← Chapters

ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ‘ရန်ကျောက်ကဲ’

Vol. 71 Ch. 996

ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ‘ရန်ကျောက်ကဲ’

Vol. 71 Ch. 996

အခန်း (၉၉၆) ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ‘ရန်ကျောက်ကဲ’

အရှေ့တောင်ဓားနတ်မယ်မှာ မလွှဲမရှောင်သာ တုန်လှုပ်သွားရသည်။

ရန်ကျောက်ကဲလက်ချက်ဖြင့် ချင်ရှုကျီသေဆုံးသွားရခြင်းက မည်သို့သောအကျိုးသက်ရောက်မှု ရှိသနည်း။

အကယ်၍ သူမသာ ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်ရလျှင် သူမသည်လည်း အသတ်ခံရဖွယ် ရှိသည်။

သို့ပေသိ...

အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်နှင့် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သိုင်းသူတော်စင်။

ယနေ့မတိုင်မီက ဤသို့သောတိုက်ပွဲမျိုးသည် အရှေ့တောင်ဓားနတ်မယ်အတွက် တစ်ခါမှ တွေးမကြည့်ခဲ့ဖူးသော အရာတစ်ခု ဖြစ်ပေမည်။

သို့သော် ယခုတော့ မည်သို့မှမတတ်နိုင်စွာ မှတ်သားထားရမည့်ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။

အထူးသဖြင့် ရန်ကျောက်ကဲအဆိုအရဆိုလျှင် မြစ်ဝါကိုးကွေ့အစီအရင်ထဲတွင် ဆုံးပါးသွားသူမှာ ချင်ရှုကျီတစ်ယောက်တည်းမဟုတ်ဘဲ ဖန်ဟယ်နှင့် ကျန်းစုရန်တို့လည်း ပါဝင်သည်။

သူတို့နှစ်ဦးလုံးမှာ ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်အောက်တွင် ဦးခေါင်းခွံအက်ကွဲကာ လူရုပ်ပင်မပေါ်တော့ဘဲ အသက်သေဆုံးသွားခဲ့ကြသည်။

မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် အားအင်များလျော့နည်းသွားသည့် သူတို့၏အသွေးအသားရုပ်ခန္ဓာများသည် ယခင်ကကဲ့သို့ မသန်မာကြတော့ပေ။

သို့တိုင် သူတို့ဝတ်ဆင်ထားသည့်အဝတ်အစားများက အရှေ့တောင်ဓားနတ်မယ်အတွက် ရင်းနှီးနေဆဲ ဖြစ်သည်။

အရှေ့တောင်ပိုင်းမှ ဝါရင့်အကြီးအကဲတစ်ယောက်ဖြစ်သော အရှေ့တောင်ဓားနတ်မယ်သည် ကျန်းစုရန် ၊ ဖန်ဟယ်တို့အား အချိန်အတော်ကြာအောင် သိရှိခဲ့သည်ပင်။

သေနေသော ချင်ရှုကျီ၏ ရုပ်အလောင်းကတော့ နေရာတွင်ရှိနေပြီဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် အတုလုပ်ရန် မလိုအပ်သည်မှာ ထင်ရှားသည်။

ဤသည်က အရှေ့တောင်ဓားနတ်မယ်ကို ပို၍ပင် တုန်လှုပ်သွားစေသည်။

ကျန်းစုရန်နှင့် ဖန်ဟယ်တို့နှစ်ယောက်လုံးက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင်များ ဖြစ်ကြသည်။

သူတို့နှစ်ယောက်လုံးက ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်း၏ သိုင်းပညာကို ကျင့်ကြံခဲ့ကြပြီး နှစ်ဦးစလုံးသည် ထူးထူးခြားခြား အစွမ်းအစများ ပိုင်ဆိုင်ထားကြကာ ကိုယ်ပိုင်အထူးပြုနယ်ပယ်များတွင်လည်း ကျွမ်းကျင်ကြသည်။

တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုလျှင် အရှေ့တောင်ဓားနတ်မယ်သည်ပင် သူတို့နှစ်ယောက်အနက်မှ တစ်ယောက်ကို သတ်ဖြတ်နိုင်မည်ဟု အတိအကျ မဆိုနိုင်ပေ။

ယခုတော့ ဤလူများအားလုံး ရန်ကျောက်ကဲလက်တွင် သေဆုံးသွားသည်မှာ ထင်ရှားသည်။

“သူတည်ဆောက်တဲ့ မြစ်ဝါကိုးကွေ့အစီအရင်က စိတ်ကူးနိုင်တာထက်ပိုပြီး ကျော်လွန်နေတာလား”

အရှေ့တောင်ဓားနတ်မယ် တွေးရင်းတုန်လှုပ်သွားသည်။

အရင်က မြစ်ဝါကိုးကွေ့အစီအရင်ကို ကိုယ်တွေ့ကြုံဖူးခြင်းမရှိသော်လည်း ယခုတော့ ဤအစီအရင်ကို သူမကိုယ်တိုင် အာရုံခံနိုင်ခဲ့သည်။

ဤအစီအရင်က အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်သိုင်းသူတော်စင်များကို ဖိနှိပ်ထားနိုင်သော်လည်း အလိုလိုအသက်ပျောက်သွားစေရန် ပြုလုပ်နိုင်စွမ်းတော့ မရှိနိုင်ပေ။

ပြီးတော့ သေဆုံးသွားသည်က နဝမအဆင့် သိုင်းသူတော်စင် (၃)ဦးဖြစ်သည်။

အပြင်ဘက်သို့အကဲခတ်လိုက်တော့ တောင်ပိုင်းမှ အခြားသိုင်းသမားများသည်လည်း သေဆုံးကုန်ကြဟန် ရှိသည်။

အရှေ့တောင်ဓားနတ်မယ် ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ချိန် ပထမဆုံးတွေ့လိုက်ရသည်က ယွမ်ရှန်းချန် ဖြစ်သည်။

ဇာမဏီမျက်လုံး ယွမ်ရှန်းချန်သည် တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်၏ ဂုဏ်အယူရဆုံး တပည့်တစ်ယောက်ဖြစ်ပြီး တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ရှိ မျိုးဆက်သစ်တန်ခိုးစွမ်းအားရှင်များတွင် အထွတ်အထိပ် ပုဂ္ဂိုလ်ဖြစ်သည်။

သို့သော် ဤသို့သောလူတစ်ယောက်ကို ရန်ကျောက်ကဲက သတ်ဖြတ်ပစ်ခဲ့သည်။

“အမတမှော်ဝင်ပစ္စည်းကြောင့်လား...”

အရှေ့တောင်ဓားနတ်မယ်က ဖြစ်နိုင်ခြေကို တွက်ဆကြည့်လိုက်သည်။

နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က အမတမှော်ဝင်ပစ္စည်းကိုကိုင်ဆောင်နိုင်သည်ဆိုခြင်းမှာ တွေးမရသည့်ကိစ်စတစ်ခုဖြစ်သည်။

သို့ဖြစ်ရာ ချင်ရှုကျီတို့အုပ်စုကို သတ်ဖြတ်ရန်အတွက် ရန်ကျောက်ကဲ အသုံးပြုသည့်နည်းလမ်းကို သူမ အမှန်တကယ်ပင် တွေးဆနိုင်ခြင်း မရှိခဲ့ပေ။

သို့သေိ အမတမှော်ဝင်ပစ္စည်းတစ်ခု၏ ကြီးကျယ်ခမ်းနားသော အကြွင်းအကျန်ရောင်ဝါကို အာရုံခံမိခြင်းမရှိသဖြင့် အခြားသော နည်းလမ်းတစ်ခုဖြစ်မည်ဟု ယူဆရသည်။

ထိုခဏတွင် အရှေ့တောင်ဓားနတ်မယ်သည်ပင် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။

ရန်ကျောက်ကဲက သူ့အား အံ့သြတကြီးဖြင့် တစ္ဆေသရဲမြင်သလို ကြည့်နေကြေသော လူအုပ်စုအား လျစ်လျူရှုလိုက်ပြီး စကားဆက်ပြောသည်။

“သူတို့ (၃)ယောက်အပြင် ဝူထုန်တောင်စောင်းက ယွမ်ရှန်းချန်နဲ့ ပုံရိပ်ယောင်တောင်ထွတ်က တခြားတပည့်တစ်ယောက်လည်း ရှိသေးတယ်”

အရှေ့တောင်ဓားနတ်မယ်က တောင့်တင်းသည့်လေသံဖြင့်...

“ဟုတ်တယ်... သူက တာအိုဆရာချန်းလန်ပဲ ၊ ချင်းယွမ်ဧကရာဇ်ရဲ့ တပည့်လည်းဖြစ်တယ်”

သူမအနေဖြင့် တာအိုဆရာချန်းလန်ကို လူကိုယ်တိုင်တစ်ခါမှ မဆုံတွေ့ဖူးသည့်တိုင် အလင်းပုံရိပ်ကို ကြည့်မြင်ဖူးသည်။

ချင်းယွမ်ဧကရာဇ်တွင် တပည့်များစွာမရှိသော်လည်း တပည့်တိုင်းကတော့ အထက်ဘုံကမ္ဘာတွင် ကျော်ကြားသူများ ဖြစ်ကြသည်။

ထိုအလောင်းအားလုံးကို အကဲခတ်လိုက်မိတော့ အရှေ့တောင်ဓားနတ်မယ်က တာအိုဆရာချန်းလန်ကိုလည်း သိရှိပြီးသား ဖြစ်သွားသည်။

ရန်ကျောက်ကဲက...

“တကယ်တော့ ကျွန်တော်က စက်ဝန်းတောင်အနောက်ဘက်မှာရှိတဲ့ ငြိမ်းချမ်းရေးတောင်တန်းမှာ ကျန်းစုရန် ၊ ရွှမ်ရှန်းချန်တို့နဲ့ရင်ဆိုင်ခဲ့တာ ၊ သူတို့နှစ်ယောက်က စက်ဝန်းတောင်ကိုဆုတ်ခွာသွားပြီး ချင်ရှုကျီနဲ့ ဖန်ဟယ်တို့ ရောက်လာတဲ့အထိ စောင့်နေကြတာလေ”

သူကဆက်ပြောသည်။

“ကံ‌ကောင်းတာက မင်းဆက်မြစ်က စက်ဝန်းတောင်တန်းကို ဖြန်ပြီးစီးဆင်းသွားတယ်လေ ၊ အဲဒါကြောင့် မြစ်ဝါကိုးကွေ့အစီအရင်တည်ဆောက်နိုင်ခဲ့တယ် ၊ ဒီအစီအရင်သာ မတည်ဆောက်နိုင်ရင် ကျွန်တော် သူတို့ကိုဘာမှလုပ်လို့ရမှာ မဟုတ်ဘူး”

“မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် စက်ဝန်းတောင်တန်းတစ်ခုလုံး ရေလွှမ်းမိုးသွားတော့ အနီးတစ်ဝိုက်မှာရှိတဲ့ တောင်ပိုင်းကသိုင်းသမားတွေလည်း အကုန် ရေနစ်ကုန်တာပေါ့”

အဝါရောင်မြစ်ရေများက ကမ္ဘာတစ်ခုလုံး ဖျက်ဆီးတော့မည့်အလား တဟုန်ထိုးမြင့်တက်လာသဖြင့် စက်ဝန်းတောင်တန်း နယ်မြေအသီးသီးအား ရေလွှမ်းမိုးမှုဖြစ်ပွားစေသည်။

သို့သော် ရန်ကျောက်ကဲက အစီအရင်ကိုထိန်းချုပ်ထားသဖြင့် သာမန်ဒေသခံများ အနှောက်အယှက် မဖြစ်ခဲ့ပေ။

ရေကြီးရေလျှံမှုများအားလုံးက သာမန်လူများနေထိုင်ရာနေရာအားလုံးကို ရှောင်လွှဲနိုင်ခဲ့ပြီး ရန်သူများကိုသာ တုန်လှုပ်ချောက်ချားစေခဲ့သည်။

ထို့ပြင် ဒေသခံသိုင်းသမားများသည်လည်း မြစ်ဝါကိုးကွေ့အစီအရင်၏တိုက်ခိုက်ခြင်းကို ကောင်းစွာ မခံစားခဲ့ကြရပေ။

ရန်ကျောက်ကဲက ရန်သူမှန်လျှင် သတ်ဖြတ်ရင်ဝန်မလေးသော်လည်း အကြောင်းမဲ့သက်သက် သတ်ဖြတ်ခြင်း မရှိခဲ့ပေ။

ယခု သူ အမှန်တကယ် သတ်ဖြတ်ခဲ့သူများမှာ လေဟုန်စီးကောင်းကင်ရွက်လှေအတွင်းမှ သိုင်းသမားများသာဖြစ်ပြီး ဝူထုန်ဇာမဏီအစီအရင်ကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။

“အရှေ့တောင်ပိုင်းက စက်ဝန်းတောင်ကို သိမ်းပိုက်ချင်တယ်ဆိုရင် ဒေသခံသိုင်းသမားတွေအနေနဲ့ ခုခံစရာနည်းလမ်းမရှိဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်”

ရန်ကျောက်ကဲက ဆိုသည်။

“ငြိမ်းချမ်းရေးတောင်တန်းဒေသက သိုင်းသမားအတော်များများလည်း ကျွန်တော့်လက်ချက်နဲ့သေသွားခဲ့တယ် ၊ ပြီးတော့ အဲဒီဒေသက အကြီးဆုံးသိုင်းဂိုဏ်းကြီး (၂)ဂိုဏ်းမှာ တစ်ဂိုဏ်းဖြစ်တဲ့ ဟောက်လင်တောင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် တာအိုဆရာတုန်းချွမ်ကိုလည်း ကျွန်တော်သတ်ပစ်လိုက်တယ်”

“ဒါကြောင့် စက်ဝန်းတောင်တန်းကနေ ငြိမ်းချမ်းရေးတောင်တန်းကို ချီတက်သိမ်းပိုက်မယ်ဆိုရင်တောင် အများကြီးအဟန့်အတားဖြစ်မှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်”

အရှေ့တောင်ပိုင်းမှသိုင်ကျင့်ကြံသူများ ရန်ကျောက်ကဲကို ကူညီလာမည်ကိုစိုးရိမ်သည်ကတစ်ကြောင်း ၊ ဤအခွင့်အရေးကိုအသုံးချကာ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်အား တိုက်ခိုက်မည်ကို စိုးရိမ်သည်ကတစ်ကြောင်းကြောင့် တောင်ပိုင်းမှ သိုင်းသမားများက ရန်ကျောက်ကဲ သောင်းကြမ်းသည့်သတင်းကို ဖုံးဖိ ထားခဲ့သည်။

ထို့ကြောင့် အရှေ့တောင်ပိုင်းအနေဖြင့် ရန်ကျောက်ကဲကိုယ်တိုင်ပြောပြမှ အခြေအနေကို ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

အရှေ့တောင်ဓားနတ်မယ်ဘေးတွင်ရှိသော ကျင်းထင်တောင်မှ သိုင်းသမားတစ်ယောက်က မှင်တက်စွာဖြင့် ရန်ကျောက်ကဲကိုကြည့်ရင်း...

“ငြိမ်းချမ်းရေးတောင်တန်းဒေသက ဟောက်လင်တောင်ဂိုဏ်းချုပ် တာအိုဆရာတုန်းချွမ်... ဟုတ်လား ၊ အရင်က ငါ သူ့အကြောင်းကြားဖူးတယ် ၊ သူက သိုင်းသူတော်စင် အဋ္ဌမအဆင့် မဟုတ်ဘူးလား”

ရန်ကျောက်ကဲက...

“အမှန်ပဲ...”

ထို့နောက် သူ့လက်ထဲတွင် နဂါးအမြီးသဏ္ဌန် ကြာပွတ်တစ်ခု ပေါ်လာသည်။ တာအိုဆရာတုန်းချွမ်ကိုင်ဆောင်သည့် ‘နဂါးအမြီးကြာပွတ်’ ပင် ဖြစ်၏။

ရန်ကျောက်ကဲက ဆက်ပြောသည်။

“ဒါက ဟောက်လင်တောင်က ရခဲ့တဲ့ပစ္စည်းပဲ”

တစ်ချိန်တည်းပင် သူ၏အခြားလက်တစ်ဖက်တွင် ခရမ်းရောင်တောက်ပနေသည့် ဓားတစ်လက်ပေါ်လာသည်။

“ပြီးတော့ ဟောက်လင်တောင်မှာ ဓားသိုင်းတော်တဲ့ ကျင့်ကြံသူတစ်ယောက်လည်း ရောက်နေသေးတယ် ၊ သူကတော့ ငြိမ်းချမ်းရေးတောင်တန်းဒေသရဲ့ ဒေသခံမဟုတ်ဘူး”

ရန်ကျောက်ကဲလက်ထဲမှ ပစ္စည်းများကိုကြည့်ရင်း လူတိုင်းအံ့အားသင့်သွားကြပြီး

“အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း (၂)ခုတောင် ရခဲ့တာလား...”

ရန်ကျောက်ကဲလက်ထဲမှ ခရမ်းရောင်ဓားကို ခဏမျှစစ်ဆေးပြီးနောက် အရှေ့တောင်ဓားနတ်မယ်က...

“ဒါက ခရမ်းရောင်ပင်လယ်ဓားပဲ ၊ တောင်ပိုင်း ပင်လယ်ချိတ်ဆက်ဒေသက ခရမ်းရောင်ဓားသမား ကျောက်ကျန်ရဲ့ ခရမ်းရောင်ပင်လယ်ဓားပဲ”

သူမက ခဏမျှနားလိုက်ပြီးမှ ဆက်ပြီးမှတ်ချက်ပြုသည်။

“သူလည်း သိုင်းသူတော်စင် အဋ္ဌမအဆင့်ပဲ”

ထို့နောက် သူမက ရန်ကျောက်ကဲကို စိုက်ကြည့်နေပြီး ထိုလူငယ် စောစောကပြောခဲ့သည့်စကားကို အဓိပ္ပါယ်ပေါက်သွားသည်။

ရန်ကျောက်ကဲသည် အနီးတစ်ဝိုက် မင်းဆက်မြစ်ရေ၏အကူအညီဖြင့် စက်ဝန်းတောင်တွင် မြစ်ဝါကိုးကွေ့အစီအရင်ကို တည်ဆောက်နိုင်ခဲ့သည်။

သို့သော် ငြိမ်းချမ်းရေးတောင်တန်းဒေသမှ သိုင်းသမားများနှင့် ရင်ဆိုင်ရာတွင် မင်းဆက်မြစ်ကဲ့သို့ မြစ်တစ်စင်း အနားတွင် လုံးဝမရှိခဲ့ပေ။

သို့ဆိုလျှင် ရန်ကျောက်ကဲက ယွမ်ရှန်းချန်ကိုတွန်းလှန်ပြီး တာအိုဆရာတုန်းချွမ် ၊ ကျောက်ကျန်တို့ကို သတ်ဖြတ်ပစ်ခဲ့ပြီး သိုင်းသူတော်စင် နဝမအဆင့်ရှိသော ကျန်းစုရန်ကိုပင်ချေမှုန်းခဲ့သည်မှာ သူ၏ တန်ခိုးစွမ်းအားအပေါ် အခြေခံပြီး လုပ်ဆောင်ရမည် ဖြစ်၏။

ထူးကဲယန်ည်းတံဆိပ် သို့မဟုတ် အမတမှော်ဝင်ပစ္စည်းကဲ့သို့ ရတနာပစ္စည်းများ၏စွမ်းအားကို အသုံးပြုခဲ့လျှင်ပင် ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားနှင့်ပတ်သက်ပြီး ငြင်းချက်ထုတ်ရန် မဖြစ်နိုင်ပေ။

လက်ရှိတွင် ရန်ကျောက်ကဲက နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သာ ရှိသေးသည်။

ဓားရှည်ကိုင်ဆောင်ထားသော (၃)နှစ်သားအရွယ်ကလေးသည် အခြားသူများကို မထိခိုက်စေမီ မိမိကိုယ်ကိုယ် အရင်ဆုံးထိခိုက်စေနိုင်သည်ဟု လူအများက ပြောကြသည်။

သို့ဖြစ်ရာ မည်သို့ပင် စွမ်းအားမြင့်မားသော ရတနာပစ္စည်းများကို ကိုင်ဆောင်ထားပါစေ ကိုယ်တိုင်က အားနည်းနေပါက ထိုပစ္စည်းများ၏ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်ပြသနိုင်မည် မဟုတ်ပေ။

တစ်ချိန်က ကျူတောပင်လယ်ဒေသတွင် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရှန်လင်ကျီကို ရန်ကျောက်ကဲ လိုက်လံသတ်ဖြတ်ခဲ့ဖူးသည်။

ဤကိစ္စကို အရှေ့တောင်ဓားနတ်မယ်နှင့် အရှေ့တောင်ပိုင်းမှ အခြားသောသိုင်းကျင့်ကြံသူများ သိရှိခဲ့ကြသည်ပင်။

ထိုအချိန်မှစတင်ပြီး ဤလူငယ် မည်မျှထူးခြားကြောင်း သူတို့သဘောပေါက်ခဲ့ကြသည်။

သို့တိုင် ဖြစ်ရပ်တစ်ခုနှင့်တစ်ခုက လုံးဝမတူကွဲပြားသောအရာများသာ ဖြစ်ကြသည်။

ရန်ကျောက်ကဲက သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် သူ့ကိုဝိုင်းဝန်းတိုက်ခိုက်သည့် အမတကူးပြောင်းခြင်းအဆင့် သိုင်းကျင့်ကြံသူအုပင်စုကို အနိုင်ယူခဲ့သည်။

ထို့နောက် မြစ်ဝါကိုးကွေ့အစီအရင်စွမ်းအားဖြင့် ချင်ရှုကျီအပါအဝင် အမတကူးပြောင်းခြင်း ‌နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် (၃)ဦးကို သတ်ဖြတ်ခဲ့သည်။

ဤသို့သော် တိုက်ပွဲအောင်မြင်မှုမျိုးက အမှန်တကယ်ပင် လူတိုင်းကို ဆံ့အကျန်ရစ်စေသည့် အောင်မြင်မှုမျိုးဖြစ်သည်။

ရန်ကျောက်ကဲကို “သက်ရှိဒဏ္ဍာရီ” ဟု ပြောရန်မှလွဲပြီး အခြားနည်းလမ်း မရှိပေ။

ထိုစဉ်...

ကျင့်ကြံသူတစ်ယောက်က မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းမရှိဘဲ ရေရွတ်ပြောဆိုလိုက်သည်။

“ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား...”

All Chapters