← Chapters

မကောင်းတော့ဘူး

Vol. 108 Ch. 1507

မကောင်းတော့ဘူး

Vol. 108 Ch. 1507

“ရှင်က ဘာတွေ စောင့်နေတာလဲ။ မြန်မြန်လုပ်လေ”

ကျန်းရီက တုံ့ဆိုင်းနေသည်ကို မြင်လိုက်သောအခါ ချီချင်ချန် ဒေါသထွက်သွားပြန်သည်။ ထို့ကြောင့် ကျန်းရီ ချီချင်ချန်၏ ကျောပေါ်သို့ ခပ်သွက်သွက် တက်လိုက်ရပြီး သူမ၏လည်ပင်းကို ဖက်ထားလိုက်သည်။ သူ၏ခြေထောက်များကလည်း သူမ၏ဝမ်းဗိုက်ကို ပတ်တွယ်လိုက်သည်။ ထိုသို့ဖြင့် သူသည် ချီချင်ချန်ကို ရစ်ပတ်ထားသော ရေဘဝဲတစ်ကောင်ကဲ့သို့ ဖြစ်သွားလေသည်။

“ရှင့်ရဲ့ ခြေထောက်တွေကို ဘယ်နေရာမှာ ထားထားတာလဲ”

ချီချင်ချန်သည် ဓားပျော့ကို ဝှေ့ယမ်း၍ ကျန်းရီ၏ ခြေထောက်များကို ဖြတ်ပစ်မလို လုပ်လိုက်၏။ ကျန်းရီ လန့်သွားပြီး ပြန်ပြောလိုက်သည်။

“ဒီလိုမှ မြဲမှာ မဟုတ်ဘူးလား။ စစ်သူကြီးရဲ့ အမြန်နှုန်းက အရမ်းမြန်လွန်းတယ်... ဒီလို မတွယ်ထားရင် ကျွန်တော် ပြုတ်ကျသွားလိမ့်မယ်”

“...”

ချီချင်ချန် ဆွံ့အသွား၏။ ကျန့်ရှမျိုးနွယ်ဝင်များက ရောက်လာပေတော့မည်။ ထို့ကြောင့် သူမသည် ကျန်းရီကို လျစ်လျူရှုလိုက်ရန်သာ ဆုံးဖြတ်လိုက်ပြီး ပိုတိုးလာသော အလေးချိန်ကို အသားကျလာအောင် လျင်မြန်စွာ လှည့်ပတ်ပျံသန်းကြည့်လိုက်သည်။ သူမ၏ အမြန်နှုန်းက အလွန်မြန်သဖြင့် ကျန်းရီ သူမကို တင်းနေအောင် ဖက်ထားရသည်။ သူမ အတန်ငယ် မသက်မသာ ခံစားလာရပြီး မျက်နှာလည်း နီမြန်လာလေသည်။

ဟူး...ဟူး...

ချီချင်ချန် အကြိမ်အနည်းငယ် အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူမ အခြားမည်သို့မှလည်း မတတ်နိုင်သဖြင့် ကျန်းရီက သူမအား အသားယူသည်ကို ခွင့်ပြုထားရသည်။ သူမသည် အရှေ့မှ အင်အားတစ်သန်းရှိသော တပ်ကြီးတစ်တပ်ကို ဖြတ်ကျော်ရမည်ဖြစ်သည်။ ကျန်းရီကို သူမ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်ထား၍လည်း မဖြစ်ပေ။ သူမ အကူအညီလိုချိန်မှ ကျန်းရီကို အင်အားတစ်သန်းရှိသော ရန်သူတပ်ကြားတွင် အပြင်ထုတ်မည်ဆိုပါက ကျန်းရီ အလွယ်တကူ အသတ်ခံရနိုင်သည်။ သူမလည်း အန္တရာယ်ရှိသွားနိုင်ပေသည်။

ဝှစ်...

ချီချင်ချန်သည် အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းပြီးနောက် ပိုလာသော အလေးချိန်နှင့် အသားကျလာ၏။ ထို့ကြောင့် သူမ အော်ပြောကာ အရှိန်တင်လိုက်သည်။

“မြဲမြဲကိုင်ထား”

ကျန်းရီသည် ခြေနှင့်လက်များတွင် အားပိုစိုက်၍ ချီချင်ချန်၏ ပခုံးနှင့် ခါးကို တင်းကြပ်စွာ ဖက်တွယ်လိုက်၏။ ချီချင်ချန်၏ ကိုယ်သင်းရနံ့၊ အသားချင်းထိတွေ့မှုနှင့် ချီချင်ချန်၏ ဖြူဝင်းလှပသော မျက်နှာလေးကို တွေ့နေရခြင်းတို့က ကျန်းရီကို အလွန်ရင်ခုန်မြန်နေစေပေသည်။

အထက်ဘုံ၏ နံပါတ်(၁)အလှပဂေး၊ အနာဂတ်ဆောင်းဥတုအရှင်၊ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမား၊ မရေမတွက်နိုင်သော သခင်မလေးများ၏ မျက်လုံးများထဲမှ နတ်မိမယ်တစ်ပါးစသော ဂုဏ်ပုဒ်များရှိသည့် မိန်းမပျိုတစ်ယောက်ကို ယခုတွင် ကျန်းရီက တင်းကြပ်စွာ ဖက်ထားရပေသည်။ အလွန်တည်ကြည်ဖြောင့်မတ်သော ယောက်ျားတစ်ယောက်မှ မဟုတ်လျှင် ဤအခြေအနေ၌ မည်သည့်ယောက်ျားက ထိုကဲ့သို့သော မိန်းမပျိုတစ်ယောက်ကြောင့် စိတ်မလှုပ်ရှားဘဲ နေပါမည်နည်း။

ချီချင်ချန်က အလှပဂေးတစ်ယောက် ဖြစ်နေရုံသာမက မမီသည့်ပန်းဖြစ်နေ၍လည်း ကျန်းရီ သူ့ကိုယ်သူ ပို၍ကျေနပ်နေမိသည်။ လူများသည် မရနိုင်သောအရာများကိုမှ တန်ဖိုးပိုထားတတ်ကြသူများ မဟုတ်ပါလား။ ထိုမရနိုင်သောအရာကို ရလိုက်လျှင်မူ မိမိကိုယ်ကို ဂုဏ်ယူကာ လက်ခမောင်းခတ်တတ်ကြပေသည်။

ကျန်းရီသည် ချီချင်ချန်ကို လိုချင်တပ်မက်စိတ်မရှိပေ။ သို့သော် ယင်းက ယခုအခိုက်အတန့်တွင် သူ မည်သို့မှ မခံစားနေရဟူသော အဓိပ္ပာယ် မဟုတ်ချေ။ ဆိုရလျှင် သူ၏ လိင်စိတ်က အတန်ငယ်ပင် ထကြွလာပေသည်။ သို့သော် အစောမှ ဓားချက်နှင့် သတ်ဖြတ်အရှိန်အဝါက ကျန်းရီကို လန့်နေစေသဖြင့် သူ ထိုအကြောင်းကို ဆက်မတွေ့ဝံ့ပေ။ ချီချင်ချန်က ရှင်းရှင်းလင်းလင်း ပြောထားပေသည်။ အကယ်၍ ကျန်းရီသာ ရုတ်ရုတ်ရက်ရက် လုပ်လျှင် သူမက သူ၏ခြေလက်များနှင့် ယောက်ျားအင်္ဂါကို ဖြတ်ပစ်မည်ဖြစ်သည်။

ဝှစ်...ဝှစ်...ဝှစ်...

အနီရောင်ဓားလေးများနှင့်တူသော ဆူးချွန်လေးများက အရှေ့သို့ ပျံထွက်လာ၏။ ကျန်းရီ လန့်သွားပြီး ခေါင်းထဲမှ အပိုအတွေးများကို မောင်းထုတ်ကာ ပတ်ဝန်းကျင်ကိုသာ အာရုံစိုက်လိုက်သည်။ ယခုအခိုက်တွင် သူ ချီချင်ချန်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါက သူတို့နှစ်ယောက်စလုံး သေရပေလိမ့်မည်။

ကျန်းရီ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်၍ ပတ်ဝန်းကျင်ကို အာရုံစိုက်ထားလိုက်၏။ သူ လှုပ်လည်း မလှုပ်ဝံ့ပေ။

ချီချင်ချန်သည် အာကာပြင်တစ်ခုလုံးတွင် ပြည့်နှက်နေသော ဆူးချွန်များကို မြင်လိုက်ရသော်လည်း မျက်နှာတစ်ချက်ပျက်မသွားခဲ့ချေ။ သူမသည် ၎င်းတို့ကို ကာရန်လည်း မလုပ်ဘဲ အရှေ့သို့သာ တန်းတန်းမတ်မတ် ဆက်ပျံသန်းသွားသည်။ သူမ၏ ဓားပျော့က အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ လှုပ်ယမ်းနေပြီး ပျံဝင်လာသော ဆူးချွန်များကို ဘေးသို့ ခတ်ထုတ်လိုက်သည်။

ဆူးချွန်များက အလွန်လျင်မြန်သော်လည်း ချီချင်ချန်၏ တုံ့ပြန်နှုန်းက ပိုလျင်မြန်ပေသည်။ သူမသည် ဆူးချွန်များကို အလွယ်တကူ ဖယ်ထုတ်၍ ကျန့်ရှမျိုးနွယ်တပ်အနားကို ချဉ်းကပ်သွားလေသည်။

‘မကောင်းတဲ့အရှိန်အဝါ’

ကျန့်ရှမျိုးနွယ်တပ်အနားသို့ ရောက်လာပြီး ချီချင်ချန်က ကျန့်ရှမျိုးနွယ်ဝင်အချို့နှင့် စတင် တိုက်ခိုက်လိုက်သောအခါ ကျန်းရီသည် သူ၏စိတ်ဝိညာဉ်အပေါ် လာသက်ရောက်သော အရှိန်အဝါခပ်ရေးရေးကို ရုတ်ခြည်း ခံစားလိုက်ရသည်။ ထိုအရှိန်အဝါကို သူ အလွန်ရင်းနှီး၏။ ၎င်းက လူတစ်ယောက်ကို သွေးဆာလာပြီး မဆင်မခြင် သောင်းကျန်းလာအောင် လုပ်နိုင်သော စွမ်းအားကြီး သတ်ဖြတ်အရှိန်အဝါတစ်မျိုးပင်။

ထိုမကောင်းသောအရှိန်အဝါ အနည်းငယ်က ကျန်းရီကို မည်သို့မှ မဖြစ်စေနိုင်ပေ။ သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် သတ်ဖြတ်အရှိန်အဝါဟုပင်ခေါ်သော ထူးခြားသည့် ဆန်းကြယ်စွမ်းရည်တစ်မျိုးကို သိမြင်နားလည်ခဲ့သည်။ သတ်ဖြတ်အရှိန်အဝါအတတ်သည် အရှိန်အဝါကို အသုံးပြု၍ ပစ်မှတ်များကို ဖိနှိပ်ခြင်းဖြစ်သည်။ ထို့ကြောင့် မကောင်းသောအရှိန်အဝါ ပမဏနည်းနည်းလောက်က ကျန်းရီအပေါ် မည်သို့မှ မသက်ရောက်နိုင်ချေ။

ချီချင်ချန်သည်လည်း သက်ရောက်မခံရပေ။ သို့သော် ကျန်းရီကို ကျောပိုးထားရသဖြင့် သူမ၏အမြန်နှုန်းက ပုံမှန်ထက် နှေးနေသည်။ သူမသည် ကျန့်ရှမျိုးနွယ်ဝင်များကို သတ်ဖြတ်ရန် မလုပ်ဘဲ ဓားပျော့ကို အသုံးပြု၍သာ ၎င်းတို့ကို လွင့်ထွက်သွားအောင်သာ လုပ်နေ၏။ ကျန့်ရှမျိုးနွယ်ဝင်များက အများအပြားရှိနေရာ သူမ ၎င်းတို့အကုန်လုံးကို မသတ်နိုင်ပါပေ။ သူမ၏ အမြန်နှုန်းက ၎င်းတို့၏အမြန်နှုန်းထက် ပိုမြန်နေသေးရာ သူမသာ ထိုဝန်းရံထားမှုမှ ဖောက်ထွက်နိုင်လျှင် ၎င်းတို့ကို နောက်ကောက်ချနိုင်ခဲ့ပေလိမ့်မည်။

‘အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က တကယ့်ကို ကြောက်စရာကောင်းတာပဲ’

လေတိုးမှုကြောင့် ကျန်းရီ၏ မျက်လုံးများ မျက်ရည်ထွက်ကာ ဝေဝါးလာ၏။ သူသည် ချီချင်ချန်၏ လှုပ်ရှားမှုများကိုပင် ကောင်းစွာ မမြင်နိုင်ချေ။ အနီရောင်အလင်းတန်းများ လင်းလက်သွားပြီး ကျန့်ရှမျိုးနွယ်ဝင်များ အရပ်မျက်နှာအနှံ့သို့ လွင့်ထွက်သွားသည်ကိုသာ မြင်ရသည်။ ချီချင်ချန်သည် ထက်ရှသော ဓားတစ်လက်အလား ကျန့်ရှမျိုးနွယ်တပ်ကြီးကို ဖောက်ထွက်နေပေသည်။

ယခုမှ ချီချင်ချန်က မည်မျှစွမ်းအားကြီးကြောင်း ကျန်းရီ အမှန်တကယ် မြင်လိုက်ရသည်။ ဆူးချွန်များက သူမကို ထိမှန်တော့မည် သူ ထင်မိလိုက်တိုင်း သူမသည် ထိုတိုက်ခိုက်မှုများကို ကြိုခန့်မှန်းထားပြီးသည့်အလား ပွတ်ကာသီကာ ရှောင်ထွက်သွားလေသည်။

‘အဲ့မကောင်းတဲ့အရှိန်အဝါက ပိုပြီး စွမ်းအားကြီးလာတာပဲ’

ဆယ်မိနစ်အတွင်းမှာပင် ကျန်းရီတစ်ယောက် အသက်ရှူရန် ခက်ခဲလာ၏။ ယင်းသို့ဖြစ်ရခြင်းမှာ မကောင်းသောအရှိန်အဝါကြောင့်သာ မဟုတ်ဘဲ ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများက အားကောင်းသော ဖိအားအဟုန်ကို ဖြစ်လာစေပြီး သူ၏ကိုယ်တွင်းအင်္ဂါများကို တုန်ခါသွားစေခြင်းကြောင့်လည်းပါသည်။

သို့သော် ချီချင်ချန်က အဆင်ပြေနေဆဲပင်။ သူမ၏ရုပ်ခန္ဓာက ကျန်းရီ၏ရုပ်ခန္ဓာထက် များစွာပို၍ သန်မာသဖြင့် သူမ ယခုအထိ ဖိအားကို မခံစားရသေးပေ။ ကျန်းရီသည် သူ၏ကောင်းကင်စွမ်းအားကို သူ့ကိုယ်ထဲတွင် လှည့်ပတ်စေလိုက်ပြီး ဒဏ်ရာအပြင်းအထန်မရအောင် ကာကွယ်လိုက်သည်။ မဟုတ်လျှင် သူတို့ တပ်ကို ဖောက်မထွက်နိုင်‌သေးခင်မှာပင် သူ ကိုယ်တွင်းအင်္ဂါတုန်ခါမှုကြောင့် သေသွားနိုင်ပေသည်။

ချီချင်ချန်သည် ကျန်းရီကို ကုန်းပိုးထားရသဖြင့် စိတ်ရှိသလောက် လျင်မြန်စွာ မသွားနိုင်ဖြစ်နေသည်။ ထို့ပြင် ကျန့်ရှမျိုးနွယ်ဝင်များကလည်း သူမကို ဝန်းရံကာ အဆက်မပြတ် တိုက်ခိုက်နေကြသည်။ ဤပုံအတိုင်းဆိုလျှင် သူမ ဖောက်မထွက်နိုင်လောက်ချေ။ ထို့ပြင် အနှေးနှင့်အမြန်ဆိုသလို အခြားအရပ်မျက်နှာများမှ ကျန့်ရှမျိုးနွယ်တပ်များကလည်း ဤနေရာသို့ ရောက်လာနိုင်သည်။ ထိုအခါ ဝန်းရံမှုဧရိယာက ပိုကြီးလာပေလိမ့်မည်။

သို့သော် ချီချင်ချန်ထံတွင် အခြားရွေးချယ်စရာ မရှိပေ။ သူမ အံကြိတ်၍ အစွမ်းကုန် တိုက်ခိုက်ကာ လမ်းကြောင်းတစ်ခုဖောက်ရန်သာ ရှိသည်။

နှစ်နာရီ... လေးနာရီ...

နောက်ဆုံးတွင် ချီချင်ချန် ဆက်တောင့်ခံမထားနိုင်တော့သဖြင့် ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။

“ကျွန်မရဲ့ စိတ်ဝိညာဉ်ထဲက မကောင်းတဲ့အရှိန်အဝါတွေကို သန့်စင်လိုက်ပါ”

ရွှီး...

ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားမှနေ၍ တံဆိပ်စာလုံးများ ပျံထွက်လာပြီး ချီချင်ချန်၏ ခေါင်းထဲသို့ ဝင်သွား၏။ တံဆိပ်စာလုံးများက ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ ၎င်းတို့သည် ချီချင်ချန်၏ စိတ်ဝိညာဉ်ထဲရှိ မကောင်းသောအရှိန်အဝါများကို အလွယ်တကူ သန့်စင်လိုက်နိုင်သည်။ မကောင်းသောအရှိန်အဝါများ ကုန်သွားသောအခါ ချီချင်ချန်၏ တိုက်ခိုက်နှုန်းက ပိုမြန်လာပေသည်။

သို့သော် နောက်ထပ်နှစ်နာရီကြာပြီးနောက်တွင် ချီချင်ချန်၏ လှုပ်ရှားမှုများက နှေးလာပြန်သည်။ သူမ၏ မျက်နှာကလည်း အတန်ငယ် ဖြူဖျော့လာသည်။ နာရီများစွာ အဆက်မပြတ် တိုက်ခိုက်ခဲ့ရခြင်းက သူမကို စိတ်ရောကိုယ်ပါ ပင်ပန်းလာစေပေသည်။ ကျန်းရီကလည်း မသက်သာပေ။ သူ့တစ်ကိုယ်လုံး ကိုက်ခဲနေပြီဖြစ်သည်။ တိုက်ခိုက်မှုတိုင်းက သူ၏ကိုယ်တွင်းအင်္ဂါများကို တုန်ခါသွားစေနေသည်။ ချီချင်ချန်ကသာ ဖိအားအများစုကို ဖယ်ပေးမနေလျှင် ကျန်းရီ၏ ဒဏ်ရာများက ယခုထက် များစွာပို၍ ဆိုးဝါးနေလောက်ပေသည်။

ကျန်းရီသည် ချီချင်ချန်၏ကိုယ်ထဲမှ မကောင်းသောအရှိန်အဝါများကို ထပ်မံသန့်စင်ပေးရန် မျက်လုံးဖွင့်လိုက်၏။ သူမ၏ ဖြူဖျော့နွမ်းနယ်နေသော ဘေးတိုက်မျက်နှာလေးနှင့် ဓားပျော့ကို အဆက်မပြတ်ဝှေ့ယမ်းကာ အားတင်း၍ တိုက်ခိုက်နေသော သူမ၏ပုံစံကို တွေ့လိုက်ရသောအခါ ကျန်းရီ စိတ်မကောင်းဖြစ်သွား၏။ သူက ယောက်ျားတစ်ယောက်ဖြစ်သော်လည်း ယခုတွင် မိန်းမတစ်ယောက်၏ ကာကွယ်ပေးမှုကို ခံနေရပေသည်။

‘အရှေ့မှာ ကျန့်ရှမျိုးနွယ်ဝင်တွေ ဘယ်လောက်ရှိနေသေးလဲ’

ကျန်းရီသည် အရှေ့မှ ကောင်းကင်ထဲတွင် ပြည့်နှက်နေသော အနက်ရောင်အစက်အပျောက်များကို ကြည့်ကာ စိတ်ဓာတ်ကျလာသည်။ ကျန်းရီသည် သူ့အတွက်သူ စိုးရိမ်နေခြင်း မဟုတ်ပေ။ သူ့ကိုယ်ထဲမှ အရိုးအားလုံး ကျိုးကြေသွားလျှင်ပင် သူ အရေးမစိုက်ချေ။ သို့သော် ချီချင်ချန်သာ သေသွားလျှင် လောကကြီးက ထူးချွန်ထက်မြတ်သော အမျိုးသမီးတစ်ယောက်ကို ဆုံးရှုံးလိုက်ရပေလိမ့်မည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးနေ၏။

ချီချင်ချန်၏ အမြန်နှုန်းကလည်း တဖြည်းဖြည်း‌ နှေးလာသည်။ ဆူးချွန်အချို့က သူမကို ထိမှန်ခဲ့ပေပြီ။ အလွန်များသော ကျန့်ရှမျိုးနွယ်ဝင်အုပ်ကြီးထဲတွင် ယင်းကို ရှောင်လွှဲ၍ မရနိုင်ပါပေ။ သူမက ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထား၍သာ တော်တော့သည်။ မဟုတ်လျှင် သူမ သေချာပေါက် ဒဏ်ရာရနေပြီဖြစ်သည်။

“ဟုတ်ပြီ...”

နောက်ထပ်နှစ်နာရီကြာ‌အောင် ဆက်တိုက်ခိုက်ပြီးနောက်တွင် ချီချင်ချန်၏ မျက်ဝန်း တောက်ပလာ၏။ သူမ ခေါင်းငဲ့၍ ကျန်းရီကို ကြည့်ကာ အော်ပြောလိုက်၏။

“ကျန်းရီ... ရှင် အဆင်ပြေရဲ့လား။ ကျွန်မတို့ ဖောက်ထွက်နိုင်တော့မယ်”

“ဟုတ်ကဲ့... ပြေပါတယ်”

ကျန်းရီ အားတင်း၍ ပြုံးလိုက်ပြီး ပျို့တက်လာသော သွေးများကို အတင်းပြန်မျိုချလိုက်သည်။ သူက သူ၏အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ သွေးများက သူ့လည်ချောင်းထဲသို့ အကြိမ်များစွာ ပျို့တက်လာနေသည်။ သို့သော် ချီချင်ချန်က သူ့ကိုစိုးရိမ်နေရမည်စိုး၍ ပျို့တက်လာသော သွေးများကို ပြန်မျိုချနေခဲ့သည်။ ဆူးချွန်များက သူ့ကိုလည်း ဆယ်ကြိမ်ကျော် ထိမှန်ခဲ့ပေသည်။ သူသာ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကို ဝတ်မထားလျှင် သေနေ‌လောက်ပြီဖြစ်သည်။

ရွှမ်း...ရွှမ်း...ရွှမ်း...

ချီချင်ချန်၏ ဓားပျော့က ဓားအရိပ်များအဖြစ် ပြောင်းလဲသွားပြီး ကျန့်ရှမျိုးနွယ်ဝင်များကို လွင့်ပျံထွက်သွားစေ၏။ ချီချင်ချန်သည် အသက်တစ်ရှူစာပင် အချိန်ဖြုန်းမနေဘဲ အလင်းတန်းတစ်ခုအလား အရှေ့သို့ အားကုန်ပျံသန်းသွားလိုက်သည်။

ကျန်းရီသည် အရှေ့မှ အလင်းတန်းတစ်တန်းကို လှမ်းမြင်လိုက်သဖြင့် ဝမ်းသာသွား၏။ နာရီပေါင်းများစွာ တိုက်ခိုက်ပြီးနောက်တွင် ချီချင်ချန်သည် ဝန်းရံထားမှုကို ဖောက်ထွက်နိုင်လိုက်ပေပြီ။

“မကောင်းတော့ဘူး...”

ဝန်းရံထားမှုမှ ဖောက်ထွက်ပြီးလျင်ပြီးချင်း ချီချင်ချန် အကြီးအကျယ်မျက်နှာပျက်သွားသည်။ ကျန်းရီသည်လည်း အရှေ့သို့ ကြည့်၍ ကြက်သေသေသွားသည်။ အဝေးမှ မိုးကုပ်စက်ဝိုင်းတွင် ဧရာမ အနီရောင်လှိုင်းလုံးကြီးတစ်ခုကို ထပ်မြင်လိုက်ရသည်။ သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များက သူတို့ကို ထပ်၍ဝန်းရံရန် လျင်မြန်စွာလာနေကြပေသည်။

***

All Chapters