ကမ္ဘာကိုတုန်လှုပ်စေသူ
Vol. 71 Ch. 997
အခန်း (၉၉၇) ကမ္ဘာကိုတုန်လှုပ်စေသူ
‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ဆိုသည့်အဓိပ္ပါယ်မှာ ကောင်းကင်ဘုံရှိနတ်ဘုရားများ လူ့ဘုံလောက်သို့ ဆင်းသက်ကာ လာရောက်နေထိုင်သည်ဟု ဆိုလိုသည်။
ကောင်းကင်ဘုံမှနတ်ဘုရားတစ်ပါးဆင်းသက်လာသကဲ့သို့ ထူးခြားသောအရည်အချင်းများနှင့်ပြည့်စုံသည့် ကျင့်ကြံသူတစ်ယောက်ကိုလည်း ထိုသို့ပင် ခေါ်ဆိုကြသည်။
မဟာကပ်ဘေးကြီးမတိုင်မီ သို့မဟုတ် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်းအချိန်ကာလများတွင် ဤသို့သော ဂုဏ်ပုဒ်က နတ်ဘုရားတံခါးကို မဖွင့်လှစ်ရသေးသော ပါရမီရှင်တစ်ယောက်အတွင် အမြင့်ဆုံးဂုဏ်ပုဒ် ဖြစ်သည်။
ကျင်းထင်တောင်မှ သိုင်းသမား ဤအမည်ကို ထုတ်ဖော်ရေရွတ်လိုက်မိသည်မှာ သူ့ရင်ထဲမှ ခံစားချက်ကိုမကျော်လွန်နိုင်ဘဲ ပြုလုပ်လိုက်မိခြင်း ဖြစ်သည်။
ထိုစကားပြောပြီးသည်နှင့် သူက နည်းနည်းတော့ ချဲ့ကားလိုက်မိပြီဟု ခံစားလိုက်ရသည်။
သို့သော် ပတ်ဝန်းကျင်မှလူများက ခေါင်းညိတ်လျှက် သူ့စကားကိုထောက်ခံနေကြကြောင်း တွေ့လိုက်ရ၏။
သူတို့အားလုံး အချင်းချင်း တုန်လှုပ်စွာကြည့်နေမိကြသော်လည်း မကြာမီ ပြန်လည်တည်ငြိမ်သွားကြသည်။
သူတို့အရှေ့မှာလူငယ်လေးက ‘ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရား’ ဟု ခေါ်ဆိုရန်မထိုက်တန်သည်ဆိုဦးတော့ သူ၏ တန်ခိုးစွမ်းအားနှင့်အရည်အချင်းက တခြားမည်သူမှ မယှဉ်နိုင်သည့်အနေအထားတွင် ရှိသည်။
အရှေ့တောင်ဓားနတ်မယ်က ခဏမျှတိတ်ဆိတ်နေပြီးမှ ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။
“’ရန်’ သခင်လေးက ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ထိုက်တန်ပါတယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“ဓာနတ်မယ်က ချီးကျူးလွန်းနေပါပြီ ၊ အားလုံးလည်း ချီးကျူးလွန်းနေပါပြီ”
ထို့နောက် သူက စကားလမ်းကြောင်းပြောင်းလိုက်သည်။
“နောက်ပိုင်း ဒီနေရာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတာ စဉ်းစားဖို့လိုတယ်”
အရှေ့တောင်ဓားနတ်မယ်က ခေါင်းတစ်ချက်ခါယမ်းလျှက် သက်ပြင်းချရင်း...
“ငြိမ်းချမ်းရေးတောင်တန်းဒေသကို ဘယ်လိုလုပ်မလဲဆိုတာကိုတော့ မပြောနဲ့ဦး ၊ ဒီ စက်ဝန်းတောင်အတွက်တော့ တောင်ပိုင်းထိပ်တန်းအရှင်သခင်ပြန်မလာသေးဘူးဆိုရင် ဝူထုန်တောင်စောင်းက ဒီနေရာကို ပြန်ပြီးသိမ်းပိုက်နိုင်မှာ မဟုတ်သေးဘူး”
မင်းဆက်မြစ်က ဤနေရာတွင်တည်ရှိနေပြီး လမ်းကြောင်းက ပြေငာ်းလဲသွားမည်မဟုတ်ပေ။ ဤမြစ်က စက်ဝန်းတောင်တန်းဒေသကို ဖြတ်သန်းစီးဆင်းနေဦးမည်သာ ဖြစ်သည်။
ဤနေရာတွင် မင်းဆက်မြစ်စီးဆင်းနေသရွေ့ ရန်ကျောက်ကဲ စခန်းချမနေဘူးဆိုလျှင်တောင်မှ ဝူထုန်တောင်စောင်းမှလူများအနေဖြင့် ဤနေရာကို ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။
တောင်ပိုင်းထိပ်တန်းအရှင်သခင် ပြန်မလာသေးသရွေ့ ဤနေရာကိုသိမ်းပိုက်ရန်ကြိုးစားပါက အချည်းနှီးဖြစ်ပေလိမ့်မည်။
ရန်ကျာက်ကဲ စိတ်ကောင်းဝင်၍ဖြစ်စေ ၊ မကောင်းသောစိတ်ရှိ၍ဖြစ်စေ တစ်နေတွင် ဤနေရာသို့ရောက်လာပြီး ချက်ချင်းပင် ရေလွှမ်းမိုးမှုဖြစ်ပွားစေပြီး နောက်ထပ်ရန်သူများကို သုတ်သင်ပစ်နိုင်သည်။
ယနေ့တိုက်ပွဲပြီးဆုံးသည့်နောက် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အရှေ့ဘက်နယ်စပ်သည် ဝူထုန်တောင်စောင်း၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေတော့ပေ။
ဝူထုန်တောင်စောင်းကို ပိုပြီးစိတ်ညစ်စေသည့် ကိစ္စတစ်ခုလည်း ရှိနေသည်။
မင်းဆက်မြစ် မြစ်ဖျားခံရာနေရာက စက်ဝန်းတောင်တန်းဒေသတွင်မဟုတ်ဘဲ အလယ်ပိုင်း ကျွင်းထျန်းကောင်းကင်ပြည်နယ်တွင် ဖြစ်နေခြင်းပင်။
ဤမြစ်က အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်မှ စတင်ပြီး တဟုန်ထိုးစီးဆင်းကာ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသ နယ်နိမိတ်အများအပြားကို ဖြတ်သန်းစီးဆင်းသွားသည်။
စက်ဝန်းတောင်သည်လည်း မင်းဆက်မြစ်ဖြတ်သန်းစီးဆင်းသွားရာနေရာတစ်ခုသာလျှင် ဖြစ်သည်။
မင်းဆက်မြစ်စီးဆင်းရာနေရာသည် မြောက်ပိုင်းတွင်လည်း နေရာများစွာရှိပြီး တောင်ပိုင်းတွင်လည်း နေရာများစွာ ရှိသည်။
သို့သော် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က စက်ဝန်းတောင်တန်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့်တိုင် သဘာဝအတားအဆီးများကြောင့် မင်းဆက်မြစ်က အရှေ့တောင်ပိုင်းသို့ စီးဆင်းဝင်ရောက်ခြင်း မရှိပေ။
သို့ဖြစ်ရာ စက်ဝန်းတောင်တန်းဒေသတွင် စီးဆင်းနေသည့် မင်းဆက်မြစ်ကြောင့်သာ ရန်ကျောက်ကဲ၏ ခြိမ်းခြောက်မှုကိ ရင်ဆိုင်ကြရခြင်း ဖြစ်၏။
တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်၏ အရှေ့ပိုင်းဒေသတစ်ခုလုံးမှတစ်ဆင့် တောင်ဘက်သို့စီးဆင်းသွားသော မင်းဆက်မြစ်ကြောင်းတစ်လျှောက် ဒေသများအားလုံးကို ဝူထုန်တောင်စောင်းမှလူများအနေဖြင့် ကောင်းစွာ ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။
သို့တိုင် ရန်ကျောက်ကဲအနေဖြင့် ဤဒေသတစ်လျှောက်လုံးအား သူ၏စွမ်းအားတစ်ခုတည်းဖြင့် ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။
သူ၏လက်ရှိကျင့်ကြံခြင်းဖြင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ရှိ မင်းဆက်မြစ်ရေ၏ ရေပြင်သွေးကြောအားလုံးကို အသုံးပြုပြီး မြစ်ဝါကိုးကွေ့အစီအရင်တည်ဆောက်ရန် မဖြစ်နိုင်ပေ။
သို့ပေသိ ဤဒေသတစ်လျှောက်မှ တောင်ပိုင်းသိုင်းသမားများ မတည်မငြိမ် လှုပ်ရှားမှုများ မပြုလုပ်စေရန်အတွက် ရန်ကျောက်ကဲ ခရီးတစ်ခေါက်ထွက်ပြီး ထိန်းချုပ်လိုက်ရန်သာ လိုအပ်သည်။
စက်ဝန်းတောင်တန်းဒေသနှင့် အလှမ်းဝေးသောဒေသများတွင် ရန်ကျောက်ကဲ၏စွမ်းအား မည်မျှကြီးမားကြောင်းကို ပြောရန်ခက်ခဲမည် ဖြစ်သည်။
သို့သော် စက်ဝန်းတောင်တန်းဒေသတွင် ချင်ရှုကျီတို့ (၃)ယောက်ကို သတ်ဖြတ်လိုက်ခြင်းက ရန်ကျောက်ကဲ၏ သြဇာလွှမ်းမိုးမှုကို အပြည့်အဝ သက်သေထူနိုင်ခဲ့သည်။
အချိန်တိုင်းသတိထားနေသူများသည်ပင် ရန်ကျောက်ကဲနှင့်ရင်ဆိုင်ရပါက သတိရှိခြင်းက အသုံးဝင်မည် မဟုတ်ပေ။
အရှေ့တောင်ဓားနတ်မယ်က ရိုးရှင်းစွာပင်ဆိုသည်။
“ဒီနေရာက မင်းသိမ်းပိုက်ထားတဲ့နေရာပဲ ၊ မင်းနဲ့ ဝါဒတောင်ကပဲ ဒါကို ကိုင်တွယ်ဖြေရှင်းလိုက်ပါ”
ဤနေရာမှ ဒေသခံ တောင်ပိုင်းစစ်သည်များအားလုံးကို သတ်ဖြတ်ရန် မလိုအပ်ပေ။
ကြီးမားသောခြိမ်းခြောက်မှုတစ်ခုနှင့်ရင်ဆိုင်ရပြီး ဝူထုန်တောင်စောင်းမှလူများအကူအညီမပေးနိုင်ပါက ဤနေရာတစ်ဝိုက်မှ ဒေသခံကျင့်ကြံသူများသည် သူတို့ကို အမှန်တကယ်ထိန်းချုပ်နိုင်သူနှင့်သာ ပူးပေါင်းရန် သဘာဝအတိုင်း ရွေးချယ်ပေမည်။
အရှေ့တောင်ပိုင်းမှ ကျင့်ကြံသူများ ဝင်ရောက်လာမည်လားဆိုသည်ကတော့ တခြားကိစ္စသာပင်။
“ဒီ ‘ရန်’ က တစ်နေရာတည်းမှာ အချိန်အကြာကြီး မနေနိုင်ဘူးလေ ၊ ပြီးတော့ ကျွန်တော်တို့ဝါဒတောင်ကလည်း မကြာခင်ကမှ အထက်ဘုံကမ္ဘာမှာ အခြေတည်စပဲရှိသေးတာ”
ရန်ကျောက်ကဲက ပြုံးရင်းဆိုသည်။
“ဒါကြောင့် ဒီဒေသရဲ့ ကိစ္စတွေအတွက် ဓားနတ်မယ်နဲ့ ကျင်းထင်တောင်က အကြီးအကဲတွေ ဆုံးဖြတ်ဖြတ်ချက်ချဖို့ လိုပါတယ်”
ရန်ကျောက်ကဲ ဤသို့ပြောလိုက်သည့်တိုင် ကျင်းထင်တောင်က မည်သို့သော ဆုံးဖြတ်ချက်မျိုးချမှတ်ပါစေ ဝါဒတောင်ကို လျစ်လျူရှုနိုင်မည် မဟုတ်ပေ။
အချိန်ကျသည့်အခါ သို့မဟုတ် လိုအပ်သည်ဟု ခံစားရသည့်အခါ ဝါဒတောင်က စက်ဝန်းတောင်ကို အချိန်မရွေးသိမ်းပိုက်မည်သာ ဖြစ်သည်။
လက်ရှိအချိန်မှာတော့ အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်က စက်ဝန်းတောင်တန်းဒေသ ၊ ငြိမ်းချမ်းရေးတောင်တန်းဒေသနှင့် အခြားနေရာများကို နက်ရှိုင်းစွာ ခြေကုပ်ယူထားနိုင်ပြီ ဖြစ်သည်။
အရှေ့တောင်ဓားနတ်မယ်က ရန်ကျောက်ကဲကိုကြည့်လျှက် ဖြည်းညင်းစွာခေါင်းညိတ်ရင်း...
“မင်းချထားတဲ့အခြေခံအုတ်မြစ်နဲ့ဆိုရင် နောက်ပိုင်းကိစ္စတွေက ပိုပြီးလွယ်ကူလာပါလိမ့်မယ်”
ကျန်းစုရန် ၊ ဖန်ဟယ်နှင့် ယွမ်ရှန်းချန်တို့ အတူတကွသေဆုံးသွားခဲ့ခြင်းက ဝူထုတ်တောင်စောင်း၏အင်အားကို ပြင်းထန်စွာ ပျက်ဆီးသွားစေသည်။
လက်ရှိတွင် တောင်ပိုင်းထိပ်တန်းအရှင်သခင်သည်လည်း အဝေးသို့ရောက်နေသည်ဖြစ်ရာ ဝူထုန်တောင်စောင်းအတွက်တော့ ကပ်ဘေးကျရောက်သည့်အလားပင် ဖြစ်သည်။
အရှေ့တောင်ပိုင်းမှ သိုင်းကျင့်ကြံသူများက တောင်ပိုင်းကို သေချာပေါက်ဖိနှိပ်နိုင်ခဲ့ပြီး နောက်ပိုင်းအချိန်များတွင်လည်း ရိုက်ချက်ကောင်းကောင်းပေးနိုင်မည် ဖြစ်သည်။
ရန်ကျောက်ကဲတစ်ယောက်တည်းဖြင့် ပြည်နယ် (၂)ခုကြားရှိ အာဏာချိန်ခွင်လျှာ ဟန်ချက်ညီမှုကို ဆုံးရှုံးသွားစေခဲ့သည် မဟုတ်ပါလား။
ရန်ကျောက်ကဲက ပြုံးရင်း...
“ဒီလိုဆိုမှတော့... ဒီ’ရန်’ က အရှေ့တောင်ပိုင်းကို အရင်ဆုံးပြန်လိုက်ဦးမယ် ၊ အိမ်မပြန်ရတာအတော်ကြာနေပြီလေ”
ထိုစကားကြားတော့ ဓားနတ်မယ်နှင့်အခြားသူများ ပြုံးလိုက်ကြသည်။
ရန်ကျောက်ကဲ၏ မူလရည်ရွယ်ချက်မှာလည်း ဝါဒတောင်သို့ပြန်ရန်သာ မဟုတ်ပါလား။
သို့ပေသိ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ အိမ်အပြန်ခရီးက အလွန်ကြမ်းတမ်းသဖြင့် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တစ်ဝက်ခန့်ကို ပြိုကျပျက်ဆီးစေခဲ့သည်။
အရှေ့တောင်ဓားနတ်မယ်နှင့် အခြားသူများကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသသို့ တန်းပြန်လာခဲ့သည်။
ထိုအချိန်မှစပြီး...
“ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရား” ဆိုသော ရန်ကျောက်ကဲ၏အမည်သစ်က တောမီးပမာ ပျံ့နှံ့သွားခဲ့သည်။
ဤနာမည်ကိုစတင်ပြောဆိုလိုက်သူက အရှေ့တောင်ထိပ်တန်းအရှင်သခင်၏တပည့်ဖြစ်သော ကျင်းထင်တောင်မှ သိုင်းသမားတစ်ယောက်ဖြစ်သည်။
သို့သော် ကျင်းထင်တောင်မှ ဝါရင့်အကြီးအကဲ အရှေ့တောင်ဓားနတ်မယ်က အတည်ပြုပေးလိုက်သည့်အခါမှာတော့ ဤအမည်က တစ်လောကလုံးသို့ လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်သာမက အထက်ဘုံကမ္ဘာတစ်ခုလုံးသို့ နာမည်က ပျံ့နှံ့သွားခဲ့သည်ပင်။
အရှေ့တောင်ပိုင်းနှင့်ကပ်လျှက်ဖြစ်သော တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်က ရန်ကျောက်ကဲနှင့်ပတ်သက်ပြီး တုံ့ပြန်မှု အပြင်းထန်ဆုံး ဖြစ်သည်။
ထိုသို့ဖြင့် နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်က တောင်ပိုင်းတစ်ခွင်လုံး၏ နံပါတ် (၁)ဘုံရန်သူ ဖြစ်လာခဲ့သည်။
သို့ဖြစ်ရာ ‘ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရား’ ဆိုသော ရန်ကျောက်ကဲ၏အမည် ပျံ့နှံ့သွားသည့်အခါ တောင်ပိုင်းမှသိုင်းသမားများမှာ အံကြိတ်ရုံသာတတ်နိုင်ပြီး တုံ့ပြန်စကားမဆိုနိုင်ခဲ့ကြပေ။
တောင်ပိုင်းထိပ်တန်းအရှင်သခင် ဤနေရာတွင် မရှိသော်လည်း တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်တွင် သြဇာကြီးမားသူများစွာ ရှိနေသေးသည်။
သို့သော် နတ်ဘုရားသိမြင်ခြင်းအဆင့် လူငယ်လေးတစ်ယောက်က တောင်ပိုင်းသို့ခရီးထွက်လာပြီး မိုင်ပေါင်းရာနှင့်ချီသည့်လမ်းတစ်လျှောက် တိုက်ပွဲဆင်နွှဲကာ အရှေ့တောင်ပိုင်းသို့ပြန်သွားသည်ကို မည်သူမှ မရပ်တန့်နိုင်ခဲ့ကြပေ။
ဟောက်လင်တောင်တိုက်ပွဲတွင် ဟောက်လင်တောင်သခင် တာအိုဆရာတုန်းချွမ်နှင့် ခရမ်းရောင်ဓားသမား ကျောက်ကျန်တို့ သေဆုံးခဲ့ရပြီး ဝူထုန်တောင်စောင်းမှ ပထမအဆင့်ဆက်ခံသူ ဇာမဏီမျက်လုံး ‘ယွမ်ရှန်းချန်’ သည်လည်း နိဗ္ဗာနမီးတောက်မှ (၂)ကြိမ်တိတိ ပြန်လည်မွေးဖွားခဲ့ရသည်။
သိုင်းသူတော်စင်နဝမအဆင့်ရှိသော ဘဏ္ဍာတော်ထိန်းတောင်ထိပ်မှ ကျန်းစုရန်ကိုလည်း ရန်ကျောက်ကဲကပင် အနိုင်ယူခဲ့ပြီး ဟောက်လင်တောင်ကို ခြေတစ်ချက်ဆောင့်နင်းကာ ဖျက်ဆီးပစ်ခဲ့သည်။
ထိုအချိန်တွင် ဟောက်လင်တောင်ပေါ်တွင် တောင်ပိုင်းမှကျင့်ကြံသူများ ရာနှင့်ချီပြီးရှိသော်လည်း မည်သူမှ ရန်ကျောက်ကဲကို စိန်ခေါ်ဝံ့ခြင်း မရှိကြပေ။ သူတို့အားလုံး ထိတ်လန့်တခြားဖြင့်သာ ထွက်ပြေးခဲ့ကြရသည်။
ထို့နောက်မှာတော့ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည့် ချန်းဧကရာဇ် (ချင်းယွမ်ဧကရာဇ်) ၏ အကြီးဆုံးတပည့် ချင်ရှုကျီ ၊ ဝူထုန်တောင်စောင်းမှ မီးတောက်ဘုရင် ဖန်ဟယ်နှင့် ဘဏ္ဍာတော်ထိန်းတောင်ထိပ်မှ ကျန်းစုရန်တို့ (၃)ဦးလုံး စက်ဝန်းတောင်တန်းတွင် ရန်ကျောက်ကဲအားနှိမ်နင်းရန် စုရုံးခဲ့ကြသည်။
ထိုသူများအပြင် အမတကူးပြောင်းခြင်း အလယ်ဆင့်ရှိသော ယွမ်ရှန်းချန်နှင့် တာအိုဆရာချန်းလန်တို့အပြင် ဝူထုန်တောင်စောင်းမှ ကျင့်ကြံသူများစွာတို့လည်း ပါဝင်ခဲ့ကြ၏။
သို့သော် နောက်ဆုံးမှာတော့ အထက်ဘုံကမ္ဘာတွင် ဒဏ္ဍာရီအဖြစ်သာတည်ရှိသော မြစ်ဝါကိုးကွေ့အစီအရင်က ပြန်လည်ထွက်ပေါ်လာခဲ့သည်။
ရန်ကျောက်ကဲသည် စက်ဝန်းတောင်တန်းဒေသတွင် ချင်ရှုကျီအပါအဝင် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် သိုင်းသူတော်စင် (၃)ယောက်ကို မြှုပ်နှံရန်အတွက် မြစ်ဝါကိုးကွေ့အစီအရင်ကို တည်ဆောက်ခဲ့သည်။
ဤနှစ်ပိုင်းအတွင်း အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် ဤမျှစွမ်းအားကြီးမားသူ (၃)ယောက် တပြိုင်တည်းအသက်ပျောက်သွားစေသည့် တိုက်ပွဲတစ်ခုဆိုသည်က အလွန်တရာ ရှားပါးလှ၏။
သို့သော် သူတို့အားလုံးမှာ နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်၏လက်ချက်ဖြင့် သေဆုံးသွားကြရသည်။
ဟောက်လင်တောင်တိုက်ပွဲနှင့် စက်ဝန်းတောင်တန်းတိုက်ပွဲ (၂)ခုက အထက်ဘုံကမ္ဘာတစ်ခုလုံးအား အမှန်တကယ်ပင် တုန်လှုပ်စေခဲ့လေသည်။