← Chapters

အပြောင်ရှင်း လေမုန်တိုင်း

Vol. 108 Ch. 1502

အပြောင်ရှင်း လေမုန်တိုင်း

Vol. 108 Ch. 1502

“စစ်သူကြီး... ကျွန်တော်တို့အရှေ့ ကီလိုမီတာနှစ်ရာ့ငါးဆယ်အကွာမှာ ကျန့်ရှမျိုးနွယ်ဝင်တွေ ရှိနေပါတယ်။ သူတို့ အရေအတွက် ဘယ်လောက်ရှိလဲကိုတော့ အတိအကျ မသိရပါဘူး”

နှစ်နာရီကျော် ပျံသန်းပြီးနောက် ချီဖေးက ရုတ်တရက် နောက်ပြန်လှည့်လာကာ တင်ပြလိုက်၏။ အဆိပ်ဝိညာဉ်၏ မျက်နှာပေါ်တွင် လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ ကျန်းရီလည်း ဆွံ့အသွားသည်။ ထိုထောက်လှမ်းရေး၏အဆင့်က အလွန်နိမ့်ပေသည်။ သူက ကီလိုမီတာနှစ်ရာ့ငါးဆယ်အကွာကို ရောက်မှာ ကျန့်ရှမျိုးနွယ်ဝင်များကို ထောက်လှမ်းမိခဲ့၏။ ထို့ပြင် ကျန့်ရှမျိုးနွယ်ဝင် မည်မျှရှိနေကြောင်းကို မထောက်လှမ်းနိုင်ခဲ့ချေ။

“ကောင်းကင်လှည့်ပတ်ပုံစံခင်း... တိုက်ခိုက်ဖို့ အသင့်ပြင်ထားကြ”

ချီချင်ချန်က အေးစက်စက်လေသံဖြင့် အော်ပြောလိုက်၏။ ကျန့်ရှမျိုးနွယ်ဝင်များက အရှေ့ ကီလိုမီတာနှစ်ရာ့ငါးဆယ်အကွာတွင် ရှိနေလျှင် သူမတို့ ကွေ့ပတ်သွားရန် မဖြစ်နိုင်တော့ပေ။ ၎င်းတို့က အရေအတွက် မည်မျှရှိကြောင်းကို ရှင်းရှင်းလင်းလင်း မသိရခြင်းမှာ အနည်းဆုံး ထောင်ကျော်ရှိနေသည်ဆိုသော အဓိပ္ပာယ်ပင်။ ၎င်းတို့ကို ကွေ့ပတ်သွားမည်ထက် ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းက ပိုကောင်းသည်။ ထို့ပြင် တပ်သားများက ကျန့်ရှမျိုးနွယ်ဝင်များနှင့် တစ်ခါမှ မတိုက်ခိုက်ဖူးသေးသဖြင့် သူတို့အတွေ့အကြုံရ‌အောင် တိုက်ခိုက်စေသင့်သည်။ ထိုမှ သူတို့ ကျန့်ရှမျိုးနွယ်အကြောင်းကို ပိုနားလည်လာမည်ဖြစ်သည်။

တပ်သားတစ်ရာကျော်သည် စက်ဝိုင်းပုံ နေရာယူ၍ အရှေ့သို့ ဆက်ပျံသန်းကြ၏။ ကျန်းရီ၊ တိလင်အာ၊ အဆိပ်ဝိညာဉ်၊ ချီရွယ်၊ ချီရှားနှင့် ချီချင်ချန်တို့က အလယ်တွင် ဆက်ရှိနေကြသည်။

ဝှစ်...ဝှစ်...ဝှစ်...

မကြာခင်မှာပင် အဝေးရှိ ကောင်းကင်ထဲတွင် အနီရောင်အလင်းတန်းများ လင်းလက်နေသည်ကို မြင်လာရ၏။ ကောင်းကင်ထဲတွင် ဧရာမ အနီရောင်တိမ်တိုက်ကြီး ရှိနေသကဲ့သို့ သို့မဟုတ် ထူထပ်သော ကျိုင်းကောင်အုပ်ကြီး ရှိနေသကဲ့သို့ပင်။ ထိုအလင်းတန်းများက မီးဖီးနစ်တပ်နှင့် ငါးကီလိုမီတာ ကွာခြားနေသေးသော်လည်း ထင်ရှားသော သတ်ဖြတ်အရှိန်အဝါတစ်ခုက မီးဖီးနစ်တပ်ကို လွှမ်းခြုံသွားသည်။ တပ်သားများသည် ထောင်ချီသော ဓားများက သူ့တို့ထံ ပျံဝင်လာသကဲ့သို့ ခံစားလိုက်ရပြီး ကြက်သီးထသွားကြ၏။

‘အဲ့ဒါက ကျန့်ရှမျိုးနွယ်လား’

ကျန်းရီသည် စက္ကန့်အနည်းငယ် ကြည့်လိုက်ပြီးနောက် တုန်လှုပ်သွား၏။ တပ်သားများစွာသည်လည်း ကျန့်ရှမျိုးနွယ်ကို ယခင်က မမြင်ဖူးခဲ့သဖြင့် မျက်လုံးအပြူသားဖြင့် ကြည့်နေကြသည်။ ကျန့်ရှမျိုးနွယ်ဝင်များ၏ ပုံစံ အလွန်ထူးဆန်း၏။ ၎င်းတို့က အနီရောင်ဓားများကဲ့သို့ပင်။

ကျန့်ရှမျိုးနွယ်ဝင်များသည် အပေါ်ယံတွင် လူသားများနှင့် တူပြီး သုံးမီတာမြင့်ကြသည်။ သို့သော် ၎င်းတို့ လေထဲတွင် ပျံသန်းလိုက်ပြီဆိုသည်နှင့် ၎င်းတို့၏ သွေးနီရောင်ခန္ဓာကိုယ်များက ဓားများကဲ့သို့ ဖြစ်သွားကြသည်။ ၎င်းတို့၏ နောက်ကျောတွင် ဆူးချွန်လေးများလည်း ရှိနေရာ ၎င်းတို့က ဓားနှင့် ပိုတူသွားသည်။ ၎င်းတို့၏ ဦးခေါင်းများကလည်း ချွန်မြကြ၏။ ၎င်းတို့တွင်သာ မျက်လုံးများ၊ နှာခေါင်းများနှင့် ပါးစပ်များ မရှိလျှင် လူများသည် ၎င်းတို့ကို ရုပ်သေးရုပ်တစ်မျိုးဟု အထင်မှားသွားနိုင်ပေသည်။

‘သူတို့မှာ ဘာအသက်အရှိန်အဝါမှ မရှိဘူးလား။ လောကထဲမှာ ဘာလို့ အဲ့လိုထူးဆန်းတဲ့အရာတွေ ရှိနေရတာလဲ’

ကျန်းရီ နားမလည်နိုင်ပေ။ ထိုအရာများတွင် အသက်လက္ခဏာမရှိချေ။ ထို့ကြောင့် ၎င်းတို့က အသေကောင်များကဲ့သို့ပင်။ သို့သော် ထိုကျန့်ရှမျိုးနွယ်ဝင်များက ချီဖေးတို့ကို လိုက်တိုက်ခိုက်နိုင်ပေသည်။ ထို့ပြင် အားကောင်းသော သတ်ဖြတ်အရှိန်အဝါကိုလည်း ထုတ်လွှတ်နေသည်။ အရေးအကြီးဆုံးမှာ ၎င်းတို့က တညီတညာ ပျံသန်းနိုင်ကြခြင်းပင်။ ၎င်းတို့က ရုပ်သေးများ မဟုတ်လျှင် အမှန်ပင် လောကထဲမှ ထူးဆန်းသော ဖြစ်တည်မှု ဖြစ်ပေလိမ့်မည်။

“အားလုံး ဂရုစိုက်ကြပါ။ ကျန့်ရှမျိုးနွယ်ဝင်တွေက သူတို့ရဲ့ကျောပေါ်က ဆူးချွန်တွေကိုသုံးပြီး တိုက်ခိုက်ကြတာ။ သူတို့ရဲ့ ဆူးချွန်တွေက စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်တဲ့ ကြောက်စရာ အရှိန်အဝါတွေကို ထုတ်လွှတ်နိုင်ကြတယ်။ ပြီးတော့ အဲ့ဆူးချွန်တွေက အရမ်းထက်တယ်... အလယ်အလတ်အဆင့် နတ်ဘုရားအသုံးအဆောင်တွေနဲ့တောင် ယှဉ်နိုင်ကြတယ်”

ချီချင်ချန်က ကျန့်ရှမျိုးနွယ်ဝင်များနှင့် ရင်ဆိုင်ခဲ့ဖူးလောက်သည်။ သူမ တပ်သားများကို အေးစက်စက်လေသံဖြင့် သတိပေးနေသည်။

“သူတို့ရဲ့ ခန္ဓာကိုယ်တွေကို မတိုက်ခိုက်ကြနဲ့။ သူတို့ရဲ့ခေါင်းကိုပဲ ပစ်မှတ်ထားပြီး တိုက်ကြ။ သူတို့ရဲ့ခေါင်း ပေါက်ကွဲသွားတာနဲ့ သူတို့ လှုပ်နိုင်တော့မှာ မဟုတ်ဘူး”

“အာ... ချီရွယ်.. သူတို့က ရုပ်သေးရုပ်တွေ မဟုတ်တာ သေချာရဲ့လား”

ယခုတွင် ကျန်းရီ ပို၍ တုန်လှုပ်လာပေပြီ။ သူ ချီရွယ်ထံ အသံပို့လွှတ်ကာ ထပ်မေးလိုက်သည်။

“ဒီဆန်းကြယ်နယ်မြေထဲမှာ စွမ်းအားကြီး သိုင်းသမားတွေ ပုန်းအောင်းနေပြီး ရုပ်သေးရုပ်တွေကို ထိန်းချုပ်နေတာများ ဖြစ်နေမလား”

“မသေချာဘူး”

ချီရွယ်သည် ကျန်းရီကို ကြည့်၍ မရေရာသောလေသံဖြင့် အသံပြန်ပို့လွှတ်လိုက်သည်။

“တကယ်တော့ လွန်ခဲ့တဲ့နှစ်တစ်သောင်းက ဒီဆန်းကြယ်နယ်မြေထဲမှာ ကျန့်ရှမျိုးနွယ် ထွက်ပေါ်လာကတည်းက စွမ်းအားကြီး သိုင်းသမားတွေ အများကြီးက သူတို့က ရုပ်သေးရုပ်‌တွေ ဖြစ်နိုင်တယ်လို့ သံသယရှိခဲ့ကြတယ်။ အရင်တုန်းက အုပ်ချုပ်သူအဆင့် သိုင်းသမားတချို့ ဒီကိုလာပြီး အဲ့ကိစ္စကို စုံစမ်းခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ ဘာသံသယဖြစ်စရာမှ ရှာမတွေ့ခဲ့ဘူး...”

“ကျန့်ရှမျိုးနွယ်က လေထဲက ထွက်ပေါ်လာသလိုပဲ။ သူတို့က သူတို့ရဲ့ ခန္ဓာကိုယ်တွေကို ပိုင်းဖြတ်ပြီး တစ်ကောင်ကနေ နှစ်ကောင် မျိုးပွားကြတာ။ စွမ်းအားကြီး သိုင်းသမားတွေက သူတို့ကို စစ်ဆေးဖို့ နှစ်ကောင်၊ သုံးကောင်လောက် အရှင်ဖမ်းခေါ်ခဲ့ကြဖူးတယ်။ ပြဿနာက.. သူတို့ကိုယ်ထဲမှာ ဘာအမှတ်အသား၊ ဘာအစီအရင်မှ မတွေ့တာဘဲ။ အဲ့မျိုးနွယ် ဘယ်လို ထွက်ပေါ်လာတယ်ဆိုတာကို ဘယ်သူမှ မသိကြဘူး။ သူတို့က မိုးမြေကနေ သဘာဝအတိုင်း ဖြစ်တည်လာတဲ့ သက်ရှိတွေလို့ပဲ ပြောရမှာပဲ”

“ဘာအမှတ်အသား၊ ဘာအစီအရင်မှ မရှိဘူးလား”

ကျန်းရီ ခေါင်းရှုပ်လာ၏။ ၎င်းတို့က ရုပ်သေးရုပ်များဆိုလျှင် ၎င်းတို့ကို ထိန်းချုပ်နိုင်ရန် အမှတ်အသားတစ်ခုခု သို့မဟုတ် အစီအရင်တစ်ခုခုတော့ ရှိရပေမည်။ စွမ်းအားကြီး သိုင်းသမားများစွာပင် ၎င်းတို့၏ ဖြစ်တည်မှုကို ရှင်းမပြနိုင်ခဲ့ရာ ၎င်းတို့က အမှန်ပင် ရှင်းပြရန်မဖြစ်နိုင်သော သက်ရှိတစ်မျိုး ဖြစ်လောက်သည်။ ၎င်းတို့က နှစ်တစ်သောင်းကြာ ရပ်တည်နိုင်ခဲ့ကြသည်။ ယင်းမှာ စွမ်းအားကြီး သိုင်းသမားများ ထိန်းချုပ်နိုင်သော အရာတစ်ခု မဟုတ်ပေ။ အထက်ဘုံတွင် မည်သည့်စွမ်းအားကြီး သိုင်းသမားကမှ နှစ်တစ်သောင်းကြာအောင် မနေခဲ့ဖူးချေ။ အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် ထိုသက်တမ်းအထိ မရှင်သန်နိုင်ခဲ့ပေ။

ကျန့်ရှမျိုးနွယ်ဝင်များက မီးဖီးနစ်တပ်သားများကို စတင်တိုက်ခိုက်လာပေပြီ။ ထို့ကြောင့် ကျန်းရီသည် သူ၏သိလိုစိတ်များကို ချိုးနှိမ်ထားလိုက်ရသည်။ သူ ကျန့်ရှမျိုးနွယ်ဝင်များကို ကြည့်ပြီးနောက် အတန်ငယ် စိတ်အေးသွား၏။ ၎င်းတို့၏အရေအတွက် ငါးထောင်ကျော် ခြောက်ထောင်လောက်သာ ရှိသည်။ ချီချင်ချန်ရှိနေလျှင် ၎င်းတို့ကို လျင်မြန်စွာ ရှင်းပစ်နိုင်လောက်ပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ကျန့်ရှမျိုးနွယ်ဝင်များသည် ကျန်းရီနှင့် မီတာရာကျော်အကွာသို့ ရောက်သောအခါ မျက်လုံးများ နီရဲလာပြီး ခေါင်းငုံ့လိုက်ကြ၏။ ထိုအခါ ၎င်းတို့၏ကျောပေါ်ရှိ ဆူးချွန်လေးများက ထောင်ထလာကာ ကျန်းရီဆီသို့ အနီရောင်အလင်းတန်းများအလား ပျံထွက်သွားကြသည်။

ကျန့်ရှမျိုးနွယ်ဝင်များ၏ ကျောပေါ်တွင် ဆူးချွန်ဆယ်ချောင်းစီ ရှိကြ၏။ ၎င်းဆူးချွန်အားလုံးက တစ်ပြိုင်တည်း ပျံထွက်လာသောအခါ လေထဲတွင် ဆူးချွန်ငါးသောင်းကျော် ခြောက်သောင်းလောက် ပြည့်နှက်သွားသည်။ ထိုဆူးချွန်လေးများက အလွန်လျင်မြန်စွာ ပျံဝင်လာကြသည်။ ကျန်းရီသည် ၎င်းတို့၏ အမြန်နှုန်းက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများ၏ တိုက်ခိုက်မှုများနှင့် ယှဉ်နိုင်လောက်သည်ဟု တွေးလိုက်လေသည်။

ရွှီး...

ကျန်းရီ၏ ငွေရောင်စစ်ချပ်ဝတ် ပျောက်ကွယ်သွားပြီး အနက်ရောင်စစ်ချပ်ဝတ်က အစားထိုးသွား၏။ ထိုချပ်ဝတ်က စွမ်းရည်ပြိုင်ပွဲတွင် ပထမရသဖြင့် ရခဲ့သော ဆုဖြစ်သည်။ ၎င်းက ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ပင်။ အနည်းဆုံးတော့ ထိုဆူးချွန်များက ထိုချပ်ဝတ်ကို မ‌ဖောက်နိုင်လောက်ပေ။ အလွန်ဆုံးမှ ထိခတ်မှုအဟုန်ကြောင့် သူ ဒဏ်ရာရသွားရုံသာ ရှိပေမည်။ သူသည် ထိုချပ်ဝတ်ကို သန့်စင်ခဲ့ပြီးဖြစ်သော်လည်း ဝှက်ဖဲတစ်ခုအနေဖြင့် သိမ်းထားခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ အခြေအနေက အလွန်အန္တရာယ်များနေသဖြင့် သူ ၎င်းကို ဆက်လျှို့ဝှက်မထားနိုင်တော့ပေ။

ရွှီး...

တိလင်အာ၏ ကိုယ်ပေါ်တွင်လည်း မြစိမ်းရောင် စစ်ချပ်ဝတ် ထွက်ပေါ်လာ၏။ ၎င်းချပ်ဝတ်ကလည်း ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ဖြစ်ကြောင်း သံသယဖြစ်စရာ မရှိပေ။ အဆိပ်ဝိညာဉ်တွင် စစ်ချပ်ဝတ်မရှိချေ။ သို့သော် သူသည် ယခင်ကလည်း ချပ်ဝတ် ဝတ်သူမဟုတ်ပါပေ။ ယင်းမှာ ဝိညာဉ်မျိုးနွယ်၏ မိမိတို့ကိုမိမိတို့ ယုံကြည်မှုပင်။

“အပြောင်ရှင်း လေမုန်တိုင်း”

ချီချင်ချန်က စူးရှစွာ အော်လိုက်၏။ သူမက ခြေတစ်လှမ်းပင် နောက်မဆုတ်ခဲ့ဘဲ သူမ၏ဓားပျော့ကို ဝှေ့ယမ်း၍ အရှေ့သို့ လေများ ပစ်လွှတ်လိုက်သည်။ သူမ၏ဓားပျော့ လေထဲတွင် ယိမ်းထိုးနေသည်ကို မြင်ရခြင်းက ဝမ်းမြောက်ဖွယ်ကောင်း၏။ သူမကိုယ်တိုင်ကလည်း လေထဲတွင် ကြော့ရှင်းစွာ ကနေသကဲ့သို့ပင်။ သူမ၏ ကခုန်မှုနှင့်အတူ အရပ်မျက်နှာအနှံ့တွင် လေထန်လာသည်။ ထိုလေများက စုဝေးလာကာ များစွာသော လေနဂါးများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းတို့သည် အသံတစ်ချက်မထွက်ဘဲ ဆူးချွန်များထံသို့ ဦးတည်ပျံဝင်သွားလေသည်။

ဝုန်း...ဝုန်း...ဝုန်း...

မိုးစက်များကဲ့သို့ ပျံဝင်လာသော ဆူးချွန်များက လေနဂါးများဖြင့် ဝင်တိုက်သွား၏။ လေနဂါးများသည် ဆူးချွန်များကို အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားစေ၏။ ချီချင်ချန်၏ တိုက်ကွက်တစ်ကွက်က ကျန့်ရှမျိုးနွယ်ဝင်များ၏ ဆူးချွန်လမ်းကြောင်းကို ဖျက်ဆီးပစ်လိုက်ပေပြီ။ သူမ၏ တိုက်ခိုက်မှုက မယုံနိုင်လောက်အောင် ပြင်းထန်ပေသည်။

“ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြ။ ချီဟိုင်... ရှင်တို့ခြောက်ယောက်က ကျွန်မနောက်ကိုလိုက်ပြီး တိုက်ခိုက်ကြ”

ချီချင်ချန် ထပ်မံအော်ပြောလိုက်ပြီး ရူးသွပ်နေသော နဂါးတစ်ကောင်အလား ကျန့်ရှမျိုးနွယ်ဝင် ခြောက်‌ထောင်လောက်ဆီသို့ ပျံဝင်သွားသည်။ ဘွဲ့ထူးရစစ်နတ်ဘုရား ခြောက်ယောက်သည် သူမ၏အမိန့်အတိုင်း သူမနောက်သို့ လိုက်သွားကြသည်။ သူတို့သည် ထက်ရှသော ဓားခုနစ်လက်ကဲ့သို့ ကျန့်ရှမျိုးနွယ်ဝင်များဆီသို့ အကြောက်အရွံ့မရှိ ဦးတည်ပျံသန်းနေကြပေသည်။

ဝှစ်...ဝှစ်...ဝှစ်...

ချီချင်ချန်ကြောင့် အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားသော ဆူးချွန်များက မီးဖီးနစ်တပ်ဆီသို့ ပြန်၍ ဦးတည်ပျံဝင်လာ၏။ ၎င်းတို့ထဲမှ အချို့က ချီချင်ချန်နှင့် ဘွဲ့ထူးရစစ်နတ်ဘုရား ခြောက်ယောက်ထံ ဦးတည်သွားကြ၏။ ကျန်ဆူးချွန်များကမူ ကျန်းရီတို့ထံ ဦးတည်လာသည်။ တပ်သားများသည် သူတို့၏ လက်နက်များကို ထုတ်၍ သူတို့ကိုယ်သူတို့ ကာကွယ်ရန် ပြင်ဆင်လိုက်ကြ၏။

ဝုန်း...ဝုန်း...ဝုန်း...

ဆူးချွန်များက အရပ်မျက်နှာအနှံ့မှ ပျံဝင်လာကြသည်။ ထိုမြင်ကွင်းက ကြောက်မက်ဖွယ်ပင်။ ကျန်းရီနှင့် တိလင်အာတို့လည်း သူတို့၏လက်နက်များကို ထုတ်၍ ဆူးချွန်များကို ခုခံလိုက်ကြ၏။ အဆိပ်ဝိညာဉ်က သူတို့ကို ကာကွယ်ပေးမနေတော့ပေ။ သူတို့က ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်များ ဝတ်ဆင်ထားကြသည် မဟုတ်ပါလား။ ထိုဆူးချွန်များက ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို အလွယ်တကူ ဖောက်နိုင်ကြလိမ့်မည် မဟုတ်ချေ။

တိလင်အာ၏ တိုက်ပွဲစွမ်းရည်များက အလွန်နိမ့်၏။ မိနစ်အနည်းငယ်အတွင်းမှာပင် သူမသည် ဆူးချွန်ဆယ်ချောင်း ထိမှန်ခံလိုက်ရ၏။ ကျန်းရီက အဆိပ်ဝိညာဉ်အား သူမကို သွားကူညီပေးရန် ခိုင်းလို၏။ သို့သော် တိလင်အာက အံကြိတ်ကာ လှမ်းပြောလိုက်သည်။

“ကျန်းရီ... ကျွန်မကို အရေးမစိုက်ပါနဲ့။ ကျွန်မ လေ့ကျင့်ချင်တယ်”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ဆူးချွန်များက အလွန်လျင်မြန်စွာ ပျံသန်းလာသော်လည်း ကျန်းရီ ၎င်းတို့ကို အလွယ်တကူ ခုခံနိုင်ပေသည်။ သူက သေရေးရှင်ရေး အခြေအနေများစွာနှင့် တွေ့ကြုံခဲ့ဖူးပြီဖြစ်သည်။ ထို့ကြောင့် သူသည် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် အလွန်လျင်မြန်စွာ တုံ့ပြန်နိုင်ပေသည်။ ဆူးချွန်လေးများက သူ့ထံ ပျံဝင်လာတိုင်း သူသည် မီးနဂါးဓားကို သုံး၍ ဆူးချွန်များကို အလွယ်တကူ လမ်းလွှဲပစ်နိုင်နေပေသည်။

‘ဒီနေရာက အထက်ဘုံရဲ့ အန္တရာယ်အများဆုံး ဆန်းကြယ်နယ်မြေဆယ်ခုထဲက တစ်ခုဖြစ်နေတာ မထူးဆန်းတော့ပါဘူး’

ကျန်းရီ ရင်ထဲတွင် တုန်လှုပ်နေ၏။ သူတို့ ကျန့်ရှမျိုးနွယ်ဝင်များကို ရှင်းမပစ်နိုင်လျှင် ထိုဆူးချွန်များက သူတို့ကို အဆက်မပြတ် ဆက်တိုက်ခိုက်နေမည်ဖြစ်သည်။ အခြေအနေကို ကြည့်ရသည်မှာ အားလုံးက ဆူးချွန်များကို ခုခံနိုင်သေးပုံပင်။ သို့သော် အချိန်ကြာလာလျှင် အခြေအနေ ဆိုးလာနိုင်ပေသည်။

လူသားစွမ်းအားတွင် အကန့်အသတ်ရှိသည်။ လူများသည် မောပန်းလာသည်နှင့် တုံ့ပြန်နိုင်စွမ်း လျော့ကျလာမည်ဖြစ်သည်။ ဤအခြေအနေအတိုင်း ဆက်သွားမည်ဆိုလျှင် နောက်ဆုံး၌ သူတို့ အသတ်ခံရနိုင်ပေသည်။ ယခုတွင် ကျန့်ရှမျိုးနွယ်ဝင်များက ငါးထောင်ကျော်၊ ခြောက်ထောက်လောက်သာ ရှိသည်။ အကယ်၍ သူတို့သာ ကျန့်ရှမျိုးနွယ်ဝင် ငါးသောင်းကျော် ခြောက်သောင်း သို့မဟုတ် ငါးသိန်းကျော် ‌ခြောက်သိန်းနှင့် ကြုံခဲ့မည်ဆိုလျှင် မည်သို့လုပ်မည်နည်း။ သို့ဆိုလျှင် သူတို့ မည်မျှကြာကြာ တောင့်ခံနိုင်ပါမည်နည်း။

***

All Chapters