← Chapters

ယောက်ျားတစ်ယောက်၏ အရသာကို မခံဖူးသေး

Vol. 108 Ch. 1508

ယောက်ျားတစ်ယောက်၏ အရသာကို မခံဖူးသေး

Vol. 108 Ch. 1508

ချီချင်ချန်၏ ဒဏ်ရာများက မပြင်းထန်ပေ။ သူမ ဆယ်ကြိမ်ကျော်လောက် ဆူးချွန်ထိမှန်ခံခဲ့ရသော်လည်း သူမ၏ ရုပ်ခန္ဓာက အလွန်သန်မာပြီး ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်ကိုလည်း ဝတ်ဆင်ထားခဲ့သဖြင့် ဒဏ်ရာအပြင်းအထန် မရခဲ့ခြင်းဖြစ်သည်။

သို့သော် ချီချင်ချန် စိတ်ပင်ပန်းနေပေသည်။ နာရီပေါင်းများစွာ မရပ်မနား တိုက်ခိုက်ခဲ့ရခြင်းက သူမလိုအဆင့်ရှိသူတစ်ယောက်အတွက် မပြောပလောက်ပေ။ သူမ နာရီပေါင်းရာနှင့်ချီ၍ပင် တိုက်ခိုက်နိုင်သည်။ သို့သော် ပြဿနာမှာ သူမက ကျန်းရီကို ကုန်းပိုးထားရပြီး ကျန်းရီ အသတ်မခံရအောင် မပြတ်သတိထားနေရခြင်းဖြစ်သည်။ ထိုအတွက် သူမ အလွန်အာရုံစိုက်ခဲ့ရသဖြင့် ပင်ပန်းနေခြင်း ဖြစ်ပါသည်။

အရှေ့မှ ကျန့်ရှမျိုးနွယ်တပ်ကြီးကို မြင်လိုက်ရသောအခါ ကျန်းရီ၏ မျက်လုံးများ သိသိသာသာ မည်းမှောင်သွားသည်။ ချီချင်ချန်က ထိုတပ်ကို ဖောက်ထွက်နိုင်လောက်သေးသည်။ သို့သော် သူကတော့ ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းရီ အကြံကုန်နေပေပြီ။

ဤတစ်ခေါက် ကြိုးကိုင်သူက အလွန်ရက်စက်သည်။ သူက ကျန်းရီတို့ကို ပညာပေးချင်ရုံတင် မဟုတ်ဘဲ သတ်ပစ်လိုနေခြင်းဖြစ်သည်။ သို့မဟုတ် သူက ချီချင်ချန်ကို လိုချင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

ကြိုးကိုင်သူ၏ ရည်ရွယ်ချက်က မည်သို့ဖြစ်စေ သူ ချီချင်ချန်နှင့် ဆက်လိုက်၍ မဖြစ်တော့ကြောင်းကို ကျန်းရီ သိသည်။ သူ ဆက်၍ တောင့်ခံနိုင်မည် မဟုတ်ပေ။ ချီချင်ချန်နောက်သို့ လိုက်သွားလျှင် သူ သေရပေလိမ့်မည်။ ချီချင်ချန်က အလွန်စွမ်းအားကြီးသော်လည်း ယခုတွင် စိတ်ပင်ပန်းနေသဖြင့် သူ့ကို ဆက်ကာကွယ်မပေးနိုင်လောက်တော့ချေ။

ကျန်းရီ သူ့ကိုယ်သူသာ မှီခိုရပေတော့မည်။ သူ၏ ပုန်းကွယ်ခြင်းအတတ်က အဆင့်တစ်ခုအထိ ရောက်နေပြီဖြစ်သည်။ သူ အန္တရာယ်နှင့်ကြုံရလျှင် ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ ပုန်း‌အောင်းနေရန်လည်း အဆိပ်ဝိညာဉ်က ပြောခဲ့သည်။ ကျန်းရီသည် ဝိညာဉ်မျိုးနွယ်၏ ပုန်းကွယ်ခြင်းအတတ် အစစ်အမှန်ကို တတ်ပေသည်။ ထိုအတတ်ကို သုံးလိုက်လျှင် သူ၏ခန္ဓာကိုယ်က မည်သည့်အသက်လက္ခဏာ၊ မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မည် မဟုတ်ချေ။ သို့ဆိုလျှင် ကျန့်ရှမျိုးနွယ်ဝင်များက သူ့ကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ပြဿနာမှာ... ချီချင်ချန်အတွက်မူ မည်သို့လုပ်မည်နည်း။

ချီချင်ချန်၏ စွမ်းအားနှင့်ဆိုလျှင် သူမသာ အစွမ်းကုန် တိုက်ခိုက်ပါက ချဉ်းကပ်လာနေသော တပ်ကို ဖောက်ထွက်နိုင်လောက်သည်။ သို့သော် သူမ တိုက်ခိုက်နေစဉ်တွင် မကောင်း‌သောအရှိန်အဝါများက သူမအပေါ် သက်ရောက်နိုင်သည်။ ဘေးတွင် ကျန်းရီမရှိလျှင် သူမ မကောင်းသောအရှိန်အဝါ၏ သက်ရောက်မှုကို ခံရကာ သေသွားနိုင်ပေသည်။

‘စွန့်စားရတော့မှာပဲ’

ကျန်းရီ အခြေအနေများကို ခေတ္တမျှ တွေးတောလိုက်သည်။ ယခုတွင် ချီချင်ချန် ကောင်းကင်ထက်မှ ဖောက်ထွက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ကျန်းရီက သူမနောက်သို့ မြေပြင်မှနေ၍ လိုက်သွားရန်သာဖြစ်သည်။ ချီချင်ချန် မကောင်းသောအရှိန်အဝါ၏ သက်ရောက်မှုကို ခံရသည်နှင့် အောက်ဘက်ရှိ ကျန်းရီထံသို့ ပျံဆင်းကာ အရှိန်အဝါကို ဖယ်ခိုင်းရမည်ဖြစ်သည်။

“စစ်သူကြီး...”

ကျန်းရီ ချီချင်ချန်ထံသို့ ချက်ချင်း အသံပို့လွှတ်လိုက်သည်။ ချီချင်ချန်သည် ဓားပျော့ကို ဝှေ့ယမ်း၍ ကျန့်ရှမျိုးနွယ်ဝင်အချို့ကို လွင့်ထွက်သွားအောင် လုပ်လိုက်ပြီးမှ ပြန်‌အော်ပြောလိုက်သည်။

“မဖြစ်ဘူး... အဲ့ဒါက အန္တရာယ်များလွန်းတယ်။ ရှင့်ရဲ့ တိုက်ခိုက်စွမ်းအားက အရမ်းနိမ့်တယ်။ ကျန့်ရှမျိုးနွယ်ဝင်တွေက ရှင့်ကို ပစ်မှတ်ထားလိုက်တာနဲ့ ရှင် သေချာပေါက် သေရလိမ့်မယ်။ ကျွန်မလည်း ရှင့်ကို ကယ်နိုင်လောက်မှာ မဟုတ်ဘူး။ ရှင် ကျွန်မရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ဝင်နေလိုက်ပါ။ ကျွန်မ အစွမ်းကုန် တိုက်ခိုက်ရင် ဖောက်ထွက်နိုင်မဲ့ အခွင့်အရေးတစ်ခု ရလောက်မှာပါ”

“အခွင့်အရေးလား...”

ကျန်းရီ ခါးသက်သက် ပြုံးကာ ပြန်ပြောလိုက်၏။

“အဲ့အခွင့်အရေးက ဘယ်လောက်ကြီးမှာမလို့လဲ။ စစ်သူကြီးသာ မကောင်းတဲ့အရှိန်အဝါတွေရဲ့ သက်ရောက်တာကို ခံလိုက်ရရင် အသိစိတ်ပျောက်ပြီး လှည့်ပတ်သောင်းကျန်းလိမ့်မယ်။ အဲ့လိုပုံစံနဲ့ ရှင်သန်နိုင်မဲ့ အခွင့်အရေး ရှိလိမ့်မယ်လို့ ထင်လို့လား။ ကျွန်တော့်ကို ယုံပါ။ အဆိပ်ဝိညာဉ် လုပ်နိုင်ရင် ကျွန်တော်လည်း လုပ်နိုင်မှာပါ။ ကျွန်တော့်ရဲ့ အမေကလည်း ဝိညာဉ်မျိုးနွယ်ကပါပဲ။ ပုန်းကွယ်ခြင်းအတတ်ကို ဘယ်လိုသုံးရမယ်ဆိုတာလည်း ကျွန်တော် သိပါတယ်”

ကျန်းရီသည် ချီချင်ချန်ကို ပြတ်သားသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ ချီချင်ချန်သည် ခေတ္တမျှ တွေးတောလိုက်ပြီး အံကြိတ်ကာ ပြန်ပြောလိုက်သည်။

“ကောင်းပြီ... ရှင် ဆက်တောင့်မခံနိုင်တော့ဘူးဆိုရင် ကျွန်မကို အရေးမစိုက်ဘဲ ကိုယ့်ဘာသာ ပုန်းနေလိုက်ပါ။ အဆိပ်ဝိညာဉ် ရှင့်ကို လာကယ်မှာကို စောင့်နေပါ”

အဆိပ်ဝိညာဉ် ထွက်သွားသည်မှာ ကြာပြီဖြစ်ပြီး ယခုအထိ ပြန်မလာသေးပေ။ သူက ပြဿနာကြုံနေခြင်း သို့မဟုတ် ကြိုးကိုင်သူ၏ လက်ချက်ဖြင့် သေသွားခြင်းပင် ဖြစ်နိုင်သည်။ သို့သော် ကျန်းရီတို့ ထိုအကြောင်းကို မတွေးလိုသေးပေ။ တွေးမိပါက သူတို့ စိတ်ထိခိုက်ရပေလိမ့်မည်။

“အဟင်း...”

ကျန်းရီ ခပ်မဲ့မဲ့ပြုံးကာ ချီချင်ချန်၏ ကျောပေါ်မှ ဆင်းလိုက်၏။ ထို့နောက် သူ ပျောက်ကွယ်သွားပြီး ချီချင်ချန်ထံ အသံပို့လွှတ်လိုက်သည်။

“စစ်သူကြီး... ရှင်သန်နိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ။ စစ်သူကြီးရဲ့ မိဘတွေအကြောင်း၊ စစ်သူကြီး ချစ်ရတဲ့သူတွေအကြောင်းနဲ့ စစ်သူကြီးရဲ့ အနာဂတ်ခင်ပွန်းအကြောင်းကို တွေးပါ။ သူတို့အတွက် စစ်သူကြီး ရှင်သန်ရမယ်။ စစ်သူကြီးက အပျိုပဲရှိသေးတယ်... ယောက်ျားတစ်ယောက်ရဲ့ အရသာကို မခံရသေးဘဲ သေသွားမယ်ဆို နှမြောစရာကောင်းတယ်မလား...”

“ဟွန်း...”

ကျန်းရီ၏ ‌ရှေ့ပိုင်းစကားများက သင့်လျော်သော်လည်း နောက်ဆုံးစကားနှစ်ခွန်းက ချီချင်ချန်ကို ရှက်ရွံ့ကာ ဒေါသထွက်သွားစေသည်။ သူမသည် ကျန်းရီပျောက်ကွယ်သွားသောနေရာကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။

“ရှင် ဒီမှာ သေခဲ့ရင် ကောင်းမယ်။ မဟုတ်ရင်တော့ ကျွန်မတို့ ပြန်ရောက်တာနဲ့ ကျွန်မ ရှင့်ကို မီးဖီးနစ်တပ်ထဲမှာ သုံးရက်၊ သုံးည ကြိုးတုပ်ပြီး တွဲလောင်းဆွဲထားမယ်”

“ဟားဟားဟား...”

ကျန်းရီ၏ရယ်သံ ထွက်ပေါ်လာ၏။ ထို့နောက် သူ အမှန်တကယ် ပျောက်ကွယ်သွားလေသည်။ ကျန်းရီ၏ စနောက်မှုကို ခံပြီးနောက် ချီချင်ချန် အတန်ငယ် စိတ်ပင်ပန်းမှု လျော့ကျသွား၏။ သူမ ဓားပျော့ကို ဝှေ့ယမ်းကာ ကျန့်ရှမျိုးနွယ်ဝင်များကို အာရုံလွှဲလိုက်သည်။ ကျန်းရီနောက်သို့ မည်သည့်ကျန့်ရှမျိုးနွယ်ဝင်မှ လိုက်မသွားကြောင်း မြင်လိုက်သောအခါမှ သူမ စိတ်အေးသွားသည်။

ကျန်းရီ၏ ပုန်းကွယ်ခြင်းအတတ်က အမှန်ပင် အစွမ်းထက်နေပေပြီ။ အနည်းဆုံးတော့ ကျန့်ရှမျိုးနွယ်ဝင်များက သူ့ကို ရှာမတွေ့ကြပေ။ ချီချင်ချန်သည်လည်း ကျန်းရီကို ကုန်းပိုးမထားရတော့သဖြင့် ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသကဲ့သို့ ခံစားနေရ၏။ ယခုတွင် သူမ အစွမ်းကုန်ထုတ်သုံးနိုင်ပြီဖြစ်သည်။

“ကျား...”

ချီချင်ချန် မာန်သွင်းလိုက်ပြီး အလင်းတန်းတစ်တန်းအလား အရှေ့မှ ကျန့်ရှမျိုးနွယ်တပ်ကြီးထံသို့ ပျံဝင်သွားလိုက်သည်။ ဝန်းရံထားမှုကို ဖောက်ထွက်ရန် အသည်းအသန် ကြိုးစားခြင်း ထပ်မံစတင်ပေပြီ။ ကျန်းရီက မြေပေါ်မှနေ၍ ချီချင်ချန်နောက်သို့ လိုက်နေသည်။ သူတို့နှစ်ယောက်စလုံး ရင်လေးနေပေသည်။ ဤရန်သူများကို ကျော်ဖြတ်နိုင်မည်၊ မနိုင်မည်ကို သူတို့ မသိပါပေ။ အရာအားလုံးက ကောင်းကင်အပေါ်တွင်သာ မူတည်နေပြီဖြစ်သည်။

***

“အခြေအနေ ဘယ်လိုလဲ”

ကျန်းရီနှင့် ချီချင်ချန်တို့၏ နေရာမှ အနောက်ဘက် ကီလိုမီတာငါးသိန်းအကွာရှိ တောင်ထိပ်တစ်ခုတွင် လူတစ်ယောက်၏ မာဆတ်ဆတ်အသံ ထွက်ပေါ်လာသည်။ ချီချင်ချန်သာ ထိုသူကို တွေ့လိုက်မည်ဆိုလျှင် သေချာပေါက် ချက်ချင်း သတ်ပစ်ပေလိမ့်မည်။ ကျန်းရီနှင့် ချီချင်ချန်တို့ ခန့်မှန်းခဲ့သကဲ့သို့ စကားပြောလိုက်သူမှာ ထိပ်ပြောင် ယိုထျန်းနီ ဖြစ်ပေသည်။

ယိုထျန်းနီက တစ်ယောက်တည်း မဟုတ်ပေ။ သို့သော် သူသည် တပ်သားအားလုံးကို ခေါ်မလာဘဲ တပ်သားနှစ်ဆယ်သာ ခေါ်လာသည်။ ထိုတပ်သားနှစ်ဆယ်မှာ ဘွဲ့ထူးရစစ်နတ်ဘုရားများ ဖြစ်ကြသည်။ သူ မေးလိုက်သောအခါ သူ့အနောက်မှ အဘိုးအိုတစ်ယောက်က ပြန်ဖြေလိုက်သည်။

“သခင်လေး... အခုအထိ သတင်းရောက်မလာသေးပါဘူး။ ကျုပ်တို့ နည်းနည်းလောက် ထပ်စောင့်ရဦးမယ် ထင်ပါတယ်”

“အဆိပ်ဝိညာဉ်ကရော... သူ့ကို ရှာတွေ့ပြီလား”

ယိုထျန်းနီ နောက်လှည့်ကာ ‌အေးစက်စက် မေးလိုက်၏။ သူ၏မျက်ဝန်းများက သတ်ဖြတ်အရှိန်အဝါနှင့် ပြည့်နှက်နေပေသည်။ အဘိုးအိုသည် ခေတ္တမျှ ချီတုံချတုံဖြစ်နေပြီးမှ ပြန်ဖြေ၏။

“သူ့ကို ရှာမတွေ့သေးပါဘူး။ သူ လွတ်သွားခဲ့ပါတယ်။ သူက ထိပ်တန်း လုပ်ကြံရေးသမားဆိုတော့ သူ့ကို ခြေရာခံဖို့က ခက်ပါတယ်”

“ကျွန်‌တော် ဂရုမစိုက်ဘူး”

ယိုထျန်းနီ ကျယ်လောင်စွာ အော်ပြောလိုက်၏။

“ဝိညာဉ်မျိုးနွယ်က လူတွေဆီ သတင်းပို့လိုက်ပါ။ အဆိပ်ဝိညာဉ်ကို ရတဲ့နည်းနဲ့ သတ်ကြလို့။ မဟုတ်ရင်... ကျွန်တော်တို့ ဒီနေ့ အောင်မြင်သွားမယ်ဆိုရင်တောင် နောက်ကျ ပြဿနာတွေ တက်လာလိမ့်မယ်”

“ဘာပြဿနာမှ ရှိလိမ့်မယ်လို့ ကျုပ်မထင်ပါဘူး”

အဘိုးအိုက အေးစက်စက်ရယ်ကာ ပြောသည်။

“ကျုပ်တို့က ဒီနေရာက တည်နေရာပြောင်းရွှေ့အစီအရင်ရဲ့ စောင့်ကြပ်သူသုံးယောက်နဲ့ မိတ်ဆွေဖွဲ့ထားပြီးပြီပဲ။ ကျုပ်တို့ အဆိပ်ဝိညာဉ်ကို မသတ်နိုင်ရင်တောင် သူ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ သခင်လေး... ဒီကကိစ္စတွေကို အရင်ရှင်းကြတာပေါ့။ ကျန်တာတွေကတော့ နောင်ခါလာ နောင်ခါဈေးပေါ့”

“ဟားဟားဟား...”

ယိုထျန်းနီ၏ မျက်လုံးများက တလက်လက် လင်းလက်လာ၏။ သူ့နဖူးပြောင်ပြောင်မှ ဆေးမင်ကြောင်ကလည်း အဆက်မပြတ် တောက်ပနေသည်။ သူ အလွန်စိတ်လှုပ်ရှားနေပေသည်။

ဟူး...

နှစ်နာရီကြာပြီးနောက် အဝေးမှနေ၍ လေညင်းတစ်ချက် တိုက်ခတ်လာ၏။ အားလုံး၏ ခန္ဓာကိုယ်များ တောင့်တင်းသွားကြ၏။ တပ်သားများသည် ချက်ချင်း ယိုထျန်းနီကို ဝန်းရံလိုက်ပြီး ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်လိုက်ကြသည်။

အဝေးတွင် လူတစ်ယောက် ထွက်ပေါ်လာသောအခါ အားလုံး စိတ်အေးသွားကြသည်။ ယိုထျန်းနီက ပြုံး၍ လှမ်းမေးလိုက်၏။

“အစ်ကိုရီဝူ... အခြေအနေတွေကို ဘယ်လိုလဲ”

“အကုန်လုံးက ကျွန်တော်တို့ ထိန်းချုပ်မှုထဲမှာပါပဲ”

ရီဝူက ခပ်ရေးရေးပြုံးကာ ပြောသည်။

“သခင်လေးယို... ခင်ဗျားရဲ့ ခန့်မှန်းချက်တွေက ကွက်တိမှန်တယ်။ ချီချင်ချန်က သူ့ရဲ့အကန့်အသတ်ကို ရောက်လုနီးနေပြီ။ အခု သူက ဝန်းရံထားတာကို ဖောက်ထွက်ဖို့ အသည်းအသန် ကြိုးစားနေတယ်။ သူ ဖောက်ထွက်နိုင်သွားရင်တောင် အဲ့အချိန်ကျ တော်တော်အားနည်းနေလောက်ပြီ။ ခင်ဗျားရဲ့ အစီအစဉ်က အောင်မြင်ပြီလို့ ပြောရမှာပဲ။ ဟင်းဟင်း... ပြီးသွားရင်သာ ကျွန်တော့်ကို မမေ့ပါနဲ့”

“အစ်ကိုရီဝူ...’

ယိုထျန်းနီက သူ့ရင်ဘတ်ကို ပုတ်ကာ ချက်ချင်းပြန်ပြောလိုက်၏။

“ဒီကိစ္စသာ အောင်မြင်ရင် ကျွန်တော် အစ်ကိုရီဝူကို သေချာပေါက် တပ်မှူးရာထူး ပေးမှာပါ။ အဲ့ကျရင် အစ်ကို တိုက်ပွဲအမှတ်တွေ အများကြီး ရလိမ့်မယ်။ အစ်ကို အုပ်ချုပ်သူအဆင့်ကို ရောက်တဲ့အခါကျရင် ဝိညာဉ်မျိုးနွယ်ခေါင်းဆောင်နေရာက အစ်ကို့ဟာပဲ ဖြစ်ရမှာပေါ့”

“ဟင်းဟင်း...”

ရီဝူ ခပ်သဲ့သဲ့ထပ်ပြုံးကာ ပြောလိုက်၏။

“အဲ့ဒါဆို ကျွန်တော်တို့က ဘာကိုစောင့်နေဦးမှာလဲ။ သွားကြစို့ သခင်လေးယို... အထက်ဘုံရဲ့ နံပါတ်(၁) အလှပဂေးလေးက သခင်လေး တော်ကောက်မှာကို စောင့်နေပြီ”

“ဟားဟားဟား...”

ယိုထျန်းနီ ကျယ်လောင်စွာ ရယ်၍ လက်ဝှေ့ယမ်းလိုက်၏။ ထို့နောက် သူ၏ တပ်သားနှစ်ဆယ်ကို ခေါ်ကာ ရီဝူနောက်သို့ လိုက်သွားလိုက်လေသည်။ ထူးဆန်းစွာပင် သူတို့ ပျံသန်းသွားသည်နှင့် ခြေရာလက်ရာတစ်ခု မကျန်ခဲ့ဘဲ လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွားကြပေသည်။

***

All Chapters