← Chapters

ဝန်းရံမှုကို ဖောက်ထွက်ခြင်း

Vol. 108 Ch. 1506

ဝန်းရံမှုကို ဖောက်ထွက်ခြင်း

Vol. 108 Ch. 1506

ကျန့်ရှမျိုးနွယ်ဝင် ငါးသန်း... ထိုအရေအတွက်မှာ ကြောက်မက်ဖွယ် အရေအတွက်ပင်။

အရေအတွက် သောင်းဂဏန်းလောက်သာ ဖြစ်ပါက မီးဖီးနစ်တပ် တိုက်ခိုက်နိုင်လောက်သေးသည်။ တစ်သိန်းကျော်သွားပြီဆိုလျှင်မူ တပ်သားများစွာ ကျဆုံးပေလိမ့်မည်။ သို့သော် အရေအတွက်က သိန်းဂဏန်းထက် ကျော်သွားလျှင်တော့ ချီချင်ချန်မှလွဲ၍ ကျန်တပ်သားအားလုံး သေရလောက်ပေသည်။ အင်အားငါးသန်းက အရပ်မျက်နှာအနှံ့မှ လာနေခြင်းဖြစ်ရာ အရပ်မျက်နှာတစ်ဘက်တွင် အနည်းဆုံး အင်အားတစ်သန်းစီတော့ ရှိပေလိမ့်မည်။

‘သူတို့ကို ဘယ်လို မျှားခေါ်လာခဲ့တာလဲ’

ကျန်းရီ၏ အတွေးထဲတွင် မေးခွန်းများစွာ ရှိနေ၏။ ကျန့်ရှမျိုးနွယ်ဝင်များစွာကို မျှားခေါ်လိုလျှင် မျှားခေါ်မည့်ဘက်တွင်လည်း အလွန်လျင်မြန်သော စွမ်းအားကြီး သိုင်းသမားများစွာ ရှိရပေမည်။ ထိုသိုင်းသမားများသာ လုံလောက်အောင် မလျင်မြန်လျှင် သူတို့မျှားခေါ်လာသော ကျန့်ရှမျိုးနွယ်ဝင်များ၏ သတ်ဖြတ်မှုကို ခံရပေလိမ့်မည်။ ယိုထျန်းနီက ဘွဲ့ထူးရစစ်နတ်ဘုရား ထောင်ကျော်ကို အမိန့်မပေးနိုင်လောက်ပေ။

ကျန်းရီသည် အတန်ကြာ တွေးလိုက်သော်လည်း သဘောမပေါက်နိုင်သေးချေ။ သို့သော် ယခုက ထိုအကြောင်းများ တွေးနေရမည့်အချိန် မဟုတ်ပေ။ ကျန်းရီ ချီချင်ချန်ကို လှမ်းကြည့်လိုက်ပြီး သူမ၏ ဆုံးဖြတ်ချက်ကို စောင့်နေလိုက်သည်။

ကျန်တပ်သားများသည်လည်း ချီချင်ချန်ကို လှမ်းကြည့်ရင်း ဝိညာဉ်သားပေါက်များကို ဆက်သတ်ဖြတ်နေကြသည်။ ယခုတွင် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူတို့၏စစ်သူကြီး ဖြစ်နေပေပြီ။ သို့သော် သူမက သူတို့ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်သော်လည်း ကျန့်ရှမျိုးနွယ်တပ်ကြီးကို ဖောက်မထွက်နိုင်လျှင် အားလုံး သေရမည်ဖြစ်သည်။

“တစ်နာရီအတွင်းလား...”

ချီချင်ချန် အံကြိတ်ကာ အော်ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... ဘယ်ဘက်က ‌ဖောက်ထွက်တာ အကောင်းဆုံး ဖြစ်မလဲဆိုတာကို သွားထောက်လှမ်းလိုက်ပါ။ အရင်ဆုံး ကျွန်မတို့ ဒီက ဝိညာဉ်သားပေါက်တွေ အကုန်လုံးကို ရှင်းပစ်ရမယ်။ အခုမှ လက်လျှော့လိုက်ဖို့က နှမြောစရာကောင်းတယ်။ အားလုံးပဲ မစိုးရိမ်ကြပါနဲ့။ ကျွန်မ အကုန်လုံးကို ဘေးကင်းကင်း ပြန်ခေါ်သွားမှာပါ”

‘ဝိညာဉ်သားပေါက်တွေကို ဆက်သတ်ရဦးမှာလား’

ကျန်းရီ မျက်ခုံးပင့်လိုက်၏။ ဤကဲ့သို့ အန္တရာယ်များနေသည့်အချိန်တွင် ချီချင်ချန်က တာဝန်ပြီးမြောက်‌အောင် လုပ်ဆောင်လိုနေသေးသည်လော။ သူမက သူမကိုယ်သူမ အလွန်ယုံကြည်မှုရှိနေခြင်း မဟုတ်လော။ သို့မဟုတ် သူမက တိုက်ပွဲအမှတ်နှစ်သန်းကို လက်မလွှတ်နိုင်ခြင်းလော။

သို့သော် ပြန်တွေးကြည့်လျှင် ချီချင်ချန်က တိုက်ပွဲအမှတ်တစ်မှတ်မှ မယူပါပေ။ ထို့ပြင် သူမက သူမကိုယ်သူမ အထင်ကြီးကာ မာန်ဝံ့နေသူလည်း မဟုတ်ချေ။ ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ကျန်တော့သည်။ ချီချင်ချန်သည် ကြိုးကိုင်သူကို သူ့ဘာသာ ထွက်လာစေရန် စောင့်လိုခြင်း ဖြစ်ပေမည်။

ချီချင်ချန်က ကြိုးကိုင်သူကို သတ်ရန် ကြံနေခြင်းဖြစ်မည်။ ကျန့်ရှမျိုးနွယ်တပ်ကြီးက သူတို့ကို ဝန်းရံလိုက်သည်နှင့် ကြိုးကိုင်သူက သေချာပေါက် လူလုံးထွက်ပြလောက်သည်။ ထိုအခါ ကြိုးကိုင်သူကိုသာ အနီးနားတွင် တွေ့လျှင် သက်သေအခိုင်မာရသွားပြီဖြစ်၍ ချီချင်ချန် ကြိုးကိုင်သူကို ချက်ချင်း သတ်ပစ်နိုင်ပေသည်။ ကောင်းကင်ဘုရင်ယိုပင် မည်သို့မှ ဝင်ပြောနိုင်မည် မဟုတ်ချေ။ သို့သော် ထင်ထားသည့်အတိုင်း ဖြစ်မလာလျှင်မူ သူတို့က အလကားသက်သက် ထောင်ချောက်ထဲ ဝင်လိုက်ရသလို ဖြစ်သွားပေလိမ့်မည်။ အထောက်အထားမရှိလျှင် ယိုထျန်းနီကို ကြိုးကိုင်သူဟု သက်သေပြနိုင်မည် မဟုတ်ပေ။

‘ဒီကိစ္စက တော်တော်မလွယ်တာပဲ...’

ကျန်းရီ အတန်ငယ် စိုးရိမ်နေ၏။ ယနေ့တွင် ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည်ဟု သူ ခံစားနေရသည်။ သို့သော် မီးဖီးနစ်တပ်၏ စစ်သူကြီးဖြစ်သော ချီချင်ချန်က အမိန့်ပေးလိုက်ပြီဖြစ်၍ ကျန်းရီ မည်သို့မှ ဝင်မပြောနိုင်တော့ပေ။ သူ တပ်သားများအကြား လျင်မြန်စွာ ပျံသန်း၍သာ သူတို့၏ ခန္ဓာကိုယ်များမှ တမလွန်ဘုံအရှိန်အဝါကို ဖယ်ရှားပေးနေလိုက်ပေသည်။

အန္တရာယ်က ချဉ်းကပ်လာနေပြီဖြစ်၍ တပ်သားအားလုံး အသည်းအသန် တိုက်ခိုက်ကြပြီး ဝိညာဉ်သားပေါက်များကို မြန်နိုင်သမျှ အမြန်ဆုံး ရှင်းပစ်ရန် ကြိုးစားလိုက်ကြသည်။

ဆယ့်ငါးမိနစ်အတွင်းမှာပင် ပတ်ဝန်းကျင်မှ ဝိညာဉ်သားပေါက်အားလုံး အသတ်ခံလိုက်ရသည်။ ထိုအခါ ချီချင်ချန်သည် အနီရောင်ဓားပျော့ကို သူမ၏သိုလှောင်လက်စွပ်ထဲတွင် ပြန်သိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် လက်စွပ်ထဲမှနေ၍ အနီရောင်နန်းတော်အသေးလေးတစ်ခု ထွက်လာသည်။ ထို့နောက် ချီချင်ချန် လေသံတည်တည်ဖြင့် ပြောလိုက်သည်။

“ဘယ်သူမှ ငြင်းခွင့်မရှိဘူး။ ကျွန်မ ရှင်တို့အကုန်လုံးကို ဒီအထဲ ထည့်မယ်”

မည်သူကမှလည်း မငြင်းပေ။ သူတို့ထဲတွင် ချီချင်ချန်က အမြန်ဆုံး၊ စွမ်းအားအကြီးဆုံးဖြစ်သည်။ သူမကသာ သူတို့ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်ခေါ်သွားမည်ဆိုလျှင် ကျန့်ရှမျိုးနွယ်တပ်ကို အလွယ်တကူ ဖောက်ထွက်နိုင်လောက်သည်။ သူတို့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ မဝင်မှ သူမအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေမည်ဖြစ်သည်။

သို့ဖြင့် ချီချင်ချန်သည် မီးဖီးနစ်တပ်သားများကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ထည့်လိုက်၏။ တိလင်အာ၊ ချီရွယ်နှင့် အခြားသူများကလည်း ခြွင်းချက်မဟုတ်ပေ။ တစ်ခဏအတွင်းမှာပင် တပ်သားတစ်ရာကျော်စလုံး အထဲရောက်သွားကြ၏။ အပြင်တွင် ကျန်းရီသာ ကျန်တော့သည်။

“အာ...”

ကျန်းရီသည် ချီချင်ချန်က သူ့ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ မထည့်ပေးသဖြင့် နားမလည်နိုင်ဟန် မျက်တောင်ပုတ်ခတ်ကာ မေးလိုက်သည်။

“ကျွန်တော် မငြင်းဘူးလေ... ဘာလို့ ကျွန်တော့်ကို အထဲထည့်မပေးတာလဲ”

“ဘယ်သူက ရှင့်ကို အထဲထည့်ပေးမယ်လို့ ပြောခဲ့လို့လဲ”

ချီချင်ချန်သည် အနီရောင်နန်းတော်လေးကို သူမ၏သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်၏။ သူမ ကျန်းရီကို ကြည့်ပင် မကြည့်ချေ။ ကျန်းရီ တုန်လှုပ်သွားပြီး သူမကို ငေးကြည့်ကာ ပြောလိုက်သည်။

“စစ်သူကြီး နောက်နေတာမလား။ စစ်သူကြီး ကျွန်တော့်ကို အရေးမစိုက်တာတော့ မဟုတ်ဘူးမလား”

“ဟားဟား...”

ချီချင်ချန်က ရယ်၍ ကျန်းရီကိုကြည့်ကာ ပြောလိုက်၏။

“ရှင့်ကို ကြည့်ပါဦး... အသုံးမကျလိုက်တာ။ စိတ်အေးအေးနေပါ... ကျွန်မ ရှင့်ကို ခေါ်သွားမှာပါ။ ကျွန်မ ကျန့်ရှမျိုးနွယ်ဝင်တွေနဲ့ အကြာကြီး တိုက်ခိုက်ရရင် သူတို့ရဲ့ မကောင်းတဲ့အရှိန်အဝါတွေရဲ့ သက်ရောက်မှုကို ခံရလိမ့်မယ်။ အဲ့ကျရင် ရှင် ကျွန်မရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပေးပြီး ကျွန်မကို ကူညီပေးရမယ်။ ရှင့်မှာ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ရှိတော့ ရှင်သာ သတိထားမယ်ဆိုရင် သေမှာ မဟုတ်ပါဘူး”

“ဪ...”

နောက်ဆုံးတွင် ကျန်းရီ နားလည်သွားပေပြီ။ သူက ကျန့်ရှမျိုးနွယ်ဝင်များကို ကိုယ်တိုင်မတိုက်ခိုက်ခဲ့ရ၍ ၎င်းတို့တွင်ရှိသော အရှိန်အဝါအကြောင်းကို မသိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ နားမလည်သောအရာများ ရှိနေသေးပေသည်။ ထို့ကြောင့် သူ မေးလိုက်သည်။

“ကျွန်တော်က မကောင်းတဲ့အရှိန်အဝါကို သန့်စင်ပေးနိုင်တာလား။ ပြီးတော့... မကောင်းတဲ့အရှိန်အဝါဆိုတာ ဘာလဲ။ အဲ့ဒါက တမလွန်ဘုံအရှိန်အဝါနဲ့ တူတာလား”

“ရှင် သန့်စင်ပေးနိုင်လောက်ပါတယ်”

ချီချင်ချန်က ခေါင်းညိတ်ကာ ပြောသည်။

“ရှင့်ရဲ့ တံဆိပ်စာလုံးတွေက အရမ်းဆန်းကြယ်တယ်။ အဲ့စာလုံးတွေမှာ မိစ္ဆာအရှိန်အဝါတွေနဲ့ မကောင်းတဲ့အရှိန်အဝါတွေ မှန်သမျှကို သန့်စင်နိုင်တဲ့ နတ်ဘုရားစွမ်းအင်ရှိတယ်။ မကောင်းတဲ့အရှိန်အဝါက ဘာလဲဆိုတာကို မကြာခင် ရှင် သိရမှာပါ။ သွားကြစို့... ကျွန်မတို့ မြန်မြန်မသွားရင် ပိတ်မိပြီး အသတ်ခံရလိမ့်မယ်”

ချီချင်ချန် ပျံသန်းလာပြီး ကျန်းရီ၏ လက်ကို ဆုပ်ကိုင်လိုက်၏။ သူမ၏ သင်းပျံ့သော ကိုယ်သင်းရနံ့လေးက ကျန်းရီကို ရင်ခုန်မြန်သွားစေသည်။ သူက မကျမ်းကြေနေသူတစ်ယောက်ဖြစ်သဖြင့် ထိုရနံ့က အမွှေးနံ့သာတစ်ခု၏ ရနံ့မဟုတ်ဘဲ သဘာဝကိုယ်သင်းနံ့ဖြစ်ကြောင်းကို သိပေသည်။ ထိုကိုယ်သင်းနံ့မှာ မိန်းမအချို့တွင်သာ ရှိသော ကိုယ်သင်းနံ့ဖြစ်ပေသည်။

ဝှစ်...

ချီချင်ချန်သည် ကျန်းရီကို ဆွဲခေါ်၍ အထက်သို့ ပျံတက်သွားလိုက်၏။ ကျန်းရီ မည်သည်ကိုမှ မတွေးဝံ့ပေ။ သူတို့က ဘေးကြပ်နံကြပ် အခြေအနေထဲတွင် ရှိနေပေသည်။ သူက ချီချင်ချန်ကို မကူညီနိုင်လျှင်ပင် သူမအတွက် ဝန်ထုပ်ဝန်ပိုးတော့ မဖြစ်လိုပေ။ ချီချင်ချန်သာ သေသွားလျှင် အားလုံး သေရမည် မဟုတ်ပါလား။

ရွှမ်...ရွှမ်...

ချီချင်ချန်သည် သူမ၏ ဓားပျော့ကို ပြန်ထုတ်၍ အထက်မှ သစ်ရွက်များကို ခုတ်ဖြတ်လိုက်သည်။ သူမသည် အထက်သို့ တစ်ဖြောင့်တည်း ပျံတက်ခြင်း မဟုတ်ဘဲ ကွေ့ကွေ့ကောက်ကောက် ပျံတက်ခြင်းဖြစ်သည်။ သစ်ရွက်အလွှာ တစ်ဒါဇင်ကို ခုတ်ဖြတ်ပြီးနောက်တွင် သူမတို့နှစ်ယောက်၏ အရှေ့တွင် ကောင်းကင်ကြီး ထွက်ပေါ်လာ၏။ သူမတို့ ဆည်းလည်းတောင်ထဲက ထွက်နိုင်လိုက်ပေပြီ။

ကျန်းရီသည် အရပ်မျက်နှာအနှံ့ကို ကြည့်လိုက်၏။ သို့သော် မည်သည့်ကျန့်ရှမျိုးနွယ်ဝင်ကိုမှ မတွေ့ပေ။ ချီချင်ချန်လည်း လှည့်ပတ်ကြည့်လိုက်ပြီး မည်သည့်ဘက်သို့ သွားရမည်ကို မသိဖြစ်နေသည်။ ထိုစဉ် အဆိပ်ဝိညာဉ်၏အသံ ထွက်ပေါ်လာ၏။

“အရှေ့ဘက်ကို သွားပါ။ အဲ့ဘက်က ကျန့်ရှမျိုးနွယ်ဝင် အရေအတွက်က တခြားဘက်တွေထက် ပိုနည်းလောက်တယ်။ ဒါပေမဲ့ ကျွန်တော် သေတော့မသေချာဘူး”

“ကောင်းပြီ... အရှေ့ဘက်ကို သွားကြတာပေါ့”

ချီချင်ချန် သူမ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်၏။ ထိုအရှိန်အဝါက အလွန်ဖိအားကြီးရာ ကျန်းရီ မွန်းကြပ်မလိုပင် ဖြစ်သွားသည်။ ထို့နောက် ချီချင်ချန်သည် ကောင်းကင်စိတ်အာရုံဖြင့် အဆိပ်ဝိညာဉ်ကို အာရုံခံ၍ အသံပို့လွှတ်ကာ မေးလိုက်၏။

“အဆိပ်ဝိညာဉ်... ရှင့်ဘာသာ ဖောက်ထွက်နိုင်လား”

“ဖောက်ထွက်နိုင်ပါတယ်”

အဆိပ်ဝိညာဉ်က ပြတ်သားစွာ အသံပြန်ပို့လွှတ်သည်။

“စွမ်းအားကြီး သိုင်းသမားတွေက ကျွန်တော့်ကို မတားသ၍ ကျန့်ရှမျိုးနွယ်ဝင်တွေကို ကျွန်တော့်ကို ပိတ်ထားနိုင်မှာ မဟုတ်ပါဘူး”

“အဲ့ဒါဆိုလည်း ကောင်းပြီ”

ချီချင်ချန် ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ရှင့်ဘာသာ ဖောက်ထွက်ပြီး ကျွန်မအတွက် ပတ်ဝန်းကျင်ကို ထောက်လှမ်းပေးထားပါ။ ကြိုးကိုင်သူက အနီးနားမှာ ရှိနေလောက်တယ်။ ရှင် သူ့နဲ့ သူ့အပေါင်းအပါတွေကို တွေ့ရင် ကျွန်မဆီ ချက်ချင်း သတင်းပို့ပါ။ ကြိုးကိုင်သူက ဘယ်သူပဲဖြစ်ဖြစ် ကျွန်မ သူ့ကို တန်ကြေးပြန်ပေးစေမယ်”

“ဟုတ်ကဲ့ပါ”

အဆိပ်ဝိညာဉ်သည် အမိန့်နာခံလိုက်ပြီးနောက် ကျန်းရီထံ အသံပို့လွှတ်လိုက်၏။

“အရှင်ငယ်... အရှင်ငယ် ပုန်းကွယ်ခြင်းအတတ်ကို ထုတ်သုံးနိုင်ပါတယ်။ ကျန့်ရှမျိုးနွယ်ဝင်တွေက အရှင်ငယ်ကို ရှာနိုင်ကြမှာ မဟုတ်ပါဘူး။ သူတို့က သက်ရှိတွေရဲ့ အသက်လက္ခဏာကိုပဲ အာရုံခံနိုင်ကြတာပါ။ အရှင်ငယ် အန္တရာယ်တွေ့ပြီဆိုရင် ပုန်းကွယ်ခြင်းအတတ်ကို သုံးပြီး မလှုပ်ဘဲ နေနေပါ။ ကျွန်တော် အရှင်ငယ်ကို လာကယ်ပါမယ်”

အဆိပ်ဝိညာဉ် အဝေးသို့ ပျံသန်းသွားသောအခါ ချီချင်ချန်က အရှေ့ဘက်သို့ လျင်မြန်စွာ စတင် ပျံသန်းသွားလိုက်သည်။ သူမက မြန်လွန်းသဖြင့် ကျန်းရီ မျက်လုံးများပင် မဖွင့်နိုင်ချေ။ လေတိုးသံများကြောင့်လည်း သူ ခေါင်းကိုက်လာသည်။ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ အမြန်နှုန်းက ကြောက်မက်ဖွယ်ပင်။

ဝှစ်...ဝှစ်...ဝှစ်...

ငါးမိနစ်ကြာ ပျံသန်းပြီးနောက် အရှေ့မှနေ၍ လေခွင်းသံများ ထွက်ပေါ်လာ၏။ ချီချင်ချန် ရပ်တန့်လိုက်၏။ ထိုမှ ကျန်းရီလည်း မျက်လုံးဖွင့်နိုင်တော့သည်။ သူ အရှေ့သို့ ကြည့်လိုက်ပြီးနောက် ချက်ချင်း မျက်မှောင်ကြုတ်ကာ တံတွေးမျိုချလိုက်ရ၏။

ယခင်က ကြုံခဲ့သော ကျန့်ရှမျိုးနွယ်တပ်က အနီရောင်တိမ်ထုကြီးကဲ့သို့ဆိုလျှင် ယခု အရှေ့မှ ကျန့်ရှမျိုးနွယ်တပ်က အနီရောင်ဧရာမလှိုင်းလုံးကြီးတစ်လုံးကဲ့သို့ပင်။ ကျန်းရီနှင့် ချီချန်ချန်တို့မှာမူ ပင်လယ်ထဲမှ လှေငယ်လေးနှစ်စင်းဖြစ်သည်။ ဧရာမလှိုင်းလုံးကြီးတစ်လုံးက မိုးကုပ်စက်ဝိုင်းမှနေ၍ လှေငယ်လေးနှစ်စင်းထံသို့ ရွေ့လျားလာနေပေသည်။

“တစ်သန်း... အနည်းဆုံး အင်အားတစ်သန်းတော့ ရှိလိမ့်မယ်”

ကျန်းရီ အသက်ရှူမြန်လာပြီး အတန်ငယ် စိုးရိမ်ဟန်ဖြင့် ချီချင်ချန်ကို ကြည့်လိုက်၏။ သူမက ထိုတပ်ကြီးကို ဖောက်ထွက်နိုင်ပါမည်လော။

“ကျွန်မရဲ့ ကျောပေါ်တက်လိုက်”

ချီချင်ချန်က ရုတ်တရက် ပြောလိုက်၏။ ကျန်းရီ မှင်တက်သွားပြီး နားကြားများမှားသလောဟု တွေးကာ မေးလိုက်သည်။

“စစ်သူကြီး ဘာပြောလိုက်တာ”

“ကျွန်မရဲ့ ကျောပေါ်ကို တက်လိုက်လို့”

ချီချင်ချန်၏ မျက်နှာက ရှက်ရွံ့မှုကြောင့် နီမြန်းနေ၏။ သူမ ကျန်းရီကို ဒေါသသံလေးဖြင့် ပြောလိုက်သည်။

“ကျွန်မ အဲ့တပ်ကြီးကို ဖောက်ထွက်မယ်ဆိုရင် ဘယ်လိုလုပ် ရှင့်ကို ဆက်ပြီးဆွဲခေါ်နိုင်မှာလဲ။ ကျွန်မ ရှင့်ကို ကုန်းပိုးသွားတာက ပိုအဆင်ပြေမယ်။ ရှင့်ရဲ့ လက်တွေကတော့ ဟိုကိုင်ဒီကိုင်မလုပ်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင်တော့ ကျွန်မ ရှင့်ရဲ့ ခြေတွေလက်တွေနဲ့ ယောက်ျားအင်္ဂါကို ဖြတ်ပစ်မယ်”

ရှူး...

ကျန်းရီ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထိုခြင်္သေ့မက အလွန်ခက်ထန်ပေသည်။ သူမသည် သူ၏ခြေလက်များသာမက ယောက်ျားအင်္ဂါကိုပါ ဖြတ်ပစ်မည်ဟု ခြိမ်းခြောက်နေပေသည်။

***

All Chapters