← Chapters

တစ်သက်လုံး ခွေးတွေလိုအသက်ရှင်ခဲ့ကြရသလိုပဲ

Vol. 71 Ch. 994

တစ်သက်လုံး ခွေးတွေလိုအသက်ရှင်ခဲ့ကြရသလိုပဲ

Vol. 71 Ch. 994

အခန်း (၉၉၄) တစ်သက်လုံး ခွေးတွေလိုအသက်ရှင်ခဲ့ကြရသလိုပဲ

ရန်ကျောက်ကဲက ချင်ရှုကျီနောက်ဘက် လေထုထဲတွင် မတ်တတ်ရပ်နေသည်။

သူက လက်တစ်ဖက်ကိုဆန့်ထုတ်လိုက်ပြီး လက်ညှိုးနှင့်လက်ခလယ်ကို ဓားဝိညာဉ်အသွင်ပြောင်းလဲကာ ချင်ရှုကျီ၏ခန္ဓာကိုယ်အား ထိုးစိုက်ချလိုက်သည်။

ရက်စက်ကြမ်းတမ်းသော ဓားအလင်းတန်းတစ်ခုက ချင်ရှုကျီ၏ ဦးနှောက်အတွင်း ထိုးဖောက်ဝင်ရောက်သွားကာ အခြားတစ်ဖက်မှ တန်းတန်းမတ်မတ် ပြန်ထွက်လာသည်။

သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်သည် မြစ်ဝါကိုးကွေ့အစီအရင်ထဲတွင် အသက်ပျောက်သွားခဲ့သည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် ချင်ရှုကျီသည် အချိန်တိုတိုဖြင့် လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိမည်ဟု အကြီးမားဆုံး မျှော်လင့်ချက်ထားခံရသည့် တန်ခိုးစွမ်းအားရှင်အဖြစ် လူသိများခဲ့၏။

သူ့အသက်အရွယ်နှင့် အလားအလာကိုနှိုင်းဆကြည့်လျှင် နတ်ဘုရားအဆင့်သို့ပင်တက်လှမ်းနိုင်သည့် အခြေအနေများ ရှိနေခဲ့သည်။

သူက တန်ခိုးစွမ်းအားသာလျှင် မြင့်မားသည်မဟုတ်ပေ။ ဖန်ဟယ် ၊ ကျန်းစုရန်တို့ထက်လည်း ပိုပြီးအလားအလာကောင်းသူ ဖြစ်သည်။

သို့သော် ဘဝဆိုသည်က အာမခံချက်မရှိပေ။

ဤတိုက်ပွဲတွင် ရန်ကျောက်ကဲလက်ချက်ဖြင့် ပြာမှုန့်ဘဝရောက်ခဲ့ရသည်ပင်။ သူ၏အလားအလာကြီးမားသည့်တိုင် အရာအားလုံးက အချည်းနှီးသာ ဖြစ်ခဲ့သည်။

ဝေဟင်ထက်မှ ပြုတ်ကျသွားသော ချင်ရှုကျီ၏ရုပ်အလောင်းကိုကြည့်ရင်း ရန်ကျောက်ကဲ ခေါင်းတစ်ချက် ခါယမ်းလိုက်သည်။

သူ၏အလောင်းကျဆင်းသွားသည်နှင့် အောက်ဘက်မှ မှိုင်းညို့သောအဝါရောင်မြစ်ရေများက ထက်ပိုင်းအက်ကွဲသွားသည်။

ထိုနေရာတွင် ထူးကဲယန်စည်းတံဆိပ်ဖြင့် ဖိနှိပ်ခံထားရပြီး ရုန်းမထွက်နိုင်ဖြစ်နေသော ကျန်းစုရန် ရှိနေသည်။

မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် မသိမသာ ယိုယွင်းနေသော သူ၏ကျင့်ကြံခြင်းစွမ်းအားကြောင့် အခြေအနေကို ကိုင်တွယ်နိုင်စွမ်း တဖြည်းဖြည်း ကျဆင်းလျှက် ရှိ၏။

ယခု ချင်ရှုကျီ၏ရုပ်အလောင်း ရေထဲပြုတ်ကျသွားကြောင်း တွေ့မြင်လိုက်သည့်အခါ ဝမ်းနည်းမှုနှင့် စိတ်ပျက်အားငယ်မှုများ သူ့ရင်ထဲ ခံစားလိုက်ရသည်။

မကြာခင်မှာပင် ရန်ကျောက်ကဲမျက်နှာက သူ့အရှေ့တွင်ပေါ်လာသည်။

ကျန်းစုရန် ခေါင်းကိုအထပ်ထပ်ခါယမ်းလိုက်ပြီး သူ့မျက်နှာအမူအရာက တည်ငြိမ်သွားသည်။

“အခု တွေးကြည့်လိုက်တော့...”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“မင်းက တူလေး လီကျင်းကိုသတ်ဖြတ်ပြီး တူမလေး ဝမ်ဟွေကို ဖမ်းဆီးနိုင်ဖို့ အရှေ့တောင်ပိုင်းက ကျင်းထင်တောင်ကို ကူညီပေးခဲ့တယ် ၊ ကျောင်းဟွေ ဇာမဏီအရိုးရယူဖို့လုပ်တာကိုလည်း ဖျက်ဆီးပစ်တယ် ၊ အဲဒီအချိန်ကတည်းက အခုချိန်ထိ မင်းဒီလောက်မြန်မြန်တိုးတက်လာမယ်လို့  ငါတို့အဆက်အနွယ်မှာ ဘယ်သူမှမတွေးတောခဲ့မိကြဘူး”

“အဲဒီအချိန်ကနေပြန်တွက်ကြည့်ရင် (၆)နှစ်ကျော်ပဲရှိသေးတယ်... (၇)နှစ်တောင် မပြည့်သေးဘူး...”

ရန်ကျောက်ကဲက ကိုယ့်အိမ်တွင်စကားပြောနေသည့်အလား ပေါ့ပါးသည့်လေသံဖြင့်...

“အဲဒီထက်နည်းနည်းပိုကြာတယ်... ဒီ ‘ရန်’ က အထက်ဘုံကမ္ဘာထက် အချိန်စီးဆင်းမှုပိုပြီးလျှင်မြန်တဲ့ အောက်ဘုံကမ္ဘာမှာ (၃)နှစ်လောက်သွားပြီး ကျင့်ကြံလိုက်သေးတယ်”

“ဒီတော့ မင်းတို့အဆက်အနွယ်ကတပည့်ကို ငါသတ်ပြီးကတည်းက တွက်ကြည့်ရင် အချိန် (၁၁)နှစ်ကြာသွားပြီ...”

ကျန်းစုရန်က သက်ပြင်းချရင်း ရယ်မောလိုက်သည်။

“(၁၁)နှစ် ဟုတ်လား... ဟားဟား... (၁၁)နှစ် ၊ မင်းနဲ့ယှဉ်ရင် ငါတို့က တစ်သက်လုံး ခွေးတွေလိုအသက်ရှင်ခဲ့ကြရသလိုပဲ”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ မင်း သိပ်ပျော်မနေနဲ့ ၊ အခု မင်းလက်ချက်နဲ့ သေဆုံးသွားတဲ့ ချင်ရှုကျီဆိုတာလည်း မင်းလိုပဲ တခြားသူတွေကို ထိတ်လန့်တုန်လှုပ်စေခဲ့တဲ့ လူတစ်ယောက်ပဲ”

အဘိုးအိုမှာ သူ့အပေါ် သက်ရောက်နေသည့် လေးလံသောဖိအားကို မခံနိုင်ဖြစ်လာသည်။

သို့သော် သူ့မျက်နှာက တည်ငြိမ်နေဆဲပင်။

“သတ်တဲ့သူကလည်းသတ်တာပဲ ၊ တန်ခိုးစွမ်းအားရှင်တွေဆိုတာလည်း အမြဲတမ်းရှိနေတာပါပဲ ၊ မင်းက ငါတို့ထက် အစွမ်းကြီးတဲ့အတွက် ငါတို့ကိုသတ်နိုင်တယ် ၊ မင်းထက် အစွမ်းကြီးတဲ့သူလည်း သေချာပေါက် ရှိလာမှာပဲ ၊ တစ်နေ့မှာ မင်းကိုသတ်တဲ့သူ ဘယ်သူဖြစ်မလဲဆိုတာ သေချာပေါက် စောင့်ကြည့်ချင်သေးတယ်”

ထိုအချိန် အထက်မှ ထူးကဲယန်စည်းတံဆိပ်က နေမင်းတစ်စင်းပမာ အသွင်ပြောင်းသွားပြီး မြစ်ဝါကိုးကွေ့အစီအရင်ထဲတွင် တောက်ပစွာ ထွန်းလင်းလာသည်။

ထို့နောက် တောက်လောင်နေသော နေရောင်ခြည်က အဖျက်စွမ်းအားမီးတောက်များအဖြစ် ပြောင်းလဲသွားပြီး ကျန်းစုရန်၏ခန္ဓာကိုယ်အား တဖြည်းဖြည်းဝါးမျိုသွားသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဒါ မင်းမဟုတ်သေးဘူး... သေချာတယ်”

ကျန်းစုရန်၏ခန္ဓာကိုယ်က ခမ်းနားသောနေရောင်ခြည်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။

သို့သော် မီးလျှံများအလယ်မှ ဇာမဏီငှက်အော်သံ ပြတ်သားစွာထွက်ပေါ်လာပြီး ကျန်းစုရန်၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်ပေါ်လာသည်။

သို့ရာတွင် ရန်ကျောက်ကဲက စေ့စေ့ပင်မကြည့်ဘဲ လက်ဝါးဖြင့် ရိုက်ချလိုက်၏။

သာမန်အခြေအနေတွင် ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူများ နိဗ္ဗာနမီးတောက်မှ ပြန်လည်မွေးဖွားလာလျှင် မမွေးဖွားခင်အချိန်ကနှင့် ကျင့်ကြံခြင်းအဆင့်တူညီခြင်း မရှိတော့ပေ။

အမှန်တော့ ဤနည်းလမ်းက အသက်ကိုထိန်းသိမ်းသည့်နည်းလမ်းတစ်ခုမျှသာ မဟုတ်ခဲ့ပေ။

သို့သော် ကျန်းစုရန်က မြစ်ဝါကိုးကွေ့အစီအရင်ထဲတွင် ပြန်လည်မွေးဖွားလာခြင်းဖြစ်လေရာ အစီအရင်၏ဆိုးကျိုးများကို ဆက်လက်ခံစားနေရဆဲ ဖြစ်၏။

နိဗ္ဗာနမီးတောက်မှ ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်းတွင်လည်း ကျန်းစုရန်၏ ကျင့်ကြံခြင်းစွမ်းအားက ဆိုးရွားနေဆဲဖြစ်ပြီး သိုင်းသူတော်စင် သတ္တမအဆင့်တွင်သာ ရှိနေခဲ့သည်။

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်ကျဆင်းလာသည့်အခါ ဝူထုန်နတ်လက်ဝါးသိုင်းနှင့်အတူ သမာဓိမီးတောက် (၄)မျိုကိုပါအသုံးပြပြီး ခုခံလိုက်သည့်တိုင် ခံနိုင်ရည်ရှိရန် ခဲယဉ်းလှပေသည်။

အဆုံးသတ်မှာတော့ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းမှ ဝါရင့်အကြီးအကဲ ကျန်းစုရန်သည် ဖန်ဟယ်ကဲ့သို့ပင် မြစ်ဝါကိုးကွေ့အစီအရင်ထဲတွင် အသက်ဆုံးသွားခဲ့လေသည်။

လေပြင်းများတိုက်ခတ်လာပြီး အနက်ရောင်မြူခိုးများက ကောင်းကင်ထိတိုင်မြင့်တက်သွားကာ အဝါရောင်မြစ်ရေများက လှိုင်းတံပိုးများထန်လာသည်။

ပြိုကျလုနီးပါးဖြစ်နေသော လေဟုန်စီးကောင်းကင်ရွက်လှေကြီးမှာ ထိုခဏတွင် လုံးဝအက်ကွဲထွက်သွားသည်။

ကြီးမားသောရွက်လှေကြီးသည် မြစ်ရေပြင်ထက် လွင့်မျောနေသော သစ်သားအပိုင်းအစများအဖြစ် ပြိုကျသွားသည်။ ထို့နောက် ကြီးမားသည့် လှိုင်းလုံးကြီးများအောက် မြစ်ရေများ၏ ဝါးမျိုခြင်းခံရကာ တဖြည်းဖြည်း နစ်မြုပ်သွားသည်။

တာအိုဆရာချန်းလန် ၊ ယွမ်ရှန်းချန်နှင့် တောင်ပိုင်းမှ သတိလစ်မေ့မျောနေကြသော သိုင်းကျင့်ကြံသူများအားလုံး နစ်မြုပ်သွားသော ရွက်လှေကြီးနှင့်အတူ မြစ်ဝါကိုးကွေ့ အစီအရင်အောက်တွင် ပျောက်ကွယ်သွားကြသည်။

ယွမ်ရှန်းချန်၏ ဘယ်ဘက်မျက်လုံးတွင် သန့်စင်ထားသော ဇာမဏီကိုယ်ပွားဖြင့် နိဗ္ဗာနမီးတောက်မှ ပြန်လည်မွေးဖွားရန် တစ်ကြိမ် အခွင့်အရေးရသေးသည်။

သို့ပေသိ ယခုအချိန်တွင် ဤအရာသည်လည်း အရေးမကြီးတော့ပေ။

ကောင်းကင်ထိတိုင်မြင့်တက်လာသော လှိုင်းလုံးကြီးများထက် မတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲက ဤအဖြစ်အပျက်အားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

အားဟူ ၊ ရှကွမ်းနှင့် ပန်ပန်တို့သည်လည်း သူ့ဘေးနားတွင်ပေါ်လာပြီး သူတို့မျက်နှာအမူအရာများက အမျိုးမျိုးပြောင်းလဲနေကြသည်။

ရှကွမ်း၏မျက်ဝန်းများထဲတွင် အားကျခြင်း ၊ တောင့်တခြင်းများအပြင် စိတ်အားထက်သန်ခြင်းနှင့် ရန်ကျောက်ကဲအပေါ်  လေးစားခြင်းတို့ပါဝင်နေသည်။

ပန်ပန်က သူ့ကိုယ်သူ သေးငယ်သည့်အသွင်ပြောင်းလိုက်ပြီး ရန်ကျောက်ကဲ၏ ခြေထောက်များအား ခေါင်းဖြင့်ဝှေ့လိုက်သည်။

အားဟူက ရန်ကျောက်ကဲအပြုအမူကိုတုပကာ မေးစေ့ကိုပွတ်သပ်လိုက်ရင်း...

“နတ်ဘုရားသိမြင်ခြင်းအဆင့်နဲ့ အမတကူးပြောင်းခြင်း သိုင်းသူတော်စင် (၃)ယောက်ကို သတ်ပစ်လိုက်တာ... သခင်လေးတော့ သမိုင်းမှာသူမတူတဲ့အောင်မြင်မှုမျိုးရတာပဲ”

သူက ဆက်ပြောသည်။

“သခင်လေး... ဒီတစ်ခေါက်တော့ ကြီးကြီးမားမားဖြစ်ပြီပဲ ၊ သခင်လေးရဲ့ ကျော်ကြားမှုက ကမ္ဘာကိုကိုင်လှုပ်တော့မယ်ထင်တယ်”

ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင်ယှက်ကာ စည်းတံဆိပ်တစ်ခုအသွင်ပြုလုပ်လျှက် အစီအရင်ကို ရပ်တန့်လိုက်သည်။

မရဏလေပြင်းများနှင့် အနက်ရောင်မြူခိုးများ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

စက်ဝန်းတောင်တန်းကြီးပြန်လည်ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင်မှ မှိန်ဖျော့ဖျော့ အဝါရောင်မြစ်ရေများ တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

ရေစီးကြောင်းများအားလုံးသည် တောင်ဘက်သို့ ဆက်လက်စီးဆင်းနေသည့် မင်းဆက်မြစ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။

စောစောကဖြစ်ပျက်ခဲ့သမျှအရာအားလုံးက ဘယ်တုန်းကမှ မဖြစ်ခဲ့သည့်ပမာ အရာအားလုံးက နဂိုအတိုင်း မပြောင်းမလဲ တည်ရှိနေသည်။

နေ့အလင်းရောင်တစ်ဖန်ထွက်‌ပေါ်လာသည်နှင့်အမျှ ရန်ကျောက်ကဲ အရှေ့ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် ဓားအလင်းတန်းအချို့ ထွက်ပေါ်လာပြီး လူတစ်စုရောက်လာသည်ကိုတွေ့ရသည်။

ထိုလူစုကိုဦးဆောင်သူမှာ ဆံပင်ဖြူအဘွားအိုတစ်ယောက်ဖြစ်ပြီး သူမက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျင်းထင်တောင်မှ ဝါရင့်အကြီးအကဲဖြစ်သော အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူ အရှေ့တောင်ဓားနတ်မယ်ဖြစ်ကြောင်း ရန်ကျောက်ကဲ မှတ်မိလိုက်သည်။

နယ်ခြားဒေသတွင် ဝူထုန်တောင်စောင်းမှ ကျန်းစုရန်က စောင့်ကြပ်နေသလို ကျင်းထင်တောင်မှ အရှေ့တောင်ဓားနတ်မယ်က စောင့်ကြပ်လျှက် ရှိသည်။

ဤအဘွားအို နယ်စပ်အားစောင့်ရှောက်ပေးနေသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်၏။

ရန်ကျောက်ကဲက ကျင်းထင်တောင်နှင့် ဆက်ဆံရေးကောင်းမွန်သလို အရှေ့တောင်ဓားနတ်မယ်နှင့်လည်း အလွန်ရင်းနှီးသည်။

သူမက သဘောထားတင်းမာခက်ထန်သူဖြစ်သော်လည်း မကြာသေးခင်က ထင်ပေါ်ကျော်ကြားလာသော လူငယ်မျိုးဆက် ရန်ကျောက်ကဲအပေါ် အလွန်ကောင်းမွန်သည့်အမြင်ရှိသလို သူ၏အရည်အချင်းများကိုလည်း သဘောကျခဲ့သည်။

ယခု...

ထင်မှတ်မထားသောနေရာတွင် ရန်ကျောက်ကဲကို တွေ့လိုက်ရတော့ သူမ အလွန်တုန်လှုပ်သွားသည်။

သူမက စက်ဝန်းတောင်တွင် ထူးခြားမှုတစ်ခုခုကြုံတိုင်း စောင့်ကြည့်နေသူ ဖြစ်သည်။

ယနေ့လည်း ဤနေရာတွင် တစ်ခုခုဖြစ်နေပုံရကြောင်း ရုတ်တရက်တွေ့ရသဖြင့် သူမ၏လူများကိုခေါ်ကာ စုံစမ်းရန် အလျှင်အမြန်ရောက်ရှိလာခြင်းပင်။

သူမတို့ နယ်ခြားဒေသကိုဖြတ်ကျော်လာသည်နှင့် အနက်ရောင်မြူခိုးများလွှမ်းခြုံနေပြီး လေပြင်းများတိုက်ခတ်နေသည်ကို ရင်ဆိုင်လိုက်သည်။

အထဲတွင် မည်သည့်အရာများဖြစ်ပျက်နေကြောင်း မည်သူမှ မသိရှိနိုင်ပေ။

အရှေ့တောင်ဓားနတ်မယ်သည် ကျန်းစုရန်၏ ဝူထုန်ဇာမဏီအစီအရင်ကို အလွန်ရင်းနှီးသည်။ သို့သော် ယခုရင်ဆိုင်ရသော အစီအရင်ကိုတော့ မရင်းနှီးလှပေ။

အစီအရင်အတွင်းဝင်ရောက်ရန် ကြိုးစားလိုက်သည့်အခါ သူမမှာ အထဲတွင်ပိတ်မိလုနီးပါးခံစားရပြီး ခေါင်းများလည်း မူးဝေသွားခဲ့သည်။

ရှေးကျပြီးအလှမ်းဝေးသောအစီအရင်တစ်ခုဖြစ်သည့် ‘မြစ်ဝါကိုးကွေ့အစီအရင်’ က သူမစိတ်ထဲပေါ်လာပြီး အလွန်အမင်း တုန်လှုပ်သွားစေသည်။

အစီအရင်ကိုတည်ဆောက်သူက မည်သူမည်ဝါဖြစ်ကြောင်း အတိအကျ မသိသော်လည်း ဤသို့သောလူမျိုးကို သွားရောက်ရန်မစဘဲ အခြေအနေကို တိတ်တဆိတ်စောင့်ကြည့်ရန်သာ ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးမှာတော့ အစီအရင်က တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

ဓားနတ်မယ်က နယ်ခြားကိုဖြတ်ကျော်ပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အတွင်းဝင်ရောက်လာခဲ့သည်။

မျှော်လင့်မထားသည်မှာ သူနှင့်ရင်းနှီးနေသော လူရိပ်တစ်ခုက သူ့ကိုနှုတ်ဆက်လိုက်ခြင်ပင်။

ရန်ကျောက်ကဲက သူ့ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“ဓားနတ်မယ်... မတွေ့တာကြာပြီနော်”

All Chapters