← Chapters

အိမ်တွင်စောင့်နေသည့်ကံတရား

Vol. 71 Ch. 1000

အိမ်တွင်စောင့်နေသည့်ကံတရား

Vol. 71 Ch. 1000

အခန်း (၁၀၀၀) အိမ်တွင်စောင့်နေသည့်ကံတရား

ဖခင်ဖြစ်သူက အလွန်တရာထက်မြက်ကြောင်း ရန်ကျောက်ကဲ သိရှိခဲ့သည်ပင်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြောင့် အမုန်းတရားမဲ့တာအိုနန်းတော်တွင် လူချင်းကွဲသွားပြီးနောက် ဗလာနယ်ထဲရောက်ရှိသွားသည့် ရန်တိသည် အထက်ဘုံကမ္ဘာသို့ ပြန်ရောက်ရောက်ချင်း တံခါးပိတ်ကျင့်ကြံခဲ့သည်။

ဤသည်က သာမန်ထက်ထူခြားကြောင်း ရန်ကျောက်ကဲ ခံစားမိသည်။

ယခု ရန်တိ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည့်အခါ အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်သွားခြင်းက ဤအချက်ကို သက်သေပြရာရောက်သည်။

“တကယ်တော့ အဖေ ရခဲ့တဲ့အရာတွေရှိတယ်...”

ရန်တိက ရန်ကျောက်ကဲကိုကြည့်ရင်း ဆိုသည်။

“ဒါနဲ့... မင်းလည်း တာအိုကျောင်းတော်မှာ ရရှိခဲ့တဲ့အမွေအနှစ်က ထိုက်ချင်အဆက်အနွယ်မဟုတ်ဘဲ စန့်ချင်အဆက်အနွယ် ဖြစ်နေတယ်လို့ ပြောခဲ့တယ်နော်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပါပဲ”

ပြောပြီးသည်နှင့် သူ့မျက်ဝန်းများထဲတွင် အနက်ရောင်အလင်းတန်းတစ်ခု ရုတ်ချည်းတောက်ပလာသည်။

ရန်ကျောက်ကဲက သူ၏လက်ချောင်းများကိုယှက်လိုက်ပြီး အနက်ရောင်ဓားသွားပမာ စည်းတံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။

ရန်တိ၏ ကျင့်ကြံခြင်းအဆင့်မဖြင့်ပင် ထိုစည်းတံဆိပ်မှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ခြိမ်းခြောက်နိုင်မှုကို ခံစားသိရှိနိုင်သည်။

ဤဓားစွမ်းအားက ကမ္ဘာပေါ်မှ သက်ရှိအားလုံးကို သတ်ဖြတ်ရန် ကြိုးပမ်းနေသည့် အနှစ်သာရသဘောတရားများပါဝင်ပြီး ရက်စက်ကြမ်းတမ်းအေးခဲလျှက် ငြိမ်သက်နေသည့် သဘောသဘာဝကို ပေါ်လွင်ထင်ရှားစေသည်။

နိယာမ အယူအဆတစ်ခုကို ညွှန်ပြနေသည့်အလားပင်။

သေခြင်းသည် သက်ရှိသတ္တဝါအားလုံး၏ နောက်ဆုံးပန်းတိုင်ဖြစ်သည်။

အတိတ် ၊ အနာဂတ် ၊ ပစ္စုပ္ပန်တွင် ဤဒုက္ခကို မည်သူမှ ရှောင်လွှဲမရနိုင်ပေ။

လူတစ်ယောက် အသက်ရှိနေသမျှကာလပတ်လုံး သေခြင်းတရားကို ရင်ဆိုင်ရမည်သာပင်။

ရန်တိက ဘဝဖန်ဆင်းခြင်း ကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူဖြစ်သဖြင့် ဤဓားချီစွမ်းအား၏ ထူးခြားမှုကို ပို၍ပင် ရှင်းရှင်းလင်းလင်း ခံစားရသည်။

ယွိချင်အဆက်အနွယ်၏ အမြင့်ဆုံးသော သိုင်းပညာနှင့် ရန်ကျောက်ကဲ လက်ရှိထုတ်ဖော်ပြသနေသော ဓားတာအိုက ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းပမာ သေခြင်းရှင်ခြင်း ကျောချင်းအပ်နေသည့်အလား ဖြစ်၏။ သို့တိုင် ထိုသိုင်းပညာ (၂)ရပ်က တစ်ခုနှင့်တစ်ခု ချောမွေ့စွာပင် ချိတ်ဆက်နေကြသည်။

သိုင်းပညာ (၂)ရပ်၏ အခြေခံသဘောတရားကွဲပြားနေသည့်တိုင် မူလမွေးဖွားလာရာက တူညီနေသည်။

ဤဓားတာအိုသည် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာကို အတိုင်းအတာတစ်ခုအထိ တန်ပြန်နိုင်ကြောင်း တိုက်ပွဲဆင်နွှဲရန်ပင်မလိုဘဲ ရန်တိ အာရုံခံမိသည်။

အတိအကျပြောရလျှင် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာမှသာမဟုတ်ပေ။

အသက်စွမ်းအား မြှုပ်နှံထားသည့် အခြားသော ထိပ်တန်းသိုင်းပညာများအားလုံးကို ဤဓားသိုင်းက တုံ့ပြန်နိုင်စွမ်း ရှိသည်။

ထိုသိုင်းပညာများထဲတွင် တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ် ၊ ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းဆောင်းမှ အစစ်အမှန်ဇာမဏီကျမ်းစာနှင့် အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ၊ တိမ်တိုက်တောင် ၊ ဖန်သားအလင်းကျောင်းတော်မှ ချန်စန်းသိုင်းပညာများ ပါဝင်သည်။

အဆုံးသတ် သတ်ဖြတ်သုတ်သင်ရန်အတွက် မရဏအငွေ့အသက်များဖြင့်ပြည့်နက်နေသည့် အလွန်ရက်စက်ကြမ်းကြုတ်သော ဤဓားတာအိုသည် အခြားသော သိုင်းပညာကျင့်ကြံထားသူများအတွက် သေခြင်းတရား၏ ကြောက်မက်ဖွယ်ရာ ကြိုးဝိုင်းတစ်ခု ဖြစ်ပေသည်။

မိစ္ဆာသိုင်းပညာများကို အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် တွေ့မြင်ရခဲသော်လည်း သမုဒ္ဒရာကမ္ဘာတွင်တော့ ထွန်းကားသည်ကို တွေ့ခဲ့ရဖူးသည်။

အထက်ဘုံကမ္ဘာတွင်လည်း မိစ္ဆာသိုင်းပညာအချို့ ပျံ့နှံ့လျှက်ရှိသည် အမှန်ပင်။

သိုင်းကျင့်ကြံသူများသည် မွေးရာပါ ကိုယ်ရည်ကိုယ်သွေးများကို လျစ်လျူရှုကာ မိစ္ဆာသိုင်းပညာကို ကျင့်ကြံမည်ဆိုပါက သွေးဆာရက်စက်စါာ သတ်ဖြတ်သည့်လမ်းဘက်သို့ ရောက်ရှိသွားနိုင်ပေသည်။

သို့တိုင် လူတစ်ယောက်သည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး သတ်ဖြတ်လိုသည့်အငွေ့အသက်များပါဝင်သည့် သိုင်းပညာရပ်ကို ရှာဖွေမည်ဆိုလျှင် ယခု ရန်ကျောက်ကဲ ပြသထားသည့် ဓားတာအိုမှ မိစ္ဆာစွမ်းအားများထက်သာလွန်သည့်အရာ ရှိမည်မထင်ပေ။

ထို့ပြင် ဤဓားသိုင်းက မငြိမ်မသက်ဖြင့် ဆိုးသွမ်းသည့် မိစ္ဆာအငွေ့အသက်များကို ပေးစွမ်းခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော သူကိုယ်တိုင်က ဘဝ၏အဆုံးသတ်ကို ရည်ညွှန်းထားပြီးသား ဖြစ်သောကြောင့်ပင်။

“စန့်ချင်အဆက်အနွယ်တွေရဲ့ ဓားတာအို... ဒါက ဒဏ္ဍာရီထဲက လင်ပေါင်ဓား (၄)လက်ထဲက နတ်ဘုရားသတ်ဖြတ်ဓားသိုင်းလား”

ရန်တိလျှင်မြန်စွာပင် သဘောပေါက်သွားသည်။

နတ်ဘုရားသတ်ဖြတ်ဓားသိုင်း အသုံးပြုသူကို ယခင်က မတွေ့မြင်ဖူးသော်လည်း ၎င်း၏ ဝိသေသလက္ခဏာများ ကို ကြားသိခဲ့ရပြီး ထိုဓားသိုင်းက အလွန်တရာလည်း နာမည်ကျော်ကြားလှသည်။

“နတ်ဘုရားသုတ်သင်ဓားသိုင်းက ထက်မြက်တယ် ၊ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက သေစေနိုင်တယ် ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်းရဲ့ အနီရောင်အလင်းတန်းက မြင့်တက်လာချိန် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ က အဆုံးမရှိသိမ်မွေ့တယ်”

ရန်ကျောက်ကဲက ဖြည်းညင်းစွာခေါင်းညိတ်ရင်း...

“ဒီသိုင်းပညာက စန့်ချင်အဆက်အနွယ် တာအိုကျောင်းတော်ထဲကရရှိခဲ့တဲ့ နတ်ဘုရားသတ်ဖြတ်ဓားသိုင်း အမှန်ပါပဲ”

နတ်ဘုရားထောင်ချောက်ဓားသိုင်းက အချိန်နှင့်ဗလာနယ်အာကာသကို ထိုးဖောက်နိုင်စွမ်းရှိပြီး နတ်ဘုရားအဆုံးသတ်ဓားသိုင်းက သက်ရှိသက်မဲ့အရာအားလုံးကို သုတ်သင်ပစ်နိုင်သည်ဆိုပါက နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက လောကတစ်ခွင်မှ သက်ရှိပုံစံအားလုံးကို သတ်ဖြတ်နိုင်သည့် ဓားသိုင်းဖြစ်၏။

ရန်ကျောက်ကဲက...

“စက်ဝန်းတောင်တန်းနဲ့ ဟောက်လင်တောင်မှ ကျန်းစုရန်နဲ့ ရွှမ်ရှန်းချန်ကို ထိုးနှက်နိုင်ခဲ့တာ ဒီသိုင်းပညာကြောင့်ပေါ့ ၊ ကျွန်‌တော်က ဒီသိုင်းပညာကိုအခြေခံပြီး ‘စိမ်းပြာနဂါးသုတ်သင်ဓားသိုင်း’ ကို တီထွင်လိုက်တယ် ၊ ဓားသိုင်းပညာအခြေခံမူနဲ့ပတ်သက်ရင်း နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက တကယ့်ကိုအကျိုးရှိခဲ့ပါတယ်”

ရန်တိက...

“အမတကူးပြောင်းခြင်းအဆင့်ကိုတက်ရောက်ဖို့အတွက် ယွိချင်အဆက်အနွယ်က မူလကောင်းကင်ကျမ်းစာတွေအပြင် ထိုက်ချင်အဆက်အနွယ်နဲ့ စန့်ချင်အဆက်အနွယ်ရဲ့ အထွတ်ထိပ်သိုင်းပညာတွေလည်းလိုအပ်တယ်လို့ မင်းပြောခဲ့ဖူးတယ် မဟုတ်လား”

သူက ဆက်ပြောသည်။

“ဒီတစ်ခေါက် တာအိုကျောင်းတော်ကိုသွားတော့ မင်း အစက ထိုက်ချင်အဆက်အနွယ် ကျောက်ဂူအိမ်တော်လို့ ထင်ခဲ့တာမဟုတ်လား ၊ ဒါပေမဲ့ စန့်ချင်အဆက်အနွယ်ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး”

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ဖြန့်ကားရင်း...

“အမှန်ပါပဲ”

သူက ဆက်ပြောသည်။

“စန့်ချင်အဆက်အနွယ် သိုင်းပညာတစ်ခုရလာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ ၊ ဒါပေမဲ့ ကောင်းပါတယ် ၊ ဘာလို့လဲဆိုတော့ စန့်ချင်အဆက်အနွယ်သိုင်းပညာလည်း လိုတာပဲလေ ၊ ဒီတော့ ဘာဆုံးရှုံးမှုမှ မရှိဘူးလို့ ဆိုနိုင်တယ် ၊ ထိုက်ချင်အဆက်အနွယ်သိုင်းပညာရရှိဖို့ကတော့ ဘယ်လိုချဉ်းကပ်ရမလဲ ဆက်စဉ်းစားရမှာပေါ့”

“ဒါပေမဲ့ တာအိုကျောင်းတော်ကိုသွားတဲ့ခရီးက အလကားသက်သက်တော့ မဖြစ်ခဲ့ပါဘူး”

ရန်ကျောက်ကဲကရယ်မောရင်း...

“အနည်းဆုံးတော့ ဝူထုန်တောင်စောင်းနဲ့ သုံးပေတောင်ကလူတွေ အထိနာသွားတယ်လေ”

ထိုအချိန်...

ရန်ကျောက်ကဲစိတ်ထဲ လှုပ်ရှားသွားပြီး ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။

ဒါကိုမြင်တော့ ရန်တိက သိမ်မွေ့စွာပြုံးရင်း...

“မင်း အာရုံခံမိတယ် မဟုတ်လား”

သူ့စကားဆုံးသွားသည်နှင့် ချီစွမ်းအားစီးကြောင်းတစ်ခုက ရန်တိဦးခေါင်းထက်မှထွက်ပေါ်လာပြီး မှေးမှိန်နေသည့် ပရမ်းပတာတိမ်တိုက်များပမာ ပျံ့လွင့်သွားသည်။

တောက်ပမှုမရှိသောတိမ်တိုက်များအလယ်တွင် ကြယ်စင်ရောင်အမှုံအမွှားများက လွင့်ပျံလျှက် ရှိသည်။

သို့တိုင် ဤတိမ်တိုက်၏ဖြစ်တည်မှုက အကဲဖြတ်ရန်ခက်ခဲပြီး ဖော်ပြရန်ခက်ခဲကာ အနှိုင်းမဲ့လေးနက်ခြင်း အသွင်ဆောင်သည်။

တိမ်တိုက်ချီ တဖြည်းဖြည်းကျယ်ပြန့်လာပြီး ကြာပန်းပမာ ပွင့်လန်းလာသည်။ ပန်းပွင့်၏ပွင့်ချပ်များက မှုံဝါးနေပြီး အစွန်းများက ပတ်ဝန်းကျင်လေထုနှင့်ကွဲပြားခြင်း မရှိပေ။

သို့သေ် ပတ်ဝန်းကျင် ကမ္ဘာလောကကြီးတစ်ခုလုံးက ကြာပန်းတစ်ဝိုက်တွင် ဗဟိုပြုနေပုံရသည်။

“ပြိုင်ဘက်ကင်းအဆုံးမဲ့ မူလပရမ်းပတာတိမ်တိုက်...”

ရန်ကျောက်ကဲ ထိုနာမည်ကိုရေရွတ်ရန် ပါးစပ်ကိုဟလိုက်ပြီးမှ သူ့ကိုယ်သူချက်ချင်းထိန်းချုပ်လိုက်နိုင်သည်။

ရန်ကျောက်ကဲက တည်ငြိမ်အောင်ကြိုးစားရင်း အချိန်တစ်ခုကြာအောင် ဂရုတစိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

“ပြိုင်ဘက်ကင်းအဆုံးမဲ့ မူလပရမ်းပတာတိမ်တိုက်” ဆိုသည်မှာ ယွိချင်အဆက်အနွယ်မှ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံအောင်မြင်ပြီးနောက် အံ့ဖွယ်နည်းလမ်းဖြင့် ထင်ရှားပြသသောအရာ ဖြစ်သည်။

ယခု ရန်တိ၏ဦးခေါင်းထက်မှတိမ်တိုက်က မိုးမြေမဖြစ်တည်မီ အကန့်အသတ်မဲ့စကြာဝဠာသဘောတရားများကို ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် ပြိုင်ဘက်ကင်းအဆုံးမဲ့ မူလပရမ်းပတာတိမ်တိုက်နှင့် မတူကွဲပြားနေဆဲ ဖြစ်သည်။

မဟုတ်ပါက ရန်ကျောက်ကဲသည်ပင် သူကျင့်ကြံခဲ့သည့် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာက အတုအယောင်များ ဖြစ်နေသည်လားဟု သံသယဝင်လာပေမည်။

အဘယ်‌ကြောင့်ဆိုသော် ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာသည် အသက်ရှင်နေသူတစ်ယောက် ၊ တစ်ကြိမ်သာလျှင် ကျင့်ကြံခွင့်ရှိသောကြောင့်ပင်။

ယွမ်စီထျန်းကျွင်း လောကကိုမကျော်လွန်ခင်က သူ သိမ်းပိုက်ထားခဲ့သော ဤကျမ်းစာကို မည်သူမှ ကျင့်ကြံနိုင်ခဲ့ခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ရန်တိ၏ဦးခေါင်းထက်မှ ကြယ်စင်တိမ်တိုက်ကိုတွေ့မြင်ရသည့်အခါ ရန်ကျောက်ကဲ အမှန်တကယ်ပင် ပဟေဠိဖြစ်သွားခဲ့သည်။

ယခုတော့ သူ အနည်းငယ် နားလည်သွားပြီ ဖြစ်၏။

ထိုတိမ်တိုက်က ယွိချင်အဆက်အနွယ်၏ ပြိုင်ဘက်ကင်းအဆုံးမဲ့ မူလပရမ်းပတာတိမ်တိုက် မဟုတ်ခဲ့ပေ။

ထိုတိမ်တိုက်က ထိုက်ချင်အဆက်အနွယ် ၊ ရှန်းထျန်းဝူထိုက်၏ ပထမဆုံးဖြစ်သော ‘ထိုက်ယိ’ ကို ကိုယ်စားပြုသည်။

ဒါကိုသိလိုက်တော့ ရန်ကျောက်ကဲ စိတ်လှုပ်ရှားဝမ်းသာသွားသည်။ သူက ထိုက်ချင်အဆက်အနွယ်နှင့်ပတ်သက်သည့် သိုင်းပညာကို ရှာဖွေနေပြီး တွေ့မယ့်တွေ့တော့လည်း သူ့အရှေ့တွင် ရောက်နေသည် မဟုတ်လား။

ဤအရာက ထိုက်ယိလက်သီးသိုင်းမဟုတ်သော်လည်း ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာ အခြေခံအုတ်မြစ် ၊ စန်းချင်း (၃)ပါးပညာရပ်များ တပြိုင်တည်းကျင့်ကြံခြင်းများမှတစ်ဆင့် ထိုက်ယိလက်သီးသိုင်းသည် သူ့ကိုလက်ယပ်ခေါ်နေပြီ ဖြစ်သည်။

ထိုက်ချင်အဆက်အနွယ်သိုင်းပညာကို ရှာဖွေနေချိန် စန့်ချင်အဆက်အနွယ်သိုင်းပညာကို ရရှိခဲ့သည်။

အိမ်ပြန်ရောက်သည့်အခါ ထိုက်ချင်အဆက်အနွယ် အထွတ်ထိပ်သိုင်းပညာတစ်ခုက သူ့ကိုစောင့်ကြိုနေမည်ဟု မည်သူသိနိုင်မည်နည်း။

ထိုသို့သောခံစားချက်သည် အံ့ဩစရာပင်။

အလွန်တရာပျော်ရွှင်သွားသော်လည်း ရန်ကျောက်ကဲက တည်ငြိမ်နေဆဲ ဖြစ်၏။

သူ့အရှေ့မှတိမ်တိုက်က သူသိရှိထားသော “ထိုက်ယိ” နှင့် အနည်းငယ် ကွဲလွဲနေဆဲ ဖြစ်သည်။

ရှန်းထျန်းဝူထိုက်၏ ပထမဆုံးဖြစ်သော ထိုက်ယိသည် အလင်းမရှိ ၊ အသွင်သဏ္ဌန်မရှိ တိတ်ဆိတ်ငြိမ်သက်နေပြီး မူလစကြာဝဠာကနဦးအခြေအနေကို အဓိပ္ပါယ်ဆောင်သည်။

ရန်တိ၏ဦးခေါင်းထက်မှ ကြာပန်းအသွင် ကြယ်စင်တိမ်တိုက်၏တည်ရှိမှုက ရိုးရှင်းခြင်းမရှိဟု ထင်မှရသည်။

“အဖေ ဒီတိမ်တိုက်အယူအဆက ထိုက်ယိနဲ့ဆင်တူပေမယ့် တစ်နည်းနည်းနဲ့ ပြောင်းလဲသွားပုံရတယ် ၊ ရှန်းထျန်းဝူထိုက်ရဲ့ ကနဦးကောင်းကင်သိုင်းပညာကနေ နှောင်းပိုင်း ကောင်းကင်သိုင်းပညာဖြစ်တဲ့ ထိုက်ချူးများလားမသိဘူး ၊ ထိုက်ယိမဟုတ်တော့ဘူးထင်တယ်”

ရန်ကျောက်ကဲ၏ သံသယစကားများကိုကြားတော့ ရန်တိက...

“ရှန်းထျန်းဝူထိုက်ရဲ့ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို မင်းလေ့ကျင့်ထားတာပဲ ၊ ဒီအကြောင်းကို မင်းနားလည်မှာပါ ၊ ဒီ တိမ်တိုက်က နှောင်းပိုင်းကောင်းကင်သိုင်းပညာအောက်မှာရှိတဲ့ ‘ထိုက်ယိ’ ပဲ ၊ ဒါကြောင့် ဒီတိမ်တိုက်ကို ‘ထိုက်ယိဟွာတိမ်တိုက်’ ဒါမှမဟုတ် ‘ထိုက်ယိဟွာကြာပန်း’ လို့ခေါ်တယ်”

“အိုး ဟုတ်လား...”

ရန်တိ၏စကားမှ ရန်ကျောက်ကဲ ထူးခြားမှုတစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။

“ဒီ ထိုက်ယိဟွာတိမ်တိုက်ကို အဖေ ဘယ်လိုရခဲ့တာလဲ”

ထိုမေးခွန်းကိုကြားတော့ ရန်တိမျက်နှာအမူအရာ ထူးဆန်းသွားသည်။ ရန်တိအနေဖြင့် ထိုသို့သော မျက်နှာအမူအရာပြောင်းလဲသည်မှာ ရှားပါးဖြစ်ရပ်သာပင်။

“ဒီ ထိုက်ယိဟွာတိမ်တိုက်ကို အဖေရှာတွေ့ခဲ့တာမဟုတ်ဘူး ၊ သူက အဖေ့ကိုလာရှာတာဆိုရင် မင်းဘယ်လိုပြောမလဲ”

All Chapters