တစ်ယောက်ယောက် နောက်ကလိုက်လာတယ်
Vol. 108 Ch. 1503
“ကျား...ကျား...”
မာန်တင်းသံများကို ကြားလိုက်ရသဖြင့် ကျန်းရီ လှမ်းကြည့်လိုက်၏။ ချီချင်ချန်တစ်ယောက် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေပေသည်။
ထိုမိန်းမက ဤနေရာရှိ ယောက်ျားအားလုံးကို အရှက်ရစေနေသည်။ သူမသည် လေညင်းအလား ကျန့်ရှမျိုးနွယ်ဝင်များအကြား ပျံသန်းနေ၏။ သူမ၏ဓားပျော့က တစ်ချက်လှုပ်ခတ်သွားတိုင်း ကျန့်ရှမျိုးနွယ်ဝင်တစ်ယောက်၏ဦးခေါင်းက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ ကျန့်ရှမျိုးနွယ်ဝင်များသည် သူမထံသို့ အရိပ်မျက်နှာအနှံ့မှနေ၍ ဓားများအလား ပျံသန်းလာကြ၏။ သို့သော် သူမသည် ၎င်းတို့အားလုံးကို ရှောင်နိုင်ခဲ့သည်။
ချီချင်ချန် အရှေ့သို့ပျံ၏၊ ဘေးတိုက်ပျံ၏၊ နောက်ပြန်ပျံ၏... လှည့်ပတ်ပျံ၏။
ချီချင်ချန်သည် ကျန်းရီမြင်ဖူးသမျှထဲတွင် အလှဆုံး တိုက်ကွက်ကို ထုတ်ပြနေပေသည်။ သူမသည် လေထဲတွင် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ လှုပ်ရှားနေ၏။ သူမ၏ တစ်ကိုယ်လုံးကလည်း ကွေးလိုက်၊ လိမ်လိုက် ရှိနေသည်။ သူမတွင် အရိုးမရှိသကဲ့သို့ပင်။ သူမ၏ မျက်နှာထားက တည်ငြိမ်နေပြီး သူမ၏ လှုပ်ရှားမှုများက ကြော့ရှင်းနေပေသည်။ ထို့ကြောင့် ကြည့်မိသူတိုင်း သူမကို ချီးကျူးရလေသည်။
ဝုန်း...
ကျန်းရီသည် ချီချင်ချန်၏ ဆွဲဆောင်မှုတွင် မှင်တက်နေမိခဲ့သဖြင့် သူ့ရင်ဘတ်သို့ ပျံဝင်လာသော ဆူးချွန်တစ်ချောင်းကို သတိမပြုမိခဲ့ပေ။ ဆူးချွန်လာမှန်သောအခါ သူ အနောက်သို့ လွင့်ထွက်သွားသည်။ သူ ချီချင်ချန်ထံမှ အကြည့်လွှဲလိုက်ရတော့သည်။ ထိုအမျိုးသမီးက အမှန်ပင် အဆိပ်ရှိသော ဘိန်းပန်းတစ်ပွင့်ကဲ့သို့ပင်။ ကျန်းရီ သူမကို ကြာကြာကြည့်မိလေလေ၊ သူမ၏ ဆွဲဆောင်မှုတွင် ပိုယစ်မူးလာလေလေပင်။
ကျန်းရီက လှပသောအရာများကို ခံစားနေခြင်းသာ။ သူ၏နှလုံးသားက အေးစက်သွားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူသည် ရီချန်၊ ယဉ်ရို့ပင်းနှင့် အခြားသူများကို သူ အထက်ဘုံ၌ အခြားမိန်းမများနှင့် ထပ်၍ မပတ်သတ်ပါဟု ကတိပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် ချီချင်ချန်က ဓားသွားထက်မှ ပျားရည်စက်ဖြစ်သည်။ သူမကို ချစ်ကြိုက်မိလျှင် ပြဿနာများနှင့် ကြုံရပေလိမ့်မည်။
ဘွဲ့ထူးရစစ်နတ်ဘုရား ခြောက်ယောက်သည်လည်း ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ သူတို့က အလကားသက်သက် ဘွဲ့ထူးရစစ်နတ်ဘုရားများ ဖြစ်နေကြခြင်း မဟုတ်ပါပေ။ ထိုခြောက်ယောက်သည် ဆောင်းဥတုအရှင်က ချီချင်ချန်ကို ကာကွယ်ရန် အထူးစေလွှတ်လိုက်သူများ ဖြစ်သည်။ သူတို့၏ တိုက်ခိုက်စွမ်းရည်များက အလွန်မြင့်မားပေသည်။ ထို့ပြင် ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများက အလွန်ရိုးရှင်းပေသည်။ ၎င်းတို့က ၎င်းတို့၏ ဆူးချွန်များနှင့်သာ တိုက်ခိုက်ကြသည်။ သို့ဖြစ်၍ သူတို့ခြောက်ယောက်က ချီချင်ချန်လောက် စွမ်းအားမကြီးကြသော်လည်း ငါးမိနစ်အတွင်းမှာပင် ကျန့်ရှမျိုးနွယ်ဝင်များကို ရာနှင့်ချီ၍ သတ်ပစ်နိုင်ခဲ့ကြပေသည်။
ကျန့်ရှမျိုးနွယ်ဝင်တစ်ယောက် သေသွားတိုင်း လေထဲမှ ဆူးချွန်ဆယ်ချောင်းက အောက်ဘက်သို့ အလိုလို ပြုတ်ကျသွားကြသည်။ ထို့ကြောင့် တပ်သားများ ခံနေရသော ဖိအားက အချိန်နှင့်အမျှ လျော့ကျလာပေသည်။ စွမ်းအားကြီး သိုင်းသမားများသည် အရှေ့သို့ ဆက်တိုးလိုက်ကြပြီး ကျန့်ရှမျိုးနွယ်ဝင်အချို့ကို သူတို့ကိုယ်တိုင် ရှင်းပစ်ရန် ဟန်ပြင်လိုက်ကြ၏။ ကျန့်ရှမျိုးနွယ်ဝင်များ ထွက်ပေါ်လာတိုင်း သူတို့က ချီချင်ချန်နှင့် ဘွဲ့ထူးရစစ်နတ်ဘုရား ခြောက်ယောက်အပေါ်တွင်သာ မှီခိုနေမရသည် မဟုတ်လော။
ကျန့်ရှမျိုးနွယ်ဝင်များက တစ်ယောက်ချင်းဆိုလျှင် အင်အားမကြီးကြချေ။ ၎င်းတို့က အင်အားပူးပေါင်းတိုက်ခိုက်ချိန်မှ ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ခြေလက်များနှင့်လည်း တိုက်ခိုက်နိုင်ကြသည်။ ထို့ကြောင့် ကျန့်ရှမျိုးနွယ်ဝင်များကြားထဲ ဖြတ်ပျံမည်ဆိုလျှင် အရပ်မျက်နှာအနှံ့မှနေ၍ ဓားရှည်များနှင့် တိုက်ခိုက်ခံနေရသလို ခံစားရမည်ဖြစ်သည်။ မည်မျှကြိုးစားရှောင်ပါစေ တစ်ချက်ချက်တော့ ထိသွားမည်သာ။
ယခုတွင် ကျန့်ရှမျိုးနွယ်ဝင်များ၏ ဖွဲ့စည်းပုံက ချီချင်ချန်နှင့် ဘွဲ့ထူးရစစ်နတ်ဘုရား ခြောက်ယောက်ကြောင့် ပျက်သွားပြီဖြစ်သည်။ ထို့ကြောင့် ကျန်တပ်သားများအနေဖြင့် ကျန့်ရှမျိုးနွယ်ဝင်များထံသွားကာ သတ်ဖြတ်ရန် မခက်ခဲတော့ပေ။ သို့ဖြင့် တပ်သားများ စိတ်ဓာတ်တက်ကြွလာပြီး ပို၍အားစိုက်ထုတ်ကာ တိုက်ခိုက်ကြလေသည်။
တဖြည်းဖြည်းဖြင့် အားလုံး ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများနှင့် အသားကျလာကြသည်။ ၎င်းတို့ကို စုဝေးခွင့် မပေးသ၍ ၎င်းတို့က ကြောက်စရာမကောင်းပါပေ။ မီးဖီးနစ်တပ်က စစ်နတ်ဘုရားအဆင့် စွမ်းအားကြီး သိုင်းသမားများနှင့်သာ ဖွဲ့စည်းထားသော တပ်တစ်တပ်ဖြစ်သည်။ တပ်ထဲတွင် အင်အားနည်းသူများ မပါပေ။ ယင်းက စွမ်းရည်အရာတွင် မီးဖီးနစ်တပ်ကို အရေးသာစေပေသည်။
မီးဖီးနစ်တပ် ရင်ဆိုင်နေရသည့် တစ်ခုတည်းသော ပြဿနာမှာ...
ကျန့်ရှမျိုးနွယ်ဝင်များ၏ ခံနိုင်ရည်က အလွန်ကောင်းသည်။ ထိပ်တန်းအဆင့် နတ်ဘုရား အသုံးအဆောင်များ မရှိလျှင် ၎င်းတို့၏ ဦးခေါင်းကို တစ်ကွက်၊ နှစ်ကွက်အတွင်း ဖြတ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ၎င်းတို့၏ ခြေလက်များကို တိုက်ခိုက်ခြင်းက ၎င်းတို့ကို လုံးဝမထိခိုက်စေပေ။ ၎င်းတို့သည် တိုက်ခိုက်ခံရလျှင်လည်း မည်သည့်နာကျင်မှုမှ မခံစားကြရချေ။
တပ်သားများလည်း စတင်တိုက်ခိုက်သောအခါ ကျန့်ရှမျိုးနွယ်ဘက်တွင် ပို၍ အကျအဆုံးများလာသည်။ တစ်နာရီအတွင်းမှာပင် ကျန့်ရှမျိုးနွယ်ဝင် တစ်ဝက်လောက် သေဆုံးသွားသည်။ ချီချင်ချန်သည် နောက်ပြန်ဆုတ်လိုက်ပြီး ကျန်နေသေးသည့် ကျန့်ရှမျိုးနွယ်ဝင်များကို တပ်သားများကိုသာ ရှင်းလင်းစေလိုက်သည်။ ကျန်းရီ၊ တိလင်အာနှင့် အဆိပ်ဝိညာဉ်တို့က တိုက်ပွဲတွင် ဝင်မပါခဲ့ပေ။ ကျန်းရီက သူ့အစွမ်းကို သူသိသည်။ တိလင်အာ၏ တိုက်ခိုက်စွမ်းရည်များကလည်း အားနည်းနေသေးသည်။ အဆိပ်ဝိညာဉ်မှာမူ ထိုနှစ်ယောက်ကို ကာကွယ်ပေးရန် နောက်တွင်ကျန်နေရမည်ဖြစ်သည်။
“စစ်သူကြီး...”
ကျန့်ရှမျိုးနွယ်ဝင်များ၏ ဆူးချွန်များက သူတို့ကို ဆက်မတိုက်ခိုက်နေတော့သဖြင့် ကျန်းရီ စိတ်ဝင်တစား မေးလိုက်သည်။
“ဒီဆန်းကြယ်နယ်မြေထဲမှာ ကျန့်ရှမျိုးနွယ်ဝင် ဘယ်လောက်လောက်ရှိလဲ။ ကျွန်တော်တို့ သောင်းချီတဲ့ကျန့်ရှမျိုးနွယ်တပ်တွေနဲ့ ကြုံရနိုင်လား”
“ကြုံရနိုင်တယ်”
ချီချင်ချန်က ပြတ်ပြတ်သားသား ပြန်ဖြေ၏။
“အရင်တုန်းက ကျွန်မ လေ့ကျင့်ဖို့ ခမည်းတော်နဲ့အတူ ဒီကိုလာခဲ့တုန်းက အင်အားတစ်သိန်းရှိတဲ့ ကျန့်မျိုးနွယ်တပ်ကြီးနဲ့ ကြုံခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့လိုမျိုးက ဖြစ်ခဲပါတယ်။ အများဆုံးကြုံရတာက အင်အားသောင်းချီပါတဲ့ တပ်တွေပါပဲ။ ကျွန်မတို့ ကျန့်ရှမျိုးနွယ်ရဲ့ အခြေစိုက်စခန်းတွေကို မသွားသ၍ အခြေအနေက သိပ်ဆိုးမှာ မဟုတ်ပါဘူး။ တော်တော်လေး ကံဆိုးမှ အင်အားတစ်သိန်းရှိတဲ့ တပ်ကြီးမျိုးနဲ့ ကြုံရမှာပါ”
“ဪ...”
ကျန်းရီ၏ မျက်နှာထား မည်းမှောင်သွား၏။ အကယ်၍ သူတို့သာ အင်အားသောင်းချီရှိသည့် ကျန့်ရှမျိုးနွယ်တပ်များနှင့် ကြုံရလျှင် သူတို့ဘက်က အဆုံးအရှုံးများသွားနိုင်ပေသည်။ ချီချင်ချန်က ကျန်းရီကို ကြည့်၍ ဆက်ပြော၏။
“မစိုးရိမ်ပါနဲ့။ ကျွန်မတို့ အဲ့လိုတပ်ကြီးတစ်တပ်နဲ့ ကြုံရင် ကျွန်မက တပ်သားတချို့နဲ့ သူတို့ကို တားထားမှာပါ။ ရှင်တို့နှစ်ယောက်က ချက်ချင်း ပြန်ဆုတ်မယ်ဆိုရင် သိပ်အန္တရာယ်များမှာ မဟုတ်ပါဘူး”
“မဖြစ်သေးဘူး... အဲ့ဒါကလည်း အန္တရာယ်များလွန်းနေသေးတယ်”
ကျန်းရီ အဆိပ်ဝိညာဉ်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“အဆိပ်ဝိညာဉ်... ချီဖေးကိုယ်စား လမ်းကြောင်းကို ထောက်လှမ်းပေးပါ။ တကယ်လို့ ကျန့်ရှမျိုးနွယ်တပ်ကြီးတွေကို တွေ့ရင် ကျွန်တော်တို့ ချက်ချင်း ကွေ့ပတ်သွားကြမယ်”
“အဆိပ်ဝိညာဉ်ကလား...”
ချီချင်ချန်က အဆိပ်ဝိညာဉ်ကို ကြည့်၍ ခပ်သဲ့သဲ့ ရယ်လိုက်၏။
“သူသာ လမ်းကြောင်းကို သွားထောက်လှမ်းမယ်ဆိုရင် ကျွန်မတို့ တကယ်ပဲ ပိုလုံခြုံလိမ့်မယ်။ ဝိညာဉ်မျိုးနွယ်ရဲ့ ပုန်းကွယ်ခြင်းအတတ်က လောကထဲမှာ အကောင်းဆုံးမဟုတ်လား”
“စစ်သူကြီးက ချီးကျူးလွန်းနေပါပြီ”
အဆိပ်ဝိညာဉ်က လက်ဆုပ်၍ နှိမ့်ချစွာ ပြန်ပြောလိုက်သည်။
“ကျွန်တော် အကောင်းဆုံး ကြိုးစားပါမယ်။ စစ်သူကြီးက ကျွန်တော့်ကိုယ်စား အရှင်ငယ်ကို ကာကွယ်ပေးပါ”
“ဟင်းဟင်း...”
ချီချင်ချန်က ပြုံး၍ ပြန်ပြော၏။
“မစိုးရိမ်ပါနဲ့... ကျွန်မရှိနေရင် ရှင့်ရဲ့အရှင်ငယ် မသေစေရပါဘူး။ ကဲ... သွားတော့...”
ဝှစ်...
အဆိပ်ဝိညာဉ် လေထဲတွင် ပျောက်ကွယ်သွား၏။ သူသည် ချီဖေးကိုယ်စား လမ်းကြောင်းကို ထောက်လှမ်းတော့မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီ စိတ်အေးသွားသည်။ ဝိညာဉ်မျိုးနွယ်ဝင်များက အတော်ဆုံး ထောက်လှမ်းရေးများ ဖြစ်ကြသည်။ သူတို့ထက် ပိုတော်သူများ မရှိပေ။
‘အခြေစိုက်စခန်းတွေ...’
ကျန်းရီသည် ချီချင်ချန်ပြောခဲ့သော စကားကို ပြန်တွေးမိ၍ လေသံတိုးတိုးဖြင့် မေးလိုက်၏။
“အုပ်ချုပ်သူအဆင့် သိုင်းသမားတွေက အဲ့အခြေစိုက်စခန်းတွေထဲကို စစ်ဆေးဖူးလား။ အဲ့အခြေစိုက်စခန်းတွေထဲမှာ စွမ်းအားကြီး သိုင်းသမားတွေ ပုန်းခြင်ပုန်းနေလောက်မှာပေါ့။ ဒါမှမဟုတ် အဲ့မှာ အစီအရင်ကြီးတွေ ရှိရင်ရှိနေမှာပေါ့။ ဘာလို့ရယ်တော့မသိဘူး... ကျန့်ရှမျိုးနွယ်က ရုပ်သေးရုပ်တွေနဲ့ ပိုတူတယ်လို့ ကျွန်တော် ခံစားနေရတယ်”
“ဟင့်အင်း...”
ချီချင်ချန်က ခေါင်းခါ၍ ရှင်းပြ၏။
“အုပ်ချုပ်သူအဆင့် သိုင်းသမားတွေက အဲ့အခြေစိုက်စခန်းတွေ အကုန်လုံးကို သွားဖူးတယ်။ ကျွန်မရဲ့ ခမည်းတော်တောင် သွားခဲ့ဖူးတယ်။ သူတို့တွေက အဲ့အခြေစိုက်စခန်းတွေမှာ စေ့စေ့စပ်စပ် ရှာခဲ့ကြပေမဲ့ ဘာအစီအရင်ကိုမှ မတွေ့ခဲ့ကြဘူး။ ဘာသက်ရှိလက္ခဏာကိုမှလည်း မတွေ့ခဲ့ဘူး။ အဲ့ကျန့်ရှမျိုးနွယ်ဝင်တွေက တကယ့်ကို ထူးခြားတဲ့ သတ္တဝါတွေပဲ။ သူတို့က မိုးမြေကနေ မွေးဖွားလာကြတာ။ ဟင်းဟင်း... ကျန်းရီ နောက်ကျ ရှင် ပိုစွမ်းအားကြီးလာမှ ကျန့်ရှမျိုးနွယ်ရဲ့ အခြောစိုက်စခန်းတွေဆီ ကိုယ်တိုင်သွားကြည့်ပေါ့။ အဲ့အခြေစိုက်စခန်းတွေထဲမှာ ကျန့်ရှမျိုးနွယ်ဝင်တွေ သန်းရာနဲ့ချီပြီး ရှိတယ်လို့ ပြောကြတယ်...”
“တော်ပါပြီ...”
ကျန်းရီ ခေါင်းခါလိုက်သည်။ သူက မိုက်ရူးရဲတစ်ယောက် မဟုတ်သဖြင့် ကိုယ့်ဒုက္ခကိုယ်မရှာလိုပေ။
ကျန်းရီတို့ စကားပြောနေစဉ်မှာပင် တိုက်ပွဲက ပြီးဆုံးသွား၏။ တိုက်ပွဲက ချောမွေ့ခဲ့သည်။ တစ်ယောက်မှ မသေခဲ့ပေ။ အယောက်နှစ်ဆယ်လောက်သာ ဒဏ်ရာရသွားခဲ့ပြီး ထိုထဲတွင်လည်း အပြင်းအထန်ဒဏ်ရာရသူ နှစ်ယောက်သာရှိသည်။
“ချီဟိုင်... ဒဏ်ရာရထားတဲ့သူတွေကို ဒဏ်ရာကုသနိုင်ဖို့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်ပါ။ ကျန်တဲ့သူတွေက ဆက်သွားပါမယ်။ ချီဖေး... ရှင် လမ်းကြောင်းကို ဆက်ထောက်လှမ်းဖို့ မလိုတော့ဘူး။ ကျန်တဲ့သူတွေနဲ့ပဲ အတူတူလိုက်ခဲ့တော့”
ချီချင်ချန်သည် အမိန့်ပေးလိုက်ပြီးနောက် ကျန်းရီနှင့် တိလင်အာတို့ကို ကြည့်ကာ ပြောလိုက်၏။
“ချီဟိုင်... ရှင်က ကြီးကြပ်စစ်သူကြီးနဲ့ ကျန်တဲ့သူတွေကို ကာကွယ်ဖို့ တာဝန်ယူရမယ်”
ချီဖေးသည် အဆိပ်ဝိညာဉ် ပျောက်ကွယ်သွားသည်ကို မြင်ခဲ့သော်လည်း မအံ့ဩသွားခဲ့ပေ။ ထိုအစား ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ကျသွားသကဲ့သို့သာ ခံစားခဲ့ရသည်။ ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများက အတော်ဆုံး ထောက်လှမ်းရေးများ ဖြစ်ကြသည်။ ထို့ကြောင့် အဆိပ်ဝိညာဉ်ကဲ့သို့သော သူတစ်ယောက်ကို အသုံးမချဘဲ သူ့ကိုသာ ဆက်၍ ထောက်လှမ်းခိုင်းနေမှ ထူးဆန်းနေမည်ဖြစ်သည်။
ချီဟိုင်သည် ဒဏ်ရာရနေသူများကို လေဟာနယ်နတ်ဘုရားအသုံးအဆောင် ထည့်ပြီးနောက် ကျန်းရီနှင့် တပ်သားများကို ဦးဆောင်ရန် အရှေ့သို့ ပျံသန်းသွားလိုက်၏။ ဤတစ်ကြိမ်တွင် သူတို့ တာဝန်ထမ်းဆောင်ရမည့် နေရာက အတန်ငယ် ဝေးသည်။ သူတို့ တစ်ရက်နှင့် နေ့တစ်ဝက် ပျံသန်းမှ ထိုနေရာသို့ ရောက်မည်ဖြစ်သည်။ သို့သော် တာဝန်က သိပ်တော့ အန္တရာယ်မများပေ။ အရာအားလုံးက သူတို့၏လမ်းခရီးအပေါ်တွင်သာ မူတည်နေပေသည်။
လမ်းခရီးက ချောမွေ့ခဲ့၏။
နေ့တစ်ဝက်ကြာ ပျံသန်းပြီးနောက်တွင်ပင် မီးဖီးနစ်တပ်သည် ကျန့်ရှမျိုးနွယ်တပ် နောက်တစ်တပ်နှင့် ထပ်မကြုံရတော့ပေ။ အဆိပ်ဝိညာဉ်က အရှေ့ဆုံးမှနေ၍ ထောက်လှမ်းရင်း မည်သည့်လမ်းမှ သွားရမည်ကို နောက်မှလူများအတွက် အမှတ်အသားများ ချန်ပေးခဲ့သည်။ ထို့ကြောင့် တပ်သည် ထိုအမှတ်အသားများအတိုင်း လိုက်ရန်သာ လိုခဲ့ပေသည်။
တစ်ရက်ကြာပြီးသည်အထိ မီးဖီးနစ်တပ်သည် ကျန့်ရှမျိုးနွယ်တပ် နောက်တစ်တပ်နှင့် ထပ်မကြုံရသေးချေ။ နောက်ဆုံးတွင် မီးဖီးနစ်တပ်သည် အဆိပ်ဝိညာဉ်၏ အရည်အချင်းကို ယုံကြည်သွားပေပြီ။ ချီချင်ချန်သည်ပင် အဆိပ်ဝိညာဉ်ထံ အသံလှမ်းပို့လွှတ်ကာ ချီးကျူးခဲ့သည်။
ဝှစ်...
နောက်နှစ်နာရီကြာပြီးနောက် အဆိပ်ဝိညာဉ်က ရုတ်တရက် ပြန်လာ၏။ ကျန်းရီ အဆိပ်ဝိညာဉ်ကို စိတ်လှုပ်တရှားကြည့်ကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ... အရှေ့မှာ ကျန့်ရှမျိုးနွယ်တပ်ကြီးတစ်တပ် ရှိနေလို့လား”
“မဟုတ်ပါဘူး”
အဆိပ်ဝိညာဉ်က ခေါင်းခါ၏။ သို့သော် သူ့မျက်နှာပေါ်တွင် တုန်လှုပ်မှုနှင့် သံသယတို့ ရှိနေသည်။ သူ ချီချင်ချန်ကို ကြည့်ကာ တီးတိုး ရှင်းပြလိုက်သည်။
“အနားမှာ ဝိညာဉ်မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတွေရဲ့ ခြေရာလက်ရာတွေကို တွေ့ရပါတယ်။ ကျွန်တော်တို့ ထိပ်တိုက်တော့ မဆုံသေးပေမဲ့... ဝိညာဉ်မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတွေက ကျွန်တော်တို့နောက်ကို လိုက်လာတယ်ဆိုတာ ကျွန်တော် ခုနစ်ဆယ်ရာခိုင်းနှုန်း သေချာပါတယ်”
“ဝိညာဉ်မျိုးနွယ်လား...”
ကျန်းရီနှင့် ချီချင်ချန်တို့ တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံး အံ့အားသင့်နေပေသည်။ မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် ဝိညာဉ်မျိုးနွယ်မှ လူများ ရှိသည်။ ရီပုဟွေက စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်၍ ဤသို့ လိုက်လာခဲ့ခြင်းလော။ သို့သော် အဘယ်ကြောင့် ရီပုဟွေက ခိုးကြောင်ခိုးဝှက် လိုက်လာရမည်နည်း။ သူတို့က တစ်ခုခု ကြံစည်နေခြင်းပေလော။
***