← Chapters

အရှိန်အဟုန်က ငါ့အထဲမှာရှိနေတယ် ၊ ရပ်တန့်လို့မရနိုင်ဘူး

Vol. 71 Ch. 1002

အရှိန်အဟုန်က ငါ့အထဲမှာရှိနေတယ် ၊ ရပ်တန့်လို့မရနိုင်ဘူး

Vol. 71 Ch. 1002

အခန်း (၁၀၀၂) အရှိန်အဟုန်က ငါ့အထဲမှာရှိနေတယ် ၊ ရပ်တန့်လို့မရနိုင်ဘူး

“အချိန်မရှိတော့ဘူး” ဟု ရန်ကျောက်ကဲပြောလိုက်ခြင်းက ချင်းယွမ်ဧကရာဇ်တစ်ယောက်တည်းကိုသာ ရည်ညွှန်းခြင်း မဟုတ်ပေ။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်သည်လည်း ယခုအချိန်တွင် ရန်ကျောက်ကဲ ၊ ဝါဒတောင်နှင့် မပြေနိုင်သော ရန်ငြိုးများ ရှိနေပြီ ဖြစ်သည်။

ဇာမဏီရိုးရာတောင် ၊ ဝူထုန်တောင်စောင်းတွင် နဝမအဆင့် သိုင်းသူတော်စင် (၃)ဦးရှိသည်။

ဘဏ္ဍာတော်ထိန်းတောင်ထိပ်မှ ကျန်းစုရန် ၊ မီးတောက်ဘုရင် ‘ဖန်ဟယ်’ နှင့် ဇာမဏီအော် မြည်သံ‘မောက်ယွမ်ရှန်း’ တို့ဖြစ်၏။

ယခု ရန်ကျောက်ကဲက (၃)ယောက်တွင် (၂)ယောက်ကို သတ်ဖြတ်လိုက်သည့်အပြင် သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများကို ယှဉ်ပြိင်နိုင်သည့် ယွမ်ရှန်းချန်သည်ပင် အစစ်ပါသေးသည်။

ထို့ကြောင့် ဝူထုန်တောင်စောင်းမှ သိုင်းကျင့်ကြံသူတစ်ဝက်ကျော်ခန့် စက်ဝန်းတောင်တိုက်ပွဲတွင် ကျဆုံးခဲ့ကြရသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်ရှိနေသရွေ့ ဝူထုန်တောင်စောင်း ဘယ်တော့မှ ကျရှုံးမည်မဟုတ်ဟု ပြောကောင်းပြောနိုင်သော်လည်း ယခုတစ်ခေါက်မှာတော့ သူတို့၏အင်အား ကြီးမားစွာထိုးနှက်ခံခဲ့ရသည် အမှန်ပင်။

ပြီးတော့ ကျွမ်းရှန်၏သား ကျွမ်းကျောင်းဟွေသည်လည်း ရန်ကျောက်ကဲလက်ချက်ဖြင့် အသက်ပျောက်ခဲ့ရသည် မဟုတ်ပါလား။

ရန်ကျောက်ကဲ တောင်ပိုင်းသို့ ခြေချခဲ့ပြီးနောက် ထိုနေရာမှ မရေမတွက်နိုင်သော သိုင်းကျင့်ကြံသူများသတ်ဖြတ်ပစ်ခဲ့သည်ဖြစ်ရာ ကျွမ်းရှန်အနေဖြင့် သူ့ကိုအလွယ်တကူ အလွတ်ပေးမည် မဟုတ်ပေ။

လောလောဆယ်တော့ ကျွမ်းရှန်ထံမှ ဘာသတင်းမှ မရသေးသောအနေအထားဖြစ်သည့်တိုင် သတင်းရပြီးသည့်နောက်မှာတော့ အရှေ့တောင်ပိုင်းသို့ ချီတက်လာမည် အမှန်ပင်။

ရန်ကျောက်ကဲက...

“အဖေ့ရဲ့ ထိုက်ယိဟွာတိမ်တိုက်ကို ကျွန်တော် လေ့လာဖို့လိုလိမ့်မယ်”

ရန်တိက...

“သေချာတာပေါ့ ၊ မင်း အမတကူးပြောင်းခြင်းအဆင့်ကို တက်ရောက်နိုင်ဖို့က ထိုက်ယိဟွာတိမ်တိုက်ကို ဘယ်လောက်လေ့လာနိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်တယ်”

သူက ဆက်ပြောသည်။

“ဒီရတနာပစ္စည်းက အရမ်းအံ့သြစရာကောင်းတယ် ၊ အချိန်တိုအတွင်းမှာ အမြင်သစ်တွေပေးစွမ်းနိုင်တယ် ၊ ငါ့အတွက်တော့ အတော်လေး အကျိုးရှိခဲ့တယ်”

ရန်ကျောက်ကဲက ပြုံးရင်း...

“အဖေ့အရည်အချင်းနဲ့ဆိုရင် ဒီ ထိုက်ယိဟွာတိမ်တိုက်နဲ့ချိတ်ဆက်ကျင့်ကြံမယ်ဆိုရင် နောက်ပိုင်းမှာလည်း အကျိုးအမြတ်တွေ အများကြီး ပိုရလာနိုင်တယ်”

ရန်တိက...

“ငါလည်း ဒီလိုပဲခံစားရတယ် ၊ ဒါပေမဲ့ ပြောဖို့တော့ နည်းနည်းစောပါသေးတယ်”

ထို့နောက်သားအဖနှစ်ယောက် မျက်နှာချင်းဆိုင် တင်ပျဉ်ခွေထိုင်လိုက်ကြသည်။

ရန်တိ၏ဦးခေါင်းထက်မှ ခမ်းနားထည်ဝါသောတိမ်တိုက်က ကြာပန်းကဲ့သို့ ပွင့်လန်းနေပြီး ပွင့်ချပ်များက လေးနက်သော ကြယ်စင်ရောင်များ တဖျတ်ဖျတ်တောက်ပနေသည်။

ရန်ကျောက်ကဲက လက်ဖဝါးကိုပင့်မြှောက်လိုက်တော့ ထိုက်ကျိကားချပ်တစ်ခုပေါ်လာသည်။

ထိုက်ကျိကားချပ်က လှည့်ပတ်သွားပြီး အရာအားလုံးက မရှိမှုအဖြစ် ပြောင်းလဲသွားကာ ရန်တိ၏ ဦးခေါင်းထက်မှ ထိုက်ယိဟွာတိမ်တိုက်နှင့် တဖြည်းဖြည်း ပဲ့တင်ထပ်သွားသည်။

ထိုက်ကျိယင်ယန်လက်ဝါးသိုင်းအပြင် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များကြား ပရမ်းပတာဖြစ်စဉ်များ တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

သူ၏ကျင့်ကြံခြင်းအခြေခံဖြစ်သော ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာက စတင်လှည့်ပတ်လာသည်။

ယွိချင်အဆက်အနွယ်၏ ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာနှင့် ထိုက်ချင်အဆက်အနွယ်၏ ထိုက်ယိလက်သီးသိုင်းတို့တွင် တူညီသည့်အချက်များစွာ ရှိသည်။

ရန်ကျောက်ကဲက စန်းချင်း (၃)ပါး သိုင်းပညာများကို တပြိုင်တည်းကျင့်ကြံထားသည်ဖြစ်ရာ ဤအခိုက်အတန့်တွင် ထိုက်ယိဟွာတိမ်တိုက်၏ အခြေခံသဘောတရားများကို နားလည်ရန်အတွက် အလွန်အမင်း အားစိုက်ထုတ်စရာ မလိုပေ။

မိုးမြေတစ်ခွင်တွင် ထိုက်ယိဟွာတိမ်တိုက်၏ပိုင်ရှင်ဖြစ်သော ရန်တိမှတစ်ပါး ဤအရာကိုနားလည်သူမှာ ရန်ကျောက်ကဲနှင့် ပိုးသားဧကရာဇ်သာလျှင် ရှိနိုင်ပေသည်။

“အတော်ထူးခြားတာပဲ ၊ ပြီးတော့ အဖေနဲ့ ဒီတိမ်တိုက်ရဲ့ဆက်စပ်မှုက အတော် လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်တယ် ၊ ပြီးတော့ ရှိသေးတယ်…”

ရန်ကျောက်ကဲ ထိုက်ယိဟွာတိမ်တိုက်ကို လေ့လာရင်းကျင့်ကြံနေစဉ် ရန်တိသည်လည်း တိတ်ဆိတ်စွာ ကျင့်ကြံလျှက် ရှိသည်။

ဤအခိုက်အတန့်တွင် ရန်တိ၏ ထိုက်ယိဟွာတိမ်တိုက်ကြောင့် ရန်ကျောက်ကဲ၏ သိုင်းတာအိုအယူအဆက ရန်တိ၏ သိုင်းတာအိုအယူအဆနှင့် အနည်းငယ် ထိတွေ့သွားခဲ့သည်။

ထိုအချိန် သူ့စိတ်ထဲ အနည်းငယ် တုန်ခါသွားသည်။

ရန်တိ၏ အစစ်အမှန်သိုင်းဝိညာဉ်က အလွန်တရာသန့်စင်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသည်။

သူပိုင်ဆိုင်သော အစစ်အမှန်သိုင်းဝိညာဉ်က သူကျင့်ကြံထားသည့် မည်သည့်သိုင်းပညာနှင့်မှ တိုက်ရိုက်ဆက်နွယ်နေခြင်း မရှိပေ။

နက်ရှိုင်းချီစွမ်းအားအပြင် ဘဝဖန်ဆင်းခြင်းကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာများနှင့်လည်း ချိတ်ဆက်မှု မရှိပေ။

ရန်တိက ထိုက်ချင်အဆက်အနွယ် သိုင်းပညာ ကျင့်ကြံခဲ့သူဖြစ်ကြောင်း ရန်ကျောက်ကဲ ယုံကြည်သည်။

သို့သော် စန့်ချင်အဆက်အနွယ် ဓားတာအို သို့မဟုတ် မိစ္ဆာကျင့်စဉ်များ ကျင့်ကြံခဲ့လျှင်ပင် ရန်တိအနေဖြင့် လက်ရှိအခြေအနေနှင့် လုံးဝ ကွာခြားမည် မဟုတ်ပေ။

ဓားသိုင်း ၊ လှံသိုင်း ၊ လက်ဝါးသိုင်း ၊ လက်သီးသိုင်း အရာအားလုံးသည် ရန်တိအတွက်တော့ အတူတူပင် ဖြစ်ပေလိမ့်မည်။

အခြားသူများ သိုင်းကျင့်ကြံကြသည့်အခါ ကိုယ်ပိုင်အစွမ်းအစ မြှင့်တင်ရန် ကျင့်ကြံကြသည်။

ရန်တိကတော့ သိုင်းပညာကျင့်ကြံသည့်အခါ သူကျင့်ကြံခဲ့သော သိုင်းပညာ မည်သို့ပင်ရှိစေကာမူ ထူးခြာသော သိုင်းပညာအယူအဆကိုသာလျှင် ဆွဲထုတ်ယူငင်လေ့ ရှိသည်။

သူ၏ မရပ်တန့်နိုင်သော အရှိန်အဟုန်က မိုးမြေတစ်ခွင် ဖန်ဆင်းခြင်းအားလုံး၏ အခြေခံမူများ ၊ လည်ပတ်မှုစွမ်းအားနှင့် အဆုံးစွန်ပျက်ဆီးခြင်းအထိ ပျံ့နှံ့သွားစေကာ သူ အဆင့်မြင့်တက်နေချိန်တွင် သူ၏ကျင့်ကြံခြင်းက သိုင်းပညာရပ်များအားလုံးကို လွှမ်းခြုံအုပ်စိုးထားသည်။

အရှိန်အဟုန်က ငါ့အထဲမှာရှိနေတယ် ၊ ရပ်တန့်လို့မရနိုင်ဘူး...။

မူလကောင်းကင်ကျမ်းစာများကို ကျင့်ကြံခြင်းမရှိဘဲ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အထွတ်ထိပ်ဖြစ်ခဲ့သည့် ‘နက်ရှိုင်းချီစွမ်းအားကျင့်စဉ်’ ကို မကျင့်ကြံဘဲ ၊ ပေါ့ပါးသည့်သိုင်းပညာတစ်ခုကို ကျင့်ကြံလျှင်ပင် ရန်တိ၏အောင်မြင်မှုကို မည်သူမှ ဟန့်တားနိုင်မည် မဟုတ်ပေ။

ရန်တိ၏အကန့်အသတ်သည် အဆုံးမရှိ မြင့်မားလွန်းလှသည်။

ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံခဲ့သည့် ရန်ကျောက်ကဲကိုယ်တိုင်အပြင် ဤသို့သော ထူးခြားချက်မျိုကို အခြား မည်သူ့ထံတွင်မှ တွေ့မြင်ရခြင်း မရှိပေ။

နဂါးဆိုသည်က ရေကန်ထဲတွင်ထာဝရနေမည်မဟုတ် ၊ ကောင်းကင်ထက်ယံသို့ ပျံသန်းမည်သာ ဖြစ်သည်။

ထို့ပြင် ရန်တိ၏ ကျင့်ကြံခြင်းမြင့်တက်လာသည်နှင့်အမျှ ဤအခြေအနေက ပိုပြီးထင်ရှားလာသည်။

သာမန်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ အချိန်ပိုကြာအောင်ကျင့်ကြံရပြီး တိုးတက်ရန် ခက်ခဲလေ ဖြစ်သည်။

အချို့ဆိုလျှင် သိုင်းသူတော်စင်အဆင့်တက်ရောက်ရန်အတွက် တစ်သက်တာပိတ်ဆို့နေတတ်ပြီး အချို့ကတော့ (၁၀)စုနှစ်များစွာ ရပ်တန့်နေကြသည်။

ထက်မြက်သော ပါရမီရှင်များသည်သာ ပိုမိုပြင်းထန်သောအရှိန်အဟုန်ဖြင့် လျှင်မြန်စွာ တိုးတက်နိုင်စွမ်းရှိကြသည်။

သို့တိုင် ရန်တိ၏ တိုးတက်မှုနှုန်းကတော့ အခြားသူများနှင့်မတူ အံ့သြဖွယ်ရာအတိဖြစ်သည်။

သူ၏ကျင့်ကြံခြင်းက သူ၏ဓားနှင်ဆင်တူသည်။ အတားအဆီးမရှိ အရာအားလုံးကို ကျော်ဖြတ်နိုင်စွမ်း ရှိသည်။

ဤဖြစ်စဉ်တွင် ရန်တိ၏ ကျယ်ပြန့်သော သိုင်းပညာအယူအဆက ပိုမိုထင်ရှားရှင်းလင်းကာ သန့်စင်လာသည်ဟု ဆိုရပေမည်။

သိုင်းသူတော်စင်အဆင့်သို့တက်ရောက်စဉ်ကထက် နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်သည့်အခါ ရန်တိ ပိုမိုအားကောင်းလာကြောင်း ရန်ကျောက်ကဲ ခံစားသိရှိရသည်။

ယခု အမတကူးပြောင်းခြင်းအဆင့်တက်ရောက်သည့်အခါ နတ်ဘုရားသိမြင်ခြင်းအဆင့်ထက်ပိုပြီး အားကောင်းသန့်စင်လာကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။

ဤသည်က ရန်ကျောက်ကဲကိုပင် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု၏ အောက်ခြေသို့ ရောက်သွားသလို ခံစားရစေသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ရန်တိ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ တက်ရောက်ကတည်းက ရန်ကျောက်ကဲစိတ်ထဲ မှန်းဆချက်အချို့ ရှိပြီးသားပင်။

ယခု အမတကူးပြောင်းခြင်းအဆင့်ရှိနေသည့် ရန်တိ၏သိုင်းတာအိုမှ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ၊ အစစ်အမှန်သိုင်းတိညာဉ်ကို အာရုံခံမိသည့်အခါ ရန်ကျောက်ကဲ အရင်က ခန့်မှန်းထားသည်များကို အတည်ပြုနိုင်ပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

သို့သော် သူမထင်မှတ်ထားသည့်ပမာ ဖြစ်နေသည့်အတွက် ပဟေဠိပင် ဖြစ်သွားစေသည်။

သူ ပိုပြီးတော့လည်း စိတ်ဝင်စားလာခဲ့သည်။

အဘယ်ကြောင့် ဤသို့ ဖြစ်ရပါသနည်း။

ရန်ကျောက်ကဲသည် ရန်တိ၏ဦးခေါင်းထက်မှ ထိုက်ယိဟွာတိမ်တိုက်ကိုက ကြည့်နေရင်း အတွေးများက လေးနက်နေသည်။

သူတို့ (၂)ယောက်လုံး ကျင့်ကြံနေခြင်းက လျှင်မြန်စွာပြီးဆုံးသွားနိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲအနေဖြင့် ထိုက်ယိဟွာတိမ်တိုက်ကို ဖြည်းညင်းစွာပုံဖော်နားလည်ရန် အချိန်အတော်ကြာ လိုအပ်ပေသည်။

အချိန်ပိုမိုရရှိရန်အတွက် ရန်ကျောက်ကဲသည် အထက်ဘုံကမ္ဘာထက် အချိန်စီးဆင်းမှု ပိုမိုမြနဆန်သော သမုဒ္ဒရာကမ္ဘာတွင် မကြာခဏသွားရောက်ကျင့်ကြံလေ့ရှိသည်။

လက်ရှိတွင် ကျူတောပင်လယ်ဒေသက ဝါဒတောင်၏လက်အောက်ခံဖြစ်လာခဲ့ပြီ ဖြစ်သည်။

ဝါဒတောင်က နယ်မြေချဲ့ထွင်ခြင်းမရှိဘဲ ငြိမ်သက်စွာနေထိုင်သည့်တိုင် အခြားသော အင်အားစုများက ဝါဒတောင်၏ တည်ရှိမှုကို လျစ်လျူမရှုရဲကြပေ။

ဤကာလအတွင်း ရန်ကျောက်ကဲအတွက် စိုးရိမ်စရာကိစ္စ (၂)ခုလည်း ဖြစ်လာခဲ့သည်။

ပထမအချက်မှာ ပြင်ပလောကသို့ (၂)နှစ်ခန့် ခရီးရှည်ထွက်သွားသည့် ဖန်းယွင်ရှန်းထံမှ စာရောက်လာခြင်းဖြစ်သည်။

စိတ်မကောင်းစရာမှာ သတင်းကောင်းတစ်ခု မဟုတ်ခဲ့ပေ။

တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည့်အတွက် ဖန်းယွင်ရှန်း ပြင်ပဗလာနယ်ထဲသို့ ဦးတည်ထွက်ခွာသွားသည်ဟု အကြောင်းကြားစာ ရောက်လာခြင်း ဖြစ်သည်။

ချစ်ရသူမှာ ကံကြမ္မာ၊ ဘေးဆိုးတွေနဲ့ ကြုံပြီး ဘယ်တော့ပြန်လာနိုင်မလဲဆိုသည်ကို လုံးဝမသိနိုင်ပေ။

“အဆင်မပြေလိုက်တာ ၊ တကယ်ဆို ဇနီးဆိုတာ ခင်ပွန်းသည်အိမ်ပြန်လာတာကို တိတ်တဆိတ်စောင့်နေရမှာ မဟုတ်ဘူးလား ၊ အခုတော့ သူက ခရီးထွက်ပြီး ငါက အိမ်ကစောင့်နေရတယ်”

ရန်ကျောက်ကဲ မချိပြုံးပြုံးရင်း တွေးလိုက်၏။

သို့သော် တစ်ကိုယ်တော်ခြေဆန့် ခရီးထွက်ခြင်းမှာ ဖန်းယွင်ရှန်းအတွက် လိုအပ်သောအရာဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။

ထို့ကြောင့် သက်ပြင်းသာချရင်း လက်ခံရသည်သာပင်။

ရန်ကျောက်ကဲ ပိုမိုစိုးရိမ်သည့် ဒုတိယကိစ္စမှာ မြောက်ဖေးတောင်ထွတ်မှ ဧည့်သည်တစ်ယောက် ရောက်ရှိလာခြင်း ဖြစ်၏။

ထိုအချက်က ထူးဆန်းသည်ဟု ရန်ကျောက်ကဲ ခံစားရသည်။

ရန်တိထံတွင် ထိုက်ယိဟွာတိမ်တိုက် ရှိနေသည့်အကြောင်းကို သိရှိသူမှာ ဝါဒတောင်တွင်လူအနည်းငယ်မျှသာ ရှိသဖြင့် မြောက်ဖေးတောင်ထွတ်အနေဖြင့် သိရှိသွားနိုင်စရာအကြောင်းမရှိလှပေ။

All Chapters