ဝါဒတောင်မှ အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်
Vol. 71 Ch. 999
အခန်း (၉၉၉) ဝါဒတောင်မှ အမတကူးပြောင်းခြင်းအဆင့်သိုင်းသူတော်စင်
အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင်ရှိ တောင်ထွတ်တစ်ခု။
အနက်ရောင်ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ချောက်ကမ်းပါးတစ်ခုထက်ရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်လျှက် ရှိသည်။
ထိုအချိန် သူ့နောက်တွင် သက်လတ်ပိုင်းလူရွယ်တစ်ယောက် ပေါ်လာသည်။
“ရန်ကျောက်ကဲက ချင်ယွမ်ဧကရာဇ်ရဲ့ အကြီးဆုံးတပည့် ချင်ရှုကျီနဲ့ (၇)ယောက်မြောက်တပည့် တာအိုဆရာချန်းလန်ကို သတ်ပစ်လိုက်တယ်”
လူရွယ်က လေးလံသည့်အသံဖြင့် ဆိုသည်။
“ဒီအကြောင်း ချင်းယွမ်ဧကရာဇ်သိရင် လွယ်လွယ်နဲ့အလွတ်ပေးမယ် မထင်ဘူး”
“ချင်းယွမ်ဧကရာဇ်က လောလောဆယ် ပြင်ပဗလာနယ်ထဲကိုရောက်နေတဲ့အတွက် ပြန်လာနိုင်မှာမဟုတ်သေးဘူး ၊ ဒါပေမဲ့ ပြန်လာပြီဆိုတာနဲ့ အရှေ့တောင်ပိုင်းကို သွားလိမ့်မယ်”
အနက်ရောင်ဝတ်လူငယ်က ကျောက်တုံးထက်မှ မတ်တတ်ထရပ်လိုက်ပြီးလူရွယ်ကို လှည့်ကြည့်လိုက်သည်။
“ဒီတော့ ဘာလုပ်ကြမလဲ ဂိုဏ်းတူအစ်ကို”
လူရွယ်က ခဏမျှစဉ်းစားရင်း...
“ငါ အရှေ့တောင်ပိုင်းကိုသွားလိုက်မယ်”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ အခုတော့မဟုတ်သေးဘူး ၊ အချိန်ကျတဲ့တစ်နေ့ပေါ့ ၊ မဟုတ်ရင် အရမ်းရိုင်းပျရာကျမယ်”
အနက်ရောင်ဝတ်လူငယ်က စကားမပြောဘဲ လူရွယ်ဆက်ပြောလာမည့်စကားကိုစောင့်နေသည်။
လူရွယ်က...
“ငါ့မှာ ပုဂ္ဂိုလ်ရေးအဆက်အသွယ် ဒါမှမဟုတ် အချင်းချင်းထိတွေ့ဆက်ဆံမှုမရှတဲ့အတွက် အတည်ပြုလို့မရသေးဘူး”
“ဆရာ့ရဲ့စကားတွေကလည်း သိပ်မရှင်းလင်းဘူး... ဒါပေမဲ့ ဆရာ့ဆုံးဖြတ်ချက်ကို ငါ သံသယမဝင်ပါဘူး ၊ ဒါပေမဲ့ တစ်ဖက်လူဘယ်သူလဲဆိုတာကိုတော့ အတိအကျသိထားဖို့ လိုတယ်လေ”
ထိုသို့ပြောပြီးနောက် လူရွယ်က ကောင်းကင်ထက် မိုးကုတ်စက်ဝိုင်းဆီသို့ စူးစိုက်ကြည့်လိုက်သည်။
“ဆရာ့ဆီ နောက်တစ်ခါထပ်ပြီး စာပို့ပြီးပြီ ၊ ဒါပေမဲ့ ဘယ်အချိန်မှ အဖြေရမလဲဆိုတာ မသိသေးဘူး”
ထိုအချိန် အနက်ရောင်ဝတ်လူငယ်၏မျက်ဝန်းများက မိုးကုတ်စက်ဝိုင်းဆီ စူးစိုက်ကြည့်နေရင်း တုန်ခါသွားသည်။
“အဖြေရောက်ပြီ...”
လူရွယ်က ကောင်းကင်ထက်မော့ကြည့်ရင်း အနည်းငယ်ထိတ်လန့်သွားသည်။
“ဒီတစ်ခါ အရမ်းမြန်တာပဲ”
ခဏအကြာမှာတော့ ဗလာနယ်လေထု သူ့အလိုလိုအက်ကွဲသွားပြီး ကောင်းကင်ထက်မှ အလင်းတန်းများဆင်းသက်လာသည်။
တောင်ထိပ်မှလူနှစ်ယောက်က ငြိမ်သက်စွာဖြင့်...
“ဆရာ့အမိန့်ကိုနာခံပါတယ်...”
အနက်ရောင်ဝတ်လူငယ်က အလင်းတန်းကိုလက်ခံယူကာသိမ်းဆည်းလိုက်ပြီး စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
လူရွယ်က ကြိုးစားပြီးပြုံးလိုက်ရင်း...
“ဆရာက သူ့ကိုတစ်ခါမှတွေ့ဖူးတာမဟုတ်ဘူး ၊ ဒါတောင်မှ ဒီလူက သူရှာနေတဲ့သူဆိုတာ ဘယ်လိုသေချာနေရတာလဲ ၊ အသက်အရွယ်ကွာဟချက်ကလည်း အရမ်းများတယ်လေ”
အနက်ရောင်ဝတ်လူငယ်က...
“ဆရာက ဒီလိုညွှန်ကြားချက်မျိုးပေးမှတော့... သူ အရာအရာကို ထည့်သွင်းစဉ်းစားပြီးပြီလို့ ငါယုံကြည်တယ်”
“ဒီလိုဆိုမှတော့ ငါတို့တွေ ပြင်ဆင်မှုတွေ အလျှင်အမြန်လုပ်ကြတာပေါ့”
လူရွယ်က ဖြည်းညင်းစွာ ဆိုလိုက်လေသည်။
***
မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်က အထက်ဘုံကမ္ဘာ မြောက်ဖျားအစွန်းတွင်တည်ရှိပြီး မြေပြင်တစ်ခုလုံး ရေခဲများဖုံးလွှမ်းလျှက် ရှိသည်။
ထိုနေရာတွင်ပွင့်နေသည့် ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခုကို တွေ့မြင်ရသည်။
သို့သော် ဤကမ္ဘာဖြတ်လမ်းကြောင်းက သာမန်လမ်းကြောင်းတစ်ခုမဟုတ်ပေ။
၎င်းသည် မတူညီသောကမ္ဘာတစ်ခုဆီသို့ ဦးတည်နေပြီး တွင်းနက်တစ်ခုနှင့်ဆင်တူကာ အတွင်းပိုင်းလမ်းကြောင်းတစ်ခုလုံးက နက်မှောင်လျှက် ရှိသည်။
အမှောင်ထုထဲတွင် လျှပ်စီးကြောင်းများက ရံဖန်ရံခါ တဖျတ်ဖျတ် တောက်ပလျှက် ရှိ၏။
ထိုကမ္ဘာဖြတ်လမ်းကြောင်းအဝင်ဝတွင် မိန်းကလေးတစ်ယောက် မတ်တတ်ရပ်နေသည်။
မိန်းကလေးက အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ကျောထက်တွင် အနက်ရောင်ဓားတစ်လက်လွယ်ထားသည်။ သူမ၏ဆံပင်များကိုတော့ ရိုးရှင်းစွာပင် ဦးခေါင်းအနောက်ဘက်တွင် စုစည်းချည်နှောင်ထားသည်။
သူမက အခြားသူမဟုတ် ၊ ပြင်ပလောကတွင် အတွေ့အကြုံရှာဖွေနေသည့် ဖန်းယွင်ရှန်းပင် ဖြစ်၏။
သူမက သိုသိုသိပ်သိပ်ဖြင့် သူမမည်သူမည်ဝါဖြစ်ကြောင်း အခြားသူများ မသိရှိစေရန် ဝါဒတောင်တပည့်များ ဝတ်ဆင်လေ့ရှိသည့် အနက်ရောင်အနားသပ်များပါသော အပြာရောင်ဝတ်စုံကို ဝတ်ဆင်ခြင်းမရှိဘဲ သာမန်တပည့်များအတိုင်း အဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားခဲ့သည်။
ဖန်းယွင်ရှန်း တောင်ပိုင်းသို့လှည့်ကြည့်လိုက်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။
“ကျွန်မက ရှင့်ချစ်သူပဲလေ ... သိပ်သိတာပေါ့ ၊ ရှင် အပြင်ပန်းမှာတည်ငြိမ်နေပေမယ့် စိတ်ထဲမှာ ဘယ်လောက်မြောက်နေပြီလဲဆိုတာ...”
ယခုတစ်ကြိမ်တော့ ရန်ကျောက်ကဲက အထက်ဘုံကမ္ဘာတစ်ခွင်တွင် အမှန်တကယ် နာမည်ကြီးသွားပေပြီ။ အထက်ဘုံကမ္ဘာ၏ မြောက်ဘက်စွန်းဖြစ်သော ရေခဲပြင်ဒေသအထိပင် သူ၏သတင်းက ပျံ့နှံ့ထွက်ပေါ်နေသည်။
“လရောင်က ပင်လယ်ပြင်ထက်မြင့်တက်လာ... ၊ ကမ္ဘာအဆုံးမှာ ဒီခဏတာကို အတူတူမျှဝေခံစား...”
ရန်ကျောက်ကဲ တစ်ချိန်က ရွတ်ပြဖူးသည့်ကဗျာကို ဖန်းယွင်ရှန်း သတိတရဖြင့် ရေရွတ်လိုက်သည်။
ခဏအကြာမှာတော့ သူမပြုံးလိုက်ပြီး ဝိညာဉ်စက်ဝန်းလေးတစ်ခုကို ထုတ်ယူလိုက်၏။
ဤပစ္စည်းလေးက ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော်မှ တပည့်တစ်ဦးဖြစ်သော မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏မြေးဖြစ်သူ ကွမ်းယွိလော် သူမကို လက်ဆောင်ပေးခဲ့သည့် ပစ္စည်းလေး ဖြစ်သည်။
ဖန်းယွင်ရှန်းက ဝိညာဉ်စက်ဝန်းလေးကို လက်ဖြင့်ထိလိုက်သည်နှင့် အလင်းရောင်များထွက်ပေါ်လာပြီး အတွင်းထဲမှ သေးငယ်သည့်ငှက်ငယ်လေးတစ်ကောင် ထွက်ပေါ်လာသည်။
သူမက လေထဲတွင်စာလုံးအချို့ရေးလိုက်ရာ ထိုစာလုံးများက ဝိညာဉ်စက်ဝန်းထဲတွင် ရေးထွင်းပြီးသားဖြစ်သွားပြီး အလင်းတန်းအဖြစ်ပြောင်းလဲသွားကာ ငှက်ငယ်လေးက ထိုအလင်းတန်းကို မျိုချလိုက်သည်။
ထို့နောက် သူမက လက်ကိုအသာမြှောက်လိုက်ရာ ငှက်ငယ်လေးက လေထဲသို့ပျံတက်သွားပြီး တောင်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။
ငှက်ငယ်လေးထွက်ခွာသွားသည်ကို တစ်ချက်ကြည့်ပြီးသည်နှင့် ဖန်းယွင်ရှန်းမျက်ဝန်းများထဲတွင် ဆုံးဖြတ်ချက်ခိုင်မာမှုများထင်ဟပ်လာပြီး မှောင်မိုက်နေသည့် ကမ္ဘာဖြတ်လမ်းကြောင်းအဝင်ဝသို့ လျှောက်သွားလိုက်သည်။
သူမ အတွင်းထဲသို့ဝင်ရောက်ပြီးသည်နှင့် သိပ်မကြာမီ ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်က တဖြည်းဖြည်းပျောက်ကါယ်သွားသည်။
အေးခဲနေသော ရေခဲပြင်ထက်တွင် တဝူးဝူးတိုက်ခတ်နေသည့်လေသံများကိုသာကြားရပြီး ဖန်းယွင်ရှန်း၏ သဲလွန်စကို လုံးဝတွေ့မြင်ရခြင်း မရှိတော့ပေ။
***
အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသ။
ရက်ပေါင်းများစွာကြာပြီးနောက် ရန်ကျောက်ကဲ ဝါဒတောင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
သူ့အရှေ့မှ တောင်တံခါးကိုကြည့်ရင်း ရန်ကျောက်ကဲက ရယ်မောလျှက် စကားဆိုသည်။
“အိမ်ပြန်လာရတဲ့ခံစားချက်က ကောင်းလိုက်တာ”
အားဟူက ရယ်မောလိုက်ရင်း...
“သခင်လေး... ဒီတစ်ခေါက် အထက်ဘုံကမ္ဘာတစ်ခွင်လုံးမှာ နာမည်ကြီးဖြစ်သွားပြီ ၊ အဲဒီခံစားချက်က ပိုကောင်းတာမဟုတ်ဘူးလား”
ရန်ကျောက်ကဲက ချေင်းတစ်ချက်ဟန့်ရင်း...
“အဲဒီလိုမပြောနဲ့လေကွာ ၊ မင်းလေသံက ယွင်ရှန်းနဲ့တူနေတယ်... ၊ တကယ်တော့ ကံကောင်းလို့ဖြစ်သွားတာပါ”
သူက ဆက်ပြောသည်။
“စက်ဝန်းတောင်တန်းတိုက်ပွဲမှာ ကျန်းစုရန်နဲ့ ဖန်ဟယ်ကို တိုက်ခိုက်ရတာအဆင်ပြေပေမယ့် ချင်ရှုကျီကိုတော့ လျှော့တွက်လို့မရဘူး ၊ ဘာလို့လဲဆိုတော့သူက မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းပညာ တတ်ကျွမ်းထားတယ်ဆိုတာ ငါ ကြိုမသိခဲ့ဘူးလေ”
“မြစ်ဝါကိုးကွေ့အစီအရင်ကြောင့် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်သာ လျော့ကျမနေဘူးဆိုရင် ငါတော့ ငါးပါးမှောက်ပြီပဲ”
ထို့နောက် သူက အားဟူ ၊ ရှကွမ်းနှင့် ပန်ပန်တို့ကိုလှည့်ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာဖြင့်...
“မင်းတို့တွေ အနာဂတ်မှာတိုက်ခိုက်မယ်ဆိုရင် အမြဲတမ်းသတိထားရမယ် ၊ ရန်သူမှာ မင်းတို့ထင်မထားနိုင်တဲ့ လူသတ်ဝှက်ဖဲတွေရှိနေနိုင်တယ်”
“ရန်သူရဲ့လှည့်ကွက်နဲ့ ထိုးချခံရပြီဆိုရင် မင်းတို့မှာ လှည့်ကွက်တွေဘယ်လောက်ပဲရှိရှိ အချိန်မီအသုံးမချနိုင်ဘူးဆိုရင် ကိုယ်ပဲ အသက်ပျောက်သွားလိမ့်မယ်”
ရှကွမ်းက ချက်ချင်းပင် တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့် ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့...”
ပန်ပန်ကတော့ မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း တစ်ချက်သမ်းဝေးလိုက်သည်။
အားဟူက ရိုးရှင်းစွာပြုံးလိုက်ရင်း အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်၏။
“ဒါပေမဲ့ အဆုံးသတ်မှာတော့ သခင်လေးကပဲအနိုင်ရလိုက်တာပဲလေ”
“ဒါပေါ့...”
ရန်ကျောက်ကဲက ရှကွမ်းရှေ့တွင် တည်ငြိမ်နေသော်လည်း အားဟူကိုတော့ ခပ်ကြွားကြွားလေး ပြန်ဖြေလိုက်သည်။
သူတို့အုပ်စု စကားပြောရင်း ရယ်မောကြရင်းဖြင့် တောင်တံခါးဆီသို့ ရောက်လာကြသည်။
ထိုအချိန် ရန်ကျောက်ကဲစိတ်ထဲတစ်ချက်လှုပ်ရှားသွားပြီး တောင်ပေါ်သို့လှမ်းကြည့်လိုက်တော့ အဖြူရောင်မျက်ခုံးမွှေးများရှိသည့် အသက် (၃၀)ကျော် လူရွယ်တစ်ယောက် မိုးထိတောင်ထွတ်တွင် မတ်တတ်ရပ်လျှက် သူ့ကိုပြုံးပြီးကြည့်နေသည်ကို တွေ့ရသည်။
သူ့ဖခင် ‘ရန်တိ’ မှလွဲပြီး အခြားသူ မဟုတ်ပေ။
“အဖေ တံခါးပိတ်ကျင့်ကြံရာက ထွက်လာပြီလား”
ရန်ကျောက်ကဲက ရန်တိကို ဂရုတစိုက်အကဲခတ်လိုက်သည်။
ရန်တိ၏ ခန္ဓာကိုယ်တွင်းမှ နတ်ဘုရားသိမြင်ခြင်းတွင် သွေးကြောဆုံချက်များသန့်စင်ထားပြီး အနည်းငယ် တုန်ခါနေကြောင်း မသိမသာ ခံစားလိုက်ရသည်။
ရန်တိက သားဖြစ်သူကို ဘာမှဖုံးကွယ်ထားခြင်း မရှိပေ။
ထို့ကြောင့် ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်အတွင်းမှ သွေးကြောဆုံချက်များမှာ ကြယ်စင်စကြာဝဠာအစစ်အမှန်နှင့်တူညီပြီး ထူးခြားသောစည်းချက်ဖြင့် လည်ပတ်နေသည့် ကြယ်စင်ပတ်လမ်းစနစ်တစ်ခုကို အာရုံခံမိသည်။
ဤသည်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်အဖြစ် အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြစ်သည်။
အမုန်းတရားမဲ့တာအိုနန်းတော်မှ ထွက်ခွာလာပြီး အထက်ဘုံကမ္ဘာသို့ ပြန်ရောက်တည်းက တ့ခါးပိတ်ကျင့်ကြံနေသော ရန်တိသည် ယခုတော့ အခက်အခဲများကိုကျော်ဖြတ်ပြီး အမတကူးပြောင်းခြင်း ကနဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပေပြီ။
အဓိပ္ပါယ်ကတော့ ရန်တိ သိုင်းသူတော်စင် သတ္တမအဆင့်သို့ ရောက်ရှိသွားပြီဆိုခြင်းပင်။
နောက်ဆုံးတော့ ဝါဒတောင်တွင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် ပေါ်ထွက်လာပြီ ဖြစ်၏။
ဤသည်ကိုစဉ်းစားရင်း ရန်ကျောက်ကဲ စိတ်ထဲထူးဆန်းသလို ခံစားလိုက်ရသည်။
ဝါဒတောင်မှ သူတို့သားအဖနှစ်ယောက်က အထက်ဘုံကမ္ဘာတွင် အတော်လေးနာမည်ကြီးနေသော်လည်း ယနေ့အထိ တစ်ယောက်သာလျှင် အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်နိုင်သေးသည်။
“နည်းနည်းတော့ထူးဆန်းသလို ခံစားရတယ်”
မည်သို့ပင်ဖြစ်စေ ရန်ကျောက်ကဲက စိတ်ထဲမှအတွေးများကို ဖယ်ထုတ်လိုက်ပြီး အလွန်တရာ ပျော်ရွှင်နေခဲ့သည်။
ဖခင်ဖြစ်သူ အမတကူးပြောင်းခြင်းအဆင့်သို့တက််ရောက်ခြင်းက သူကိုယ်တိုင်အဆင့်တက်သည့်ပမာ ပျော်ရွှင်ရသည်ပင်။
သူက ဖခင်ဖြစ်သူအား ဂုဏ်ပြုစကားဆိုတော့ ရန်တိက ခေါင်းတစ်ချက်ခါယမ်းရင်း...
“ဒီတစ်ခေါက် မင်းတောင်ပိုင်းမှာ အတော်လေးပြဿနာရှာခဲ့တာပဲ”
ဝါဒတောင်သည်လည်း သတင်းများရရှိထားပြီး ဖြစ်သည်။
ရန်ကျောက်ကဲက...
“သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတွေ တစ်ယောက်ထက်ပိုပြီး ကျွန်တော့်နောက်ကိုလိုက်တာလေ ၊ ဒီလောက်ပွဲဆူအောင်မလုပ်ရင် ဘယ်လိုလုပ်ပြန်လာနိုင်တော့မလဲ”
သားအဖနှစ်ယောက် အတူလမ်းလျှောက်လာရင်း ဝါဒတောင်မှ အခြားသောအကြီးအကဲများ စောင့်မျှော်နေကြသည့် ပင်မခန်းဆောင်ဆီသို့ ထွက်ခွာလာကြသည်။
ရန်ကျောက်ကဲကိုယ်တိုင်ပြောပြသည့် ဇာတ်ကြောင်းက ကောလဟလများထက်ပိုမိုတိကျပြီး အသေးစိတ်ကျသဖြင့် ၎င်းကိုကြားပြီးနောက် လူတိုင်း အံ့သြသွားကြသည်။
ထို့နောက် အခြားအကြီးအကဲများ အသီးသီးပြန်သွားကြသည့်အခါ သားအဖနှစ်ယောက်လည်း သူတို့နေထိုင်ရာသို့ ထွက်ခွာလာကြသည်။
ရန်ကျောက်ကဲက ပြုံးရင်းမေးလိုက်၏။
“အဖေ... အမုန်းတရားမဲ့တာအိုနန်းတော်က ထွက်လာတော့ ဘာတွေကြုံတွေ့ခဲ့ရတာလဲ”