သတ် သတ်
Vol. 71 Ch. 993
အခန်း (၉၉၃) သတ် သတ်
မိုးမြေတစ်ခွင် ပြေးလွှားထွက်ခွာနေသော ဧရာမဆင်ကြီးပမာဖြစ်သည့် ရွက်လှေကြီးသည် သူ့ထက်အားကောင်းသော တောင်မြင့်ကြီးတစ်ခုနှင့် ရုတ်တရက် တိုက်မိသွားသည့်ပမာပင်။
လေဟုန်စီးကောင်းကင်ရွက်လှေကိုထိန်းချုပ်နေသည့်ဖန်ဟယ်မှာ ချက်ချင်းပင်လွင့်ထွက်သွားပြီး ရွက်လှေနံရံဖြင့်တိုက်မိကာ ခေါင်းမှ သွေးများထွက်လာသည်။
ခဏအကြာမှာတော့ အားလုံးကိုဖိနှိပ်ပစ်နိုင်သည့် ကြီးကျယ်ခမ်းနားသော ရွက်လှေကြီးမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။
တစ်ချိန်တည်းပင် ရန်ကျောက်ကဲကလည်း ကြီးမားသည့်အပေါက်ကြီးတစ်ပေါက် ရွက်လှေကိုယ်ထည်တွင် ဖွင့်လှစ်ပစ်လိုက်သည်။
ထိုအပေါက်ကြီးကို ဗဟိုပြုကာ ကြောက်မက်ဖွယ်ရာအက်ကွဲကြောင်းများက ရွက်လှေတစ်ခုလုံးထင်ဟပ်သွားပြီး ရွက်လှေအစိတ်အပိုင်းအားလုံးသို့ ပျံ့နှံ့သွားသည်။
ရန်ကျောက်ကဲ၏ ကြောက်မက်ဖွယ်ရာတန်ခိုးစွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ ကောင်းကင်ကိုးထပ်ထက်တွင် ပျံသန်းနေသော လေဟုန်စီးကောင်းကင်ရွက်လှေကြီးမှာ အပိုင်းပိုင်းအက်ကွဲသွားတော့သည်။
ပြန်းထန်သောစွမ်းအား တန်ပြန်တိုက်ခိုက်ခံရသည့်အခါ ကုန်းပတ်ထက်တွင် သတိလစ်နေသော ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူများအားလုံး အသက်ပျောက်သွားကြသည်။
တင်ပျဉ်ခွေထိုင်ပြီး မြစ်ဝါကိုးကွေ့အစီအရင်ကို ကြံ့ကြံ့ခံနေကြသည့် ယွမ်ရှန်းချန်နှင့် တာအိုဆရာချန်းလန်တို့မှာ သွေးတစ်ပွက်စီအန်ထုန်လိုက်ကြ၏။
ရွက်လှေတစ်ခုလုံးအက်ကွဲသွားခြင်းက သူတို့၏ ဝိညာဉ်စွမ်းအားများကို ထိခိုက်စေပြီး မည်မျှပင် ခက်ခက်ခဲခဲ တောင့်ခံထားပါစေ ရုတ်တရက် မူးဝေသွားကြရသည်။
‘မီးတောက်ဘုရင်’ ဖန်ဟယ်သည်လည်း ရွက်လှေကြီးကိုထိန်းချုပ်နေရင်း သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ အစကပင် ရန်ကျောက်ကဲကြောင့် ဒဏ်ရာရထားသည်ဖြစ်ရာ ယခုတော့ သူ့ဒဏ်ရာက ပိုမိုပြင်းထန်လာသည်။
ဒဏ်ရာပြင်းထန်လာသည်နှင့် မြစ်ဝါကိုးကွေ့အစီအရင်၏လွှမ်းမိုးမှုက ပိုပြီးနက်ရှိုင်းလာ၏။
ဖန်ဟယ်မှာ သူ့ခန္ဓာကိုယ်သွေးကြောဆုံချက်များမှ ကြယ်စင်များ၏ ပြောင်းလဲမှုများအားလုံး ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။ ကြယ်ပတ်လမ်းများမှာ နှေးကွေးပြီး ကြိုတင်ခန့်မှန်းနိုင်စွမ်း ပျက်ဆီးသွားသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သူ၏ကျ့င်ကြံခြင်းအဆင့်မှာ သိုင်းသူတော်စင် သတ္တမအဆင့်သို့ ပြန်လည်ကျဆင်းသွားသည့်ပမာ ခံစားရစေသည်။
ရန်ကျောက်ကဲက လေထဲသို့ ပျံတက်လာပြီး ပြိုကွဲလုနီးပါးဖြစ်နေသော ရွက်လှေကြီးထက်သို့တက်လာကာ ဖန်ဟယ်ဆီသို့ လမ်းလျှောက်လာသည်။
ဖန်ဟယ်၏မျက်လုံးများ ပြူးကျယ်သွာချိန် ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“မီးတောက်ဓား... မီးတောက်ဓားသိုင်း... ကြည့်ရတာ မင်းက ‘မီးတောက်ဓားဘုရင်’ ဖန်ဟယ်ပဲ ဖြစ်ရမယ်”
သူကဆက်ပြောသည်။
“ကျွမ်းကျောင်းဟွေက မင်းရဲ့သားမက်ဆိုတာ သိသားပဲ ၊ သူက မင်းနဲ့လည်း ဆက်ဆံရေးကောင်းပုံရတယ်”
ရန်ကျောက်ကဲက သူ့လက်ဖဝါးတစ်ဖက်ကိုမြှောက်လိုက်ရင်း...
“အခုတော့ သူနဲ့ဆုံဖို့ မင်းကိုပါပို့ပေးလိုက်မယ် ၊ ဒါပေမဲ့ သူက သွားနှင့်ပြီဆိုတော့ မင်းလိုက်မီပါတော့မလားတောင် မသိဘူး”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ဖန်ဟယ်၏ဦးခေါင်းထက်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဖန်ဟယ်က ဝူထုန်တောင်စောင်းမှသိုင်းပညာဖြစ်သော သမာဓိမီးတောက် (၄)မျိုးကို ကျင့်ကြံထားပြီး သူများနှင့်မတူသည့် မီးတောက်ဓားသိုင်းကို ကျင့်ကြံထားသူဖြစ်သည်။ သို့သော် သူက သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ကျန်းစုရန်လောက် ကျင့်ကြံခြင်းစွမ်းအား မပြင်းထန်ပေ။
ထို့ပြင် လက်ရှိတွင် မြစ်ဝါကိုးကွေ့အစီအရင်၏တိုက်စားမှုကြေင့် ဖန်ဟယ်၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်လျော့ကျသွားပြီဖြစ်ပြီး ရန်ကျောက်ကဲ၏စွမ်းအားကို ခုခံနိုင်စွမ်း မရှိတော့ပေ။
“ရန်... ကျောက်...”
လက်ဝါးရိုက်ချက်ကျရောက်လာပြီး ဖန်ဟယ်၏ကြုံးဝါးသံက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
ဇာမဏီရိုးရာတောင် ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူများအနေဖြင့် နိဗ္ဗာနမီးတောက်၏စွမ်းအားကို အသုံးပြုနိုင်ပြီး အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိသည့်အခါ တစ်ကြိမ်ပြန်လည်မွေးဖွားလာသော အခွင့်ရေးကို ရရှိမည် ဖြစ်သည်။
သို့သော် ထိုအခွင့်အရေးကို တစ်ကြိမ်အသုံးပြုပြီးပါက လူသားအထွတ်ထိပ်အဆင့်ရောက်မှသာ နောက်တစ်ကြိမ် ထပ်မံအသုံးပြုနိုင်ပေမည်။
ကံမကောင်းစွာပင် မီးတောက်ဘုရင် ဖန်ဟယ်မှာ ထိုအခွင့်အရေးကို တစ်ကြိမ်အသုံးပြုပြီး ပြန်လည်မွေးဖွားခဲ့ပြီးပြီ ဖြစ်သည်။
ထို့ကြောင့် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်မှာ ရန်ကျောက်ကဲ၏ မြစ်ဝါကိုးကွေ့အစီအရင်ထဲတွင် တစ်ချက်တည်းအသက်ပျောက်သည်အထိ ရိုက်နှက်ခံလိုက်ရသည်။
ဖန်ဟယ်သေဆုံးသွားပြီး အသက်ရှူသံလုံးဝပြတ်တောက်သွားသည်ကို အာရုံခံမိပြီးနောက် ရန်ကျောက်ကဲက ရွက်လှေထက်တွင်ရှိနေသော ယွမ်ရှန်းချန်နှင့် တာအိုဆရာချန်းလန်ကို အရေးမစိုက်ဘဲ အောက်သို့ ငုံ့ကြည့်လိုက်သည်။
နောက်ဘက်တွင် နက်မှောင်သောရေပြင်ကိုတွေ့မြင်ရပြီး ရေနက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ထွန်းလင်းတောက်ပနေသည်။
ကျန်းစုရန်က ထူးကဲယန်စည်းတံဆိပ်ကိုတွန်းလှန်ပြီး မြစ်ရေထဲမှ အထက်သို့ နှေးကွေးစွာ ပြန်တက်လာခြင်း ဖြစ်၏။
မြစ်ဝါကိုးကွေ့အစီအရင်အောက်တ်ွင် သူ၏ပုံရိပ်က မတည်မငြိမ်ဖြစ်လျှက် ရှိသည်။
ရန်ကျောက်ကဲက ချင်ရှုကျီနှင့် ဖန်ဟယ်တို့ကို ရင်ဆိုင်နေရသဖြင့် ထူးကဲယန်စည်းတံဆိပ်ကို အရေးမစိုက်ဘဲ မနေခဲ့ပါက ကျန်းစုရန်အနေဖြင့် ယခုလို့ ကြံ့ကြံ့ခံနိုင်မည် မဟုတ်ပေ။
ယခုတော့ ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ရှိရာသို့ ပျံသန်းသွားပြီး ကျန်းစုရန်ကို လက်ဖဝါးဖြင့် နောက်တစ်ကြိမ် ခုတ်ပိုင်းချလိုက်သည်။
သူ၏လှုပ်ရှားမှုနှင့်အတူ ထူးကဲယန်စည်းတံဆိပ်က တစ်ဖန်ပြန်လည်တောက်ပလာပြီး ကြီးကျယ်ခမ်းနားသော လွှမ်းမိုးချုပ်ကိုင်မှုစွမ်းအားများ ပြန်လည်ထွက်ပေါ်လာသည်။
ရွှေရောင်နေခြည်က နောက်တစ်ကြိမ် တောက်ပလာပြီး ကျန်းစုရန်မှာ အဝါရောင်မြစ်ရေ အောက်ခြေဆီသို့ ပြန်ထိုးကျသွားသည်။
လေဟုန်စီးကောင်းကင်ရွက်လှေကို အပိုင်းပိုင်းခွဲလျှက် ဖန်ဟယ်ကိုသတ်ဖြတ်ပြီးနောက် ကျန်းစုရန်ကို မြစ်ရေထဲ ထပ်မံနစ်မြုပ်စေခဲ့သည်။
ရန်ကျောက်ကဲအတွက်တော့ ဤအလုပ်များပြုလုပ်ရန် အချိန်ခဏသာလျှင် ကြာသည်။
လက်တစ်ဖက်ပြတ်သွားပြီဖြစ်သော ချင်ရှုကျီမှာ သူ့အရှေ့မှ မြင်ကွင်းကိုကြည့်ရင်း အံတင်းတင်းကြိတ်ထားသည်။
သူ၏ ဂိုဏ်းတူညီ တာအိုဆရာချန်းလန်က ရွက်လှေထက်တွင်ရှိနေသည်မှန်သော်လည်း ချင်ရှုကျီအနေဖြင့် လောလောဆယ်တွင် သူ့ကိုအရေးမစိုက်နိုင်တော့ပေ။
ဂိုဏ်းတူညီဖြစ်သူကို သူ မကူညီချင်သောကြောင့်မဟုတ်ပေ ၊ မကူညီနိုင်သောကြောင့်သာ ဖြစ်သည်။
သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူ (၃)ဦးပူးပေါင်းတိုက်ခိုက်သည်ဆိုသော်လည်း ရန်ကျောက်ကဲ၏ မြစ်ဝါကိုးကွေ့ အစီအရင်အောက်တွင် သူတို့အားလုံး၏ အဆင့်က သိုင်းသူတော်စင် အဋ္ဌမအဆင့်မျှသာ ရှိသည်။
အချိန်ကြာလာပြီး ဒဏ်ရာများလည်းရရှိလာသည့်အခါ သူတို့အဆင့်က သိုင်းသူတော်စင် သတ္တမအဆင့်သို့ပင် ကျရောက်သွားပြီ ဖြစ်၏။
ရန်ကျောက်ကဲအား အမတကူးပြောင်းခြင်း အလယ်ဆင့် သိုင်းသူတော်စင်များနှင့် အမတကူးပြောင်းခြင်း ကနဦးအဆင့် သိုင်းသူတော်စင်များ ဝိုင်းဝန်းတိုက်ခိုက်မည်ဆိုပါက မည်သို့ဖြစ်မည်နည်း။
တာအိုဆရာတုန်းချွမ်နှင့် ဟောက်လင်တောင်မှ မဟာမိတ်များသေဆုံခဲ့ရခြင်းက ထင်ရှားစွာ သက်သေပြနေပေပြီ။
ချင်ရှုကျီက ခြေတစ်ချက်ဆောင့်လိုက်ပြီး လေထဲသို့ခုန်ဝင်လိုက်ကာ ရန်ကျောက်ကဲနှင့်ဝေးရာသို့ လျှင်မြန်စွာရွေ့လျားသွားရန် ကြိုးစားလိုက်သည်။
ပုံရိပ်ယောင်တောင်ထွတ်က လှုပ်ရှားမှုသိုင်းပညာတွင်ကျော်ကြားပြီး ချင်ရှုကျီက သူ၏မျိုးဆက်တွင် လက်ရွေးစင်သိုင်းကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သို့သော် မြစ်ဝါကိုးကွေ့အစီအရင်၏သက်ရောက်မှုအောက်တွင် ဒဏ်ရာအပြင်းအထန်ရထားခြင်းနှင့်အတူ မည်သို့မှမတတ်နိုင်စွာ ရန်ကျောက်ကဲ ဖမ်းဆီးခြင်းကို ခံလိုက်ရပြန်သည်။
ချင်ရှုကျီမျက်နှာက သွေးတစ်စက်မှမရှိဘဲ ဖြူဖျော့နေသည်။
သူက ရန်ကျောက်ကဲကိုတွန်းလှန်ပြီး မြစ်ဝါကိုးကွေ့အစီအရင်မှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း သိလိုက်သည့်အခါ ထွက်ပြေးရန်အစီအစဉ်ကို ရပ်တန့်လိုက်သည်။
“တာအိုဆရာ... မင်းရဲ့ မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းပညာက ဒီ’ရန်’ ကို တကယ် အမြင်ပွင့်လင်းစေတာပဲ”
ရန်ကျောက်ကဲက သူ့ထံဖြည်းညင်းစွာလမ်းလျှောက်လာရင်းဆိုသည်။
“ဒီနေ့ မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် မင်းရဲ့ကျင့်ကြံခြင်း ထိန်းချုပ်ခံထားရပြီး မင်းရဲ့ တန်ခိုးစွမ်းအားကို အပြည့်အဝမထုတ်ဖော်နိုင်ပေမယ့် ရန်သူနဲ့သေခြင်းရှင်ခြင်းတိုက်ပွဲဆင်နွှဲခဲ့ရတယ် ၊ ဒါက မျှတတဲ့တိုက်ပွဲတစ်ခုတော့မဟုတ်တဲ့အတွက် ဒီ’ရန်’ ကို ခွင့်လွှတ်စေချင်ပါတယ်”
အချိန်အများစုတွင် တိတ်ဆိတ်နေလေ့ရှိသော ချင်ရှုကျီက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
"မင်းဘယ်ကလာတာလဲ"
ရန်ကျောက်ကဲက အနည်းငယ်ပြုံးရင်း...
“ဝါဒတောင်ကတပည့် ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာကလာတာ... မင်းသိပြီးပြီထင်ပါတယ်”
“ဟားဟား....”
ချင်ရှုကျီ ရယ်မောလိုက်သည်။
“ဒီတာအိုဆရာက ဘယ်သူ့လက်ထဲမှာ အသက်ဆုံးရမလဲဆိုတာ စဉ်းစားခဲ့ဖူးတယ် ၊ ဒီနေ့မတိုင်ခင်ကတော့ အများကြီးမတွေးခဲ့ပါဘူး ၊ မင်းလက်မှအသက်ဆုံးရမယ်လို့တော့ တစ်ခါမှတွေးမထားခဲ့ဘူး”
“ဒါပေမဲ့ စောစောက မင်းဖန်ဟယ်ကိုပြောခဲ့သလိုပါပဲ”
သူက ဆက်ပြောသည်။
“ငါတို့ကိုအဖော်ပြုပေးဖို့ မင်းကိုလည်း တစ်ယောက်ယောက်က ငရဲပြည်ပို့ပေးမှာပါပဲ ၊ ဒီတာအိုဆရာ ငရဲမှာမင်းကိုစောင့်နေမယ်”
ထို့နောက် ချင်ရှုကျီ ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်ပြီး သူ၏ ကျန်ရှိနေသေးလက်တစ်ဖက်မှ အင်္ကျီလက်ကိုဝှေ့ယမ်းကာ ရန်ကျောက်ကဲကို တိုက်ခိုက်လိုက်သည်။
အင်္ကျီလက်အတွင်းမှ အနက်ရောင်အရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ရှည်လျားသောအနက်ရောင်ကြာပွတ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းက အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ဖျက်ဆီးပစ်နိုင်ကြောင်း သိရှိသဖြင့် ချင်ရှုကျီက သူ၏လက်နက်ကို အသုံးမပြုခဲ့ပေ။
သို့သော် ဤမျှစိတ်ပျက်စရာအခိုက်အတန့်အား ရင်ဆိုင်ရသည့်အခါ သူ၏လက်နက်ကို ဘယ်မှာ ဂရုစိုက်နိုင်ပါတော့မည်နည်း။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင် အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်ချလိုက်ရာ နဂါးတစ်ကောင်ပမာ ရှည်လျားသော အနက်ရောင်ကြာပွတ်မှာ ချက်ချင်းပင် မြွေသေတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
ချင်ရှုကျီက ဤသည်ကိုအခွင့်ကောင်းယူပြီး သူ၏အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းကိုလက်လွှတ်ကာ မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းကို နောက်တစ်ကြိမ် ထပ်မံထုတ်ဖော်လိုက်သည်။
ယခုတစ်ကြိမ်မှာတော့ ရန်ကျောက်ကဲက ရှောင်တိမ်းခြင်း မရှိပေ။
သူက မလှုပ်မယှက်ရပ်နေပြီး ချင်ရှုကျီ၏အင်္ကျီလက်က သူ့ကိုဖမ်းယူခွင့် ပြုလိုက်သည်။
ကွဲလွဲနေသည့် အချိန်နှင့်ဗလာနယ်စီးကြောင်းထဲတွင် ရန်ကျောက်ကဲ၏ရုပ်သွင်က ချက်ချင်းကျုံ့ဝင်သွားပြီး ချင်ရှုကျီ၏ အင်္ကျီလက်ထဲသို့ စုပ်ယူခံလိုက်ရသည်။
သို့သော် ချင်ရှုကျီက ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခြင်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် သူ့အရှေ့တွင် မြစ်ဝါကိုးကွေ့အစီအရင်က ဆက်လက်လည်ပတ်နေဆဲ ဖြစ်နေသောကြောင့်ပင်။
ဟုတ်ပေ၏။
ထို့နောက်ခဏမှာတော့ သူ၏အင်္ကျီလက်က စူထွက်လာသည်။
အတွင်းမှ တစ်စုံတစ်ယောက် ပြေးလွှားနေသည့်အလား အင်္ကျီလက်မျက်နှာပြင်ထက်တွင် အဖုအထစ်များ ထွက်ပေါ်လာသည်။
ချင်ရှုကျီက သူ၏အင်္ကျီလက်အတွင်းမှအရာကိုနှိမ်းနင်းရန် အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ဒဏ်ရာရထားသည်ကတစ်ကြောင်း ၊ အစီအရင်၏ ဖိနှိပ်ခြင်းခံရသည်ကတစ်ကြောင်းတို့ကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်ခဲ့ပေ။
အဆုံးသတ်မှာတော့...
“ဘုန်း...”
ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ချင်ရှုကျီ၏ အင်္ကျီလက်ပေါက်ကွဲထွက်သွားပြီး အဝတ်အထည်အပိုင်းအစများက ကောင်းကင်ထက်သို့ ပျံဝဲသွားသည်။
တုန်လှုပ်ချောက်ချားဖွယ်ရာ ကြောက်စရာဓားအလင်းတန်းက အဆက်မပြတ်တောက်ပလာပြီး ချင်ရှုကျီ၏ ကျန်ရှိနေသော လက်တစ်ဖက်လုံး သွေးရောင်များ ဖုံးလွှမ်းသွားသည်။
“မင်း အရင်သွားနှင့်လိုက် ၊ နောက်လူတွေထပ်ပို့ပေးလိုက်မယ်”
ရန်ကျောက်ကဲ၏စကားသံက ချင်ရှုကျီ၏အနောက်ဘက်မှ ထွက်ပေါ်လာလေသည်။
ထို့နောက် ကြောက်မက်ဖွယ်ရာ ဓားအစွန်းက ချင်ရှုကျီ၏ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်သွားလေ၏။