တပ်ကို ဖောက်ထွက်ခြင်း
Vol. 108 Ch. 1509
လွင်ပြင်တစ်ခု၏အထက်ရှိ ကောင်းကင်တစ်ခွင်လုံးတွင် ဓားပုံစံ မိစ္ဆာများ ပြည့်နှက်နေ၏။ ၎င်းတို့က ကျိုင်းကောင်အုပ်ကြီးတစ်အုပ်ကဲ့သို့ပင်။ ၎င်းတို့၏ အရေအတွက်က တစ်သန်းနီးပါး ရှိလိမ့်မည်ဟု ကျန်းရီ ခန့်မှန်း၏။ မိစ္ဆာအုပ်ကြီးကြားထဲတွင် လှပသော မိန်းမပျိုတစ်ယောက်က သူမ၏အသက်အတွက် အစွမ်းကုန် တိုက်ခိုက်ကာ ပျံသန်းနေပေသည်။
လှပသော မျက်နှာလေးတွင် သွေးရောင်မရှိတော့ပေ။ နဖူးမှနေ၍လည်း ချွေးစေးချွေးပေါက်များ ကျဆင်းနေသည်။ ချွေးများကြောင့် သူမ၏ပန်းဖွားလေးက သူမခေါင်းတွင် ကပ်နေပေသည်။ မျက်ဝန်းများထဲတွင်လည်း ဒေါသအရိပ်အယောင်များ ပြည့်နှက်နေသည်။ သူမ၏ ကိုယ်ဟန်က ယခင်ကကဲ့သို့ မကြော့ရှင်းတော့ပေ။ သူမသည် မိစ္ဆာအုပ်ကို ဖြတ်၍ အလွန်လျင်မြန်စွာ ပျံသန်းကာ သူမထံ ပျံဝင်လာသည့် ဆူးချွန်များကို အသည်းအသန် ရှောင်ရှားနေပေသည်။
ချီချင်ချန်၏ ကိုယ်မှ ထွက်နေသော အရှိန်အဝါက တဖြည်းဖြည်း အားနည်းလာသည်။ သူမ၏ အမြန်နှုန်းကလည်း သိသိသာသာ လျော့ကျလာပေသည်။ သူမသည် ပင်လယ်နက်ထဲတွင် ကီလိုမီတာငါးထောင် ကူးခတ်ခဲ့သလို အလွန်ပင်ပန်းနေသည်။ သို့သော် ရေတိမ် သို့မဟုတ် ကျွန်းကို မမြင်ရသေးပေ။
“စစ်သူကြီး... ဆင်းလာခဲ့ပါ။ ကျွန်တော် စစ်သူကြီးရဲ့ ကိုယ်ထဲက မကောင်းတဲ့အရှိန်အဝါကို သန့်စင်ပေးပါမယ်”
ချီချင်ချန်၏ ခေါင်းထဲတွင် အသံတစ်သံ ထွက်ပေါ်လာ၏။ သူမ၏ မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူမကို ဝိုင်းထားသော ကျန့်ရှမျိုးနွယ်ဝင် ရှစ်ယောက်ကို ဓားပျော့ဖြင့် ပိုင်းဖြတ်ကာ အောက်ဘက်သို့ မြားတစ်စင်းအလား ပျံဆင်းသွားလိုက်သည်။
ရွှီး...
အောက်ဘက် လေထဲတွင် ရွှေရောင်အလင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုအလင်းထဲမှနေ၍ တံဆိပ်စာလုံးများ ထွက်လာပြီး အထက်သို့ ပျံတက်သွား၏။ ၎င်းတို့က ချီချင်ချန်၏ ခေါင်းထဲသို့ ဝင်မသွားဘဲ သူမကို တစ်ပတ်လှည့်ပတ်လိုက်ကြပြီး ပျောက်ကွယ်သွားကြသည်။
ဝှစ်...ဝှစ်...ဝှစ်...
ဆူးချွန်များသည် မိုးသီးမိုးပေါက်များကဲ့သို့ ကောင်းကင်ထက်မှ ကျဆင်းလာ၏။ ချီချင်ချန်၏ ဓားပျော့က ဆူးချွန်များကို ခတ်ထုတ်လိုက်သည်။ သို့သော် ကျန်းရီက သူ့ကိုယ်သူ အချိန်မီ မကာကွယ်နိုင်ခဲ့ပေ။ သူ အောက်ဘက်ရှိ တောင်ကြားထဲသို့ လျင်မြန်စွာ ပြုတ်ကျသွားသည်။ ပုန်းကွယ်ခြင်းအတတ်က သူ၏ခန္ဓာကိုယ်ကို ပျောက်ကွယ်နေစေသော်လည်း ဝိညာဉ်ပုံရိပ်တစ်ခု ဖြစ်သွားအောင် လုပ်မပေးနိုင်ပေ။
“ကျန်းရီ... တောင့်ထား”
ချီချင်ချန် အော်ပြောလိုက်သည်။ သူမ အထက်သို့ ပျံတက်လိုက်ပြီး ကျန့်ရှမျိုးနွယ်ဝင်များကို မျှားခေါ်လိုက်သည်။ သို့သော် အချို့ကျန့်ရှမျိုးနွယ်ဝင်များက အောက်ဘက်သို့ ဆက်ဆင်းသွားကြသည်။ ၎င်းတို့က ကျန်းရီကို သတ်ရန် ကြံနေခြင်းပင်။
ဖူး...
ကျန်းရီ သွေးအန်လိုက်၏။ ထို့နောက် သူ ပါးစပ်မှ သွေးများကိုပင် မသုတ်အားဘဲ သူ့ကိုယ်သူ ထပ်မံ ဖျောက်လိုက်၏။ သူ တောင်ကြားထဲမှ ပျောက်ကွယ်သွားသည်။ သူ့နောက်သို့ လိုက်လာကြသော ကျန့်ရှမျိုးနွယ်ဝင်များ ပစ်မှတ်ပျောက်သွားကြပေသည်။ ထို့ကြောင့် ၎င်းတို့ နောက်ပြန်လှည့်ကာ ချီချင်ချန်ကိုသာ ထပ်မံဝန်းရံလိုက်ကြသည်။
“စစ်သူကြီး... ကျွန်တော် အဆင်ပြေပါတယ်။ တောင့်ထားပါ။ မကြာခင် စစ်သူကြီး ဖောက်ထွက်နိုင်မှာပါ။ ကျွန်တော်တို့ တပ်ကိုပြန်ရောက်ရင် ကျွန်တော် စစ်သူကြီးကို ခံ့ညားတဲ့ယောက်ျားတစ်ယောက်နဲ့ မိတ်ဆက်ပေးပါမယ်။ သူက ရုပ်လည်းချောတယ်၊ အရည်အချင်းလည်းရှိတယ်။ ဖြောင့်လည်းဖြတ်မတ်တယ်၊ အလုပ်လည်း ကြိုးစားသေးတယ်။ စစ်သူကြီး ကျေနပ်စေရမယ်လို့ ကျွန်တော် ကတိပေးပါတယ်...”
ချီချင်ချန်၏ နားထဲတွင် အသံထပ်မံထွက်ပေါ်လာ၏။ သူမ ရုတ်ခြည်း ရှက်သွေးဖြာသွားသည်။ ထို့နောက် သူမ ဒေါသသံဖြင့် အသံပြန်ပို့လွှတ်လိုက်သည်။
“ကျန်းရီ... ရှင် ဒီလို ပေါက်ကရတွေ ဆက်ပြောနေဦးမယ်ဆိုရင် ကျွန်မတို့ ပြန်ရောက်တာနဲ့ ရှင့်ကို ကျွန်မကိုယ်တိုင် ရေနှစ်သတ်ပစ်မယ်”
“ဟားဟားဟား... စစ်သူကြီး ကျွန်တော့်ကို ရေနှစ်သတ်ချင်ရင် ဒီကနေ အသက်ရှင်ရက် လွတ်မှရမယ်”
ကျန်းရီ၏ ကျယ်လောင်စွာ ရယ်လိုက်သံက ချီချင်ချန်၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။ ယင်းနောက် သူ ဆက်၍ အသံမပို့လွှတ်တော့ပေ။ ပတ်ဝန်းကျင်တွင် ချီချင်ချန်၏ မာန်သွင်းသံများ ကျန့်ရှမျိုးနွယ်ဝင်များ၏ အဆက်မပြတ် တိုက်ခိုက်သံများကိုသာ ကြားနေရသည်။
ချီချင်ချန်၏ မျက်ဝန်းများထဲတွင် ရှက်ရွံ့မှု၊ ဒေါသတို့နှင့် ပြည့်နှက်နေ၏။ သို့သော် သူမ သိသိသာသာ စိတ်တက်ကြွလာပေသည်။ ကျန်းရီက ထိုစကားများကို ပြောနေခြင်းမှာ သူမ အသိစိတ်လွတ်မသွားစေရန်ဖြစ်ကြောင်း သူမ သိပေသည်။ သူက သူမကို ရှင်သန်စေလိုခြင်းပင်။
‘အလုပ်လည်း ကြိုးစားတယ်တဲ့လား...’
ချီချင်ချန်သည် ကျန်းရီ၏ ထိုစကားကို ပြန်တွေးမိပြီး ထပ်မံ၍ ရှက်သွေးဖြာသွား၏။ သူမသည် ဖိုမကိစ္စတွင် အတွေ့အကြုံမရှိသေးသော်လည်း ကလေးတစ်ယောက် မဟုတ်တော့၍ ထိုအကြောင်းများကို ကြားဖူးပေသည်။ ဖိုမကိစ္စက မည်သည့်ပုံစံ ရှိလိမ့်မည်ကိုလည်း တွေးကြည့်ခဲ့ဖူးသည်။ ယခုတွင် ချီချင်ချန်တစ်ယောက် အလွန်ရင်ခုန်မြန်နေပေသည်။ သူမသည် ယခုမှ ပထမဆုံးအကြိမ် ယောက်ျားတစ်ယောက်၏ စနောက်မှုကို ခံရခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမ အမှန်ပင် ပို၍စိတ်အားတက်လာပေသည်။
“မျိုးမစစ်ကောင်... ရှင် စောင့်နေပါ။ ကျွန်မ တပ်ကို ပြန်ရောက်တာနဲ့ ရှင်ကို သုံးရက်၊ သုံးည တွဲလောင်းဆွဲထားမယ်။ မဟုတ်ဘူး... ဆယ်ရက်၊ ဆယ်ည တွဲလောင်းဆွဲထားမယ်”
ချီချင်ချန် အံကြိတ်ကာ အော်ပြောလိုက်၏။ သူမသည် ဓားပျော့ကို အဆက်မပြတ် ဝှေ့ယမ်းကာ အရှေ့သို့ ပျံသန်းသွားလိုက်လေသည်။
သို့ဖြင့် ခြောက်နာရီ ကုန်ဆုံးသွား၏။
ချီချင်ချန်သည် တောင့်မခံနိုင်တော့တိုင်း အောက်ဘက်သို့ ပျံဆင်းကာ ကျန်းရီကို သွားရှာသည်။ ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများကို အကောင်းဆုံး တောင့်ခံ၍ ချီချင်ချန်၏ ခန္ဓာကိုယ်ထဲနှင့် စိတ်ဝိညာဉ်ထဲမှ မကောင်းသောအရှိန်အဝါများကို သန့်စင်ပေသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် အားပေးနေကြသည်။ မကြာမကြာဆိုသလိုလည်း ကျန်းရီက ချီချင်ချန်ကို ပေါက်ကရစကားများ ပြောပေသည်။ သူတို့သည် အခက်အခဲကို အတူတကွ ရင်ဆိုင်ကာ အရှေ့သို့ ဆက်သွားနေကြသည်။ ချီချင်ချန်သည် ကျန့်ရှမျိုးနွယ်ဝင်များကို တိုက်ခိုက်ရင်း တိုက်ပွဲအတွေ့အကြုံ များစွာတိုးတက်လာပေသည်။
ချီချန်ချန်သည် ဆူးချွန်များက သူမကို အကြိမ်မည်မျှ ထိမှန်ခဲ့ပြီကိုပင် မသိတော့ပေ။ သူမတစ်ကိုယ်လုံး နာကျင်နေပြီး သူမ၏ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရသွားသည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။ ယခုတွင် ကျန်းရီက သူမကို မည်သို့ပင် စနောက်ပါစေ သူမ စိတ်အားတက်မလာနိုင်တော့ချေ။ သူမ အလွန်အားနည်းနေပေပြီ။ သူမ၏ လက်နှစ်ဘက်စလုံး ထုံကျင်နေပြီဖြစ်သည်။ ယခု သူမ၏လက်များက စက်ရုပ်လက်များကဲ့သို့ အလိုလို လှုပ်ရှားနေကြပေသည်။
ကျန်းရီလည်း ဒဏ်ရာအပြင်းအထန် ရနေပြီဖြစ်သည်။ သူက ချီချင်ချန် မဟုတ်ပေ။ သူ၏ရုပ်ခန္ဓာက သူမ၏ရုပ်ခန္ဓာထက် များစွာပို၍ အားနည်းသည်။ သူ မိုးမြေစွမ်းအားကိုလည်း မသုံးဝံ့ပေ။ ထိုစွမ်းအား ကုန်သွားသည့်အခါကျလျှင် သူ ပိုအားနည်းသွားမည်ဖြစ်သည်။ ဤပုံအတိုင်းဆိုလျှင် သူ ချီချင်ချန်ကို အမီလိုက်နိုင်တော့မည် မဟုတ်ပေ။
ကျန်းရီသည် ကျန့်ရှမျိုးနွယ်များကို အဆက်မပြတ် မတိုက်ခိုက်ရသဖြင့် အနားယူကာ အားဖြည့်ဆေးလုံးများ သောက်နိုင်သော်လည်း ပုန်းကွယ်ခြင်းအတတ်ကို ထိန်းထားရန် စွမ်းအင်များစွာ လိုပေသည်။ သူ အကြိမ်များစွာ မေ့လဲကျမလို ဖြစ်ခဲ့၏။ သူ၏ ခိုင်မာသော စိတ်ဓာတ်ကြောင့်သာ မဟုတ်လျှင် သူ တောင်ကြားထဲတွင် မေ့လဲသွားသည်မှာ ကြာလောက်ပေပြီ။
ရှစ်နာရီ...
ချီချင်ချန်တစ်ယောက် သူမ၏အကန့်အသတ်သို့ ရောက်လုပေပြီ။ သူမ လဲပြိုတော့မည်ဖြစ်သည်။ နောက်ဆုံးတွင် ကျန်းရီသည် သူတို့အရှေ့၌ ကျန့်ရှမျိုးနွယ်ဝင် အနည်းငယ်သာ ရှိတော့ကြောင်း သိလိုက်၏။ သူ သူ့ကိုယ်သူ အားပေးလိုက်ပြီး ချီချင်ချန်ထံ အသံပို့လွှတ်လိုက်သည်။
“စစ်သူကြီး... ကျွန်တော်တို့ ဖောက်ထွက်နိုင်တော့မှာပါ။ နည်းနည်းလောက် ဆက်တောင့်ထားပါဦး”
ချီချင်ချန် သူမ၏ကောင်းကင်စိတ်အာရုံကို သုံး၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်၏။ သူမ၏ မည်းမှောင်နေသော မျက်နှာထားက အတန်ငယ် လင်းလက်လာသည်။ သို့သော် ထိုတုံ့ဆိုင်းမှုက သူမ၏ နောက်ကျောကို ဆူးချွန်ရှစ်ချောင်း မှန်သွားစေသည်။ သူမ သွေးအန်သွား၏။ သူမ၏ထုံနေသော လက်များက ခက်ခက်ခဲခဲ ဆက်လှုပ်ရှားနေသည်။ သူမ စိတ်အားတင်းကာ လက်ကျန်စွမ်းအင်အကုန်လုံးကို ညှစ်ထုတ်လိုက်၏။ သူမ၏ မိသားစုနှင့် မျိုးနွယ်ဝင်များအတွက် ဤအန္တရာယ်ကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ရပေမည်။ ဆောင်းဥတုဘုံအတွက်လည်း သူမ ဆက်ရှင်သန်ရမည်ဖြစ်သည်။
ဝှစ်...ဝှစ်...
နောက်ဆုံးတွင် ချီချင်ချန် ကျန့်ရှမျိုးနွယ်ဝင်များကြားမှ ဖောက်ထွက်နိုင်လိုက်၏။ ထို့နောက် သူမ ကျန်းရီကို ငုံ့ကြည့်ကာ ပြောလိုက်သည်။
“ဒီကိုတက်ခဲ့... ကျွန်မ ရှင့်ကို ဆက်ခေါ်သွားပေးမယ်”
“ဟုတ်ကဲ့”
ကျန်းရီ သန်မာချင်ယောင်ဆောင်မနေတော့ပေ။ ချီချင်ချန်က သူ့ထက် ပိုမြန်ပေသည်။ သူမသာ သူမဘာသာ ပျံသန်းသွားမည်ဆိုလျှင် ကျန့်ရှမျိုးနွယ်ဝင်များက သူ့ဘက်ကို လှည့်လာပေလိမ့်မည်။ ၎င်းတို့ သူ့ကို ပစ်မှတ်ထားပြီးသည်နှင့် သူ သေချာပေါက် သေမည်ဖြစ်သည်။
ကျန်းရီသည် ချီချင်ချန်ဆီသို့ လျင်မြန်စွာ ပျံတက်လိုက်၏။ ထို့နောက် သူမကို ရေဘဝဲတစ်ကောင်ကဲ့သို့ ဖက်တွယ်လိုက်သည်။ ချီချင်ချန် ရှက်လည်းရှက်သလို ဒေါသလည်းထွက်သွား၏။
“ဖယ်စမ်း... ကျွန်မ ရှင့်ကို လက်တစ်ဘက်တည်းနဲ့ ဆွဲခေါ်သွားနို်ငတယ်။ ကောင်စုတ်လေး... ရှင်က ကျွန်မကို အသားယူဖို့ ကြိုးစားနေတာလား”
“ဪ..ဪ... ကျွန်တော် လောသွားလို့ပါ”
ကျန်းရီ ချီချင်ချန်၏ ကျောပေါ်မှ ခပ်သွက်သွက် ပြန်ဆင်းလိုက်၏။ တစ်ချိန်တည်းမှာပင် သူ တံဆိပ်စာလုံးများ ထုတ်၍ ချီချင်ချန်၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ထဲမှ မကောင်းသောအရှိန်အဝါများကို သန့်စင်ပေးလိုက်သည်။ ထို့နောက် ချီချင်ချန်သည် သူ့ကို လက်တစ်ဘက်ဖြင့် ဆွဲခေါ်ကာ အလျင်အမြန် ပျံသန်းလိုက်ပြီး ကျန်လက်တစ်ဘက်ဖြင့် စွမ်းအားကြီး လေဓာတ်စည်းမျဉ်းဆန်းကြယ်စွမ်းရည် အပြောင်ရှင်း လေမုန်တိုင်းကို ထုတ်လွှတ်လိုက်လေသည်။
ဟူး...ဟူး...
လေများ ထန်လာပြီး ပတ်ဝန်းကျင်တွင် လေနဂါးများ ထွက်ပေါ်လာသည်။ ကျန်းရီနှင့် ချီချင်ချန်တို့ အနောက်မှ ကျန့်ရှမျိုးနွယ်ဝင်များက လွင့်ထွက်သွားကြ၏။ ချီချင်ချန်သည် ကျန်းရီကို ခေါ်၍ အလွန်လျင်မြန်စွာ ပျံသန်းသွားသည်။ နောက်ဆုံးတွင် သူမတို့ ကျန့်ရှမျိုးနွယ်ဝင်များကို အနောက်တွင် ချန်ခဲ့နိုင်ပေပြီ။ သူမတို့ သက်ပြင်းချလိုက်ကြသည်။ ထို့နောက် တစ်ယောက်ကိုတစ်ယောက် အဓိပ္ပာယ်ပါပါ ကြည့်လိုက်ကြ၏။ ထိုအကြည့်များထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ သေခြင်းမှ လွတ်မြောက်လာသူ မည်သူမဆို အလွန်ပျော်ကြမည်သာ။
ကျန်းရီနှင့် ချီချင်ချန်တို့၏ နှုတ်ခမ်းစွန်းများတွင် သွေးများ ရှိနေဆဲပင်။ ချီချင်ချန်၏ မျက်နှာက အတော်လေး ဖြူဖျော့နေသည်။ သို့သော် သူမပြုံးလိုက်သောအခါ အလွန်လှနေပေသေးသည်။ ထိုအခိုက်တွင် သူမကို မြင်သူတိုင်း ချစ်မိသွားကြမည်သာ။
“ဟုတ်ပြီ... နောက်ဆုံးတော့ ကျွန်မတို့ လွတ်ပြီ”
တစ်နာရီကြာ အရှိန်အပြည့်ဖြင့် ပျံသန်းပြီးနောက်တွင် အနောက်မှ ကျန့်ရှမျိုးနွယ်ဝင်များကို လှမ်းမမြင်ရတော့ပေ။ ထိုမှ ချီချင်ချန် အရှိန်လျှော့လိုက်သည်။ သူမသည် အားဖြည့်ဆေးလုံးတစ်လုံးကို ထုတ်၍ သွေးများနှင့်အတူ မျိုချလိုက်သည်။ ထို့နောက် လှည့်ပတ်ကြည့်ကာ ပြောလိုက်သည်။
“ကျန်းရီ... ကျွန်မ ခဏလောက် အနားယူဖို့လိုတယ်။ ကျွန်မကို ကာကွယ်ပေးထားပါ”
“ကောင်းပါပြီ”
ကျန်းရီလည်း အလွန်ပင်ပန်းနေသည်။ သို့သော် သူ တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။ ချီချင်ချန် အားပြန်ပြည့်မှ သူတို့ အပြည့်အဝလုံခြုံမည်ဖြစ်သည်။ ချီချင်ချန်သည် မြစ်ငယ်လေးတစ်စင်းကို တွေ့သည်အထိ ဆက်ပျံသန်းလိုက်၏။ ထို့နောက် သူမတို့နှစ်ယောက်စလုံး မြစ်ငယ်လေးဆီသို့ ပျံဆင်းလိုက်ကြသည်။
ရွှီး...
ထိုအခိုက်တွင် အရှေ့မှ အာကာပြင်က အတန်ငယ် တုန်ခါသွား၏။ ချီချင်ချန် မျက်နှာထားတင်းမာသွားသည်။ ချက်ချင်းပင် သူမ လက်နက်ကို အသင့်ပြင်လိုက်ပြီး အရှေ့သို့ ထိုးချလိုက်သည်။
သို့သော်...
တစ်ချိန်တည်းမှာပင် ညာဘက်မှ အာကာပြင်ကလည်း တုန်ခါလာ၏။ လေထဲမှနေ၍ ပုလွေတစ်ချောင်း ထွက်ပေါ်လာပြီး ချီချင်ချန်၏ ဘေးရှိ ကျန်းရီကို ထိုးစိုက်လိုက်သည်။
ပုံမှန်အချိန်ဆိုလျှင် ချီချင်ချန်သည် ချက်ချင်း ပြန်တုံ့ပြန်နိုင်လိုက်မည်ဖြစ်သည်။ သို့သော် ယခုတွင် သူမ၏ခန္ဓာကိုယ်က အလွန်အားနည်းနေသဖြင့် သူမ အချိန်မီ မတုံ့ပြန်နိုင်လိုက်ပေ။ ကျန်းရီက သူမ၏မျက်စိရှေ့တွင် အသတ်ခံရတော့မည်ကို တွေ့လိုက်သောအခါ သူမ သူ့ကို အလိုလို တွန်းထုတ်မိလိုက်သည်။ သို့သော် သူမကမူ ရှောင်ရန် အချိန်မရလိုက်၍ ပုလွေ၏ထိုးစိုက်မှုကို ခံလိုက်ရပေသည်။ သူမက သူ့ကိုယ်စား ထိုးချက်ကို ခံသွားခြင်းပါပင်။