလျှင် သူ ၎င်းအတတ်ကို စမ်းသပ်ကာ ပြီးပြည့်စုံအောင် လုပ်နိုင်ပေသည်။

ကျန်းရီသည် အခန်းအောင်း ကျင့်ကြံတိုင်း အပြင်တွင် ဖြစ်ပျက်နေသည်များကို လုံးဝ အရေးမစိုက်ခဲ့ပေ။ မိုးပြိုကျမည်ဆိုလျှင်ပင် သူ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

အချိန်က အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၏။ ကျန်းရီသည် အသံထိန်းချုပ်အတတ်ကို လေ့လာနေဆဲပင်။ ထိုစဉ် အခန်းပတ်ပတ်လည်မှ အကာအရံများက လင်းလက်လာ၏။ ကျန်းရီ ‌ကောင်းကင်စိတ်အာရုံဖြင့် အာရုံခံကြည့်လိုက်ပြီးနောက် တံခါးဖွင့်ပေးကာ အဆိပ်ဝိညာဉ်ကို ဝင်လာစေလိုက်သည်။ အဆိပ်ဝိညာဉ်သည် အခန်းထဲရောက်သောအခါ လေသံတိုးတိုးဖြင့် တင်ပြ၏။

“အရှင်ငယ်... ကျွန်တော်တို့ နောက်ထပ်တာဝန်တစ်ခုအတွက် ထွက်ခွာပါတော့မယ်”

“မြန်လှပါလား”

ကျန်းရီသည် အချိန်အနည်းငယ်သာ ကုန်သေးသည်ဟု ခံစားနေရခြင်းပင်။ အဆိပ်ဝိညာဉ်က ပြုံး၍ ပြန်ပြောလိုက်၏။

“အထက်ဘုံအချိန် တစ်ရက် ကုန်သွားပါပြီ”

“ဪ...”

ကျန်းရီသည် အထက်ဘုံအချိန်နှင့် အသားကျလာပြီဖြစ်သည်။ ယခင်တွင် တစ်ရက်က ကုန်ခဲလွန်းသည်ဟု သူ ခံစားခဲ့ရသည်။ ယခုတွင် သူ ရက်အနည်းငယ် အခန်းအောင်း ကျင့်ကြံလျှင်ပင် အချိန်ကုန်မြန်လွန်းသည်ဟု ခံစားလာရပြီဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်လာသောအခါ သူ၏သက်တမ်းကလည်း တိုးလာခြင်းကြောင့် အချိန်ကုန်မြန်လွန်းသည်ဟု ထင်လာရခြင်း ဖြစ်နိုင်ပေသည်။

ကျင့်ကြံခြင်းအဆင့် မြင့်လေလေ၊ သက်တမ်းတိုးလေလေ ဖြစ်သည်။ သာမန်နတ်ဘုရားတစ်ပါးက အထက်ဘုံအချိန် နှစ်တစ်ရာလောက် အေးအေးဆေးဆေး နေနိုင်ပေသည်။ အထက်ဘုံတွင် အသက်နှစ်ဆယ်အောက်လူများနှင့် လက်မထပ်ရသေးသောလူများကို လူငယ်အဖြစ် သတ်မှတ်ကြသည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် ကျင့်ကြံခြင်းအဆင့် မြင်နေသူများသည် အသက်ကြီးလာရန် ပို၍ခက်ခဲသွားသည်။ ထို့ကြောင့်လည်း ဤမှ အသက်ရာချီနေသော စွမ်းအားကြီး သိုင်းသမားများက အသက်လတ်ပိုင်းအရွယ်လောက်ပင် ထင်ရခြင်းဖြစ်သည်။

ကျန်းရီသည် အသံထိန်းချုပ်အတတ်၏ ပထမအဆင့်ကို နားလည်စပြုနေပြီဖြစ်သည်။ သို့သော် သူ အသံကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။ သို့သော် ယခုတွင် တာဝန်အတွက် ထွက်ခွာရ‌တော့မည်ဖြစ်သည်။ ထို့ကြောင့် သူ ထရပ်ကာ အဆိပ်ဝိညာဉ်နှင့်အတူ အပြင်ထွက်သွားလိုက်သည်။

အပြင်ဘက် ရင်ပြင်ထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခု ဘေးတွင် မီးဖီးနစ်တပ်က စုဝေးပြီးနေပေပြီ။ သူတို့အားလုံးက ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ကို စောင့်နေကြခြင်းပင်။ တိလင်အာ ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ချီချင်ချန်ကတော့ ပေါ်မလာသေးပေ။ သို့သော် ကျန်းရီ ရောက်လာသည်နှင့် အရှေ့ဘက်ရှိ ရဲတိုက်တစ်ခုထဲမှနေ၍ အဖြူရောင်အရိပ်တစ်ခု ပျံထွက်လာပေသည်။ အဖြူရောင်အရိပ်မှာ ချီချင်ချန်ပင်။ သူမသည် တည်နေရာပြောင်းရွှေ့အစီအရင်သို့ ရောက်သည်နှင့် လက်ဝှေ့ယမ်းကာ အော်ပြောလိုက်သည်။

“သွားကြစို့...”

ချီချင်ချန်သည် တစ်ချိန်လုံး ရဲတိုက်ထဲတွင်သာ နေခဲ့သည်။ မည်သည့်စုဝေးပွဲ၊ မည်သည့်စားသောက်ပွဲကိုမှ မတက်ခဲ့သလို မည်သည့်ပွဲမှလည်း မကျင်းပခဲ့ချေ။ သူမသည် တာဝန်ထမ်းဆောင်ရမည့်အချိန်မှ ရဲတိုက်ထဲက ထွက်ပေသည်။ သူမဘေးတွင် ယင်ကောင်များစွာ ရှိနေသဖြင့် သူမ စိတ်ရှုပ်နေခြင်း ဖြစ်မည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ ထို့ကြောင့် သူမက ရဲတိုက်ထဲတွင် ပုန်းနေခြင်းဖြစ်နိုင်ပေသည်။ သူမ မိစ္ဆာချေဖျက်စစ်တပ်သို့ လာခဲ့ခြင်းမှာ တိုက်ပွဲအတွေ့အကြုံရရန်ဖြစ်သည်။ သခင်လေးများနှင့် ပရောပရီလုပ်ရန် မဟုတ်ပေ။

တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာသောအခါ အနောက်ဘက်မှ အင်အားနှစ်သောင်းရှိသော တပ်တစ်ခု လှုပ်ရှားလာ၏။ သူတို့သည် ရင်ပြင်သို့ လျင်မြန်စွာ လာနေကြပေသည်။

ရင်ပြင်ထဲတွင် ရုတ်ခြည်း လူရှုပ်သွား၏။ ယိုထျန်းနီကလည်း တာဝန်သွားထမ်းဆောင်ရန် သူ့တပ်ကို ဦးဆောင်လာခြင်းပင်။ ထိုတပ်ထဲတွင် သခင်လေးများစွာပါသည်။ သခင်လေးတိုင်းက သူတို့မျိုးနွယ်များမှ စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်လာကြသည်။ ထိုလူနှစ်‌သောင်းထဲတွင် အနည်းဆုံး ဘွဲ့ထူးရစစ်နတ်ဘုရား သုံးဆယ်ကျော် လေးဆယ်နှင့် စစ်နတ်ဘုရား လေးရာကျော် ငါးရာ ပါပေသည်။ ယိုထျန်းနီက အင်အားကုန်ထုတ်လာပုံပင်။

ယိုထျန်းနီတို့သည် မီးဖီးနစ်တပ် တည်နေရာပြောင်းရွှေ့သွားသော အစီအရင်စီသို့ သွားလိုက်၏။ သူတို့ကလည်း တစ်နေရာတည်းသို့ သွားမည်ဖြစ်ကြောင်း သိသာသည်။ တိုက်တိုက်ဆိုင်ဆိုင် သူတို့သွားမည့်အချိန်ကလည်း တူညီနေသည်။ သို့ဖြစ်၍ အရူးများပင် မည်သည့်ကိစ္စဖြစ်နေကြောင်း ပြောနိုင်ပေသည်။ လူများသည် ယိုထျန်းနီ၏ အကောက်ကြံတတ်သော အကျင့်ကို တွေးမိကာ ချီချင်ချန်နှင့် ကျန်းရီတို့အတွက် စိုးရိမ်သွားကြလေသည်။

ယိုထျန်းနီက မိစ္ဆာချေဖျက်စစ်တပ်၏ စစ်စည်းမျဉ်းများကို ကောင်းစွာသိထားသည်။ ထို့ကြောင့် သူ၏ အကွက်ဆင်မှုတိုင်းက စည်းအတွင်း၊ ဘောင်အတွင်းမှ ဖြစ်သည်။ သို့ဖြစ်၍လည်း လူများက သူ့ကို တိုင်ကြား၍ မရခြင်းပင်။ သူ၏ ဗျူဟာများက အလွန်ပြောင်‌မြောက်သဖြင့် လူများသည် နောက်ဆုံးတွင် သူ့ကို ဦးညွှတ်လိုက်ကြရသည်သာ။ အဆိပ်ဝိညာဉ်၏ ထိုးချက်က အလွန်စွမ်းအားကြီးသည်။ ၎င်းက ယိုထျန်းနီ၏ ဂုဏ်သတင်းကို လုံးဝဖျက်ဆီးပစ်လိုက်သည်။ ယိုထျန်းနီသည် ပြန်လက်စားမချေနိုင်သေးသ၍ အိပ်ပျော်လိမ့်မည် မဟုတ်ပါချေ။

***

ရွှီး...

ကျန်းရီတို့သည် ယိုထျန်းနီက အင်အားနှစ်သောင်းပါသော တပ်ကြီးကို ဦးဆောင်၍ သူတို့နောက် လိုက်လာကြောင်းကို မသိကြပေ။ သူတို့က သာယာလှပသော ဆန်းကြယ်နယ်မြေတစ်ခုသို့ တည်နေရာပြောင်းရွှေ့ခဲ့ကြခြင်းပင်။ ထိုနယ်မြေထဲမှ မိုးမြေဝိညာဉ်စွမ်းအင်က သိပ်သည်းပေသည်။ ထို့ကြောင့် အားလုံး စိတ်လန်းဆန်းသွားကြသည်။

ကျန်းရီသည် ခေါင်းမူးပျောက်သွားသည်အထိ စောင့်ပြီးမှ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်၏။ အနီးတွင် စင်မြင့်တစ်ခု ရှိနေသည်။ ထိုစင်မြင့်တွင် အစောင့်အကြပ်သုံးယောက်ရှိသော်လည်း မည်သည့်စစ်တပ်မှတော့ အခြေချမနေပေ။ ထိုအရာများကို တွေ့သောအခါ သူ စိတ်ဝင်တစားဖြင့် ချီရွယ်ထံ အသံပို့လွှတ်လိုက်သည်။

“ကျွန်တော်တို့က ဘယ်မှာလဲ။ ဘာလို့ ဒီမှာ ဘာတပ်သားမှာ ရှိမနေတာလဲ”

ချီရွယ်က အသံပြန်ပို့လွှတ်၍ ရှင်းပြ၏။

“ဒါက အထက်ဘုံရဲ့ ကြောက်စရာအကောင်းဆုံး ဆန်းကြယ်နယ်မြေဆယ်ခုထဲက တစ်ခုပဲ။ ဒီမှာ တပ်သားတစ်သန်းကို အထိုင်ချထားမယ်ဆိုရင်တောင် တစ်လအတွင်းမှာတင် အဲ့တစ်သန်းလုံး သေသွားလိမ့်မယ်”

“အာ...”

ကျန်းရီ ပတ်ဝန်းကျင်မှ တောင်ကုန်းများနှင့် ကြည်လင်သော စမ်းချောင်းလေးများကို ကြည့်၍ သူကြားလိုက်ရသော စကားကို မယုံနိုင် ဖြစ်သွားသည်။ သူ ချက်ချင်း အသံထပ်ပို့လွှတ်ကာ မေးခွန်းများ မေးလိုက်၏။ ချီချင်ချန်က အားလုံးကို မြောက်ဘက်သို့ ဦးတည်ရန် အမိန့်ပေးထားပြီဖြစ်သည်။ ချီဖေးကလည်း သူ၏အဖွဲ့ကို ဦးဆောင်၍ လမ်းကြောင်းကို ထောက်လှမ်းနေပေပြီ။

ခရီးတစ်လျှောက်တွင် ချီရွယ်က ကျန်းရီကို အရာအားလုံး ရှင်းပြလိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက် ကျန်းရီသည် အဘယ်ကြောင့် ဤဆန်းကြယ်နယ်မြေက အလွန်ကြောက်မက်ဖွယ်ကောင်းရကြောင်း နားလည်သွားပေသည်။

ဤဆန်းကြယ်နယ်မြေကို ကျန့်ရှဆန်းကြယ်နယ်မြေဟု ခေါ်သည်။ ဤနယ်မြေထဲတွင် ကျန့်ရှမျိုးနွယ်ဝင်များ မရေမတွက်နိုင်အောင် ရှိသည်။ ထိုကျန့်ရှမျိုးနွယ်မှာ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် သွားလာနိုင်သော ဆန်းကြယ်သည့်မိစ္ဆာမျိုးနွယ်တစ်ခု ဖြစ်သည်။ မည်သူကမှ သူတို့ကို သတ်နိုင်လောက်သည်အထိ မမြန်ပေ။ ကျန့်ရှမျိုးနွယ်တွင် ဝိညာဉ်မရှိချေ။ ၎င်းတို့က မိုးမြေမှ မွေးဖွားလာသော ဆန်းကြယ်သည့် သက်ရှိများ ဖြစ်ကြသည်။ ၎င်းတို့သည် ကျန့်ရှဆန်းကြယ်နယ်မြေထဲ ဝင်လာသော ပြင်ပသက်ရှိမှန်သမျှကို တိုက်ခိုက်ကြသည်။ ထိုအထဲတွင် တမလွန်ဘုံမိစ္ဆာများလည်း ပါဝင်ပေသည်။

ဤဆန်းကြယ်နယ်မြေတွင် အလွန်ခက်ခဲသော ပြဿနာတစ်ခု ရှိနေပေသည်။ တမလွန်ဘုံမိစ္ဆာများထဲတွင် ဝိညာဉ်သာရှိ၍ ရုပ်ခန္ဓာမရှိသော မိစ္ဆာများစွာ ရှိသည်။ ကျန့်ရှမျိုးနွယ်ဝင်များက ရုပ်ခန္ဓာများကိုသာ တိုက်ခိုက်ခြင်းဖြစ်ရာ တမလွန်ဘုံသည် ဤဆန်းကြယ်နယ်မြေထဲသို့ ဝိညာဉ်သာရှိ၍ ရုပ်ခန္ဓာမရှိသော တမလွန်ဘုံမိစ္ဆာများကို စေလွှတ်ခဲ့ပေသည်။ ထို့ကြောင့် မကြာခဏဆိုသလို မိစ္ဆာချေဖျက်စစ်တပ်က ဤသို့လာ၍ ထိုတမလွန်ဘုံမိစ္ဆာများကို ရှင်းပစ်နေရသည်။

ဤတစ်ခေါက် တာဝန်ကို အခြားတပ်များက ငြင်းခဲ့သည်။ ဤနေရာက အလွန်အန္တရာယ်များပေသည်။ တပ်များသည် ဤဆန်းကြယ်နယ်မြေသို့ မလာလိုကြပေ။ အဘယ်ကြောင့်ဆိုသော ဤသို့လာတိုင်း သူတို့၏ တပ်သားများစွာကို ဆုံးရှုံးရသောကြောင့်ပင်။

ဤတာဝန်တွင် ကောင်းကွက်တစ်ခုတော့ရှိသည်။ ယင်းမှာ တိုက်ပွဲအမှတ်များစွာ ရခြင်းပင်။ တမလွန်ဘုံမှ ဝိညာဉ်မိစ္ဆာတစ်သိန်းကို ရှင်းပစ်နိုင်လျှင် တိုက်ပွဲအမှတ်နှစ်သန်း ရမည်ဖြစ်သည်။ ကျန့်ရှမျိုးနွယ်ဝင်များစွာနှင့် မတွေ့သေးသ၍ တာဝန်က အတော်လေး လွယ်ကူပေလိမ့်မည်။

ရွှီး...ရွှီး...ရွှီး...

မီးဖီးနစ်တပ်က မြောက်ဘက်သို့ ထွက်ခွာသွားပြီးနောက် မကြာခင်တွင် တည်နေရာပြောင်းရွှေ့အစီအရင်က ထပ်မံ၍ အဆက်မပြတ် လင်းလက်လာ၏။ ယိုထျန်းနီက သူ့တပ်ကို ဦးဆောင်၍ မီးဖီးနစ်တပ်နောက်သို့ လိုက်လာပေပြီ။ သူသည် ဆန်းကြယ်နယ်မြေထဲ ရောက်သည်နှင့် တောင်ဘက်ကိုကြည့်ကာ ရှင်းပြ၍မရနိုင်သော အပြုံး ပြုံးလိုက်၏။ သူ၏နဖူးပြောင်ပေါ်မှ ဆေးမင်ကြောင်ကလည်း အနီရောင်အလင်း လင်းလက်လာရာ သူ့ပုံစံက အတော်လေး ကြောက်မက်ဖွယ်ကောင်းနေပေသည်။

***

All Chapters