ရန်တိ
Vol. 71 Ch. 1001
အခန်း (၁၀၀၁) ရန်တိ
ရန်တိ၏စကားများကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းများက လွင့်မျောသွားပြီး သူ၏ဦးခေါင်းထက်တွင် ကြာပန်းသဏ္ဌန်ပွင့်လန်းနေသော ပရမ်းပတာ ကြယ်စင်ရောင် တိမ်တိုက်ကို လှမ်းကြည့်လိုက်သည်။
“အဖေက အဲဒါကိုရှာတွေ့တာမဟုတ်ဘူး ၊ အဲဒါက အဖေ့ကိုရှာတွေ့တာလား”
ရန်ကျောက်ကဲက ဆိုလိုက်သည်။
“ဒီတိမ်တိုက်ရဲ့အလိုဆန္ဒအတိုင်း ဖြစ်လာတာပေါ့”
ရန်တိက ခဏမျှ တိတ်ဆိတ်သွားပြီး...
“ဒါက တိုက်ဆိုင်မှုလို့မထင်ဘူး”
ရန်ကျောက်ကဲက...
"...ဘာကြောင့်လဲ"
ရန်တိက သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး ဦးခေါင်းထက်မှ ‘ထိုက်ယိဟွာတိမ်တိုက်’ ကို အောက်သို့စီးဆင်းစေလိုက်ပြီး သေးငယ်မှေးမှိန်သည့် ကြာပန်းအသွင် အဖြစ်ပြောင်းလဲကာ သူ့လက်ဖဝါးထက်တွင် ငြိမ်သက်စွာ လွင့်မျောနေစေသည်။
“ထိုက်ယိဟွာတိမ်တိုက်ကို ပထမဆုံးအကြိမ် စတွေ့ကတည်းက အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်”
ရန်တိမျက်နှာအမူအရာက ပိုပြီးထူးဆန်းလာသည်။
“ဒီတိမ်တိုက်ကိုတွေ့တွေ့ချင်းမှာပဲ ဘာလဲဆိုတာ ငါချက်ချင်းသိလိုက်တယ်”
သူက ဆက်ပြောသည်။
“ထိုက်ယိဟွာတိမ်တိုက်ကို ပထမဆုံးအကြိမ် မြင်ဖူးတာဆိုပေမယ့် အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်”
ရန်တိက စကားကိုခဏရပ်လိုက်ပြီးမှ ဖြည်းညင်းစွာဖြင့်...
“အတော်လေးတော့ထူးဆန်းပေမယ့်... အဲဒါက မိခင်တစ်ယောက်ရဲ့ထွေးပွေ့မှုလိုမျိုး ခံစားရစေတယ်”
ရန်တိစကားကိုနားထောင်ပြီးနောက် ရန်ကျောက်ကဲက ရန်တိလက်ဖဝါးထက်မှ ထိုက်ယိဟွာတိမ်တိုက်ကို သေသေချာချာ လေ့လာလိုက်ညသ်။
“ဒီ ထိုက်ယိဟွာတိမ်တိုက် ငါ့လက်ထဲရောက်လာကတည်းက အဲဒါကို သန့်စင်စရာမလိုဘူး ၊ အလိုလိုအသုံးပြုလို့ရတယ်”
ရန်တိက ခဏမျှ စဉ်းစားရင်း...
"ဒါက အစကတည်းကငါပိုင်တဲ့ပစ္စည်းတစ်ခုဖြစ်နေသလိုပဲ”
ရန်ကျောက်ကဲက အချိန်အတန်ကြာ စဉ်းစားပြီးနောက်...
“ပိုးသားဧကရာဇ်ရဲ့ အမုန်းတရားမဲ့တာအိုနန်းတော်ကနေ ထွက်ခွာသွားတာ အဖေ့အတွက် ပထမဆုံး ပြင်ပဗလာနယ်ထဲကိုသွားတဲ့ ခရီးစဉ် မဟုတ်လား”
ရန်တိက သူ၏လက်ဖဝါးကို ညင်သာစွတွန်းတင်လိုက်ရာ ထိုက်ယိဟွာတိမ်တိုက်က သူ၏ဦးခေါင်းထက်သို့ ပြန်ရောက်သွားသည်။
“ဟုတ်တယ် ၊ အတိအကျပဲ...”
သူက ဆက်ပြောသည်။
“မင်းပြောတာကိုလည်း ထည့်စဉ်းစားဖို့လိုတယ် ၊ ကြည့်ရတာ ဒါက ငါ့ကို ပြင်ပဗလာနယ်ထဲမှာ တစ်ချိန်လုံး စောင့်နေတာ ဖြစ်နိုင်တယ် ၊ ငါ ပြင်ပဗလာနယ်ထဲကိုရောက်လာတာနဲ့ သူက ငါ့ကိုရှာတွေ့သွားတာပဲ”
ရန်တိ၏အမူအရာက တည်ငြိမ်နေသည်။
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကိုပွတ်သပ်ရင်း ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်သည်။
“ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ မေးခွန်းထုတ်စရာတော့ ရှိတယ်”
ရန်ကျောက်ကဲပြောသည့်စကားအဓိပ္ပါယ်ကို ရန်တိကလည်း သဘောပေါက်သည်။ အကြောင်းမှာ သူကိုယ်တိုင်လည်း ဤရက်ပိုင်းတွင် သံသယဝင်ခဲ့သည် မဟုတ်ပါလား။
“တကယ်တော့ ဒီတိမ်တိုက်က အဖေ့ကိုစောင့်နေတာ ၊ သူက ချက်ချင်းပဲ အဖေ့အပိုင်လိုဖြစ်လာတယ် ၊ အဖေကလည်း အဲဒီအရာနဲ့ ရင်းနှီးသလို ခံစားရတယ်”
“အရင်တုန်းက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းကြောင့် ဝါဒတောင်နဲ့ ငါတို့မိသားစုတွေ ဒုက္ခတွေ့ခဲ့ကြတယ် မဟုတ်လား”
ရန်တိက ဖြည်းညင်းစွာဆိုသည်။
“တကယ်တော့ ရန်ဝမ်တောက်နဲ့တခြားသူတွေ ပြောတဲ့စကားက အမှန်ပဲ ၊ အဖေက အဖေ့မိဘတွေရဲ့ သားအရင်းမဟုတ်ဘူး”
“ငါကိုယ်တိုင် ဒါကိုသိနေတာကြာပါပြီ ၊ အဖေကိုယ်တိုင် အမှန်အတိုင်းပြောပြခဲ့တာ”
“ဒါပေမဲ့ ငါ့စိတ်ထဲမှာ ငါက ‘ရန်’ မိသားစုဝင်တစ်ယောက်လို့မှတ်ယူထားပြီး မိသားစုဝင်တချို့က ငါ့ကို မိသားစုလို့မသတ်မှတ်ရင်တောင် ငါ့အတွက် ဘာမှမဖြစ်ပါဘူး”
“ငါ အိမ်တော်အကြီးအကဲဖြစ်လာတော့ လုပ်ချင်သည်ဖြစ်စေ မလုပ်ချင်သည်ဖြစ်စေ ငါ့အတွက် အရေးမကြီးဘူး ၊ ဒါပေမဲ့ ငါ့အဘိုးက ငါ့ကို ဒီရာထူးပေးအပ်ခဲ့တဲ့အတွက် အချောင်ခိုမှာမဟုတ်သလို အဘိုးကိုလည်း စိတ်ဓာတ်ကျအောင်လုပ်မှာ မဟုတ်ဘူး”
ဖခင်ဖြစ်သူ၏စကားကိုနားထောင်ရင်း ရန်ကျောက်ကဲ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည်။
ထိုစဉ်အချိန်က ရန်တိ၏ အထောက်အထားကို မေးမြန်းသူများထံတွင် ရန်တိ၏ဖခင် ၊ ရန်ကျောက်ကဲ၏အဘိုးကိုယ်တိုင်ရေးသားထားသော စာတစ်စောင်ရှိခဲ့သည်။
လက်ရေးကိုကြည့်ခြင်းအားဖြင့် အတုမဟုတ်သည်မှာ သေချာသည်။
ထိုအချိန်ကတည်းက ရန်ကျောက်ကဲ အမှန်တရားကို ရိပ်မိခဲ့သည်ပင်။
“အဲဒီတုန်းက ငါတို့မိသားစု မိုးကြိုးနယ်မြေ ကျောက်ကျိုးကနေ ကောင်းကင်နယ်မြေ ၊ အလယ်ပိုင်းကောင်းကင်ဒေသကို ပြောင်းလာကြတယ်”
“အဖေက ငါ့ကို တောတောင်တွေထဲမှာတွေ့ခဲ့တာ ၊ သူ ငါ့ကိုခေါ်လာခဲ့တယ်ဆိုတာက ငါ့မိသားစုဆီ ပြန်ပို့ပေးချင်လို့ပဲ”
စကားဆုံးသွားသည်နှင့် ရန်တိက ကျောက်စိမ်းဆွဲပြားလေး (၂)ခုကို ထုတ်ယူကာ ရန်ကျောက်ကဲ ရှေ့တွင်ချလိုက်သည်။ ကျောက်စိမ်းဆွဲပြားလေး (၂)ခုက ပုံစံဆင်တူဖြစ်လေရာ နှစ်ခုပေါင်းမှ တစ်စုံ ဖြစ်ပုံရသည်။
ထိုကျောက်စိမ်းဆွဲပြားလေးများက အလွန်အဖိုးထိုက်တန်သော ရတနာများ မဟုတ်သည့်တိုင် အလွန်လက်ရာမြောက်ပြီး ပုံသဏ္ဍာန်အားဖြင့် လှပသည်။
ကျောက်စိမ်းဆွဲပြား (၂)ခုတွင် စာလုံးတစ်လုံးစီရေးထားသည်။
“ရန်” နှင့် “တိ” ။
ဒါကိုမြင်တော့ ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက်သပ်ရင်း...
“ဒါတွေက လူတစ်ယောက်ရဲ့ နောက်ဆုံးနာမည်တွေ ဖြစ်မယ်ထင်တယ်”
စိတ်ထဲတွင်ရှိနေသည့် ကျန်စကားတစ်ဝက်ကိုတော့ သူဆက်မပြောတော့ပေ။
ကြည့်ရသည်မှာ မိန်းကလေးတစ်ယောက်နှင့် ယောကျ်ားလေးတစ်ယောက်၏ နာမည်အစွန်းများ ဖြစ်နိုင်ခြေ မြင့်မားသည်။ ရန်တိသည်လည်း ဤသို့ပင်ခန့်မှန်းမိမည်ဟု ရန်ကျောက်ကဲ သိရှိသည်ပင်။
“ဒီ ဆွဲပြားတွေကြောင့် အဖေက ငါ့ကိုခေါ်လာခဲ့တာ...”
ရန်တိက ဆိုသည်။
‘ရန်’ ဆိုသောစာလုံးပါရှိသည့် ကျောက်စိမ်းဆွဲပြားကို ရန်တိက ကောက်ကိုင်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ဒီ ကျောက်စိမ်းပြားမှာ ‘ရန်’ ဆိုတဲ့စာလုံးပါတော့ အဖေက ‘ရန်’ အိမ်တော်ထဲက စွန့်ပစ်ထားခဲ့တဲ့ ကလေးလို့ထင်ခဲ့ပြီး လိုက်စုံစမ်းခဲ့တယ် ၊ ဒါပေမဲ့ နောက်ဆုံးမှာ အဲဒီလိုမဟုတ်ဘူးဆိုတာသိခဲ့ရတယ်”
“ဒါပေမဲ့ အဖေက ဒီကျောက်စိမ်းပြားလေးကြောင့် ငါ့ကို ‘ရန်’မျိုးနွယ်လို့ယူဆပြီး ရေစက်ရှိတယ်လို့ခံစားရတယ် ၊ ဒါကြောင့် ငါ့ကိုမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်”
ရန်တိက ‘တိ’ စာလုံးရေးထိုးထားသည့် ကျောက်စိမ်းပြားလေးကို ကောက်ကိုင်လိုက်ပြီး...
“’ရန်’ဆိုတဲ့စာလုံးက ငါ့ရဲ့မျိုးရိုးနာမည်ဖြစ်လာတော့ ဒီ ‘တိ’ ဆိုတာက ငါ့ရဲ့နာမည်ဖြစ်လာတာပေါ့”
ရန်ကျောက်ကဲသည်လည်း ကျောက်စိမ်းဆွဲပြားများကို သေသေချာချာကိုင်ပြီး ဂရုတစိုက် လေ့လာလိုက်သည်။
“ငါ့အဖေနဲ့အမေက ငါ့ကို သူတို့သားအရင်းလိုသဘောထားတဲ့အတွက် အရင်က မွေးစားထားတယ်ဆိုတာကို သတိမပြုခဲ့မိဘူး”
ရန်တိက ရှည်လျားစွာ အသက်ရှူထုတ်လိူက်ပြီး...
“ငါတို့မိသားစု မိုးကြိုနယ်မြေ ကျောက်ကျိုးကနေ ကောင်းကင်နယ်မြေ အလယ်ပိုင်းကောင်းကင်ဒေသကို ပြောင်းလာပြီးတဲ့နောက် အဖေဆုံးခါနီးကျမှ ဒီအကြောင်းကို ပြောပြခဲ့တာ”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ဒါဖြင့် တစ်နည်းပြောရရင်... အဖေဘယ်ကလာသလဲဆိုတာ အဘိုးကမသိဘူးပေါ့”
ရန်တိက ခေါင်းကိုအနည်းငယ်မော့ကာ သူ၏ဦးခေါင်းထက်မှ ထိုက်ယိဟွာတိမ်တိုက်ကို ကြည့်လိုက်သည်။
“နှစ်တွေကြာလာပေမယ့် ငါ့ရဲ့ဇာစ်မြစ်ကို ငါ အရေးမစိုက်ပါဘူး ၊ ဒါပေမဲ့ အခုတော့ အဖြေက အမှတ်မထင်ချဉ်းကပ်လာပုံရတယ်”
သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းယမ်းလိုက်ကြသည်။
ရန်တိ၏ဇာစ်မြစ်က သာမန်ဆိုလျှင် အဆင်ပြေလေသည်။
သို့သော် ထူးဆန်းသည့်ဇာစ်မြစ်တစ်ခုဖြစ်နေခြင်းက ကံဆိုးသည်လား ကံကောင်းသည်လား ပြောရန်ခက်ခဲပေ၏။
ရန်တိပိုင်ဆိုင်ထားသော ထိုက်ယိဟွာတိမ်တိုက်က အမှန်တကယ်ကောင်းမွန်သော်လည်း ဤအရာနောက်ကွယ်တွင် ဖုံးကွယ်ထားသော ပြဿနာရှိ မရှိ မည်သူသိနိုင်မည်လဲ။
ရန်ကျောက်ကဲက စိတ်ကိုစုစည်းလိုက်ပြီး တစ်ချက်ပြုံးလိုက်သည်။
“ဒါပေမဲ့ ထိုက်ယိဟွာတိမ်တိုက်က အဖေ့ကိုကာကွယ်ပေးထားရင် ဒီကမ္ဘာက သိုင်းပညာအများကြီး အဖေ့ကိုဦးတည်တိုက်ခိုက်လာရင် ထိရောက်မှု အားနည်းသွားလိမ့်မယ် ၊ သိုင်းပညာအတော်များများက အဖေ့အပေါ် သက်ရောက်နိုင်မှာ မဟုတ်ဘူး”
“ဒါကြောင့် ရန်သူတွေအများကြီးနဲ့ ရင်ဆိုင်ရတဲ့အခါ ရန်သူ့ဘက်ကမတိုင်ခိုက်မှာတင် အဖေ့ဘက်က အနိုင်ယူနိုင်တဲ့အနေအထားမှာရှိတယ်လို့ ပြောလို့ရတယ်”
ရန်တိ၏တိုက်ခိုက်မှုက နဂိုကပင် မိုးကောင်းကင်ကိုထိတ်လန့်စေသည်အထိ လွှမ်းမိုးနိုင်စွမ်း မြင့်မားသည်။ ယခု ထိုက်ယိဟွာတိမ်တိုက်၏အကာအကွယ်ကိုရရှိသည့်အခါ ရန်တိအနေဖြင့် ခံစစ်တိုက်စစ် နှစ်ခုလုံး အလွန်တရာ အားကောင်းသွားပြီ ဖြစ်၏။
ရန်တိက တည်ငြိမ်စွာဖြင့်...
“ဒါပေမဲ့ တိုက်ပွဲတစ်ခုဆိုတာ မရေမတွက်နိုင်တဲ့အပြောင်းအလဲတွေ အများကြီးရှိတယ် ၊ ထိုက်ယိဟွာတိမ်တိုက်ကို ထိုးဖောက်နိုင်တဲ့သိုင်းပညာမျိုးလည်း ရှိလာနိုင်တာပဲ မဟုတ်လား”
သူက ဆက်ပြောသည်။
“ဥပမာပြောရရင် မင်း နောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့ ချင်းယွမ်ဧကရာဇ်အဆက်အနွယ်ရဲ့ မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းလိုမျိုးပေါ့ ၊ ဒီလိုသိုင်းပညာမျိုးဆိုရင် ခုခံဖို့အရမ်းခက်တယ်လေ”
“မင်းဒဏ်ရာမရဘူးဆိုရင်တောင်မှာ သူ့အင်္ကျီလက်ထဲမှာဖမ်းမိသွားရင် မင်းအတွက် ဘာအခွင့်အရေးမှ မရှိနိုင်တော့ဘူး”
ရန်ကျောက်ကဲက ပြုံးရင်း...
“မိုးမြေစုပ်ယူအင်္ကျီလက်သိုင်းက လူအတော်များများကို အခက်တွေ့စေတဲ့ ထိပ်တန်းသိုင်းပညာဆိုပေမယ့် ထိုက်ယိဟွာတိမ်တိုက်နဲ့ဆိုရင် ချင်းယွမ်ဧကရာဇ်ကိုယ်တိုင် အဖေ့ကိုလာရင်တောင်မှ အသုံးဝင်မှာမဟုတ်ပါဘူး ၊ ဒါနဲ့... ချင်းယွမ်ဧကရာဇ်ဆိုလို့...”
“သူ အခု အထက်ဘုံကမ္ဘာမှာ မရှိပေမယ့် သူ့တပည့်တွေသေတဲ့သတင်းကြားရင် ပြန်လာမလား မပြောနိုင်ဘူး”
ရန်ကျောက်ကဲက မျက်မှောင်ကြုံ့ရင်း...
“အရင်တုန်းက ကျူတောပင်လယ်ဒေသမှာ သူတို့အစီအရင်လုပ်မယ့်ကိစ္စကို ကျွန်တော် ဖျက်ဆီးခဲ့တယ် ၊ သူက ကိုယ့်အဆင့်အတန်းမျက်နှာထောက်နေတော့ ကျွန်တော်တို့ကိုပစ်မှတ်မထားဘဲ အရှေ့တောင်ထိပ်တန်းအရှင်သခင်ကိုပဲ အခက်တွေ့အောင် လုပ်ခဲ့တယ်”
“ဒီတစ်ခေါက် ကျွန်တော်က ချင်ရှုကျီနဲ့ တာအိုဆရာချန်းလန်ကိုသတ်ခဲ့တယ်ဆိုတော့ ချင်းယွမ်ဧကရာဇ် ကျွန်တော်တို့ဆီတန်းပြီးရောက်လာတော့မယ်ထင်တယ်”
ထိုစကားကြားတော့ ရန်တိက အေးဆေးစွာဖြင့်...
"ကိုယ့်လာသတ်တဲ့သူ ပြန်သတ်ရမှာပဲပေါ့ ၊ ဝူထုန်တောင်စောင်းကလူတွေက မင်းကိုဝိုင်းပြီး သတ်ကြတာလေ ၊ ဒါပေမဲ့ သူတို့ညံ့လို့ခံလိုက်ရတာ ၊ ဒါက သဘာဝပါပဲ”
သူက ဆက်ပြောသည်။
“ချင်ယွမ်ဧကရာဇ် ရောက်လာရင်လည်း ငါတို့ တိုက်ကြတာပေါ့ ၊ ငါသာရင် ငါသူ့ကိုသတ်ပစ်မယ် ၊ ငါညံ့ရင် အသတ်ခံရမယ် ၊ ဒါက သိုင်းကျင့်ကြံသူလောကရဲ့ မူဝါဒပဲ ၊ ငါ စပြီးကျင့်ကြံကတည်းက ဒါကိုလက်ခံထားပြီးသား...”
ရန်ကျောက်ကဲက...
“ဒါပေမဲ့... သူများကို သတ်ရတာအဆင်ပြေပေမယ့် ကိုယ်အသတ်ခံရတာကျ သိပ်ပြီးမသာယာဘူးလေဗျာ”
သူက ဆက်ပြောသည်။
“အချိန်က စောင့်နေမှာမဟုတ်ဘူး ၊ အခုပြဿနာက ကျွန်တော်တို့မှာ အချိန်မရှိတော့ဘူး”