← Chapters

ဝိညာဉ်သားပေါက်များ

Vol. 108 Ch. 1504

ဝိညာဉ်သားပေါက်များ

Vol. 108 Ch. 1504

“ချီရွယ်”

ကျန်းရီ တွေးတောကာ လှမ်းမေးလိုက်၏။

“ရီပုဟွေခေါ်လာခဲ့တဲ့ လူတွေအပြင် တခြားဝိညာဉ်မျိုးနွယ်ဝင်တွေရော လာခဲ့သေးလား”

“ရှိပါတယ်...”

ချီရွယ်က စဉ်းစားကာ ပြန်ဖြေ၏။

“ရီဝူလည်း လာခဲ့ပါသေးတယ်။ သူက ဝိညာဉ်မျိုးနွယ်က စွမ်းအားကြီး သိုင်းသမား သုံးယောက်ကို ခေါ်လာခဲ့တယ်”

“ရီဝူလား...”

ကျန်းရီတွင် ရီဝူအပေါ် အမြင်အချို့ရှိ၏။ ရီဝူက ဝိညာဉ်မျိုးနွယ်၏ မျိုးရိုးခွဲတစ်ခုမှ ဖြစ်ပုံရသည်။ သို့သော် သူက အလွန်ပါရမီထူးသဖြင့် ဝိညာဉ်မျိုးနွယ်မှ အကြီးအကဲများ၏ တန်ဖိုးထားမှုကို ခံရသည်။ ဘုံတစ်သောင်းပြိုင်ပွဲတွင် ချီချင်ချန်နှင့် သိမ်းငှက်ဘုရင်လေးတို့၏ ယှဉ်ပြိုင်မှုပြီးနောက် ပထမဆုံး ရှေ့ထွက်စိန်ခေါ်ခဲ့သူမှာ ရီဝူဖြစ်သည်။ သူသာ မိစ္ဆာချေဖျက်စစ်တပ်သို့ လာမည်ဆိုလျှင် သူ့နောက်သို့ ဝိညာဉ်မျိုးမှ စွမ်းအားကြီး သိုင်းသမားအချို့ လိုက်လာခြင်းမှာ ပုံမှန်သာဖြစ်ပေသည်။

“ဘယ်သူပဲဖြစ်ဖြစ်...”

ချီချင်ချန်သည် ရေခဲတမျှ အေးစက်သော မျက်ဝန်းများဖြင့် အဆိပ်ဝိညာဉ်ကို ကြည့်ကာ ပြောလိုက်သည်။

“အခု အရေးအကြီးဆုံးက ကျွန်မတို့နောက်ကို တကယ်ပဲ တစ်ယောက်ယောက် လိုက်နေတာလားဆိုတာကို အတည်ပြုဖို့ပဲ။ တကယ်သာဆို ပြဿနာရှိလာလိမ့်မယ်။ တစ်ယောက်ယောက်က ကျွန်မတို့ကို ဒုက္ခပေးဖို့ ကြံနေတာ ဖြစ်နိုင်တယ်...”

ကျန်းရီ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ ဤကျန့်ရှဆန်းကြယ်နယ်မြေက အလွန်အန္တရာယ်များသည်။ ဉာဏ်ရှိသူဆိုလျှင် ဤနေရာအထိ သူတို့နောက်မှ လိုက်လာမည် မဟုတ်ပေ။ ထို့ကြောင့် တစ်ခုတည်းသော ရှင်းပြချက်မှာ အရေးပါသောသူတစ်ယောက်က သူတို့ကို ထောင်ချောက်ဆင်ကာ ဒုက္ခပေးလိုသဖြင့် ရီပုဟွေ သို့မဟုတ် ရီဝူတို့ထံမှ လူများတောင်းခဲ့ခြင်း သို့မဟုတ် ထိုနှစ်ယောက်ကလည်း ဤအကြံအစည်တွင် ပါဝင်ပတ်သတ်နေခြင်းသာ ရှိသည်။

“အဆိပ်ဝိညာဉ်...”

ကျန်းရီသည် အဆိပ်ဝိညာဉ်ကို ကြည့်၍ အမိန့်ပေးလိုက်၏။

“ခင်ဗျား ဆက်ထောက်လှမ်းပြီး ကျွန်တော်တို့နောက်ကို လိုက်နေတာ ဘယ်သူလဲဆိုတာကို အတည်ပြုနိုင်ဖို့ ကြိုးစားပါ။ ဖြစ်နိုင်ရင် သူတို့ကို ဖမ်းခဲ့ပါ”

“ဟုတ်ကဲ့ပါ”

အဆိပ်ဝိညာဉ်သည် အမိန့်လက်ခံပြီးနောက် လေထဲတွင် ပျောက်ကွယ်သွား၏။ ထို့နောက် ချီချင်ချန်က ခေတ္တမျှ တွေးတော၍ မေးလိုက်သည်။

“ကျန်းရီ... ကျွန်မ ချီဖေးတို့ကို အရှေ့ကို သွားထောက်လှမ်းခိုင်းလိုက်ရမလား”

အဆိပ်ဝိညာဉ်က နောက်မှ လိုက်လာသူများကို ထောက်လှမ်းနေသဖြင့် အရှေ့ကို ထောက်လှမ်းမည့်သူ မရှိတော့ပေ။ ထို့ကြောင့် ချီချင်ချန်က မေးခြင်းဖြစ်သည်။ ကျန်းရီ ခေါင်းခါ၍ ပြန်ပြောလိုက်၏။

“အဆိပ်ဝိညာဉ်ရဲ့ စွမ်းရည်တွေကို ယုံထားလိုက်ပါ။ သူ အရှေ့ကိုရော၊ အနောက်ကိုပါ တစ်ချိန်တည်း ‌ထောက်လှမ်းနိုင်ပါတယ်။ ကျွန်တော်တို့ သူ့ကို လျှော့မတွက်သင့်ဘူး။ သူက မျိုးနွယ်ကြီးတွေ ပူးပေါင်းပြီး လိုက်ဖမ်းတာကို ဆယ်နှစ်လောက် ရှောင်နိုင်လာခဲ့တဲ့သူတစ်ယောက်ပါ...”

“ကောင်းပြီလေ...”

ချီချင်ချန် ခေါင်းညိတ်ကာ အရှေ့သို့ ဆက်ပျံသန်းသွား၏။ ဤတစ်ကြိမ်တွင် သူမသည် တပ်၏အရှေ့ဆုံးသို့သွားကာ သူမ၏ကောင်းကင်စိတ်အာရုံကို အဆုံးအစွန်အထိ ထုတ်လွှတ်လိုက်သည်။ သူမက အုပ်ချုပ်သူအဆင့် ဖြစ်သော်လည်း သူမတို့အနောက်မှ လိုက်လာသူများကို ကိုယ်တိုင်လိုက်ဖမ်းရန် မရွေးချယ်လိုက်ပေ။ ခြေရာခံခြင်းနှင့် ထောက်လှမ်းခြင်းတွင် သူမက အဆိပ်ဝိညာဉ်၏ ပြိုင်ဘက်မဟုတ်ကြောင်း သူမ သိပေသည်။

အဆိပ်ဝိညာဉ်က အားလုံးကို စိတ်မပျက်စေခဲ့ပေ။ အရှေ့တွင် အမှတ်အသား သင်္ကေတများ ဆက်ရှိနေပြီး တပ်သည် ထိုသင်္ကေတများအတိုင်း လိုက်ကြသည်။ သူတို့ နေ့ဝက်နီးပါး ဆက်သွားပြီးသော်လည်း ကျန့်ရှမျိုးနွယ်ဝင်များနှင့် ထပ်မကြုံရသေးချေ။

ဟူး...ဟူး...

ချီချင်ချန်နှင့် ကျန်းရီတို့ သက်ပြင်းချလိုက်ကြ၏။ သူတို့က တာဝန်နေရာနှင့် သိပ်မဝေးတော့ပေ။ တာဝန်ကို ထမ်းဆောင်ပြီးသည်နှင့် ပြဿနာရောက်လာလျှင်ပင် သူတို့ ရှောင်ထွက်ရန် နည်းလမ်းတစ်ခု ရှာနိုင်ပေသည်။ သူတို့ ဤနေရာသို့ရောက်အောင် အဝေးကြီး လာခဲ့ရရာ တာဝန်ကို ပြီးမြောက်အောင် မဆောင်ရွက်နိုင်လျှင် အချိန်ဖြုန်းတီးသလို ဖြစ်သွားပေလိမ့်မည်။

ဝှစ်...

လေးနာရီကြာပြီးနောက် အဆိပ်ဝိညာဉ်၏ ကျန်းရီ၏ဘေးတွင် ထွက်ပေါ်လာ၏။ အဆိပ်ဝိညာဉ်သည် မကောင်းသောမျက်နှာဖြင့် ခေါင်းခါကာ ပြောလိုက်၏။

“လိုက်လာတဲ့သူက ပညာရှင်တစ်ယောက်ပဲ။ သူက ဝိညာဉ်မျိုးနွယ်ရဲ့ ထိပ်တန်းလုပ်ကြံရေးသမားတစ်ယောက်လို့တော့ ကျွန်တော် အတည်ပြုနိုင်တယ်။ ဒါပေမဲ့ သူ့ကို ဖမ်းဖို့မပြောနဲ့ သူ့အနားတောင် မကပ်နိုင်ဘူး။ ကျွန်တော် သူ့ကို ခြေရာခံနေတယ်ဆိုတာလည်း သူ သိပြီးလောက်ပြီ”

“အဲ့ဒါက အရေးမကြီးတော့ပါဘူး”

ချီချင်ချန်က အေးစက်စက် လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“အရင်ဆုံး တာဝန်ပြီးမြောက်အောင် သွားလုပ်ကြတာပေါ့။ အခြေအနေ အရမ်းဆိုးလာရင် ကျွန်မ အကုန်လုံးကို ကျွန်မရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်ပြီး ပြန်ခေါ်သွားနိုင်ပါတယ်။ ဘယ်သူက ကျွန်မကို တားနိုင်စွမ်းရှိမလဲဆို ကြည့်သေးတာပေါ့”

“အွန်း...”

ကျန်းရီ ခေါင်းညိတ်လိုက်၏။ သူတို့အားလုံးသာ ချီချင်ချန်၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်လိုက်မည်ဆိုလျှင် ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားပေလိမ့်မည်။ ချီချင်ချန်၏ စွမ်းအားနှင့်ဆိုလျှင် အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားများ ရောက်မလာသ၍ တပ်သားတစ်သောင်း ရောက်လာမည်ဆိုလျှင်ပင် ထိုသူများကို အလွယ်တကူ ဖောက်ထွက်နိုင်မည်ဖြစ်သည်။

ထို့ပြင် တစ်စုံတစ်ယောက်က မီးဖီးနစ်တပ်ကို ဒုက္ခပေးလိုနေလျှင်ပင် သူတို့အကုန်လုံးကို နှုတ်ပိတ်နိုင်သည့် အစွမ်းအစမရှိသ၍ ပေါ်ပေါ်ထင်ထင် ဒုက္ခပေးဝံ့လိမ့်မည် မဟုတ်ချေ။ အကယ်၍ လူတစ်ယောက် လွတ်သွားပါက မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်သုံးယောက်နှင့် ဆောင်းဥတုအရှင်တို့ ဒေါသထွက်သွားကာ ထိုဒုက္ခပေးသူကို စီရင်မည်ဖြစ်သည်။

အဆိပ်ဝိညာဉ်သည် အရှေ့သို့ သွားထောက်လှမ်းလိုက်၏။ တပ်သည်လည်း လျင်မြန်စွာ ချီတက်သည်။ အားလုံး၏ မျက်နှာများက အလွန်တည်နေကြသည်။ မသိရသော အန္တရာယ်က ကြောက်စရာအကောင်းဆုံးဖြစ်သည်။ ယင်းက လူများကို စိတ်လှုပ်ရှား၊ စိတ်ဖိစီးစေပေသည်။

နောက်ထပ်နေ့ဝက်ကြာ သွားပြီးနောက် တပ်သည် တာဝန်နေရာဖြစ်သော ဆည်းလည်းတောင်သို့ ရောက်သွားကြသည်။

ကျန့်ရှဆန်းကြယ်နယ်မြေထဲမှ ရှုခင်းများက အလွန်လှပ၏။ ဤမှ မိုးမြေဝိညာဉ်စွမ်းအင်က အလွန်သိပ်သည်းရာ သစ်ပင်ပန်းမန်များ ထူထူထပ်ထပ် ပေါက်ရောက်ကြပေသည်။ သို့သော် ကျန့်ရှမျိုးနွယ်ကြောင့် ဤနယ်မြေထဲတွင် သက်ရှိများစွာ မရှိပါပေ။ ဆည်းလည်းတောင်မှာ လှပသောနေရာတစ်ခုဖြစ်သည်။ တောင်ပေါ်တွင် စိမ်းစိမ်းစိုစိုအပင်များ ပေါက်ရောက်သည်။ ထို့ပြင် ဆည်းလည်းပုံစံ အသီးသီးသော အပင်ကြီးတစ်မျိုးလည်း ရှိသည်။ မီးဖီးနစ်တပ်သည် တောင်နားသို့ မရောက်သေးခင်မှာပင် ဆည်းလည်းလေးမှာ သံပြိုင်မြည်သံကို ကြားလာရပေသည်။

“အားလုံး သတိထားကြပါ”

ချီချင်ချန်သည် ဆည်းလည်းတောင်အပြင်တွင် ရပ်ကာ ညွှန်ကြားလိုက်၏။

“ဆည်းလည်းတောင်ထဲမှာ ဝင်္ကပါတစ်ခုရှိတယ်။ တောင်ပေါ်က အပင်တွေကလည်း အရမ်းမာပြီး ဖျက်ဆီးရခက်တယ်။ ကိုယ့်ဘာသာ လျှောက်မသွားပါနဲ့.. အတူတူသွားကြပါ။ တာဝန်ပြီးသွားတာနဲ့ ကျွန်မ အားလုံးကို ဦးဆောင်ပြီး ဒီနေရာကနေ ဖောက်ထွက်ပါမယ်။ ဒီတစ်ခေါက်တာဝန်ရဲ့ ပစ်မှတ်က ဒီမှာ ပုန်းအောင်းနေကြတဲ့ ဝိညာဉ်သားပေါက်တွေပဲ။ အဲ့ဝိညာဉ်သားပေါက်တွေက သိပ်မသန်မာကြပါဘူး။ ကျန်းရီ... ရှင်က လူကယ်တဲ့နေရာမှာပဲ အာရုံစိုက်ပါ။ ကျန်တဲ့သူတွေက ကောင်းကင်စိတ်အာရုံနဲ့ ဝိညာဉ်သားပေါက်တွေရဲ့ ဝိညာဉ်အမြုတေတွေကို ရှာကြပါ။ သူတို့ရဲ့ ဝိညာဉ်အမြုတေတွေကိုသာ ဖျက်ဆီးလိုက်နိုင်ရင် ဝိညာဉ်သားပေါက်တွေ သေသွားလိမ့်မယ်”

ချီချင်ချန်သည် ယခင်က ကျန့်ရှဆန်းကြယ်နယ်မြေထဲ သူမ၏ခမည်းတော်နှင့်အတူ လာခဲ့ဖူးပြီး ဆည်းလည်းတောင်ထဲသို့လည်း ဝင်ခဲ့ဖူးသည်။ ထို့ပြင် သူမ၏အမိန့်ကြောင့် ဤတာဝန်ကို ယူခဲ့ခြင်းဖြစ်သည်။ သူမသည် ဝိညာဉ်သားပေါက်များ၏ အားနည်းချက်ကို သိပေသည်။ တပ်သားအားလုံးသည် သူမ၏ ညွှန်ကြားချက်များကို မှတ်သားကာ သူမနောက်သို့လိုက်၍ တောင်ထဲ ဝင်သွားလိုက်ကြသည်။ သူတို့ တောင်ထဲမဝင်ခင်တွင် ကျန်းရီက ရပ်တန့်ကာ အော်ခေါ်လိုက်သည်။

“အဆိပ်ဝိညာဉ်...”

ဝှစ်...

အဆိပ်ဝိညာဉ် လေထဲတွင် ထွက်ပေါ်လာ၏။ ထိုအခါ ကျန်းရီ ညွှန်ကြားလိုက်သည်။

“ကျွန်တော်တို့နဲ့အတူ အထဲကို လိုက်မလာပါနဲ့။ အပြင်မှာနေခဲ့ပြီး ပတ်ဝန်းကျင်ကို ထောက်လှမ်းထားပါ။ စစ်သူကြီးရှိနေရင် ကျွန်တော်နဲ့ သခင်မလေးလင်အာ လုံခြုံမှာပါ။ တကယ်လို့ အပြင်မှာ တစ်ခုခုဖြစ်လာရင် ကျွန်တော်တို့ကို ချက်ချင်းသတင်းပို့ပါ”

“ဟုတ်ကဲ့ပါ”

အဆိပ်ဝိညာဉ်သည် အမိန့်နာခံပြီးနောက် ထပ်မံ၍ ပျောက်ကွယ်သွား၏။ ချီချင်ချန်ကလည်း ခေါင်းညိတ်ကာ ထောက်ခံခဲ့သည်။ တောင်ထဲတွင် အဆိပ်ဝိညာဉ်က သိပ်အသုံးဝင်မည် မဟုတ်ချေ။ သူ အပြင်ဘက်တွင် ကျန်ခဲ့လျှင်မူ မမျှော်လင့်ထားသော တစ်စုံတစ်ခု ဖြစ်လာသည်နှင့် အားလုံး ချက်ချင်းသိရကာ ပြန်တုံ့ပြန်နိုင်မည်ဖြစ်သည်။

ဆည်းလည်းပင်များက ကြီးမားပြီး ထူထပ်စွာ ပေါက်ရောက်နေကြသည်။ ကောင်းကင်ထက်မှ ကြည့်မည်ဆိုလျှင် ထိုဆည်းလည်းပင်များအောက်ဘက်တွင် မည်သည့်အရာရှိကြောင်းပင် တွေ့ရမည် မဟုတ်ပေ။ ထို့ပြင် ၎င်းအပင်များက သဘာဝပုံရိပ်ယောင်အစီအရင်တစ်ခုကိုလည်း ဖန်တီးထားနိုင်ပုံပေါ်၏။ ထို့ကြောင့် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံမည်ဆိုလျှင်လည်း ၎င်းတို့အောက်ဘက်မှ အရာများကို အာရုံခံနိုင်မည် မဟုတ်ပေ။ သို့ဖြစ်၍လည်း တမလွန်ဘုံမိစ္ဆာများက ဤနေရာတွင် ပုန်းအောင်း‌နေရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပေမည်။

ဝှစ်...ဝှစ်...

ချီချင်ချန်သည် ရှေ့ဆုံးမှဦးဆောင်၍ ဆည်းလည်းတောင်ထဲ ဝင်ကာ စိမ်းစိုသောတောအုပ်ထဲသို့ တိုက်ရိုက်ပျံသန်းသွားလိုက်၏။ နောက်ဆုံးတွင် တပ်သည် ဆည်းလည်းတောင်၏ အတွင်းပိုင်းသို့ ရောက်သွားလေသည်။ တပ်သားအားလုံး သူမနောက်မှ ကပ်လိုက်သွားကြပြီး ချီဟိုင်၊ ချီရွယ်နှင့် ချီရှားတို့က ကျန်းရီနှင့် တိလင်အာတို့ကို ဝန်းရံကာ နောက်ဆုံးမှ လိုက်လာကြပေသည်။

“ချီဖေး... လမ်းမှာ အမှတ်အသားသင်္ကေတတွေ ချန်ခဲ့ပါ”

ချီချင်ချန်၏အသံ ထွက်ပေါ်လာ၏။ ကျန်းရီသည် တောအုပ်ထဲ ဝင်ပြီးနောက် ဤတောအုပ်ထဲတွင် အလင်းရောင်ကောင်းစွာ မရကြောင်း သိလိုက်ရသည်။ ပေါင်းပင်များကလည်း နေရာအနှံ့တွင် ပေါက်ရောက်နေကြသည်။ ထို့ပြင် တစ်စုံတစ်ခု ပုပ်သိုးနေသလို ပုပ်အက်အက်အနံ့တစ်ခုလည်း ရှိနေရာ လူကို ရင်ပျို့စေပေသည်။

ရွှီး...

ချီချင်ချန်၏ စစ်ချပ်ဝတ်က လင်းလက်လာ၏။ ထိုအလင်းက ပတ်ဝန်းကျင်ပေါ် ဖြာကျသွားပြီး တပ်သားများသည် ထိုအလင်းနောက်သို့ လိုက်ကြလေသည်။ ထိုမှ သူတို့ လမ်းမပျောက်မည်ဖြစ်သည်။ ဆည်းလည်းပင်များ၏ ပင်စည်ကြီးများက အလွန်မြင့်မားကြ၏။ သို့သော် အပင်အောက်ခြေတွင် အခြားမည်သည့်အပင်မှ ပေါက်ရောက်မနေကြပေ။ ထို့ကြောင့် တပ်သည် သူတို့က ကျောက်ဝင်္ကပါကြီးတစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရလေသည်။

ဝူ...ဝူ...

ဝိညာဉ်သားပေါက်များ၏ ‌အော်သံများ ထွက်ပေါ်လာ၏။ ထိုအသံများက အဝေးမှနေ၍ မီးဖီးနစ်တပ်ဆီသို့ ချဉ်းကပ်လာသည်။ တပ်သားအားလုံး ကြက်သီးထသွားကြ၏။ တိလင်အာလည်း ကြောက်ရွံ့သွားသဖြင့် ကျန်းရီ၏ လက်‌မောင်းကို ကိုင်ထားလိုက်သည်။ ဤနေရာမှ အရှိန်အဝါက အလွန်မိစ္ဆာဆန်သည်။ ယင်းကို ဝိညာဉ်အော်သံများနှင့် ပေါင်းစပ်လိုက်သောအခါ ကျန်းရီပင် အတန်ငယ် စိတ်လှုပ်ရှားမိပေသည်။

“သွားမယ်...”

ချီချင်ချန်သည်လည်း ဤနေရာတွင် စိတ်မသက်မသာ ဖြစ်နေပုံပင်။ သို့သော် သူမ၏မျက်နှာထားက တစ်ချက်မှ ပြောင်းမသွားပေ။ သူမက တစ်တပ်လုံး၏ စစ်သူကြီးဖြစ်၍ အားနည်မှု၊ ကြောက်ရွံ့မှုကို ပြသ၍မဖြစ်ချေ။ မဟုတ်လျှင် တပ်သားများ စိတ်ဓာတ်ကျဆင်းသွားနိုင်ပေသည်။ သူမသည် သူမ၏အနီရောင်ဓားကို ဝှေ့ယမ်းကာ အားလုံးကို အရှေ့သို့ ဦးဆောင်ခေါ်သွားသည်။

ဝူ...ဝူ...

အတန်ကြာ ပျံသန်းပြီးနောက် အော်သံများက ပို၍ ကျယ်လောင်လာ၏။ ထိုအသံများက အရပ်မျက်နှာအနှံ့မှ ချဉ်းကပ်လာနေခြင်းပင်။ တိလင်အာသည် ကြောက်ရွံ့လွန်းသဖြင့် ကျန်းရီကို ဖက်တွယ်ထားရသည်။ တပ်သားများကလည်း အချင်းချင်းပူးကပ်၍ နှေးနှေးသာ သွားကြတော့သည်။ သူတို့၏ မျက်ဝန်းများက လင်းလက်နေကြ၏။ ထို့ပြင် သူတို့သည် အသက်အောင့်ကာ ဝိညာဉ်သားပေါက်များ တိုက်ခိုက်လာမည်ကို စောင့်ဆိုင်းနေကြပေသည်။

***

All Chapters