ကောင်းကင်ယန်မျိုးနွယ်
Vol. 109 Ch. 1510
ဝုန်း...
ပုလွေက ချီချင်ချန်၏ နံဘေးကို ထိုးစိုက်သွား၏။ သူမနှင့် ကျန်းရီတို့နှစ်ယောက်စလုံး ထိုးချက်အဟုန်ကြောင့် လွင့်ထွက်သွားသည်။ ချီချင်ချန်သည် လေထဲတွင် သွေးအန်လိုက်၏။ သူမ မတုံ့ပြန်နိုင်သေးခင်မှာပင် သူမတို့အရှေ့မှ အာကာပြင်က ထပ်မံတုန်ခါလာသည်။ ထို့နောက် အာကာပြင်ထဲမှနေ၍ လူတစ်ယောက် ထွက်ပေါ်လာကာ သူမကို ထပ်မံ တိုက်ခိုက်လိုက်လေသည်။
“ရီဝူလား...”
ကျန်းရီသည် လွင့်ထွက်သွားသော်လည်း ထွက်ပေါ်လာသူကို မြင်လိုက်ရသဖြင့် ချက်ချင်း အော်ပြောလိုက်သည်။
“ရီဝူ... ခင်ဗျား ရူးသွားပြီလား။ ဆောင်းဥတုအရှင်က ခင်ဗျားရဲ့ မိသားစုအကုန်လုံးကို သတ်လိမ့်မယ်။ ဝိညာဉ်မျိုးနွယ်ကလည်း ခင်ဗျားကို မျိုးနွယ်စည်းမျဉ်းတွေအရ အပြစ်ပေးလိမ့်မယ်”
ဝုန်း...ဝုန်း...ဝုန်း...
ရီဝူက ကျန်းရီကို လုံးဝလျစ်လျူရှုနေ၏။ သူသည် ဝိညာဉ်မျိုးနွယ်မှ အခြားစွမ်းအားကြီး သိုင်းသမား သုံးယောက်နှင့်အတူ ပေါ်လိုက်၊ ပျောက်လိုက်ဖြင့် ချီချင်ချန်ကို အဆက်မပြတ် တိုက်ခိုက်နေပေသည်။
ချီချင်ချန်တစ်ယောက် ဇကောထဲ ဆီးဖြူသီးလိမ့်သလို ဖြစ်နေ၏။ အစပိုင်းတွင် သူမ ပြန်တိုက်ခိုက်နိုင်သေးသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူမ မတုံ့ပြန်နိုင်တော့ချေ။ မကြာခဏဆိုသလို သူမ အနောက်သို့ လွင့်ထွက်သွားနေသည်။ သူမ၏ ထိပ်တန်းအဆင့် နတ်ဘုရားချပ်ဝတ်နှင့် အုပ်ချုပ်သူအဆင့် ရုပ်ခန္ဓာကြောင့်သာ မဟုတ်လျှင် သူမ သေပြီးနေလောက်ပေပြီ။
ဝုန်း...
ကျန်းရီ တောင်ထွတ်တစ်ခုပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွား၏။ ရုတ်ခြည်းပင် သူ အားတင်း၍ ပြန်ထလိုက်၏။ သူ့လက်ထဲတွင် ဗျပ်စောင်းတစ်လက် ထွက်ပေါ်လာသည်။ သူ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်သုံးပေတော့မည်။ ရီဝူနှင့် သူ၏အဖော်လေးယောက်စလုံးက ထိပ်တန်း သိုင်းသမားများဖြစ်သည်။ သူ၏ အခြားစွမ်းရည်များမျှနှင့် သူတို့ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ ရွေးချယ်စရာ မရှိတော့ဘဲ နတ်ဘုရားအသံ ကောင်းကင်အတတ်အပေါ်တွင်သာ မှီခိုရပေတော့မည်။
ဝှစ်...
ကျန်းရီ၏ အနောက်ဘက် အာကာပြင်ထဲတွင် ဓားတစ်ချောင်း ရုတ်တရက် ထွက်ပေါ်လာ၏။ ဓားသည် လေခွင်းသံနှင့်အတူ ကျန်းရီထံ ပျံဝင်လာ၏။ သူ မည်သို့မှ မတုံ့ပြန်နိုင်သေးခင်မှာပင် သူ့ဗျပ်စောင်းက နှစ်ပိုင်းပြတ်သွားပြီး သူလည်း အနောက်သို့ လွင့်ထွက်သွားသည်။ သူ့ပါးစပ်မှနေ၍ သွေးများ အဆက်မပြတ် စီးကျလာပေသည်။
ကျန်းရီသည် ကြောက်မက်ဖွယ်ကောင်းသော နဖူးပြောင်တစ်ခုကို မြင်လိုက်ရ၍ မျှော်လင့်ချက် ကုန်ဆုံးသွား၏။ သို့သော် သူ ဒေါသတကြီး အော်ပြောလိုက်သည်။
“ယိုထျန်းနီ... မင်း သတ်ချင်ရင် ငါ့ကိုသတ်လိုက်။ ချီချင်ချန်ကို မသတ်နဲ့။ ငါတို့ကြားက ရန်ငြိုးကို ငါတို့ကြားမှာပဲရှင်း။ မဆိုင်တဲ့သူတွေကို ဆွဲမထည့်နဲ့”
“ဟားဟားဟား...”
လေထဲတွင် လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာ၏။ သူတို့အားလုံးက ယိုထျန်းနီ၏အနောက်တွင် ရပ်လိုက်ကြသည်။ ယိုထျန်းနီသည် ကျန်းရီကို အရေးမစိုက်ဟန်ဖြင့် သူ၏နဖူးပြောင်ကို ပွတ်နေ၏။ သူသည် အရောင်လက်နေသော မျက်ဝန်းများဖြင့် ချီချင်ချန်ကို ပြန်တုံ့ပြန်ခွင့်မပေးဘဲ တိုက်ခိုက်နေကြသော ရီဝူတို့ကို ကြည့်ကာ ပြုံး၍ ပြောလိုက်၏။
“မစိုးရိမ်ပါနဲ့... ငါကလည်း သူ့လို မိန်းမလှလေးတစ်ယောက်ကို မသတ်ရက်ပါဘူး။ ချီချင်ချန်... ငါ့ရဲ့မိန်းမလုပ်လိုက်ပါ။ ငါတို့ ကောင်းကင်ယန်မျိုးနွယ်ရဲ့ အရသာကို မြည်းဖူးတဲ့မိန်းမတိုင်း ငါတို့ဆီက မခွာချင်ကြဘူး။ မင်း သေချာပေါက် ကျေနပ်မှာပါ”
“ကောင်းကင်ယန်မျိုးနွယ်...”
ကျန်းရီသည် ထိုစကားကို ကြားသောအခါ ချက်ချင်း မျက်နှာပျက်သွား၏။ ချီချင်ချန်၏ အားနည်းနေသော မျက်လုံးများလည်း ပြူးကျယ်သွားသည်။ သူတို့နှစ်ယောက်စလုံး ကောင်းကင်ယန်မျိုးနွယ်အကြောင်းကို ကြားဖူးကြပေသည်။ သို့သော် ယိုထျန်းနီက ထိုရှားပါးမျိုးနွယ်မှ လူတစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။
ကောင်းကင်ယန်မျိုးနွယ်က သမိုင်းကြောင်းရှည်လျားသော မျိုးနွယ်တစ်ခုဖြစ်သည်။ တစ်ချိန်တုန်းက သူတို့သည် စည်ပင်ဝပြောသော မျိုးနွယ်ကြီးတစ်ခုဖြစ်ခဲ့သည်။ သူတို့က ဆန်းကြယ်သောစွမ်းရည်များကို ပိုင်ဆိုင်ကြသည်။ ကောင်းကင်ယန်မျိုးနွယ်မှ ယောက်ျားတစ်ယောက်နှင့် တစ်ခါအိပ်ဖူးသည့် မိန်းမတိုင်း ထိုယောက်ျားကို စွန့်ခွာနိုင်လိမ့်မည် မဟုတ်ဟု ဆိုကြ၏။ သူမတို့၏ ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်များက သိမ်းသွင်းခံလိုက်ရမည်ဖြစ်သည်။
ထိုမျိုးနွယ်က မိစ္ဆာဆန်သော ဆန်းကြယ်စွမ်းရည်များစွာကိုလည်း သိကြသည်။ သူတို့သည် ယင်နှင့် ယန်စွမ်းအားများကို အသုံးပြု၍ မိန်းမများ၏ ကောင်းကင်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားများကို စုပ်ယူကာ သူတို့၏ စွမ်းအားအဖြစ် ပြောင်းလဲပစ်နိုင်သည်။ သူတို့မျိုးနွယ်က အထက်ဘုံကို နှစ်ပေါင်းများစွာ အုပ်စိုးခဲ့ဖူးသည်။ သို့သော် နောက်ပိုင်းတွင် မျိုးနွယ်အသီးသီးမှ ထောင်ချီသော စွမ်းအားကြီး သိုင်းသမားများက အင်အားပူးပေါင်း၍ သူတို့ကို ရှင်းပစ်ခဲ့သည်။ ထိုသို့ ရှင်းပစ်ခဲ့ရခြင်းမှာ သူတို့က မျိုးနွယ်ကြီးများမှ သခင်မလေးများကို အဓမ္မစော်ကားခြင်းများပြုလာပြီး အထက်ဘုံတွင် ဒေါသမီးလွှမ်းစေခဲ့၍ဖြစ်ပေသည်။
ထိုတိုက်ပွဲပြီးနောက်တွင် ကောင်းကင်ယန်မျိုးနွယ်က ငုပ်ရှိုးသွားခဲ့သည်။ အထက်ဘုံမှ မျိုးနွယ်များသည် ထိုမျိုးနွယ်က ဆက်တည်ရှိနေသေးဆဲဖြစ်ကြောင်း သိ၏။ သို့သော် သူတို့သည် ထိုမျိုးနွယ်ဝင်များကို တစ်ယောက်မကျန်သတ်ပစ်ရန် ဆန္ဒမရှိပါပေ။ ထိုမျိုးနွယ်ဝင်များက ပြဿနာမရှာသေးသ၍၊ မျိုးနွယ်ကြီးများမှ သခင်မလေးများကို အန္တရာယ်မပြုသ၍ လွှတ်ထားခံရမည်ဖြစ်သည်။
ကျန်းရီနှင့် ချီချင်ချန်တို့သည် ‘ကောင်းကင်ယန်မျိုးနွယ်’ဆိုသော စကားကို ကြားလိုက်သောအခါ အဘယ်ကြောင့် ယိုထျန်းနီက ထိုမျှသတ္တိကောင်းနေခဲ့ရကြောင်းကို နားလည်သွားကြသည်။ ယောက်ျားတိုင်းက ချီချင်ချန်ကဲ့သို့ အမျိုးသမီးတစ်ယောက်ကို အလိုရှိကြပေသည်။ သူမကို ရရှိခြင်းက ဆောင်းဥတုဘုံကို ရရှိခြင်းကဲ့သို့ပင် မဟုတ်ပါလား။ ဆောင်းဥတုဘုံကိုသာ ရရှိလိုက်လျှင် ကောင်းကင်ယန်မျိုးနွယ်သည် ပြာပုံထဲမှ ပြန်ထလာနိုင်မည်ဖြစ်သည်။
ယိုထျန်းနီသည် ချီချင်ချန်ကို ပိုးပန်းလိုခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ကျန်းရီက သူ၏အကြံအစည်ကို ဖျက်ခဲ့သည်။ သို့ဖြစ်ရာ သူ မည်သို့ လက်စားမချေဘဲ နေနိုင်ပါမည်နည်း။
ထို့ကြောင့် ယိုထျန်းနီ ကျန်းရီတို့ကို အကောက်ကြံခဲ့သည်။ သူ များစွာအင်အားစိုက်ထုတ်၍ ထောင်ချောက်များ ဆင်ခဲ့သည်။ ထိုလုပ်ရပ်အားလုံးမှာ ချီချင်ချန်ကို ရရှိရန်ဖြစ်သည်။ သူမ၏ အချစ်ကို မရရှိချင်နေပါစေ သူမ၏ခန္ဓာကိုယ်ကို ရလိုက်သည်နှင့် သူ သူမကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သူမက သူ့ဘက်ပါနေမည်ဆိုလျှင် လူများလည်း မည်သို့မှ ပြောနိုင်ကြလိမ့်မည် မဟုတ်ပေ။ အခြားသူများသည် သူက သူမ၏အချစ်ကို ရရှိသွားသည်ဟုသာ ထင်ကြမည်ဖြစ်သည်။
အခြေအနေက ချီချင်ချန်နှင့် ကျန်းရီတို့ ထင်ထားသည်ထက် ပိုကြီးကျယ်နေသည်။ ယိုထျန်းနီက သူနှင့်အတူ တပ်သားနှစ်သောင်း ခေါ်လာခဲ့သည်။ ထိုတပ်သားများသည် ဤနေရာသို့ တာဝန်ထမ်းဆောင်ရန် လာခဲ့ခြင်းဖြစ်သည်။ သူတို့သည် အခြားနေရာတစ်ခုရှိ ဝိညာဉ်သားပေါက်များကို ရှင်းလင်းနေကြပေသည်။
ထို့ပြင်...
အခြား ‘ယိုထျန်းနီ’ တစ်ယောက်က ထိုတပ်သားနှစ်သောင်းကို ဦးဆောင်နေသည်။ ထိုတပ်ထဲတွင် မျိုးနွယ်ကြီးများမှ သခင်လေးများစွာ ပါဝင်သည်။ အကယ်၍ အကြံအစည်က မအောင်မြင်လျှင်လည်း ယိုထျန်းနီသည် ထိုသခင်လေးများကို အသုံးချ၍ သူက တပ်နှင့် တစ်ချိန်လုံးရှိနေခဲ့ကြောင်း သက်သေပြနိုင်ပေသည်။ ချီချင်ချန်တွင်မူ မည်သည့်သက်သေမှ မရှိပေ။ သူမသည် သူမ၏ပါးစပ်ကိုသာ မှီခိုရမည်ဖြစ်သည်။ မိစ္ဆာချေဖျက်စစ်တပ်ကို ပြန်ရောက်ပြီဆိုလျှင်လည်း သူမ ယိုထျန်းနီကို သတ်ဝံ့တော့မည် မဟုတ်ချေ။ ဆောင်းဥတုအရှင်က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်သော်လည်း မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်သုံးယောက်ကလည်း အုပ်ချုပ်သူအဆင့် သိုင်းသမားများ ဖြစ်ပေသည်။
ယိုထျန်းနီ၏ အစီအစဉ်က ပြီးပြည့်ပေရာ မအောင်မြင်ဘဲ ရှိပါမည်လော။
ဝုန်း...
ချီချင်ချန်သည် တိုက်ခိုက်မှုတစ်ခုကြောင့် ထပ်မံ၍ လွင့်ထွက်သွား၏။ သူမ မြေပေါ်တွင် အပတ်ရေများစွာ လိမ့်သွားသည်။ သူမ ထရပ်ရန် ကြိုးစားလိုက်ချိန်တွင်မူ သူမနောက်၌ လက်တစ်ဘက် ထွက်ပေါ်လာ၏။ ထိုလက်က မီးတောက်နေသော အဝါရောင်သစ်သားတုံးတစ်တုံးကို ကိုင်ထားသည်။ မီးတောက်များက ထူထပ်သော မီးခိုးငွေ့များကို ထုတ်လွှတ်နေ၏။ ချီချင်ချန် မီးခိုးငွေ့များကို မတော်တဆ နှစ်ချက်ရှူမိသွားသည်။ ရုတ်ခြည်းပင် သူမ အော်ပြောလိုက်သည်။
“အချစ်သစ်ပင်.. ယိုထျန်းနီ... ရှင် အောက်တန်းကျလှချည်လား။ ကျွန်မ ရှင်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး...”
ဝုန်း...
ရီဝူက ချီချင်ချန်ဘေးတွင် ရုတ်တရက် ထွက်ပေါ်လာပြီး ချီချင်ချန်၏ နောက်ကျောကို ဒူးတစ်ဘက်ဖြင့် ဖိထားလိုက်၏။ ထို့နောက် သူ၏လက်တစ်ဘက်က အဖြူရောင်အလင်း လင်းလက်လာ၏။ သူ ချီချင်ချန်၏ခန္ဓာကိုယ်အတွင်းသို့ ဆန်းကြယ်သောစွမ်းအင်တစ်မျိုး ထည့်သွင်းလိုက်သည်။ ချီချင်ချန်၏ နတ်ဘုရားအမြုတေ ချိပ်ပိတ်ခံလိုက်ရလေသည်။
အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်က ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ယောက်ကြောင့် နတ်ဘုရားအမြုတေ ချိပ်ပိတ်ခံလိုက်ရခြင်းမှာ မယုံနိုင်လောက်သောကိစ္စပင်။ သို့သော် ထိုအဖြစ်အပျက်က သူတို့၏ မျက်လုံးများအရှေ့တွင် ဖြစ်နေပေပြီ။ ကျန်းရီသည်ပင် ထိုအဖြစ်ကို မယုံကြည်နိုင်ပေ။ သို့သော် ချီချင်ချန်က အရှေ့မှ တိုက်ပွဲများကြောင့် အလွန်အားနည်းနေခဲ့ပြီ မဟုတ်ပါလား။
ဝုန်း...
ချီချင်ချန်သည် ဒေါသတကြီးဖြင့် ပြန်တိုက်ခိုက်လိုက်၏။ သူမ၏ ဓားပျော့က ရီဝူ၏ စစ်ချပ်ဝတ်ကို ဖောက်၍ ရင်ဘတ်ထဲဝင်သွား၏။ သူ့ရင်ဘတ်က ဒဏ်ရာမှနေ၍ သွေးများ စီးကျလာသည်။ သို့သော် ထိုအခိုက်တွင် ချီချင်ချန်က အလွန်အားနည်းနေပေသည်။ သူမ၏ နတ်ဘုရားအမြုတေက ချိပ်ပိတ်ခံထားရသဖြင့် ဓားချက်တွင် ကောင်းကင်စွမ်းအား မပါခဲ့ပေ။ ထို့ကြောင့် ရီဝူ သူမဘေးမှနေ၍ လျင်မြန်စွာ ပြန်ဆုတ်နိုင်လိုက်ပေသည်။
“ဟားဟားဟား...”
ယိုထျန်းနီက ကျယ်လောင်စွာ ရယ်လိုက်၏။ ချီချင်ချန်က အချစ်သစ်ပင်မှ အခိုးအငွေ့များကို ရှူမိသွားပြီဖြစ်ပြီး နတ်ဘုရားအမြုတေလည်း ချိပ်ပိတ်ခံလိုက်ရပေပြီ။ ရလဒ်က သေချာသွားပြီဖြစ်သည်။ ရီဝူ၏ တာဝန်လည်း ပြီးဆုံးသွားပေပြီ။
ယိုထျန်းနီ ရီဝူကို ကျေကျေနပ်နပ်ကြည့်ကာ ပြောလိုက်သည်။
“အစ်ကိုရီဝူ... အစ်ကို ကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ သွားပြီး အနားယူလိုက်ပါတော့။ အစ်ကို့ရဲ့လူတွေကိုတော့ ပတ်ဝန်းကျင်ကို ဆက်စောင့်ကြည့်ထားဖို့ ပြောပေးပါ။ ကျွန်တော်တို့ မိစ္ဆာချေဖျက်စစ်တပ်ကို ပြန်ရောက်ရင် အစ်ကို့ကို ကောင်းကောင်းဆုချီးမြှင့်မှာပါ”
ရီဝူသည် လောဘမျက်ဝန်းများဖြင့် ချီချင်ချန်ကို လှမ်းကြည့်လိုက်၏။ သူ့မျက်နှာက နီမြန်းနေပြီး သူ့မျက်လုံးများက တလက်လက်တောက်ပနေသည်။ ထို့နောက် သူ တံတွေးမျိုချကာ သူ့ရင်ဘတ်မှ ဒဏ်ရာကိုဖိ၍ ပြန်ပြောလိုက်သည်။
“သခင်လေးယို.... စိတ်ကြိုက်သာ ပျော်ပါ။ ကျွန်တော်တို့ ရှိနေရင် ဘယ်သူကမှ ခင်ဗျားရဲ့ အပျော်ကို လာဖျက်နိုင်မှာ မဟုတ်ပါဘူး”
ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများ ဖြည်းဖြည်းချင်း ထွက်ခွာသွား၏။ ယိုထျန်းနီ၏လက်အောက်မှ တပ်သားနှစ်ဆယ်လောက်ကလည်း ထွက်သွားရန် ဟန်ပြင်လိုက်ကြသည်။ ယိုထျန်းနီသည် အပြင်းအထန် ဒဏ်ရာရထားသော ကျန်းရီကို လှည့်ကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
“ဒီကောင်စုတ်ကို ခေါ်သွားကြ။ သူ့ကို မသတ်နဲ့ဦး။ သူ မသေသေးရင် အဆိပ်ဝိညာဉ်က ငါတို့ကို လာရှာလိမ့်မယ်။ ငါတို့ အဆိပ်ဝိညာဉ်ကို မသတ်နိုင်ရန် အစီအစဉ် အောင်မြင်တယ်လို့ သတ်မှတ်နိုင်မှာ မဟုတ်ဘူး”
ဝှစ်...
ဘွဲ့ထူးရစစ်နတ်ဘုရား နှစ်ယောက်က ကျန်းရီထံသို့ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ပျံသန်းသွား၏။ ကျန်းရီ၏လက်ထဲတွင် ပေါင်းစည်းမီးတောက်များ ထွက်ပေါ်လာ၏။ သူ တတ်နိုင်သမျှ ပြန်ခုခံလိုနေပေသည်။
“ဟွန်း...”
ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ယောက်က ကျန်းရီ၏ စိတ်ဝိညာဉ်ကို ချက်ချင်းတိုက်ခိုက်လိုက်လိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။ ကျန်းရီ ပြန်တုံ့ပြန်နိုင်ချိန်တွင် လက်တစ်ဘက်က သူ့ဝမ်းဗိုက်ကို ဖိထားပေပြီ။
“စစ်သူကြီး...”
ဘွဲ့ထူးရစစ်နတ်ဘုရားနှစ်ယောက်သည် ကျန်းရီကို လည်ပင်းမှကိုင်၍ ကောင်းကင်ထက်သို့ ခေါ်သွားသည်။ ကျန်းရီ နာကျင်စွာ အော်ခေါ်လိုက်၏။ သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ ချီချင်ချန်က မြေပြင်ပေါ်တွင် ဒယိမ်းဒယိုင်ဖြင့် ဒူးထောက်နေကြောင်း တွေ့လိုက်ရ၏။ သူမသည် ယောက်ျားတစ်ယောက်အား သူမနှင့်ဆက်ဆံဖို့ တောင်းဆိုနေသည့် လိင်စိတ်ထန်သော အပေါစားမိန်းမတစ်ယောက်နှင့် တူနေပေသည်။
***