← Chapters

ခြေထောက်တွေကို ချိုးပစ်မည်

Vol. 108 Ch. 1505

ခြေထောက်တွေကို ချိုးပစ်မည်

Vol. 108 Ch. 1505

ဝိညာဉ်သားပေါက်များ၏ တိုက်ခိုက်မှုများက လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ အော်သံများနှင့်အတူ မြူခိုးဖြူများက အဝေးမှနေ၍ မျောလွင့်လာသည်။ တပ်သားအားလုံးသည် ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်ကာ အာရုံခံလိုက်ကြ၏။ မြူခိုးဖြူများထဲတွင် အနည်းဆုံး အရိပ်တစ်ရာခန့် ရှိနေသည်။ ထိုအရိပ်များက ပျောက်သွားလိုက်၊ ပေါ်လာလိုက် ဖြစ်နေရာ ကြောက်မက်ဖွယ်ကောင်းပေသည်။

တိလင်အာက အမှန်ပင် ကြောက်ရွံ့နေခြင်းလော၊ သို့မဟုတ် သူ့အနားကပ်လို၍ ဉာဏ်ဆင်ခြင်းလောကို ကျန်းရီ မသိပေ။ သို့သော် သူမ၏ ကိုယ်တစ်ခြမ်းက ကျန်းရီနှင့် ပူးကပ်နေပေပြီ။ သူမ၏ရင်နှစ်မွှာက ကျန်းရီ၏လက်မောင်းအပေါ် ဖိနေသည်။ ထို့ကြောင့် ကျန်းရီ အိုးတိုးအန်းတန်းဖြစ်ရသလို ရင်လည်းခုန်လာသည်။

သို့သော် ဤအချိန်က ရင်ခုန်နေရမည့်အချိန် မဟုတ်ပေ။ ကျန်းရီ တိလင်အာထံ အသံပို့လွှတ်လိုက်သည်။

“သခင်မလေးလင်အာ... ချီရွယ်တို့ကို ကာကွယ်ပေးခိုင်းလိုက်ပါ။ ဝိညာဉ်သားပေါက်တွေက တိုက်ခိုက်ကြတော့မယ်”

“အာ...”

တိလင်အာက အသိပြန်ကပ်လာပြီး ကျန်းရီကို လျင်မြန်စွာ လွှတ်ပေးလိုက်၏။ သူမ၏ မျက်နှာကလည်း ရှက်ရွံ့မှုကြောင့် နီမြန်းနေပေသည်။ ကျန်းရီသည် တိလင်အာ၏လက်ထဲမှ လွတ်သည်နှင့် ချက်ချင်း အရှေ့သို့ ပျံသန်းသွားလိုက်သည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှနေ၍လည်း တံဆိပ်စာလုံးများ ပျံထွက်လာသည်။ လိုအပ်သူများကို ကူညီရန် သူ အဆင်သင့်ဖြစ်နေပေပြီ။

ဝိညာဉ်သားပေါက်များမှာ ဝိညာဉ်သာရှိသော တမလွန်ဘုံမိစ္ဆာတစ်မျိုးဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်မှုများကလည်း စိတ်ဝိညာဉ်တိုက်ခိုက်မှုများသာ ဖြစ်သည်။ ၎င်းတို့၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်တိုင်း တမလွန်ဘုံအရှိန်အဝါလည်း ပါလာပေသည်။ တမလွန်ဘုံအရှိန်အဝါမှာ စိတ်ဝိညာဉ်အားနည်းသော သိုင်းသမားများအတွက် အလွန်အန္တရာယ်ကြီးပေသည်။

ဝူ...ဝူ...

မြူခိုးဖြူများက ကြောက်မက်ဖွယ်အရှိန်ဖြင့် ပျံဝင်လာ၏။ ၎င်းမြူခိုးဖြူများထဲတွင် အရိပ်ဖြူများလည်း ပါလာပေသည်။ နောက်ဆုံးတွင် ကျန်းရီ၏ ကောင်းကင်စိတ်အာရုံက ဝိညာဉ်သားပေါက်များကို ရှင်းရှင်းလင်းလင်း အာရုံခံနိုင်လာ၏။ ၎င်းတို့က ဝိညာဉ်သားပေါက်ဆိုသည့်အတိုင်း ကလေးငယ်များနှင့် ဆင်တူပေသည်။ သို့သော် ၎င်းတို့သည် အစွယ်များထုတ်ကာ ခက်ထန်သော မျက်နှာထားရှိနေကြသည်။ ၎င်းတို့၏ မျက်လုံးများက အစိမ်းရောင်ဖြစ်ပြီး ၎င်းတို့၏တစ်ကိုယ်လုံးက ဖောက်ထွင်းမြင်ရသည်။ ၎င်းတို့သည် အခိုးအငွေ့များကဲ့သို့ပင်။

‘ဝိညာဉ်အမြုတေက ဘယ်မှာလဲ’

ကျန်းရီသည် ချီချင်ချန်ပြောခဲ့သော ဝိညာဉ်အမြုတေကို ကောင်းကင်စိတ်အာရုံဖြင့် ရှာလိုက်၏။ သူ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေထဲပင် ဝင်လိုက်သေးသည်။ သို့သော် အချည်းနှီးသာ။

ဝှစ်...

ချီချင်ချန်သည် သူမ၏တိုက်ခိုက်မှုကို ထုတ်လွှတ်၍ မြူခိုးဖြူများကြားထဲသို့ လေပြင်းတစ်ချက်အလား လျင်မြန်စွာ ပျံဝင်သွားသည်။ သူမ၏ ဓားပျော့ကလည်း အဆက်မပြတ် လင်းလက်နေပြီး ခပ်ရေးရေး မြင်နေရသော ခန္ဓာကိုယ်များကို ထိုးစိုက်နေသည်။ ဓားက ဝိညာဉ်သားပေါက်တစ်ကောင်စီ၏ မတူညီသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိုး၏။ ထိုးချက်များက ဦးနှောက်၊ ခန္ဓာကိုယ်၊ ခြေလက်များ စသည်ဖြင့် နေရာစုံကို ထိုးပေသည်။

“အား...”

ချီချင်ချန်၏ ထိုးချက်တိုင်းက ဝိညာဉ်သားပေါက်များကို နာကျင်တကြီး ‌အော်သွားစေ၏။ ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်များက အဖြူရောင်အလင်း လင်းလက်လာပြီး မြူခိုးဖြူများထဲ လွင့်ပြယ်သွားကြသည်။ ကျန်းရီသည် ခေတ္တမျှ ကြည့်နေပြီးနောက် ဘွဲ့ထူးရစစ်နတ်ဘုရားများကလည်း ဝိညာဉ်သားပေါက်တစ်ကောင်စီ၏ မတူညီသော နေရာများကို တိုက်ခိုက်နေကြောင်း သိလိုက်ရ၏။ သူတို့သည် ဝိညာဉ်သားပေါက်များ၏ ဝိညာဉ်အမြုတေကို တိုက်ခိုက်ခြင်း ဖြစ်ပေမည်။

သို့သော် ကျန်တပ်သားများက ဆင်ကန်းတောတိုး တိုက်ခိုက်နေကြသည်။ သူတို့သည်လည်း ကျန်းရီကဲ့သို့ ဝိညာဉ်အမြုတေများကို မရှာနိုင်ကြပုံပင်။

“ချီဟိုင်... ဟိုဘက်မှာ”

ကျန်းရီသည် ဘယ်ဘက်မှ တပ်သားတစ်ယောက်က ထိခိုက်သွားသည်ကို တွေ့လိုက်၍ ချီဟိုင်အား သူ့ကို ဘယ်ဘက်သို့ ခေါ်သွားစေလိုက်၏။ ချီဟိုင်က တိုက်ပွဲထဲ ဝင်မတိုက်ခဲ့ပေ။ သူ၏တာဝန်က ကျန်းရီကို ကာကွယ်ရန်ဖြစ်သည်။ ကျန်းရီက ကျန်လူအားလုံးထက် ပိုအရေးကြီးသည်။ သူက အားလုံး၏ အသက်ကိုကယ်တင်နိုင်မည့် မျှော်လင့်ချက်ဖြစ်ပေသည်။

ချီဟိုင်သည် ကျန်းရီကိုခေါ်၍ ဘယ်ဘက်သို့ ပျံသန်းသွားလိုက်၏။ ကျန်းရီသည် ဘယ်ဘက်ရှိ တပ်သား လေး၊ ငါးယောက်ထံသို့ တံဆိပ်စာလုံးများ ပစ်လွှတ်လိုက်သည်။ ထိုတပ်သားများက မလှုပ်နိုင်ဖြစ်နေကြ၏။ သူတို့ ဝိညာဉ်သားပေါက်များ၏ တိုက်ခိုက်မှုကို ခံခဲ့ရခြင်း ဖြစ်ပေမည်။

တံဆိပ်စာလုံးများက တပ်သားများကို ထိမှန်သွားသည်နှင့် တပ်သားများ ရုတ်ခြည်း နိုးထလာကြသည်။ ထိုတပ်သားများက စစ်နတ်ဘုရားအဆင့်ရှိသူများ မဟုတ်ပါလား။ ထို့ကြောင့် သူတို့၏ စိတ်ဝိညာဉ်များက အလွန်သန်မာကြပေသည်။ သူတို့သည် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို တောင့်ခံနိုင်ကြ၏။ ပြဿနာမှာ ထိုစိတ်ဝိညာဉ်တိုက်ခိုက်မှုနှင့်အတူ ပါလာသော တမလွန်ဘုံအရှိန်အဝါဖြစ်သည်။ တမလွန်ဘုံအရှိန်အဝါက လူတစ်ယောက်ကို လျင်မြန်စွာ ထိန်းချုပ်ပစ်နိုင်သည်။ ၎င်းကို ခုခံဖယ်ရှားရန် အလွန်ခက်ပြီး ဖယ်ရှားလိုလျှင် မိစ္ဆာချေဖျက်ဆေးလုံး လိုအပ်ပေသည်။

“ချီဟိုင်... အဲ့ဝိညာဉ်သားပေါက်တွေက ဘယ်လို တိုက်ခိုက်တာလဲ။ ဘာလို့ ကျွန်တော် သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အာရုံမခံမိတာလဲ”

ကျန်းရီသည် တပ်သားများထဲမှ တမလွန်ဘုံအရှိန်အဝါများကို ဖယ်ရှားပေးရင်း ချီဟိုင်အား စိတ်ဝင်တစား မေးလိုက်၏။ ချီဟိုင်က ခါးသက်သက်ရယ်၍ ပြောလိုက်သည်။

“ကြီးကြပ်စစ်သူကြီး စမ်းကြည့်ချင်လား။ မြူခိုးဖြူတွေထဲ ဝင်သွားလိုက်မယ်ဆိုရင် အဖြေကို သိရမှာပါ။ ဝိညာဉ်သားပေါက်တွေရဲ့ တိုက်ခိုက်မှုက အဲ့မြူခိုးဖြူတွေပါပဲ။ သူတို့က လူတွေကို အကောင်အထည်မရှိဘဲ သတ်ပစ်နိုင်ပါတယ်”

“ကျွန်တော် စမ်းမကြည့်တော့ပါဘူး...”

ကျန်းရီ ခေါင်းခါလိုက်၏။ သူ၏စိတ်ဝိညာဉ်က အားနည်းနေသေးသည်။ သူ့တွင် တံဆိပ်စာလုံးများ ရှိသဖြင့် အဆင့်နိမ့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများကို ကြောက်ရန် မလိုသော်လည်း သူ ကိုယ့်ဒုက္ခကိုယ်ရှာမည် မဟုတ်ပေ။ အခြားသူများက ရှေ့တန်းတွင် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသဖြင့် သူ နောက်တန်းတွင် အေးအေးဆေးဆေးသာနေကာ လိုအပ်သူများအတွက် တမလွန်ဘုံအရှိန်အဝါကို သန့်စင်ပေးမည်ဖြစ်သည်။

ဝိညာဉ်သားပေါက်များက အလွန်စွမ်းအားကြီးသော တမလွန်ဘုံမိစ္ဆာများ မဟုတ်ကြပေ။ ၎င်းတို့၏ တိုက်ခိုက်မှုများကသာ အနည်းငယ် ထူးဆန်းသည်။ သို့သော် ၎င်းတို့၏ အားနည်းချက်ကို ရှာတွေ့သည်နှင့် ၎င်းတို့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။

အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးလာ၏။ တပ်သားများသည် ဝိညာဉ်အမြုတေများကို ရှာနိုင်လာကြပြီဖြစ်သည်။ သူတို့ သေချာကြည့်မည်ဆိုလျှင် ဝိညာဉ်သားပေါက်များ၏ ဝိညာဉ်အမြုတေများကို ခပ်ရေးရေး မြင်ကြရသည်။ သို့သော် ထိုဝိညာဉ်အမြုတေက ဝိညာဉ်သားပေါက်များ၏ ခန္ဓာကိုယ်နေရာအနှံ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။ ထို့ကြောင့် ၎င်းအမြုတေများကို ဖျက်ဆီးရန် အလွန်လျင်မြန်တိကျစွာ တိုက်ခိုက်ရမည်ဖြစ်သည်။

ဝိညာဉ်အမြုတေများကို ရှာတွေ့သည်နှင့် ကျန်အရာများက ပြဿနာမဟုတ်တော့ပေ။ တစ်နာရီကြာပြီးနောက် တပ်သားအားလုံးနီးပါးသည် ဝိညာဉ်အမြုတေများကို ရှာနိုင်လာကြ၏။ ကျန်းရီလည်း အတော်လေး ပင်ပန်းလာပြီဖြစ်သည်။ မြူခိုးဖြူများက နေရာအနှံ့မှ ထွက်လာခြင်းဖြစ်ရာ ဝိညာဉ်သားပေါက်များက အရေအတွက်မည်မျှရှိကြောင်း မည်သူမှ မခန့်မှန်းနိုင်ပေ။ အချိန်ကြာလာသည်နှင့်အမျှ စိတ်ဝိညာဉ်တိုက်ခိုက်ခံရသူများ ပိုများလာသည်။ ထို့ကြောင့် ကျန်းရီနှင့် ချီဟိုင်တို့သည် လှည့်ပတ်ပျံသန်းကာ လူများကို ကယ်နေရပေသည်။

တပ်သားအားလုံးသည် ကျန်းရီရှိနေသဖြင့် မည်သည်ကိုမှ မစိုးရိမ်ဘဲ အစွမ်းကုန်ထုတ်သုံးကာ ဝိညာဉ်သားပေါက်များကို သတ်ဖြတ်နေကြသည်။ ဤတစ်ခေါက် တာဝန်အချက်အလက်တွင် ဝိညာဉ်သားပေါက်များက တစ်သိန်းသာ ရှိသည်ဟု ဖော်ပြထားသည်။ သို့သော် ခြောက်နာရီကြာအောင် သတ်ဖြတ်ပြီးနောက်တွင်ပင် ၎င်းတို့ကို မကုန်နိုင်သေးချေ။ ဆည်းလည်းတောင်ထဲတွင် ဝိညာဉ်သားပေါက်များ မရေမတွက်နိုင်အောင် ရှိနေပုံပင်။ ၎င်းတို့က အသိဉာဏ်မမြင့်သော်လည်း လူသားများနှင့် ထိပ်တိုက်တိုးသည်နှင့် အဆုံးထိ တိုက်ခိုက်ကြပေသည်။

တိလင်အာသည် အကြောက်ပြေလာပြီဖြစ်ပြီး ချိပ်စည်းကျောက်တုံးကိုသုံး၍ တိုက်ပွဲကို မှတ်တမ်းတင်နေသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်သားပေါက်များကို တိုက်ခိုက်ရန်လည်း ကြိုးစားနေသည်။ တိလင်အာ၏ ကျင့်ကြံခြင်းအဆင့်က အတော်လေး မြင့်ပေသည်။ သူမက ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သို့သော် သူမသည် ငယ်ရွယ်သေးပြီး ငယ်စဉ်ကတည်းက ဖူးဖူးမှုတ်ခံထားခဲ့ရသူတစ်ယောက် ဖြစ်သဖြင့် တိုက်ပွဲအတွေ့အကြုံ နည်းနေပေသည်။

ဤတစ်ကြိမ်တွင် တိမင်က တိလင်အာအပေါ် အ‌တော်လေး ကြမ်းတမ်းခဲ့သည်ဟု ဆိုနိုင်သည်။ သူသည် သူမကို ကာကွယ်ရန် လူတစ်ယောက်မှ စေလွှတ်မပေးခဲ့ချေ။ တိချန်ကျွင်းရှိနေလျှင် တိလင်အာက လုံခြုံလိမ့်မည်ဟု တိမင် ယူဆထားခြင်းဖြစ်နိုင်သည်။ သို့သော် တိလင်အာက ခေါင်းမာစွာဖြင့် မီးဖီးနစ်တပ်ထဲ ဝင်လိမ့်မည်ဟု တိမင် ထင်မထားလောက်ပေ။

ချီချင်ချန် ရှိနေခြင်းက မီးဖီးနစ်တပ်အတွက် အမှန်ပင် ကံကောင်းခြင်းဖြစ်သည်။ သူမက အလွန်စွမ်းအားကြီးသည်။ ထို့ပြင် သူမသည် မျိုးနွယ်ကြီးများမှ သာမန်သခင်မလေးများကဲ့သို့ မဟုတ်ဘဲ စစ်နတ်ဘုရားမတစ်ပါးကဲ့သို့ လက်မရွံတမ်း သတ်ဖြတ်နေသည်။

ချီချင်ချန်သည် သူမ၏အလှဖြင့်ပင် နိုင်ငံတစ်ခုကို ဖျက်နိုင်သော မိန်းမလှတစ်ယောက်ဖြစ်သည်။ သာမန်အချိန်တွင်ဆိုလျှင် သူမက သန့်စင်သော ကြာပန်းဖြူလေးတစ်ပွင့်ကဲ့သို့ပင်။ သို့သော် သူမ တိုက်ခိုက်ပြီဆိုလျှင် တော်ရုံယောက်ျားများက သူမကို ယှဉ်နိုင်မည် မဟုတ်ချေ။

ကျန်းရီသည် ဆိုရိုးတစ်ခုကို တွေးမိသွား၏။ ချက်ပြုတ်တတ်ရုံသာမက ရုံးတော်တွင်ပင် ပွဲထွက်နိုင်သော အမျိုးသမီးတစ်ယောက်သည် အိမ်တွင် ဇနီးကောင်းတစ်ယောက် ဖြစ်သလို အပြင်တွင်လည်း ဂုဏ်သိက္ခာရှိသူတစ်ယောက်ဖြစ်ပေလိမ့်မည်။ သို့သော် ချီချင်ချန်က အိပ်ရာထဲတွင်ရော ထူးချွန်ပါမည်လောကို ကျန်းရီမသိပေ။

ဆယ်နာရီကြာ တိုက်ခိုက်ပြီးနောက် တပ်သားများသည် ဝိညာဉ်သားပေါက် တစ်သိန်းခွဲလောက်ကို သတ်ဖြတ်ခဲ့၏။ သို့သော် ဝိညာဉ်သားပေါက်များ ထပ်ရောက်လာနေသေးသည်။ တပ်သားများသည် မိစ္ဆာချေဖျက်စစ်တပ်၏ ထောက်လှမ်းရေးများကို စတင် ကျိန်ဆဲလာကြသည်။ သတင်းအချက်အလက်အမှားက တစ်တပ်လုံးကို ပျက်သုဉ်းသွားစေနိုင်သည်။ သူတို့ ရင်ဆိုင်နေရသည်က ဝိညာဉ်သားပေါက်များ မဟုတ်ဘဲ ပို၍ကြောက်မက်ဖွယ်ကောင်းသော တမလွန်ဘုံမိစ္ဆာများသာ ဖြစ်နေပါက တပ်သားတော်တော်များများ ကျဆုံးသွားလောက်ပေပြီ။

သို့သော် အရာအားလုံးကို ချိပ်စည်းကျောက်တုံးထဲတွင် မှတ်တမ်းတင်ထားပြီဖြစ်၍ သူတို့ ပြန်ရောက်သည်နှင့် သူတို့သတ်ခဲ့သော အရေအတွက်နှင့် တန်သည့် တိုက်ပွဲအမှတ်ကို တောင်းနိုင်မည်ဖြစ်သည်။ ထို့ကြောင့် အားလုံး သိပ်၍စိတ်မရှိကြပေ။ အကောင်းဘက်မှ ကြည့်မည်ဆိုလျှင် ကျန်းရီရှိနေသ၍ ဝိညာဉ်သားပေါက်များကို အလွယ်တကူ သတ်နိုင်မည်ဖြစ်ပြီး သူတို့ဘက်က မည်သူမှ သေမည် မဟုတ်ချေ။ ထို့ကြောင့် အားလုံးသည် များစွာအရေးစိုက်မနေတော့ဘဲ အစွမ်းကုန်သုံး၍သာ သတ်ဖြတ်ကြလေသည်။

ဝှစ်...

တစ်နာရီကြာပြီးနောက် အနောက်မှနေ၍ အေးစက်စက် လေတစ်ချက် တိုက်ခတ်လာပြီး အဆိပ်ဝိညာဉ် ထွက်ပေါ်လာ၏။ ထို့နောက် သူ မျက်စိပျက်မျက်နှာပျက်ဖြင့် အော်ပြောလိုက်သည်။

“စစ်သူကြီး၊ အရှင်ငယ်... ကိစ္စကြီးတစ်ခု ဖြစ်လာပါပြီ။ ကျန့်ရှမျိုးနွယ်တပ်ကြီးတစ်တပ်က ဒီကို အရပ်မျက်နှာအနှံ့ကနေ လာနေပါတယ်။ တစ်နာရီကြာပြီးရင် သူတို့ ဆည်းလည်းတောင် တစ်တောင်လုံးကို ဝန်းရံပြီးလောက်ပါပြီ။ အဲ့တပ်က အင်အားငါးသန်းလောက် ရှိလောက်ပါတယ်”

“ငါးသန်းလား...”

ချီရွယ်နှင့် ချီရှားတို့၏ ဒူးများ ချောင်သွား၏။ သူမတို့ မြေပေါ်သို့ ပြုတ်ကျမလိုပင် ဖြစ်သွားကြသည်။ ကျန်းရီနှင့် ချီချင်ချန်တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြပြီး မျက်နှာထားများ အေးစက်သွားကြသည်။ တစ်စုံတစ်ယောက်က အမှန်ပင် သူတို့ကို သတ်ရန် ကြံစည်နေခြင်းပင်။ ထိုလူက ကောင်းစွာ အကွက်ဆင်နိုင်ခဲ့သည်။ သူသည် ကိုယ်တိုင် မတိုက်ခိုက်ဘဲ အင်အားငါးသန်းရှိသော ကျန့်ရှမျိုးနွယ်တပ်ကြီးကို ဤတောင်သို့ မျှားခေါ်ခဲ့သည်။ သို့သော် ထိုသို့လုပ်နိုင်သူ မည်သူ ရှိသနည်း။

“ယိုထျန်းနီ...”

ကျန်းရီနှင့် ချီချင်ချန်တို့၏ အတွေးထဲတွင် နဖူးပြောင်ပြောင်ပေါ်၌ ဆေးမင်ကြောင်ရှိသော သခင်လေးတစ်ယောက် ထွက်ပေါ်လာ၏။ ဤမျှ ရဲရဲတင်းတင်း ကြံစည်ဝံ့ခြင်း၊ ကြံစည်သည့်အတိုင်းလည်း လုပ်နိုင်စွမ်းရှိခြင်းတို့ကို ကြည့်လျှင် ယိုထျန်းနီသာ သံသယအရှိဆုံးသူ ဖြစ်ပေသည်။

“အရမ်းကောင်းတယ်...”

ဤတစ်ကြိမ်တွင် ချီချင်ချန် အမှန်တကယ် ဒေါသထွက်သွားပြီဖြစ်သည်။ သူမ အေးစက်စက် မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။

“ယိုထျန်းနီ... ကျွန်မ ပြန်ရောက်လို့ ရှင့်ရဲ့ ခြေထောက်တွေကို ချိုးမပစ်နိုင်ရင် ကျွန်မရဲ့ မျိုးရိုးနာမည်ကို ရှင့်နာမည် ပြောင်းပစ်မယ်”

***

All Chapters