မင်းတို့ဝင်ခွင့်ရတာ ငါခွင့်ပြုလိုက်လို့ပဲ
Vol. 71 Ch. 991
အခန်း (၉၉၁) မင်းတို့ဝင်ခွင့်ရတာ ငါခွင့်ပြုလိုက်လို့ပဲ
သူတို့၏တန်ခိုးစွမ်းအားများမှာ မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် အဆက်မပြတ်ဓားဖြင့်ခုတ်ပိုင်းခံရသည့်ပမာ လျော့နည်းနေကြပြီဖြစ်သည်။
ကျန်းစုရန်တို့ (၃)ယောက်သည်ပင် ခေါင်းများမူးဝေလာကြပြီး သူတို့၏ကျင့်ကြံခြင်းအဆင့်များ ကျဆင်းသွားသည့်ပမာ ခံစားလိုက်ရသည်။
သူတို့က စိတ်ဆန္ဒတစ်ခုတည်းကြောင့် ဇွဲနပဲနှင့် ရုန်းကန်နေကြရသော်လည်း မကြာမီ ခံနိုင်ရည်အကန့်အသတ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
ထိုအချိန်...
သူတို့ရှေ့မှ မရဏလေပြင်းများနှင့် အနက်ရောင်မြူခိုးများက ရုတ်တရက် ပျော့ပြောင်းသွားသည်။
အားလုံးဝမ်းသာအားရဖြင့် ရှေ့သို့ ထွက်ခွာသွားကြပြီး မြူခိုးများကို တရှိန်ထိုးချိုးဖျက်ပစ်လိုက်သည်။
ထိုအခိုက်အတန့်တွင်...
သူတို့ရှေ့တွင်ပေါ်လာသည့်မြင်ကွင်းမှာ အဖြူရောင်အဝတ်အစားများကို ဝတ်ဆင်ထားပြီး ၊ အနက်ရောင်အနားသပ်များပါရှိသည့် အပြာရောင်ဝတ်ရုံကိုခြုံလွှမ်းထားသော လူငယ်တစ်ယောက် ဖြစ်လေသည်။
ထိုလူငယ်က အဝါရောင်မြစ်ရေထက်တွင်တင်ပျဉ်ခွေထိုင်နေပြီး ၊ အခြားသူမဟုတ် ရန်ကျောက်ကဲသာ ဖြစ်၏။
ရန်ကျောက်ကဲက သူတို့ကိုတွေ့တော့ ထိတ်လန့်တခြားဖြစ်မသွားရုံသာမက သူ့မျက်နှာထက် စိတ်ဝင်စားသည့်အမူအရာများ ထင်ဟပ်နေသည်။
သူ၏ပုံသဏ္ဍာန်သည် မြင်ရေစီးကြောင်းရေလှိုင်းများအတိုင်း နိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး သဘာဝကျစွာ သက်သောင့်သက်သာပင် ရှိနေသည်။
ရန်ကျောက်ကဲ၏မျက်ဝန်းများက ချင်ရှုကျီကို စူးစိုက်ကြည့်နေပြီး တစ်ဖက်လူ၏ အင်္ကျီလက်ကို အကဲခတ်နေသည်။
ထို့နောက် သူကပြုံးလိုက်ရင်း...
“မင်းက ချန်းဧကရာဇ်ရဲ့တပည့် တာအိုဆရာ ချင်ရှုကျီ မဟုတ်လား ၊ ဒီတော့ ချင်းယွမ်ဧကရာဇ်ရဲ့ သိုင်းပညာအမွေကို ဆက်ခံထားမယ်လို့ မျှော်လင့်ပါတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက မတ်တတ်ရပ်လိုက်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးကာ သူ့ထံဝင်ရောက်လာသည့် လေဟုန်စီးကောင်းကင်ရွက်လှေကြီးကို ရင်ဆိုင်လိုက်သည်။
“ဒီ’ရန်’ ကလည်း ချင်းယွမ်ဧကရာဇ်ရဲ့သိုင်းပညာအမွေအနှစ်ကို သိချင်နေတာပါ ၊ ကျေးဇူးပြုပြီး သင်ပြပေးပါ တာအိုဆရာ”
ထိုစကားကိုကြားတော့ ကျန်းစုရန် ၊ ဖန်ဟယ်နှင့် ချင်ရှုကျီတို့အားလုံး မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
ရန်ကျောက်ကဲ၏ စကားအဓိပ္ပါယ်အရဆိုလျှင် သူတို့အရည်အချင်းကြောင့် ဤနေရာသို့ ရောက်ရှိလာခြင်းမဟုတ်ဘဲ ရန်ကျောက်ကဲက ချင်းယွမ်ဧကရာဇ်၏ သိုင်းပညာအမွေအနှစ်ကို သိမြင်ချင်သောကြောင့် ဝင်ခွင့်ပေးလိုက်ခြင်းသာ ဖြစ်၏။
“မင်းတို့ဝင်ခွင့်ရတာ ငါခွင့်ပြုလိုက်လို့ပဲ”
ဆိုသည့်သဘောပင် ဖြစ်သည်။
“ဒီကောင်စုတ်လေးက အရမ်းမောက်မာပြီး သူတစ်ပါးအပေါ်လည်း အတော်အနိုင်ကျင့်တတ်တာပဲ”
ဖန်ဟယ်က ဒေါသတကြီးဖြင့် သူ၏လက်ကိုမြှောက်လိုက်ပြီး ရန်ကျောက်ကဲအား အရင်ဆုံး ခုတ်ပိုင်းချလိုက်သည်။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် ပြုံးလိုက်ရင်း...
“မင်းက အပေါ်ယံ ဒေါသကြီးပုံပေါက်ပေမယ့် အတွင်းစိတ်ကတော့ ကောက်ကျစ်တယ်”
အမတကူပြောင်းခြင်း နှောင်းပိုင်းအဆင့်ဖြစ်သော ဖန်ဟယ် ၊ ကျန်းစုရန်နှင့် ချင်ရှုကျီတို့ (၃)ဦးလုံးရောက်ရှိလာသော်လည်း မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် အင်အားလျော့နည်းသွားသည်ဖြစ်ရာ သူတို့၏ကျင့်ကြံခြင်းက အထွတ်ထိပ်အဆင့် မရှိတော့ပေ။
ထို့ကြောင့် ချင်ရှုကျီနှင့် ရန်ကျောက်ကဲ တစ်ယောက်ချင်းတိုက်ခိုက်လျှင်ပင် ချင်ရှုကျီအနိုင်ရမည်ဟု ဖန်ဟယ် ယုံကြည်မှု မရှိတော့ပေ။
ယွမ်ရှန်းချန်နှင့် အခြားသူများအားလုံးသည်လည်း ထိုနေရာတွင် စောင့်ကြည့်နေကြသည်။
သူတို့သာ မြန်မြန်ဆန်ဆန် မဖြေရှင်းနိုင်ပါက သူတို့၏တန်ခိုးစွမ်းအားများ ပြန်လည်ထူထောင်ရန် ခက်ခဲသွားပေလိမ့်မည်။
လက်ရှိတွင် ဖန်ဟယ်မှာ ချင်ရှုကျီ သဘောကျခြင်းရှိ မရှိ အရေးမစိုက်ဘဲ ရန်ကျောက်ကဲကို ဝိုင်းဝန်းတိုက်ခိုက်ရန်သာ စိတ်ကူးထားသည်။
ကျန်းစုရန်ကိုလည်း သူနှင့်အတူပူးပေါင်းတိုက်ခိုက်ရန် ညှိနှိုင်းထားခဲသည်။
“တိုက်...”
ဖန်ဟယ် အော်ဟစ်လိုက်၏။
ထို့နောက် တစ်ချက်မတုံ့ဆိုင်းဘဲ အစွမ်းရှိသမျှအသုံးပြုကာ စတင်တိုက်ခိုက်လိုက်သည်။
သူ့လက်ထဲတွင် ဓားရှည်တစ်လက်ပေါ်လာပြီး ထိုဓားက အပြာရောင်အလင်းတန်းများတောက်ပနေသည်။
အပြာရောင်ဓားအလင်းတန်းက အပြာရောင်ဇာမဏီငှက်အဖြစ်ပြောင်းလဲသွားပြီး အတောင်ပံများဖြန့်ကာ ရန်ကျောက်ကဲထံ ပျံသန်းသွားသည်။
အပြာရောင်မီးလျှံဇာမဏီငှက် ချဉ်းကပ်လာသည်နှင့် အနီရောင်နှင့်အပြာရောင်မီးတောက်များ ထွက်ပေါ်လာကာ ကမ္ဘာလောကတစ်ခုလုံးအား ပိုင်းခြားပစ်လိုက်သည်။
ဖန်ဟယ်က ‘မီးတောက်ဘုရင်’ ဟု နာမည်ကျော်ကြားသည်မှာ ဤ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ဓားကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။
ဤ ‘မီးတောက်ဓား’ တွင် အမှောင်မီးတောက်ကျောက်တုံးကို အဓိကပါဝင်ပစ္စည်းအဖြစ်အသုံးပြုထားပြီး များစွာသော ဝိညာဉ်မီးတောက်များနှင့် ရတနာပစ္စည်းများစွာကို ထည့်သွင်းပြုလုပ်ထားသည်။
ဤဓားသွားတွင်ထွက်ပေါ်နေသော အပြာရောင်မီးတောက်သည် အခြားသောဝိညာဉ်မီးတောက်များထက် သာလွန်တန်ခိုးကြီးသော စွမ်းအားကိုပိုင်ဆိုင်ထားသည့် ‘အမှောင်မီးတောက်’ ဖြစ်သည်။
ဖန်ဟယ်သည် ကမ္ဘာတစ်ဝှမ်းမှ ဓားသိုင်းပညာများစွာကိုစုစည်းကာ ‘မီးတောက်ဓားသိုင်း’ ကို တီထွင်ခဲ့သည်။ သူ ရှာဖွေတွေ့ရှိခဲ့သော ဓားသိုင်းပညာရပ်များကို ဝူထုန်တောင်စောင်းမှ သူသင်ယူခဲ့သည့်ပညာရပ်များနှင့်ပေါင်းစပ်ကာ ဤဓားသိုင်းကို ဖန်တီးခဲ့ခြင်း ဖြစ်၏။
ဤသိုင်းပညာက ကျန်းစုရန် တီထွင်ထားသော ‘ဝူထုန်နတ်လက်ဝါးသိုင်း’ နှင့်မတူညီပေ။
ဝူထုန်နတ်လက်ဝါးသိုင်းက ခံစစ်ကိုသာအဓိကအာရုံစိုက်ထားပြီး ‘မီးတောက်ဓားသိုင်း’ ကတော့ ခံစစ် တိုက်စစ်နှစ်မျိုးလုံးအတွက် အားသာချက် ရှိလေရာ ပိုမိုထူးခြားသည်ဟု ဆိုနိုင်သည်။
ဖန်ဟယ်၏ ‘မီးတောက်ဓားသိုင်း’ က တိုက်စစ်ကိုပိုမိုအလေးပေးသည်ဖြစ်ရာ ခံစစ်အားကောင်းသော ဝူထုန်တောင်စောင်းမှ သိုင်းပညာရပ်များအလယ်တွင် ထူခြားပြီး အသစ်သောအရာကို ပေးစွမ်းသည်။
ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူများကြားတွင် ဖန်ဟယ်က ငယ်စဉ်ကပင် သာလွန်သူတစ်ယောက်ဖြစ်၏။
သမာဓိမီးတောက် (၄)မျိုးနှင့် အစစ်အမှန်ဇာမဏီကျမ်းစာကို ကျင့်ကြံသော်လည်း သူက ‘မီးတောက်ဓားသိုင်း’ အပေါ် ပိုမိုအာရုံစိုက်ခဲ့သည်။
ယခုအချိန်မှာတော့ သူက သတိတစ်ချက်မလွတ်ဘဲ အစွမ်းကုန်တိုက်ခိုက်နေခဲ့သည်။
“မင်း တစ်ခုခုမေ့နေတယ်ထင်တယ် ၊ ငါ သတိပေးလိုက်မယ်”
ရန်ကျောက်ကဲက ပြုံးရင်း ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
“ငါ့ရဲ့အစီအရင်ထဲမှာ မင်းတို့တွေကသိုင်းသူတော်စင် နဝမအဆင့် မဟုတ်တော့ဘူးဆိုတာပဲ”
စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲလက်ထဲတွင် အစိမ်းရင့်ရောင်ဝါးကိုင်းတစ်ခုပေါ်လာပြီး ဖန်ဟယ်၏ မီးတောက်ဓားကို ရိုက်ချလိုက်သည်။
ဓားနေရာတွင် ဝါးကိုင်းကိုအစားထိုးလိုက်ပြီး စိမ်းပြာနဂါးသုတ်သင်ဓားဝိညာဉ်က စိမ်းပြာနဂါးကို သတ်ဖြတ်ကာ ဇာမဏီငှက်များကို သုတ်သင်ပစ်လိုက်သည်။
ထိုအချိန် ဘေးဘက်မှနေပြီး ဒီရေပမာလက်ဖဝါးတစ်စံုက ဖန်ဟယ်ကိုကူညီပြီး ရန်ကျောက်ကဲကို ပိတ်ဆို့ပေးရန် ရောက်ရှိလာသည်။
ထိုသူက ဝူထုန်တောင်စောင်းမှ အခြားသော နဝမအဆင့် သိုင်းသူတော်စင် ကျန်းစုရန်မှလွဲပြီး အခြားသူမဟုတ်ပေ။
သူနှင့်ဖန်ဟယ်က ခံစစ် တိုက်စစ် ညှိနှိုင်းပြီး တိုက်ခိုက်မှုတွင် များစွာထပ်တူကျသည်။
ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့် သူ၏ဓားကိုပြန်ရုတ်သိမ်းလိုက်ကာ ကျန်းစုရန်ကို လက်ဝါးဖြင့်ရိုက်ချလိုက်ပြီး ဓားချက်ကတော့ ဖန်ဟယ်ထံသို့ဦးတည်ဝင်ရောက်သွားသည်။
ဖန်ဟယ်မှာ ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်း၏ ထူးဆန်းမှုကို သိရှိထားသဖြင့် ထိုဝါးကိုင်းကိုတွေ့သည်နှင့် တိုက်ကွက်ပြောင်းလဲလိုက်သည်။
“အားနာမနေပါနဲ့ တာအိုဆရာ.. ၊ ငါ့ရဲ့အစီအရင်နဲ့ပေါင်းစပ်ထားတဲ့အတွက် ဒီတိုက်ပွဲက တရားမျှတတဲ့တိုက်ပွဲတော့ မဟုတ်ဘူးပေါ့”
ရန်ကျောက်ကဲက ဖန်ဟယ် ၊ ကျန်းစုရန်တို့နှင့်တိုက်ခိုက်နေချိန် ချင်ရှုကျီကိုလည်း အလွတ်မပေးခဲ့ပေ။
ဖန်ဟယ်တို့အုပ်စုမှာ ရန်ကျောက်ကဲကို တုန်လှုပ်စွာဖြင့် ကြည့်လိုက်ကြသည်။
မြစ်ဝါကိုးခုအစီအရင်ကိုထိန်းချုပ်ရန်မှာ ရန်ကျောက်ကဲအတွက် လွယ်ကူမည်မဟုတ်ဟု သူတို့အားလုံးတွေးထင်ခဲ့ကြသည်။
သို့သော် ရန်ကျောက်ကဲက သူတို့မှန်းဆသကဲ့သို့ ဖြစ်မလာခဲ့ပေ။
ရန်ကျောက်ကဲက ဖန်ဟယ်တို့အုပ်စုဖြင့် တိုက်ခိုက်နေသည့်တစ်ခဏတွင် မြစ်ဝါကိုးကွေ့အစီအရင်ကလည်း ဆက်လက်လည်ပတ်နေဆဲ ဖြစ်၏။
မရဏလေပြင်းများနှင့် အနက်ရောင်မြူခိုးများက အရင်ကကဲ့သို့ မပြင်းထန်သော်လည်း သူတို့၏အရိုးများကို ကြေမွမတတ်ခံစားရကာ ဝိညာဉ်များကို နာကျင်စေပြီး စိတ်ကိုရှုတ်ထွေးစေလျှက် စိတ်အာရုံများကိုပိတ်ဆို့ထားပြီး စိတ်ဝိညာဉ်များကို နှေးကွေးသွားစေသည်။
ရန်ကျောက်ကဲကတော့ သူ၏လက်များကို လွတ်လပ်ပေါ့ပါးစွာပင် လှုပ်ရှားတိုက်ခိုက်နေသည်။
ဖန်ဟယ်နှင့် ကျန်းစုရန်တို့နှစ်ယောက်မှာ မြစ်ဝါကိုးကွေ့အစီအရင်၏ဖိနှိပ်မှုကိုခံရပြီး သူတို့၏ကျင့်ကြံခြင်းအဆင့်များ လျော့ကျသွားခဲ့သည်ဖြစ်ရာ နှစ်ယောက်ပေါင်းတိုက်ခိုက်သည့်တိုင် ရန်ကျောက်ကဲကို မယှဉ်နိုင်ဖြစ်နေဆဲပင်။
ဒါကိုမြင်တော့ ချင်ရှုကျီ မျက်ခုံးများတွန့်ချိုးလိုက်သည်။
သူက လေဟုန်စီးကောင်းကင်ရွက်လှေထက်တွင် တိတ်ဆိတ်စွာ တင်ပျဉ်ခွေထိုင်နေသော ဂိုဏ်းတူညီ တာအိုဆရာချန်းလန်ကိုတစ်ချက်ကြည့်လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။
ထို့နောက် လေထဲသို့ ခုန်ဝင်သွားတော့၏။
သူ၏အင်္ကျီလက်ကိုဆန့်ထုတ်လိုက်သည်နှင့် ထိုအင်္ကျီလက်က ဖန်ဟယ်၏ ‘မီးတောက်ဓားသိုင်း’ ထက်ပင် ပိုမိုအားကောင်းလာသည်။
“လာလေ...”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင်ဆိုရင်း ဖန်ဟယ်၏ မီးတောက်ဓားကို အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်ချလိုက်ရာ ဓားအလင်းတန်းက ချက်ချင်းပင်မှိန်ဖျော့သွားသည်။
ထို့နောက် ယင်ယန်လက်ချောင်းသိုင်းကိုအသုံးပြုကာ ဖန်ဟယ်၏ဓားချက်ကို ကျန်းစုရန်ဆီသို့ဝင်ရောက်သွားစေပြီး ကျန်းစုရန်၏ ဝူထုန်နတ်လက်ဝါးသိုင်းကို ဖန်ဟယ်ထံသို့ ဝင်ရောက်သွားစေလိုက်သည်။
ဂိုဏ်းတူညီအစ်ကိုနှစ်ယောက် အချင်းချင်းတိုက်ခိုက်စေလိုက်ပြီးနောက် ရန်ကျောက်ကဲက တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ ချင်ရှုကျီထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
သူ၏လက်ဝါးရိုက်ချက်တွင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် ထိုက်ကျိယင်ယန်လက်ဝါးသိုင်းတို့ ပေါင်းစပ်ပါဝင်သည်။
ချင်ရှုကျီ၏ မူလကောင်းကင်အင်္ကျီလက်သိုင်းပညာက မာကျောသည်ဖြစ်စေ ပျော့ပြောင်းသည်ဖြစ်စေ ရန်ကျောက်ကဲက ထိပ်တိုက်ရင်ဆိုင်လိုက်၏။
ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်နှင့် ထိပ်တိုက်ရင်ဆိုင်မိသော ချင်ရှုကျီ၏အင်္ကျီလက်က ဓားတစ်လက်ပမာ ဖြစ်သည်။
ရန်ကျောက်ကဲက ချင်ရှုကျီ၏ အင်္ကျီလက်ကို လက်ဗလာဖြင့်ဆုပ်ကိုင်လိုက်စဉ် ‘ဒြပ်စင်ငါးပါးနတ်ဘုရားခန္ဓာ’ က သူ၏ခန္ဓာကိုယ်တစ်ခုလုံး လှည့်ပတ်သွားသည်။
“ယား...”
ချင်ရှုကျီမျက်ဝန်းများတောက်ပသွားပြီး သူ၏တိုက်ကွက်ကလည်း ပြောင်းလဲသွားသည်။
သူ၏အင်္ကျီလက်အတွင်းမှ အချိန်နှင့်နေရာက ရုတ်တရက် ဝေဝါးသွားပြီး အတွင်းထဲမှ အရောင်မျိုးစုံနှင့် မရေမတွက်နိုင်သောမြင်ကွင်းများ ထွက်ပေါ်လာသည်။
ထိုခဏတွင် ချင်ရှုကျီ၏ အင်္ကျီလက်က ဗလာနယ်ဖြတ်လမ်းကြောင်းတစ်ခု ပွင့်လာပြီး အခြားသော ပြင်ပဗလာနယ် အာကာသထဲသို့ ပရမ်းပတာလမ်းကြောင်းတစ်ခုအဖြစ် စီးဆင်းသွားသည့်အလား ထင်မှတ်ရသည်။
အချိန်နှင့်နေရာ ပုံပျက်စွာလှည့်ပတ်နေခြင်းက ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စုပ်ယူမျိုချတော့မည့်အလား ကြီးမားသော စုပ်ယူစွမ်းအားကြီးတစ်ခု ဖန်တီးပေးသည်။
‘မိုးမြေစုပ်ယူအင်္ကျီလက်’ သိုင်းပညာ။
ဤသိုင်းပညာက အတိတ်တစ်ချိန်က ကျန့်ယွမ်ကျီနတ်မင်းကြီးထံမှ တိုက်ရိုက်ဆင်းသက်လာသော လျှို့ဝှက်သိုင်းပညာ ဖြစ်သည်။
မိုးမြေတစ်ခွင် အထက်ဘုံကမ္ဘာတစ်ခုလုံး အင်္ကျီလက်ထဲတွင် ရှိနေသည့်ပမာ ထင်မှတ်ရသည်။
ဤထူးခြားသောသိုင်းပညာက မိမိထက် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူများကို မဆိုထားနှင့် ပြိုင်ဘက်များကိုပင် စုပ်ယူဝါးမျိုပစ်နိုင်စွမ်းရှိသည်။
ချင်ရှုကျီ ဤတိုက်ကွက်ထုတ်ဖော်လိုက်သည့်အခါ ဖန်ဟယ်နှင့် ကျန်းစုရန်တို့သည်ပင် မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။
အမှန်တော့ ‘မူလကောင်းကင်အင်္ကျီလက်’ သိုင်းပညာက ဤ ‘မိုးမြေစုပ်ယူအင်္ကျီလက်’ သိုင်းပညာ၏ အားနည်းသောပုံသဏ္ဌန်တစ်ခုမျှသာ ဖြစ်သည် မဟုတ်ပါလား။
ပြီးတော့ ဤထိပ်တန်းသိုင်းပညာက ကျင့်ကြံရန်ခက်ခဲလှသည်။
ကောလဟလများအရဆိုလျှင် လူသားအထွတ်ထိပ်အဆင့်ရောက်ရှိထားသည့် ချင်းယွမ်ဧကရာဇ်တစ်ယောက်သာလျှင် ထိုပညာကို ကျင့်ကြံအောင်မြင်ထားသည်ဟု ပြောကြသည်။
ချင်ရှုကျီ၏ အပေါင်းပါများဖြစ်ကြသော ဖန်ဟယ်နှင့် ကျန်းစုရန်တို့သည်ပင် ချင်ရှုကျီအနေဖြင့် ဤသိုင်းပညာတတ်မြောက်ထားမည်ဟု တွေးထင်ထားခြင်း မရှိခဲ့ကြပေ။