← Chapters

မြစ်ဝါကိုးကွေ့ဒီရေများ

Vol. 71 Ch. 990

မြစ်ဝါကိုးကွေ့ဒီရေများ

Vol. 71 Ch. 990

အခန်း (၉၉၀) မြစ်ဝါကိုးကွေ့ဒီရေများ

ဒဏ္ဍာရီထဲမှ ‘မြစ်ဝါကိုးကွေ့အစီအရင်’ တွင် မိုးနှင့်မြေမှ ထူးခြားဆန်းပြားသော အနှစ်သာရများ ပါဝင်သည်။

ထိုအစီအရင်ထဲတွင် နတ်ဘုရားလှည့်စားဆေးလုံး ၊ နတ်ဘုရားဆိတ်ကွယ်ရာမန္တန်တို့ကဲ့သို့ နတ်ဘုရားများ၏စိတ်ကိုလှည့်စားနိုင်သော ၊ ဝိညာဉ်ကိုပျက်ပြားစေသော ၊ အသွင်သဏ္ဌန်ကို ထောင်ချောက်ဆင်နိုင်သော ၊ ချီစွမ်းအားကိုပျက်ဆီးစေသော ၊ စွမ်းအင်ဗဟိုချက်ကို ထိခိုက်စေသော ပစ္စည်းများ ပါဝင်သည်။

ဤအစီအရင်က သက်ရှိများအားလုံးကို သက်ရောက်နိုင်ပြီး စွမ်းအားကြီးမားသောနတ်ဘုရားများအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိသည်။

ချင်ရှုကျီ ၊ ကျန်းစုရန်နှင့် အခြားသူများမှာ ဗဟုသုတကြွယ်ဝသူများ ဖြစ်ကြသည်။

မြစ်ဝါကိုးခုအစီအရင်၏ အံ့သြဖွယ်ကောင်းမှုကို ကိုယ်တိုင်ကြုံတွေ့ခံစားရပြီးနောက် သူတို့ရှေ့မှ အစီအရင်သည် အမှန်တကယ်ပင် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း သေချာပေါက် သိရှိလိုက်ကြသည်။

ဟုတ်ပေ၏။

ဒဏ္ဍာရီထဲတွင် “ဤအစီအရင်အတွင်းဝင်ရောက်သွားသူမည်သူမဆို ချက်ချင်းပျောက်ကွယ်သွား” သည် ဟု ဆိုရိုးရှိသည် မဟုတ်ပါလား။

ဤအစီအရင်က ထိုသို့ပင် လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း မြင့်မားလွန်းသည်။

သို့တိုင် သူတို့အားလုံးက တစ်ယောက်မှ နတ်ဘုရားများ မဟုတ်ကြပေ။

ယခု သူတို့အားလုံး မြစ်ဝါကိုးကွေ့အစီအရင်တွင် ပိတ်မိနေသဖြင့် ပြန်မထွက်နိုင်တော့ဘဲ အန္တရယ်ရှိသောအခြေအနေတွင် ပိတ်မိနေပြီ ဖြစ်၏။

လေပြင်းများတိုက်ခတ်လာပြီး အနက်ရောင်မြူခိုးများလွင့်စင်လာသည်နှင့်အမျှ မလွှဲမရှောင်သာ ခေါင်းများမူးဝေလာပြီး စိတ်ဓာတ်များလည်း ယိုယွင်းလာသည်။

မိုးကောင်းကင်ထက်မှ ကြယ်စင်များနှင့်ဆင်တူသော သူတို့ခန္ဓာကိုယ်မှ သွေးကြောဆုံချက်များ ပိတ်ဆို့သွားသလို ခံစားလိုက်ရသည်။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များအတွက် ပထမဆုံးခြေလှမ်းမှာ စကြာဝဠာအတွင်းမှ တကယ့်ကြယ်စင်များကဲ့သို့ ခန္ဓာကိုယ်သွေးကြောဆုံချက်များကို သန့်စင်ထားနိုင်ခြင်း ဖြစ်သည်။ နတ်ဘုရားသိမြင်ခြင်းအဆင့်ကိုကျော်လွန်ပြီးဖြစ်သော သူတို့၏သွေးကြောပတ်လမ်းများက သွေးကြောဆုံချက်များကို လိုသလိုထိုးဖောက်လှည့်ပတ်နိုင်စွမ်း ရှိ၏။

သိုင်းသူတော်စင် သတ္တမအဆင့် ၊ အဋ္ဌမအဆင့်ရှိသူများအနေဖြင့် ခန္ဓာကိုယ်သွေးကြောဆုံချက်များက ခန္ဓာကိုယ်ထဲမှ ကြယ်စင်များနှင့်ဆင်တူပြီး သဘာဝအတိုင်းလှည့်ပတ်နေသည့်အဆင့်သို့ ရောက်ရှိမည် ဖြစ်သည်။

လူအများကဲ့သို့ပင် ကြယ်စင်များသည်လည်း အသက်ရှင်သန်နိုင်စွမ်းရှိကြသည်။

ကြယ်စင်များက အတော်လေး သက်တမ်းရှည်လျားကြသည်ဆိုသော်လည်း တစ်နေ့မှာတော့ လူသားများကဲ့သို့ အသက်သေဆုံးရမည်သာဖြစ်သည်။

ထိုသို့ပင် ပြင်ပကမ္ဘာမှ ကြယ်စင်များနှင့်ပဲ့တင်ထပ်ပြီး ကိုယ်တွင်းစကြာဝဠာကိုကျင့်ကြံထားသော သိုင်းကျင့်ကြံသူများသည်လည်း ကြယ်စင်များငြိမ်းသတ်သွားသည့်အဆင့်ကို ဖြတ်ကျော်ကြရမည်သာပင်။

သို့ပေသိ ဤသို့‌သော ကျင့်ကြံခြင်းဖြစ်စဉ်တွင် သွေးကြောဆုံချက်များငြိမ်းသတ်သွားသဖြင့် သူတို့၏သိုင်းစွမ်းများ အားနည်းသွားမည်ဟု မဆိုသာပေ။

သွေးကြောဆုံချက်များ ငြိမ်းသတ်သွားသ့်တိုင် သိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားမည် ဖြစ်သည်။

သေခြင်းရှင်ခြင်းဆိုသည်က ကမ္ဘာလောကတစ်ခုလုံး၏ အဓိကမျှခြေ ဖြစ်၏။

ဘဝဆိုသည်က မွေးဖွားလိုက် သေဆုံးလိုက်ဖြင့် မိုးကောင်းကင်ဆန္ဒအတိုင်း ထပ်ခါထပ်ခါ သံသရာလည်ရသည်သာ။

သိုင်းသူ‌တော်စင် အဋ္ဌမအဆင့်နှင့် သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများ၏ လက္ခဏာရပ်မှာ သူတို့၏ကိုယ်တွင်းစကြာဝဠာကြယ်စင်များ အဟောင်းသေဆုံးပြီး အသစ်ပြန်လည်မွေးဖွားကာ အလုံးစုံသော သွေးကြောဆုံချက်များကို အသစ်တစ်ဖန် ပြန်လည်သန့်စင်ပေးခြင်း ဖြစ်သည်။

ဤသို့ဖြင့် အမတကူးပြောင်းခြင်း ‌နှောင်းပိုင်းအဆင့်သို့ရောက်သည့်အခါ သူတို့၏တန်ခိုးစွမ်းအားက ပိုမိုမြင့်မားတိုးတက်လာပေမည်။

သိုင်းကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်တွင်းမှ စကြာဝဠာသည် ပြင်ပလောကမှ တကယ့်စကြာဝဠာနှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ ကြယ်စင်ပတ်လမ်းများ ၊ ဘဝနှင့်မရဏ သံသရာလည်ခြင်းများ သန့်စင်သွားပြီး တဖြည်းဖြည်း တည်ငြိမ်မှု ရရှိသွားပေမည်။

ဤအဆင့်သို့ရောက်လျှင် မိုးမြေအခြေခံမူများနှင့်ပတ်သက်ပြီး သိုင်းကျင့်ကြံသူတစ်ယောက်၏ နားလည်သဘောပေါက်မှုနှင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေများကို ပိုမိုနက်နဲရှင်းလင်းစွာ နားလည်လာနိုင်ပေမည်။

ကောင်းကင်ကြယ်စင်များကဲ့သို့ သူတို့၏ သွေးကြောဆုံချက်များအားလုံးကို သန့်စင်ပြီးသည့်အခါ ကိုယ်တွင်းစကြာဝဠာသည် ပြင်ပမှ အစစ်အမှန် စကြာဝဠာနှင့်ပဲ့တင်ထပ်သွားပြီး ‘လူသားအထွတ်ထိပ်အဆင့်’ သို့တက်ရောက်ရန် အခွင့်အရေးရရှိမည် ဖြစ်၏။

ဤအခြေအနေ အောင်မြင်ရန်ဆိုသည်က အလွန်ခက်ခဲသည်ဟု ဆိုရနိုင်သည်။

သိုင်းကျင့်ကြံသူအများစုသည် သူတို့ဘဝတစ်လျှောက်လုံးတွင် ထိုသို့သောအဆင့်ရောက်အောင် မကျင့်ကြံနိုင်ခဲ့ကြပေ။ သို့သော် ယခု ဤနေရာတွင်ရှိနေသူများထဲမှအချို့ကတော့ ဤအဆင့်အောင်မြင်ရန် အခွင့်အလမ်းများ ရှိနေသေးသည်။

အထူးသဖြင့် ချင်ရှုကျီနှင့် ယွမ်ရှန်းချန်တို့ဖြစ်သည်။

သို့သော် ယခုအခါတွင် မြစ်ဝါကိုးကွေ့အစီအရင်၏ဒဏ်ကြောင့် သူတို့ခန္ဓာကိုယ်အတွင်းပိုင်းသည်ပင် အမှန်တကယ် မတည်မငြိမ်ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်ပြီ ဖြစ်သည်။

လေပြင်းများတိုက်ခတ်လာပြီး အနက်ရောင်မြူခိုးများလွှမ်းခြုံလာသည့်အခါ သိုင်းသူတော်စင် နဝမအဆင့်ရှိသော ချင်ရှုကျီ ၊ ဖန်ဟယ်နှင့် ကျန်းစုရန်တို့အားလုံးမှာ သူတို့၏သွေးကြောဆုံချက်များမှ ပြန်လည်မွေးဖွားခြင်းစွမ်းအားသည်ပင် အစီအရင်စွမ်းအားကို တွန်းလှန်နိုင်စွမ်းမရှိသလို ခံစားကြရသည်။

သူတို့၏ကျင့်ကြံခြင်းအဆင့်မှာ သိုင်းသူတော်စင် အဋ္ဌမအဆင့်သို့ ပြန်လည်ကျဆင်းသွားသည့်အလားပင် ဖြစ်သည်။

ယွမ်ရှန်းချန်နှင့် တာအိုဆရာချန်းလန်တို့မှာတော့ သွေးကြောဆုံချက်များတွင် နတ်ဘုရားသိမြင်ခြင်းကို လှည့်ပတ်နေနိုင်သေးသော်လည်း တဖြည်းဖြည်း နှေးကွေးလေးလံလာသည်ကို ခံစားရသည်။

သူတို့သည်လည်း သိုင်းသူတော်စင် သတ္တမအဆင့်သို့ ကျဆင်းသွားသည်ဟု ခံစားရပြီး ကြယ်စင်များနှင့် သွေးကြောဆုံချက်များ ပဲ့တင်ထပ်ခြင်းကိုပင် ဆုံးရှုံးသွားရသည်ဟု ထင်မှတ်ရသည်။

အစီအရင်၏သက်ရောက်မှုက အဆုံးသတ်မည်မဟုတ်ကြောင်းသိလိုက်ရသည့်အခါ သူတို့ ပို၍ပင် တုန်လှုပ်သွားကြသည်။

အချိန်ကြာလာသည်နှင့်အမျှ အစီအရင်အကျိုးသက်ရောက်မှုက တဖြည်းဖြည်းပြင်းထန်လာပုံရသည်။

ကျန်းစုရန်က လေးလံသောအသံဖြင့်...

“ဒီ အနက်ရောင်မြူခိုးတွေနဲ့ မရဏလေပြင်းတွေတိုက်နေသရွေ့ ငါတို့ကျင့်ကြံခြင်းတွေလည်း ယာယီ ဖိနှိပ်ခံထားရလိမ့်မယ်”

သူက ဆက်ပြောသည်။

“ငါတို့သတိလစ်သွားရင်တော့ ငါတို့ရဲ့ကျင့်ကြံခြင်းအခြေခံအုတ်မြစ်တွေ တကယ်ပဲ ပျက်ဆီးသွားလိမ့်မယ် ၊ ငါတို့ ကျင့်ကြံခဲ့သမျှ အကုန်အလကားဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်တောင် ကျဆင်းသွားနိုင်တယ်”

ချင်ရှုကျီက အေးစက်စွာနှာတစ်ချက်မှုတ်ရင်း...

“ဒီနေရာမှာဆက်နေရင်တော့ ဒီအတိုင်းဖြစ်မှာပဲ ၊ ကျုပ်တို့တွေထွက်သွားရမယ်”

သူက စကားဆိုရင်း သူ၏ရှည်လျားသောအင်္ကျီလက်ကိုဝှေ့ယမ်းကာ သူ့အရှေ့မှ မရဏလေပြင်းနှင့် အနက်ရောင်မြူခိုးများကို လျှင်မြန်စွာလွင့်ပြယ်စေလိုက်သည်။

သို့သော် လေပြင်းများနှင့်မြူခိုးများက ခဏသာလျှင်ပုံပျက်သွားပြီး မြစ်ဝါကိုးကွေ့အစီအရင်ကို ပို၍ပင် ပြင်းထန်စွာ ခံစားရသည်။

ချင်ရှုကျီ၏တန်ခိုးစွမ်းအားဖြင့်ပင် အစီအရင်အတွင်းမှ ရုန်းထွက်နိုင်ရန် ခက်ခက်ခဲခဲ ဖိအားပေးခံနေရဆဲပင်။

ဖန်ဟယ်နှင့် အခြားသူများသည်လည်း တုံ့ဆိုင်းမနေဝံ့ဘဲ အစီအရင်မှလွတ်မြောက်ရန်အတွက် အရှိန်အဟုန်ပြင်းစွာဖြင့် အစွမ်းကုန်ကြိုးစားကြသည်။

လေဟုန်စီးကောင်းကင်ရွက်လှေက လှေထဲသို့ထိုးခွင်းဝင်ရောက်သွားပြီး မြစ်ဝါကိုးကွေ့အစီအရင်ဖြင့် ချုပ်နှောင်ထားသည့် ဒီရေလှိုင်းများကို ချိုးဖျက်ပစ်လိုက်သည်။

သို့သော် ဆူနာမီလှိုင်းလုံကြီးများကဲ့သို့ လှိုင်းလုံးကြီးများကိုရင်ဆိုင်လိုက်ရပြီး ရွက်လှေတိမ်းမှောက်သွားခြင်းမရှိအောင် မနည်းထိန်းချုပ်လိုက်ရသည်။

နေအလင်းရောင်ကိုမမြင်နိုင်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှောင်မိုက်နေပြီး လမ်းကြောင်းများကိုလည်း သိရှိနိုင်ခြင်း မရှိပေ။

ကျန်းစုရန်တို့အုပ်စု စိတ်ပူပန်လာကြသည်။

ရန်ကျောက်ကဲကတော့ မင်းဆက်မြစ်ကိုအသုံးပြုကာ စက်ဝန်းတောင်တန်းဒေသတစ်ခုလုံးကို အစီအရင်ဖြင့် ဝန်းရံထား၏။

အပြင်ဘက်မှကြည့်မည်ဆိုလျှင် စက်ဝန်းတောင်တန်းကြီးတစ်ခုလုံး အဝါရောင်မြစ်ရေများကြား နစ်မြုပ်နေသည်ကို တွေ့ရပေမည်။

အမြင့်မှကြည့်မည်ဆိုလျှင်တော့ ဖန်ဆင်းခြင်းအားလုံးတွင် နက်နဲမှုတရားများဖြင့် ပြည့်နက်နေသည့် မှိုင်းညို့သည့် အဝါရောင်မြစ်ကွေ့ကိုးခုကို တွေ့မြင်ရမည် ဖြစ်သည်။

ကြောက်မက်ဖွယ်ရာမရဏလေပြင်းများနှင့် နက်မှောင်သည့်မြူခိုးများက ရေမျက်နှာပြင်ထက် လွှမ်းခြုံထားပြီး လူတိုင်းကို ကြောက်ရွံ့သွားစေသည့် အငွေ့အသက်များက ပတ်ဝန်းကျင်တစ်ခုလုံး လွင့်ပျံနေသည်။

ဗလာနယ်အလွှာများအောက်တွင် ကြီးမားသော အစီအရင်က ပိုမိုကျယ်ပြန့်လာသည်။ ဖန်ဟယ်နှင့် အခြားသူများ အစွမ်းကုန်ကြိုးစားကြသည့်တိုင် မပြတ်မသားပြောင်းလဲနေသည့် အစီအရင်အတွင်းမှ လွတ်မြောက်နိုင်ခြင်းမရှိ ဖြစ်နေကြသည်။

ချင်ရှုကျီက တည်ငြိမ်စွာဖြင့်...

“ငါတို့က အစီအရင်ပညာမကျွမ်းကျင်ဘူးဆိုတော့ ဒီလိုမျိုး ဦးတည်ရာမဲ့ မျက်စိစုံမှိတ်ထိုးဖောက်ထွက်နေတာ အဓိပ္ပါယ်မရှိဘူးလို့ ခံစားရတယ် ၊ အခု အချိန်လည်းသိပ်မကျန်တော့ဘူး”

အချိန်ကြာလာသည်နှင့်အမျှ ချင်ရှုကျီမှာလည်း အနက်ရောင်မြူခိုးများကြောင့် ခေါင်းများမူးဝေလာကာ သူ၏စိတ်ဝိညာဉ် တည်ငြိမ်စေရန်သာ အာရုံစိုက်နေရတော့သည်။

“ဒီ မြစ်ဝါကိုးကွေ့အစီအရင်က ဒဏ္ဍာရီထဲက နတ်ဘုရားတွေရဲ့လက်ရာပဲ ၊ လူတိုင်းတည်ဆောက်နိုင်တဲ့အရာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ဒီ ‘ရန်’ မျိုးနွယ်က အစီအရင်ပညာအရမ်းကျွမ်းကျင်တယ် ၊ ဒါတောင်မှ ကျင့်ကြံခြင်းအဆင့် ကွာခြားနေတာ တော်သေးတယ်လို့ ပြောရမယ်”

“အခုဆို သူလည်း ဒီလိုကြောက်စရာကောင်းတဲ့အစီအရင်ကိုထိန်းချုပ်ဖို့အတွက် အပြည့်အဝ အာရုံစိုက်နေရမှာ ၊ တခြားတစ်ယောက်ကို တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ချင်ရှုကျီစကားကိုကြားတော့ ဖန်ဟယ်နှင့် အခြားသူများက ဆိုလိုသည့်အဓိပ္ပါယ်ကို ချက်ချင်းနားလည်သွားသည်။

“ဒီလိုမျိုးအစီအရင်ကို အဆက်မပြတ်လှည့်ပတ်နေမယ်ဆိုရင် သူ့လက်ထဲမှာပဲ ထိန်းချုပ်ထားရမှာပဲ”

ဖန်ဟယ်က ကမန်းကတန်းပြောလိုက်သည်။

“အစီအရင်ကို ထိန်းချုပ်ဖို့အတွက် သူ့ကိုယ်သူ ကာကွယ်ဖို့ သတိလက်လွတ်ဖြစ်နေနိုင်တယ်”

မရဏလေပြင်းများနှင့် အနက်ရောင်မြူခိုးများကို ကြံ့ကြံ့ခံရန် ရွက်လှေကုန်းပတ်ပေါ်တွင် ဝူထုန်သစ်ပင်အသွင်ဖြင့် အမြစ်တွယ်နေသော ကျန်းစုရန်က...

“အစီအရင်တွေအားလုံးမှာ ဗဟိုချက်ဆိုတာရှိတယ် ၊ အခုချိန် ရန်ကျောက်ကဲက အစီအရင်ဗဟိုချက်မှာ သေချာပေါက် ရှီနေရမယ် ၊ အဲဒီနေရာက အစီအရင်ရဲ့ အပြင်းထန်ဆုံးနေရာပဲ”

သူက ဆက်ပြောသည်။

“အနိုင်ရချင်ရင်တော့ ကျားခံတွင်းထဲဝင်သင့်ရင် ဝင်ရမှာပဲ”

ဖန်ဟယ်က လေဟုန်စီးကောင်းကင်ရွက်လှေထိန်းချုပ်မှုကို ကျန်းစုရန်ထံ လွှဲပြောင်းပေးလိုက်သည်။

ကျန်းစုရန်က အစီအရင်များစွာကို ခက်ခက်ခဲခဲ ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သူဖြစ်ရာ အားလုံးထဲတွင် အစီအရင်ပညာ အတော်ဆုံးဖြစ်၏။

“သွားစမ်း...”

မြစ်ဝါကိုးကွေ့အစီအရင်၏ အကျိုးဆက်များကို အားလုံးက ပြင်းပြင်းထန်ထန် တွန်းလှန်လိုက်ကြပြီး ဖန်ဟယ်က သူ၏လက်များကို ဓားသွားပမာအသွင်ပြောင်းကာ အပြင်ဘက်သို့ ထိုးဖောက်ချလိုက်သည်။

ပုံမှန်မဟုတ်ဘဲ အပြာရောင်မီးလျှံတောက်လောင်နေသည့် ဇာမဏီငှက်တစ်ကောင်ထွက်ပေါ်လာပြီး ပွင့်ထွက်သွားသည့်လမ်းကြောင်းအတိုင်း အပြင်ဘက်သို့ ပျံသန်းထွက်ခွာသွားသည်။

ချင်ရှုကျီက ပုံရိပ်ယောင်တောင်ထွတ်မှ အမြင့်ဆုံးသိုင်းပညာဖြစ်သော ‘မူလကောင်းကင်အင်္ကျီလက်’ သိုင်းပညာကိုထုန်ဖော်လိုက်ပြီး အလွန်အမင်းပျော့ပြောင်းခြင်းမှ အလွန်အမင်းမာကျောခြင်းသို့ ပြောင်းလဲသွားသည်။

သူ၏အင်္ကျီလက်ကို အပြင်သို့လှန်လိုက်သည့်အခါ  ဗလာနယ်ကိုထိုးခွင်းပစ်လိုက်သော ဓားထက်ထက်တစ်လက်ပမာ ဖြစ်၏။

တာအိုဆရာ’ချန်းလန်’ နှင့် ယွမ်ရှန်းချန်တို့ကတော့ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း လေဟုန်စီးကောင်းကင်ရွက်လှေ ကုန်းပတ်ပေါ်တွင် တင်ပျဉ်ခွေအနေအထားဖြင့် ထိုင်နေကြသည်။

အချိန်ကြာလာသည်နှင့်အမျှ တန်ခိုးစွမ်းအားမြင့်မားလှပသည်ဆိုသော သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူ (၂)ယောက်မှာ ထိုနေရာတွင် ငြိမ်သက်စွာထိုင်နေသည့်တိုင် သူတို့ကိုယ်သူတို့ ထိန်းထားရန် ခဲယဉ်းနေပြီ ဖြစ်သည်။

သူတို့နှစ်ယောက်စိတ်ထဲ စိုးရိမ်ပူပန်မှုများ ပြည့်နက်နေသဖြင့် စိတ်ပျက်အားလျော့ရန်ပင် အချိန်မရှိ ဖြစ်နေရသည်။

ဤ အစီအရင်သာ မကြာမီရပ်တန့်မသွားဘူးဆိုပါက သူတို့သည်လည်း ကြေကွဲဖွယ်ကံကြမ္မာကို ခံစားရပြီး ရွက်လှေထက်မှ ကျင့်ကြံခြင်းအဆင့်နည်းပါးသူများကဲ့သို့ သတိလစ်မေ့မျောသွားကြရပေမည်။

သိုင်းသူတော်စင် နဝမအဆင့်ရှိသော ချင်ရှုကျီ ၊ ဖန်ဟယ်နှင့် ကျန်းစုရန်တို့သည်ပင် အဆက်မပြတ်မြင့်တက်လာသော ဖိအားများကို ခံစားနေကြရသည် မဟုတ်ပါလား။

All Chapters