နေဝန်းထက်ယံသခင်လေးမှသည်ကောင်းကင်ဘုံမှဆင်းသက်လာသည့်နတ်ဘုရား
Vol. 71 Ch. 998
အခန်း (၉၉၈) နေဝန်းထက်ယံသခင်လေးမှသည်ကောင်းကင်ဘုံမှဆင်းသက်လာသည့်နတ်ဘုရား
အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ မြောက်ဖေးတောင်ထွတ်။
ကြာပန်းနီကမ်းပါးထက်တွင်ရှိနေသည့် ကျောက်ဂူအိမ်တော်အတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
မြေပြင်ထက်တွင် အလွန်တရာကြီးမားသော ပါးကွကားချပ်ကြီးက မရပ်မနားလှည့်ပတ်နေပြီး အလယ်ဗဟိုတွင် ထိုက်ကျိကားချပ် တည်ရှိနေသည်။
ထိုက်ကျိကားချပ်ထက်တွင် မိန်းကလေးတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်။ သူမက အနီရောင်ဝတ်စုံနှင့် အဖြူရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး ငွေရောင်သားမွေးဝတ်ရုံကို ပခုံးထက်တွင်လွှမ်းခြုံထားသည်။
သူမ၏အလှတရားက လူတစ်ယောက် မူးမေ့လဲကျသွားလုမတတ် ဖြစ်လေသည်။
သူမကအခြားသူမဟုတ် ၊ ပိုးသားဧကရာဇ်၏ တစ်ဦးတည်းသောသမီးတော် ကြာပန်းနီဒေတီ ‘ဖုထင်’ ဖြစ်သည်။
သူမသည် ထိုက်ကျိကားချပ်နှင့် ပါးကွကားချပ် အစီအရင်ထဲတွင် တိတ်ဆိတ်စွာထိုင်နေပြီး ပါးကွကားချပ်အပြင်ဘက်မှာတော့ လူရွယ်တစ်ယောက် မတ်တတ်ရပ်လျှက် ရှိသည်။
“ကျင်းထင်တောင်က ကျန်းယွင်ယင်းကိုယ်တိုင် ပြောတဲ့စကားတွေက မှားမယ်မထင်ဘူး”
ထိုလူရွယ်က ခေါင်းတစ်ချက်ခါယမ်းရင်း...
“ပြီးတော့ ကျန်းယွင်ယင်းက အပိုတွေချဲ့ကားပြောတတ်တဲ့သူမျိုးလည်း မဟုတ်ဘူးလေ”
ကျန်းယွင်ယင်းဆိုသည်က အရှေ့တောင်ဓားနတ်မယ်၏ အမည်ရင်းဖြစ်သည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် သူမကို ဓားနတ်မယ်ဟုသာသိကြသဖြင့် နာမည်အရင်းကို သိရှိသူနည်းပါးသည်။
ဤစကားကြားတော့ ဖုထင်ကပြုံးရင်း...
“’ရန်’ သခင်လေး ရန်ကျောက်ကဲဆိုရင်တော့ ဒီလိုအစွမ်းအစရှိမယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ် ၊ ရန်’ သခင်လေးက ကျွန်မထက်သာတယ်လို့ အရင်တုန်းက ဆရာဦးလေးနဲ့ တခြားသူတွေကို ကျွန်မ ပြောခဲ့တယ်လေ ၊ အဲဒါက ကျွန်မက တမင်သက်သက် ကိုယ့်ကိုယ်ကိုယ်နှိမ့်ချပြီးပြောတာ မဟုတ်ပါဘူး”
လူရွယ်က သက်ပြင်းချရင်း...
“ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ ... ချင်ရှုကျီ အသတ်ခံရမယ်လို့ မျှော်လင့်မထားမိဘူး”
“’ရန်’သခင်လေးနဲ့ အကြီးအကဲ’ကျန်းယွင်ယင်း’ သာအသိမပေးဘူးဆိုရင် ချင်ရှုကျီက လူသားအထွတ်ထိပ်အဆင့်တောင် မရောက်သေးဘူး မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းကို ကျင့်ကြံနိုင်နေမည်လို့ ငါတို့လည်း မျှော်လင့်ထားမှာ မဟုတ်ဘူး”
ဖုထင်က...
“ချင်ရှုကျီက ချင်းယွမ်ဧကရာဇ်ထက်တောင် သာလွန်သွားနိုင်တယ်လို့ လူတွေပြောနေကြတာ... အဲဒါ အမှန်ဖြစ်ပုံရတယ်”
လူရွယ်က ခေါင်းကိုဖြည်းညင်းစွာခါယမ်းရင်း...
“ဒါက တကယ်မဖြစ်နိုင်ပါဘူး ၊ ချင်းယွမ်ဧကရာဇ်ဆိုတာကလည်း သူ့ကိုယ်သူ နက်နက်နဲနဲ လျှို့ဝှက်ဖုံးကွယ်ထားတဲ့သူ တစ်ယောက်ပဲလေ”
သူက ဆက်ပြောသည်။
“လူသားအထွတ်ထိပ်အဆင့်ကိုရောက်မှ မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းကို ကျင့်ကြံနိုင်တယ်လို့ လူအများသိထားကြပေမယ့် ဒီကိစ္စ မှန်လား မမှန်ဘူလားဆိုတာ သူကိုယ်တိုင်မှပဲ သိနိုင်မှာပေါ့”
“လူသားအထွတ်ထိပ်အဆင့်ရောက်မှ မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းကို ထုတ်ဖော်ပြတာလည်း ဖြစ်နိုင်တယ် ၊ တကယ်တော့ အစောကြီးကတည်းက ကျင့်ကြံထားပြီး ဘယ်သူမှမသိအောင် ဖုံးကွယ်ထားတာမျိုးလည်း ဖြစ်နိုင်တာပဲ မဟုတ်လား”
ဤစကားကြားတော့ ဖုထင်က လေးလေးနက်နက်ခေါင်းညိတ်လိုက်သည်။
“ဆရာဦးလေးပြောတာမှန််တယ် ၊ အခုတိုက်ပွဲမှာ ချင်ရှုကျီက ‘ရန်’ သခင်လေးနဲ့သူသေကိုယ်သေသာ မတိုက်ရဘူးဆိုရင် မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းကို သူတတ်မြောက်တယ်ဆိုတာကို ဘယ်သူမှသိမှာမဟုတ်ဘူး”
ဟုတ်ပေ၏။
ပိုးသားဧကရာဇ်၏ သမီးတော်အနေဖြင့် ဖုထင်သည် ဧကရာဇ်များ ၊ နတ်ဘုရားများ၏ တန်ခိုးစွမ်းအားများကို လေးနက်စွာ နားလည်သဘောပေါက်သူ ဖြစ်သည်။
လူရွယ်က ချီးကျူးဟန်ဖြင့်...
“’ရန်’ သခင်လေးကို အရင်တုန်းက ‘နေဝန်းထက်ယံသခင်လေး’ လို့ အရှေ့တောင်ပိုင်းက လူအတော်များများက ခေါ်ကြတယ်မဟုတ်လား ၊ ဒါပေမဲ့ အခုတော့ သူ့ကို ‘ကောင်းကင်ဘုံကဆင်းလာတဲ့နတ်ဘုရား’ လို့ ခေါ်နေကြပြီ”
ရန်ကျောက်ကဲက အရင်ကတည်းကပင် နာမည်ကျော်ကြားခဲ့သော်လည်း သူ၏အရည်အချင်းကို အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ကသာ အမှန်တကယ် အာရုံစိုက်မိကြသည်။
ထိုလူများက သူ့ကို ‘နေဝန်းထက်ယံသခင်လေး’ ဟု ခေါ်ဆိုခဲ့ကြသည်။
ဤနာမည်ရရှိခဲ့ခြင်းအကြောင်းရင်းတစ်ဝက်မှာ ရန်ကျောက်ကဲထံတါင် ထူးကဲယန်စည်းတံဆိပ်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်၏။
ရန်ကျောက်ကဲကိုယ်တိုင်ကတော့ လူအများစုက သူ့ကိုရိုးရှင်းစွာပင် ‘စောင့်ကြည့်နေကြသည်’ ဆိုသော သဘောထားကို ရိုးရှင်းစွာပင် လက်ခံကျင့်သုံးခဲ့သည်။
ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့်မြင့်မားလာပြီး ကျင့်ကြံခြင်းအခြေခံ ကြီးထွားလာသည်နှင့်အမျှ အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်လုနီးပါးအချိန်မှာပင် ‘နေဝန်းထက်ယံအရှင်သခင်’ ၏ အဆက်အနွယ်မဟုတ်သည့်တိုင် သူ့ကို နေဝန်းထက်ယံသခင်လေးဟု တွင်တွင်ကျယ်ကျယ် ခေါ်ဆိုနေကြဆဲ ဖြစ်သည်။
သို့သော် ရန်ကျောက်ကဲ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ပြီး ဟောက်လင်တောင်နှင့် စက်ဝန်းတောင်တန်းဒေသမှ သိုင်းသမားများကို အနိုင်ယူခဲ့ပြီးသည့်နောက် သူ့ကို ‘နေဝန်းထက်ယံသခင်လေး’ ဟု ခေါ်ဆိုမှု လျော့နည်းလာခဲ့သည်။
သူ့ကိုခေါ်ဆိုသည့် နာမည်တစ်ခုသာလျှင် ရှိတာ့သည်။
‘ကောင်းကင်ဘုံမှဆင်းသက်လာသည့်နတ်ဘုရား’ ရန်ကျောက်ကဲ။
“အဲဒါပြောတာပေါ့...”
ဖုထင်၏နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။
ပြီးမှ သူမက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...
“ဒါပေမဲ့ ‘ရန်’ သခင်လေးက သူ့ကိုယ်သူ ‘နေဝန်းထက်ယံအရှင်သခင်’ ရဲ့ အဆက်အနွယ်လို့ တစ်ခါမှ မပြောဖူးပါဘူး ၊ သူက ကံကောင်းပြီး ထူးကဲယန်စည်းတံဆိပ်ကိုရရှိခဲ့တာလို့ပဲ ပြောခဲ့ဖူးတာ”
ထိုစကားကြားတော့ လူရွယ်က ပြုံးလိုက်ရင်း...
“ဒီကောင်လေးက မာနကြီးလောက်စရာ အရည်အချင်းလည်း အမှန်တကယ် ရှိပါတယ်လေ”
ဖုထင် ပြုံးလိုက်သည်။
သို့သော် ရုတ်တရက် သူ့အပြုံးက လမ်းတစ်ဝက်တွင် ရပ်တန့်သွားသည်။
လက်ရှိ သူမ တင်ပျဉ်ခွေထိုင်နေသည့် ပါးကွကားချပ်နှင် ထိုက်ကျိကားချပ်ကို ငုံ့ကြည့်လိုက်သည်။
သူမရှေ့မှ ဆရာဦးလေးကတော့ သူမအနေဖြင့် သီးသန့်ကျင့်ကြံရန်အတွက် ပိုးသားဧကရာဇ်က ဤအစီအရင်ကို ပြင်ဆင်ထားပေးသည်ဟု ယုံကြည်ထားပြီး အကြောင်းရင်းမှန်ကို မသိရှိခဲ့ပေ။
သို့သော် ဖုထင်ကတော့ ဤအစီအရင်၏ အရေးပါမှုကို နားလည်သည်။
သူမနှင့် ရန်ကျောက်ကဲ ပြင်ပဗလာနယ်ထဲသို့ရောက်ရှိသွားပြီး အမတခုံရုံးနယ်မြေသို့ ရောက်ရှိသွားကာ အတိုင်းအဆမဲ့ကေင်းကင်ဘုံအရှင် ‘ဝူလျန့်ထျန်းကျွင်း’ တည်ရှိမှုအကြောင်း သိခဲ့ရဖူးသည်။
ရန်ကျောက်ကဲက ယိုးမင်ဂမ္ဘီရပညာ (၁၂)ရပ်ကို ကျင့်ကြံထားပြီး ပရမ်းပတာတန်ခိုးစွမ်းအား သဘောတရားကို နားလည်သဖြင့် မူမမှန်မှုတစ်စုံတစ်ရာ မခံစားရကြောင်း အခိုင်အမာဆိုခဲ့သည်။
သို့သော် ထိုစကားကိုကြားချိန် ဖခင်ဖြစ်သူ၏လေးနက်သောမျက်နှာအမူအရာကို သတိထားမိတော့ ဖုထင်အနေဖြင့် တစ်စုံတစ်ခုကို သံသယဝင်သွားမိ၏။
***
အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ်နှင့် အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် နယ်ခြားဒေသတွင် မြူခိုးသစ်ရွက်တောင်ဟုလူသိများသော တောင်တစ်တောင်ရှိသည်။
မြူခိုးသစ်ရွက်တောင်၏ အရှေ့ဘက်တောအုပ်ထဲတွင် လှုပ်ရှားနေသည့်သိုင်းဂိုဏ်းတစ်ခုရှိပြီး သန့်စင်ပန်းပွင့်ဂိုဏ်းဟု ခေါ်ဆို၏။
သန့်စင်ပန်းပွင်ဂိုဏ်းက အထက်ဘုံကမ္ဘာမှသိုင်းဂိုဏ်းတစ်ခုမဟုတ်ဘဲ အောက်ဘုံကမ္ဘာမှမြစ်ဖျားခံလာသော သိုင်းဂိုဏ်းတစ်ခု ဖြစ်သည်။
အောက်ဘုံကမ္ဘာမှ သိုင်းကျင့်ကြံသူတစ်ယောက် နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်ပြီး အထက်ဘုံကမ္ဘာသို့ရောက်ရှိလာကာ မြူခိုးသစ်ရွက်တောင်တွင် အခြေချနေထိုင်ခဲ့သည်။
နှစ်ပေါင်းများစွာကြာပြီးသည့်နောက် မြူခိုးသစ်ရွက်တောင်တန်း အရှေ့ဘက်တောအုပ်တွင် သိုင်းဂိုဏ်းတစ်ခု တည်ထောင်နိုင်ခဲ့သည်။
သန့်စင်ပန်းပွင့်ဂိုဏ်းက အထက်ဘုံကမ္ဘာတွင် သြဇာလွှမ်းမိုးမှုရရှိရန် တပည့်များလက်ခံထားသော်လည်း သူတို့မူလမြစ်ဖျားခံရာ အောက်ဘုံကမ္ဘာကို အတော်လေး အလေးထား၏။
သို့သော် အထက်ဘုံကမ္ဘာမှ သန့်စင်ပန်းပွင့်ဂိုဏ်းသားများအနေဖြင့် အောက်ဘုံကမ္ဘာသို့ ဆင်းသက်ရခြင်းမှာ အပြစ်ပေးခံရခြင်း သို့မဟုတ် နယ်နှင်ဒဏ်ပေးခြင်း ခံရသည့်ပမာ ခက်ခဲသောအလုပ်တစ်ခု ဖြစ်ခဲ့သည်။
ထို့ကြောင့် မည်သူမှ လိုလိုလားလားဖြင့် အောက်ဘုံကမ္ဘာသို့ ဆင်းကြခြင်း မရှိချေ။ ကံမကောင်းသူအချို့သာလျှင် အောက်ဘုံကမ္ဘာသို့ စေလွှတ်ခံရခြင်းသာ ဖြစ်သည်ဟု တွေးတောကြသည်။
ဟုတ်ပေ၏။
သူတို့ ဘယ်သောအခါမှ အထက်ဘုံကမ္ဘာသို့ ပြန်မလာနိုင်ခြင်းတော့ မဟုတ်ခဲ့ပေ။
နှစ်အနည်းငယ်ကြာလျှင် သူတို့နေရာတွင်အစားထိုးရန် နောက်ထပ်အုပ်စုတစ်စု ထပ်မံရောက်ရှိလာမည် ဖြစ်သည်။ ဤသည်က သန့်စင်ပန်းပွင့်ဂိုဏ်း၏ အစဉ်အလာပင် ဖြစ်ည်။
ယခုတော့ အောက်ဘုံကမ္ဘာသို့ စေလွှတ်ခံရသည့် တပည့်များ လျှို့ဝှက်စွာ စုရုံးပြီး မကျေမနပ်ဖြစ်နေကြသည်။
“အကြီးအကဲက ကိုယ်ရေးကိုယ်တာကိစ္စမကျေနပ်လို့ အငြိုးထားပြီး ဒီလိုလုပ်တာသေချာတယ်”
တပည့်တစ်ယောက်က မုန်းတီးစွာဖြင့်ဆိုလိုက်သည်။
အခြာသူတစ်ယောက်ကလည်း...
“အမှန်ပဲ... သူနဲ့မတည့်တဲ့သူတွေကို အောက်ဘုံကမ္ဘာကိုပို့ပစ်တာ”
ထိုသူများထဲတွင် မကြာခင်ကမှ ဂိုဏ်းထဲဝင်ရောက်လာသည့် တပည့်ငယ်တစ်ယောက်လည်းပါဝင်သည်။ သူမ၏အဆင့်က သိုင်းပညာရှင်အဆင့်ထက်မပိုသေးပေ။
သူမ၏မျက်ဝန်းများက အခြားနေရာသို့ငေးမောနေပြီး အတွေးလွန်နေဟန်ရှိသည်။
တပည့်တစ်ယောက်က...
“အရမ်းလည်းမစိုးရမ်ပါနဲ့ ဂိုဏ်းတူညီမလေး’လီ’... နောက်နှစ်နည်းနည်းလောက်ဆို ငါတို့တွေ ဒီကိုပြန်လာနိုင်မှာပါ”
မိန်းကလေးက ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကို”
ထိုစဉ် တပည့်တစ်ယောက်က...
“ဟေ့ကောင်တွေ... ဒါနဲ့ မင်းတို့သတင်းကြားကြတယ် မဟုတ်လား ၊ အရှေ့တောင်ပိုင်းမှာ ထွက်ပေါ်လာတဲ့ ပါရမီရှင် ရန်ကျောက်ကဲ အကြောင်းလေ ၊ သူ့အကြောင်းမသိတဲ့သူမရှိဘူး ၊ အထက်ဘုံကမ္ဘာတစ်ဝှမ်းမှာ သူ့ကို ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ လို့ ခေါ်ကြတယ် ၊ သူတို့ဂိုဏ်းကလည်း အောက်ဘုံကမ္ဘာကနေတက်လာပြီး အထက်ဘုံကမ္ဘာမှာ တည်ထောင်ထားတဲ့ဂိုဏ်းတစ်ဂိုဏ်းလို့ သတင်းကြားထားတယ်”
အခြားတစ်ယောက်က...
“ငါတို့သာ သူ့လိုအစွမ်းထက်ရင် ကိစ္စပြီးသွားပြီကွာ...”
အားလုံးက ထိုစကားကို သဘောတူလိုက်ကြသည်။
တပည့်တစ်ယောက်က...
“မင်းတို့ဘာသိလို့လဲ... ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ က အခုလောက်အောင်မြင်မှုတွေ ရတာထောင်မှ သူ့အသက်က ငယ်ငယ်လေးပဲ ရှိသေးတယ်”
သူတို့အားလုံး ရန်ကျောက်ကဲအကြောင်း ဆွေးနွေးနေကြရင် အမှန်တကယ်ပင် အားကျလျှက် ရှိကြသည်။
‘လီ’ မျိုးနွယ် မိန်းကလေးမှာလည်း အတော်လေးစိတ်ဝင်စားလျှက် ရှိသည်။
ထို့နောက် တပည့်များအသီးသီး လူစုခွဲပြီး မိန်းကလေးတစ်ယောက်တည်းကျန်ခဲ့ချိန် သူမက မျက်နှာကို လက်ညှိုးဖြင့် တစ်ချက်ပွတ်ဆွဲလိုက်သည်။
သူမ၏အသွင်အပြင်က ရေလှိုင်းကဲ့သို့ တစ်ချက်လှိုင်းသွားပြီး ချကချင်းပြောင်းလဲသွားသည်။ သို့သော် ခဏအကြာမှာတော့ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
“ဟဲဟဲ... ကောင်းတယ် အရမ်းကောင်းတယ်”
မိန်းကလေးကိုကြည့်ရသည်မှာ စောစောက လူပေါင်းများစွာရှေ့တွင်ရှိနေသည်ထက် အများကြီးဝမ်းသာပျော်ရွှင်နေဟန် ရှိသည်။
သူမ၏မျက်နှာထက်တွင် အာကျခြင်းနှင့် လေးစားခြင်းများမရှိတော့ဘဲ ပျော်ရွှင်ခြင်းများသာလျှင် ကျန်ရစ်တော့သည်။
ခဏအကြာတွင် သူမ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး...
“ငါတစ်ချက်လောက်သွားကြည့်ချင်လိုက်တာ ၊ စိတ်မကောင်းစရာက ငါမတတ်နိုင်ဘူး”