ပိုပြီးစွမ်းအားကြီးမား ၊ ပိုပြီးလွှမ်းမိုးနိုင်စွမ်းမြင့်မား
Vol. 71 Ch. 992
အခန်း (၉၉၂) ပိုပြီးစွမ်းအားကြီးမား ၊ ပိုပြီးလွှမ်းမိုးနိုင်စွမ်းမြင့်မား
အထက်ဘုံကမ္ဘာတွင် ချင်ရှုကျီသည် ‘လူသားအထွတ်ထိပ်အဆင့်’ သို့ရောက်ရှိရန် အကြီးမားဆုံးမျှော်လင့်ချက်ရှိသော သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူများထဲမှတစ်ယောက်အဖြစ် လူသိရှင်ကြား အသိအမှတ်ပြုခံထားရသည် ဖြစ်သည်။
သူက ကာလအတန်ကြာအောင်မြင်ခဲ့ပြီး အလွန်တရာလည်း ကျော်ကြားခဲ့သူဖြစ်ကာ အခြားသူများထက်တန်ခိုးစွမ်းအားသာလွန်သူတစ်ဘောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့်ထောက်ခံမှု ရရှိခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ဖန်ဟယ်နှင့် ကျန်းစုရန် (၂)ယောက်ပေါင်းပြီး ချင်ရှုကျီကို တိုက်ခိုက်မည်ဆိုပါက အနိုင်ရရန်အခွင့်အရေးများပြားကြောင်း ဝန်ခံရမည်ကတော့ အမှန်ပင်။
သို့သော် တိုက်ပွဲရလဒ်ထွက်ပေါ်မလာခင် ကြီးမားပြင်းထန်သောတိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။
ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ တပည့်ရင်းများဖြစ်ကြသော ကျန်းစုရန်နှင့် ဖန်ဟယ်တို့ (၂)ယောက်စလုံး ဤကိစ္စနှင့်ပတ်သက်ပြီး ယုံကြည်မှုရှိကြသော်လည်း ချင်ရှုကျီအနေဖြင့် အိမ်တော်(၅)ပါးဒေသမှ ကျန့်ယွမ်ကျီနတ်မင်း၏ ပြိုင်ဘက်ကင်းသိုင်းပညာဖြစ်သော ‘မိုးမြေစုပ်ယူအင်္ကျီလက်’ သိုင်းပညာကို အောင်မြင်စွာ ကျင့်ကြံထားနိုင်မည်ဟု တွေးထင်ထားခဲ့ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် သူတို့သာတိုက်ခိုက်မည်ဆိုလျှင် ချင်ရှုကျီက ‘မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းပညာ’ ဖြင့် သူတို့ကို အလစ်တိုက်ခိုက်နိုင်စွမ်း ရှိနေမည်မှာအမှန်ပင်။
သို့ရာတွင် မိုးမြေစုပ်ယူအင်္ကျီလက်အတွင်းသို့ ကျန်းစုရန်နှင့် ဖန်ဟယ်ကို စုပ်ယူဖမ်းဆီးမိမည်ဆိုပါက ချင်ရှုကျီအနေဖြင့် သူတို့ကို လုပ်ချင်ရာလုပ်နိုင်ပြီဟု ဆိုလိုခြင်း မရှိပေ။
ဤသည်က ယာယီအကျဉ်းချခြင်းမျှသာဖြစ်ပြီး အရှင်လတ်လတ်ဖမ်းဆီးရမိခြင်းကဲ့သို့ မဟုတ်ပေ။ သို့ပေသိ ခက်ခဲနေချိန်တွင်တော့ ဤအင်္ကျီလက်အတွင်းမှ လွတ်မြောက်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထိုးဖောက်ထွက်နိုင်မည်ဆိုလျှင်တောင်မှ သူတို့အနေဖြင့် အသည်းအသန် ထိုးဖောက်တိုက်ခိုက်ရပေမည်။
အထက်ဘုံကမ္ဘာတွင် ကျန်းစုရန်နှင့် ဖန်ဟယ်၏ ကျော်ကြားမှုမှာ ချင်ရှုကျီကိုမမီသည့်တိုင် ယခု ချင်ရှုကျီက တန်ခိုးစွမ်းအားမြင့်မားသော ဝှက်ဖဲတစ်ချပ်ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
ချင်ရှုကျီက မရေမတွက်နိုင်သော ပါရမီရှင်များကြားတွင် အထွတ်ထိပ်စိုးစံခဲ့သော ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သည်။ သို့တိုင် သူ့တွင် အခြားသူများမသိသော သိုင်းပညာများကို တတ်မြောက်နေသေး၏။
ယနေ့ ရန်ကျောက်ကဲ၏ မြစ်ဝါကိုးကွေ့အစီအရင်ကြောင့်သာမဟုတ်ပါက ချင်းယွမ်ဧကရာဇ်၏ ပထမုံးတပည့်၏ အစစ်အမှန်တန်ခိုးစွမ်းအားကို မည်သူမှ ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။
ချင်ရှုကျီ၏တိုက်ကွက်ကိုတွေ့မြင်လိုက်သည်နှင့် ရန်ကျောက်ကဲမျက်ဝန်းများ ချက်ချင်းတောက်ပသွားသည်။
ဤသည်က တာအိုသမိုင်းတစ်လျှောက် ကျော်ကြားခဲ့သော အထွတ်ထိပ်သိုင်းပညာတစ်ရပ်ဖြစ်ပြီး နတ်ဘုရားတစ်ပါး၏ စစ်မှန်သောနည်းလမ်းဖြစ်သည် မဟုတ်ပါလား။
ချင်ရှုကျီက ထိုသိုင်းပညာနှင့်ပတ်သက်ပြီး အနည်းငယ်သာ သိရှိထားခြင်းဖြစ်သလို နက်နက်နဲနဲသိရှိခြင်း မရှိပေ။ သို့တိုင် တူညီသော ကျင့်ကြံခြင်းအဆင့်ရှိသူများအလယ်တယင် ခေါင်းတစ်လုံးသာရန် လုံလောက်နေပြီ ဖြစ်၏။
“ကောင်းပြီ...”
ရန်ကျောက်ကဲက ရွှင်လန်းစွာဖြင့် အော်လိုက်သည်။
သူ၏လက်ဝါးရိုက်ချက်က ချင်ရှုကျီ၏ အင်္ကျီလက်အတွင်း စုပ်ယူခံလိုက်ရသည့်အခါ ပရမ်းပတာ ဗလာနယ်အတွက် ဆွဲယူခံလိုက်ရသည့်ပမာ ဖြစ်သည်။
ရန်ကျောက်ကဲ အံ့အားသင့်သွားသဖြင့် တိုက်ပွဲအသာစီးရမှုကို အချိန်အတော်ကြာအောင် ဆုံးရှုံးသွားခဲ့ရသည်။
သူ ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီးနောက် ပရမ်းပတာ ချီစွမ်းအားများက သူ့မျက်ဝန်းထဲတွင် ယောင်ဝါးဝါးထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးကြောဆုံချက်များ တဟုန်ထိုးလှုပ်ရှားလာပြီး ပရမ်းပတာ ချီစွမ်းအားများ မသိမသာ ထွက်ပေါ်လာသည်။
ထိုခဏတွင် ရန်ကျောက်ကဲ၏ သွေးကြောဆုံချက်များအားလုံးသည် ပရမ်းပတာ အရှုတ်အထွေးများဖြင့် လွှမ်းခြုံနေပြီး ကြယ်စင်များနှင့်ဆင်တူခြင်း မရှိတော့ပေ။
စကြာဝဠာကြီးတွင် ကြယ်စင်များ မပေါ်ထွန်းသေးခင်အချိန် မိုးမြေမရှိ ၊ အပေါ်အောက် ဘယ်ညာ မရှိသောအနေအထားမျိုး ဖြစ်သည်။
အလင်းစင်္ကြာ (၁၂)ခုက ရန်ကျောက်ကဲလက်ဖဝါးပြင်ထက်တွင် အဆက်မပြတ်လှည့်ပတ်နေပြီး နစ်မြုပ်သွားလိုက် ပြန်တက်လာလိုက်ဖြင့် အဆက်မပြတ် လှည့်ပတ်နေသည်။
ဤအလင်းစင်္ကြာများ လှုပ်ရှားနေသည်နှင့်အမျှ တောက်ပမှု မှေးမှိန်မှုများသည်လည်း တဖြည်းဖြည်း ပေါင်းစပ်သွားသည်။ အလင်းရောင်က တောက်ပခြင်းမရှိသလို မှေးမှိန်ညို့မှိုင်းနေခြင်းလည်း မရှိတော့ပေ။
မိုးနှင့်မြေကြားတွင် အရာအားလုံးက ဝေဝါးနေသည်။
အလင်းနှင့်အမှောင်ကြားမှ ပရမ်းပတာတန်ခိုးစွမ်းအားများပါရှိသော လက်ဖဝါးစွမ်းအားတွင် ‘ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ’ ၏ စွမ်းအားများ လျှို့ဝှက်စွာ ပါဝင်နေသည်။
ချင်ရှုကျီ၏ အင်္ကျီလက်က တည်ငြိမ်သွားသည့်အချိန် ရန်ကျောက်ကဲက သူ၏န္ဓာကိုယ်ကို ပိတ်ဆို့လိုက်ပြီး အချိန်နှင့် ဗလာနယ်စီးကြောင်း ထွက်ပေါ်လာခြင်းကို ပိတ်ဆို့ထားလိုက်သည်။
ချင်ရှုကျီ သူ၏လှုပ်ရှားမှုကိ ရပ်တန့်လိုက်ပြီး မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းပညာကို အသုံးပြုခြင်းမှ ရပ်တန့်သွားသည်။
ရန်ကျောက်ကဲ၏ခန္ဓာကိုယ်တွင်းမှ ပရမ်းပတာချီစွမ်းအားအစုအဝေးကိုရင်ဆိုင်ရပြီးနောက် ထိုသိုင်းပညာကို အသုံးမပြုနိုင်တော့ဘဲ ရပ်တန့်သွားခြင်းသာ ဖြစ်သည်။
ရန်ကျောက်ကဲ၏လက်ဖဝါးထက်တွင် ရေနှင့်တူသည့်ရောင်ခြည်တစ်ခုဖြာထွက်လာပြီး ရှေးခေတ်အချိန် ကမ္ဘာလောက မဖြစ်ပေါ်မီ မြင်ကွင်းများ ထွက်ပေါ်လာသည်။
ထို့နောက်မှာတော့ ရန်ကျောက်ကဲက ချင်ရှုကျီ၏အင်္ကျီလက်အတွင်း စုပ်ယူခံရသည့်သူ့လက်ကိုပြန်လည်ထုတ်ယူရန် ဤအခွင့်အရေးကိုအသုံးချပြီး အလင်းရောင်ခြည်များနှင့်အတူ နောက်ပြန်ဆုတ်သွားသည်။
ကျန်းစုရန် ၊ ဖန်ဟယ်နှင့် ချင်ရှုကျီတို့မျက်လုံးများရှေ့တွင် အချိန်က ပြောင်းပြန်စီးဆင်းနေသလို ခံစားရသည်။
“ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ် ၊ ထာဝရအလင်းကောင်းကင်ကျမ်းစာ...”
(၃)ယောက်သား တပြိုင်နက်တည်း အံ့အားသင့်သွားသည်။
“တကယ်တော့ ဒီနည်းလမ်းနဲ့ မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းကို ရှောင်တိမ်းနိုင်ပါ့မလား”
ကျန်းစုရန်နှင့် ဖန်ဟယ်တို့က ချင်ရှုကျီအား ရန်ကျောက်ကဲနှင့် တစ်ယောက်တည်းရင်မဆိုင်စေဘဲ ရှေ့သို့ ခုန်ဝင်လိုက်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် သူတို့ (၃)ယောက်၏ အခြေအနေက ပိုမိုယိုယွင်းလာသည်။ သူတို့သာ ဤတိုက်ပွဲကို အမြန်ဆုံး အဆုံးမသတ်နိုင်ပါက တိုက်ခိုက်ရန်ပင်မလိုအပ်ဘဲ အသက်ပျောက်သွားနိုင်ပေသည်။
ထိုအချိန် ရန်ကျောက်ကဲက ဖြည်းဖြည်းချင်းအသက်ရှူထုတ်လိုက်ပြီး သူ၏လက်ဖဝါးကိုလှန်လိုက်သည်။ သူ၏လက်ဖဝါးထက်တွင် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ် ပြန်လည်ထွက်ပေါ်လာသည်။
သူ၏လက်ဖဝါးတန်ခိုးစွမ်းအား သက်ရောက်မှုက ပြောင်းပြန်ဖြစ်သွားပြီး ချင်ရှုကျီမှာ နောက်သို့လွင့်စင်ထွက်သွားရသည်။
တစ်ချိန်တည်းပင် သူ၏ဦးခေါင်းထက်တွင် ထူးကဲယန်စည်းတံဆိပ်ထွက်ပေါ်လာပြီး ကျန်းစုရန်နှင့် ဖန်ဟယ်တို့အား ပြင်းပြင်းထန်ထန် ဆောင့်ချလိုက်၏။
ကျန်းစုရန်က ခွန်အားအပြည့်ဖြင့်တွန်းလှန်ရန် သူ၏လက်ဖဝါးများကို အထက်သို့မြှောက်လိုက်သော်လည်း ထူးကဲယန်စည်းတံဆိပ်က အောက်ဘက်သို့ ထိုးဆင်းလာပြီး သူ့အားမြစ်ရေထဲသို့ ထိုးကျသွားစေသည်။
ထို့နောက် ရန်ကျောက်ကဲလက်ထဲတွင် အစိမ်းရင့်ရောင်ဝါးကိုင်းပေါ်လာပြီး ဖန်ဟယ်၏ မီးတောက်ဓားကို ရိုက်နှက်ပစ်လိုက်သည်။
ဖန်ဟယ်က လက်ဝါးရိုက်ချက်ထုတ်ဖော်ပြီး မနည်းတောင့်ခံနေရစဉ် ရန်ကျောက်ကဲက သူ့ကိုကန်ထုတ်လိုက်ရာ ဝူထုန်တောင်စောင်းမှ ဝါရင့်အကြီးအကဲမှာ ချက်ချင်းပင် လွင့်ထွက်သွားရသည်။
ထိုအချိန် ချင်ရှုကျီ၏တိုက်ခိုက်မှုက သူ့အရှေ့သို့ ရောက်ရှိလာသည်။
သို့ပေသိ ရန်ကျောက်ကဲက သူ့အတွက်လည်း ပြင်ဆင်ထားခဲ့သည်ဖြစ်ရာ ခန္ဓာကိုယ်တစ်ပတ်လှည့်လိုက်သည်နှင့် လျှင်မြန်သောအရှိန်အဟုန်ဖြင့် ချင်ရှုကျီရှေ့သို့ ရောက်ရှိသွားသည်။
သူက လက်မောင်းကိုကွေးလိုက်ပြီး ချင်ရှုကျီ၏ရင်ဘတ်ကိုတံတောင်ဖြင့်ထိုးချလိုက်သည်။
ချင်ရှုကျီ မည်သို့မှမတတ်နိုင်စွာ နောက်ဆုတ်သွားရသည်။
သို့သော် ချင်ရှုကျီက ချင်းယွမ်ဧကရာဇ်၏ အကြီးဆုံးတပည့်ဖြစ်လေရာ ပေါ့သေးသေးတော့မဟုတ်ပေ။
ရုတ်တရက် သူ၏မျက်ဝန်းများက တောက်ပလာပြီး မြေဝါရောင်အလင်းန်းနှစ်ခုထွက်ပေါ်လာကာ ရန်ကျောက်ကဲနှင့် တစ်လက်မမျှအဝေးဆီသို့ ရောက်ရှိလာသည်။
ပုံရိပ်ယောင်တောင်ထွတ်၏ အမွေအနှစ်သိုင်းပညာ ‘မူလမြေကမ္ဘာဓားသိုင်း’။
ချင်ယွမ်ဧကရာဇ်သည် အချိန်နှင့်ဗလာနယ်အကြောင်းအရာများစွာကို ကျွမ်းကျင်တတ်မြောက်သူဖြစ်ပြီး သူ၏တပည့်များသည်လည်း အထက်ဘုံကမ္ဘာတွင် လှုပ်ရှားမှုသိုင်းပညာများ ကျွမ်းကျင်သည်ဟု ကျော်ကြားကြသည်။
ဓားအလင်းတန်းက ရန်ကျောက်ကဲနှင့် တစ်လက်မအကွာတွင်ရှိနေပြီး ချင်ရှုကျီက သူတို့ကြားအကွာအဝေးကို ချဲ့ထွင်ရန် ရန်ကျောက်ကဲအား အခွင့်အရေးမပေးပေ။
ရန်ကျောက်ကဲ၏မျက်ဝန်းများအတွင်းမှ ခရမ်းရောင်မိုးခြိမ်းသံများထွက်ပေါ်လာပြီး မူလမြေကမ္ဘာဓားသိုင်းကို ရှောင်တိမ်းခြင်းမပြုဘဲ ရင်ဆိုင်လိုက်သည်။
တစ်လက်မမျှသောအကွာအဝေးတွင် ပကတိမိုးကြိုးစွမ်းအားက ပေါက်ကွဲထွက်သွားသည်။
မိုးကြိုးသံနှင့် ဓားအလင်းတန်းက လေထုအလယ်တွင်တိုက်မိသွားပြီး မူလမြေကမ္ဘာဓားအလင်းတန်းက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။
ဤသို့ ကနဦးအားသာချက်ကို ရရှိပြီးနောက် ရန်ကျောက်ကဲက ချင်ရှုကျီ၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်က သူ့ပုခုံးကို ဆုပ်ကိုင်ထားသည်။
ချင်ရှုကျီ မျက်နှာပျက်သွားပြီး လွတ်မြောက်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် ရန်ကျောက်ကဲ၏ မြစ်ဝါကိုးကွေ့အစီအရင်၏ ဖိနှိပ်မှုအောက်တွင် ချင်ရှုကျီမှာ အပြည့်အဝ ခုခံနိုင်ခြင်း မရှိခဲ့ပေ။
ရန်ကျောက်ကဲက ဖန်ဆင်းခြင်းအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်သည့် စက်ဝန်းသံသရာကောင်းကင်ကျမ်းစာ သဘောတရားကိုဖြန့်ကျက်ကာ ချင်ရှုကျီ၏လက်တစ်ဖက်ကို သူ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။
ကြီးမားစွာပုံပျက်နေသော တွန်းအားတစ်ခုက ဆန့်ကျင်ဘက်ဦးတည်ရာနှစ်ခုမှ ဆင်းသက်လာပြီး ချင်ရှုကျီ၏ လက်မောင်းထက်သို့ တပြိုင်တည်းသက်ရောက်သွားသည်။
အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ရှိသော သိုင်းသူတော်စင်တစ်ယောက်၏ အနှိုင်းမဲ့စွမ်းအားကြီးမားသော အသားခန္ဓာကိုယ်မှလက်တစ်ဖက်အား ရန်ကျောက်ကဲက လိမ်ချိုးကာဖြတ်တောက်ပစ်လိုက်၏။
"အား..."
ချင်ရှုကျီ အော်ဟစ်လိုက်သည်။
သူ့လက်မောင်းကို ရန်ကျောက်ကဲက ပခုံးမှ အတင်းဆွဲဖြဲလိုက်ပြီး ခန္ဓာကိုယ်မှ ခွဲထုတ်ပစ်လိုက်သည်။
ခန္ဓာကိုယ်မှ ပြုတ်ထွက်သွားသည်နှင့် ထိုလက်သည် ရန်ကျောက်ကဲစွမ်းအားနှင့်ယှဉ်လျှင် အလွန်ပင် ပျက်ဆီးလွယ်သည့် လွတ်လပ်သောတည်ရှိမှုတစ်ခု ဖြစ်လာသည်။
ကြတ်စက်တစ်ခုပမာ တွန်းကန်အားကြောင့် သူ့လက်တစ်ဖက်ပြတ်ထွက်သွားပြီး လေထဲတွင်သွေးများလွင့်ပျံသွားသည်ကို ချင်ရှုကျီမှာ မည်သို့မှမတတ်နိုင်စွာ ဒီအတိင်း ကြည့်နေခဲ့ရသည်။
ထိုစဉ်...
“ရန်... ကျောက်... ကဲ”
နံဘေးမှ အသံတစ်သံထွက်ပေါ်လာသည်။
သူလှည့်ကြည့်လိုက်တော့ သူ့အမြင်အာရုံတစ်ခုလုံးမှောင်မိုက်သည့်အရာတစ်ခုက ဖုံးကွယ်ထားကြောင်း တွေ့ရသည်။
ဖန်ဟယ်ထိန်းချုပ်ထားသည့် မီးလျှံများတောက်လောင်နေသော ကြီးမားသည့် လေဟုန်စီးကောင်းကင်ရွက်လှေကြီးက သူ့အရှေ့တွင် အလွန်နီးကပ်နေပေပြီ။
ဖန်ဟယ်က ရူးသွပ်စွာအော်ဟစ်လိုက်ပြီး ရွက်လှေကြီးကိုထိန်းချုပ်ကာ ရန်ကျောက်ကဲတည့်တည့်သို့ဝင်တိုက်လိုက်သည်။
ဧရာမရွက်လှေကြီးက ရန်ကျောက်ကဲနှင်ယှည်လျှင် တဟုန်ထိုးပြေးလာနေသည့် ဆင်ရိုင်းတစ်ကောင်နှင့်ရင်ဆိုင်ရသော ပုရွက်ဆိတ်ပမာ ဖြစ်သည်။
“ယား...”
ရန်ကျောက်ကဲက သူရှိနေသည့်နေရာမှာပင် မလှုပ်မယှက်မတ်တတ်ရပ်နေပြီး လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
လက်ဝါးဖြင့် ရိုက်မိသည့် ပထမဆုံးအချိန်မှာပင်...
ထိုက်စန်းတောင်ပမာ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသော ဧရာမရွက်လှေကြီးမှာ ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကြောင့် ရပ်တန့်သွားခဲ့ပြီး မလှုပ်ရှားနိုင်တော့ပေ။
လက်ဝါးဖြင့် ရိုက်မိသည့် ဒုတိယအချိန်မှာတော့...
ရန်ကျောက်ကဲလက်ဝါးဖြင့်ရိုက်မိသည့် လေဟုန်စီးကောင်းကင်ရွက်လှေကြီးတွင် အပေါက်ကြီးတစ်ခုပွင့်ထွက်သွားပြီး ချက်ချင်းအက်ကွဲသွားလေတော့သည်။