← Chapters

လက်တစ်ဘက် ဓားသမား

Vol. 109 Ch. 1512

လက်တစ်ဘက် ဓားသမား

Vol. 109 Ch. 1512

အဆိပ်ဝိညာဉ် ကျန့်ရှမျိုးနွယ်တပ်ကို မျှားခေါ်လာခဲ့ခြင်းမှာ အခြားရွေးချယ်စရာ မရှိ၍ ဖြစ်သည်။

ချီချင်ချန်က သူ့အား ယိုထျန်းနီတို့ကို သွားရှာခိုင်းခဲ့သည်။ သူ ယိုထျန်းနီတို့ကို တွေ့ခဲ့ပါသည်။ သို့သော် ရီဝူတို့၏ လိုက်ဖမ်းမှုကို ခံခဲ့ရပေသည်။ သူ့တွင် ရီဝူတို့ကို ရှင်းပစ်နိုင်မည့် နည်းရှိ၏။ သူသာ နတ်ဘုရားဝိညာဉ်ထိုးချက်ကို သုံးလိုက်လျှင် သူတို့ သေချာပေါက် သေသွားပေလိမ့်မည်။ သို့သော် သူ သူတို့ကို သတ်ပစ်နိုင်ပါသလော။

အဆိပ်ဝိညာဉ်က ဝိညာဉ်မျိုးနွယ်၏ သစ္စာဖောက်ဖြစ်သည်။ သူ့ဘဝတွင် အကြီးမားဆုံးဆန္ဒမှာ ဝိညာဉ်မျိုးနွယ်သို့ တရားဝင်ပြန်နိုင်ရန်ဖြစ်သည်။ သူ ‘အဆိပ်ဝိညာဉ်’ဆိုသော အမည်ကို သေသည်အထိ သယ်မသွားလိုပေ။ သူ့ အနာဂတ်မျိုးဆက်များကိုလည်း သူ့ကြောင့် အရှက်မရစေလိုပေ။ သူသာ ဝိညာဉ်မျိုးနွယ်မှ လူလေးယောက်ကို သတ်လိုက်မည်ဆိုလျှင် သူ့တစ်သက်လုံး ဝိညာဉ်မျိုးနွယ်သို့ ပြန်နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် အဆိပ်ဝိညာဉ် ထွက်သာထွက်ပြေးခဲ့ရသည်။ သို့သော် လေးယောက်ထဲမှ နှစ်ယောက်က သူ့အနောက်သို့ ဆက်လိုက်လာခဲ့သည်။ ယိုထျန်းနီက ဤနေရာတွင် ရှိနေကြောင်း အဆိပ်ဝိညာဉ်သိသည်။ ရီဝူသည် အဆိပ်ဝိညာဉ်က ယိုထျန်းနီ၏ အစီအစဉ်ကို သွားဖျက်ကာ သူတို့အကြောင်း ပေါ်သွားအောင် လုပ်မည်စိုး၍ အဆိပ်ဝိညာဉ်ကို သတ်ရန် အမိန့်ပေးခဲ့ခြင်းပင်။ သစ္စာဖောက်တစ်ယောက်က ရီဝူအတွက် မည်သို့မှ အရေးမပါပေ။

နာရီပေါင်းများစွာ လိုက်သတ်ခံခဲ့ရပြီး နောက်ဆုံးတွင် ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများကို ရှောင်ထွက်ပြီးနောက်တွင် အဆိပ်ဝိညာဉ် ကျန်းရီတို့ကို လိုက်ရှာရန် ကြိုးစားခဲ့သည်။ သို့သော် ကျန်းရီတို့၏ လမ်းကြောင်းကို ရှာတွေ့ချိန်တွင် ယိုထျန်းနီတို့ကလည်း အနီးတွင် ပုန်းအောင်းနေကြောင်း သိလိုက်ရသည်။

အဆိပ်ဝိညာဉ်သည် ချီချင်ချန်က အလွန်ပင်ပန်းနွမ်းနယ်နေကြောင်းကိုလည်း အာရုံခံမိခဲ့သည်။ သူ့တစ်ယောက်အားဖြင့် ကျန်းရီနှင့် ချီချင်ချန်တို့ကို ကယ်နိုင်မည် မဟုတ်ရာ သူ အခြားနည်းလမ်းကို စဉ်းစားရတော့သည်။ ထိုစဉ် ခပ်လှမ်းလှမ်းရှိ ကျန့်ရှမျိုးနွယ်တပ်တစ်တပ်ကို အာရုံခံမိခဲ့သည်။ သူ တုံ့ဆိုင်းခြင်းမရှိဘဲ ထိုတပ်ကို မျှားခေါ်လိုက်သည်။ သူ အခြေအနေကို ကစဉ့်ကလျားဖြစ်သွားအောင် ဖန်တီး၍ ကျန်းရီတို့နှစ်ယောက်ကို ကယ်နိုင်မည့် အခွင့်အရေးကို ရှာလိုခြင်းဖြစ်ပေသည်။

ကျန့်ရှဘုရင်ထွက်ပေါ်လာမည်ကိုမူ အဆိပ်ဝိညာဉ်လည်း မျှော်လင့်မထားခဲ့ပါပေ။

အဆိပ်ဝိညာဉ်သည် အင်အားတစ်သန်းရှိသော ကျန့်ရှမျိုးနွယ်တပ်ကို အာရုံခံမိခဲ့စဉ်က ၎င်းတို့ကြားတွင် ကျန့်ရှဘုရင်ရှိနေကြောင်းကို သတိမပြုမိခဲ့ချေ။ ထို့အတွက်လည်း သူ သေမလိုပင် ဖြစ်ခဲ့ရသည်။ ပုန်းကွယ်ခြင်းအတတ် ချက်ချင်းထုတ်သုံးလိုက်သဖြင့် သူ့ခန္ဓာကိုယ်က မည်သည့်အသက်လက္ခဏာမှ မထုတ်လွှတ်တော့၍သာ တော်သေးသည်။ ကျန့်ရှမျိုးနွယ်တွင် စိတ်ဝိညာဉ်မရှိသဖြင့် သူ့ကို အာရုံမခံနိုင်ကြပေ။ ထို့သို့ဖြင့် အဆိပ်ဝိညာဉ်သည် အဝေးသို့ ဘေးကင်းကင်း ပြန်ဆုတ်သွားနိုင်ခဲ့သည်။ အဝေးသို့ ရောက်မှ သူ လူလုံးပြန်ပြကာ ကျန့်ရှမျိုးနွယ်တပ်ကို ယိုထျန်းနီတို့ ရှိရာဘက်သို့ မျှားခေါ်သွားလိုက်ပေသည်။

ကျန့်ရှဘုရင်က အနည်းနှင့်အများဆိုသလို သာမန်ကျန့်ရှမျိုးနွယ်ဝင်များနှင့် တူသည်။ ၎င်းက ပြောပလောက်အောင် မထူးခြားပေ။ တစ်ခုတည်းသော ကွာခြားမှုမှာ ၎င်း၏ကျောပေါ်ရှိ ဆူးချွန်များက ပို၍နီရဲခြင်းပင်။ ထို့ကြောင့်လည်း အဆိပ်ဝိညာဉ်က ၎င်းကို အစကတည်းက သတိမပြုမိခဲ့ခြင်းဖြစ်သည်။ ကျန့်ရှဘုရင်က စတင်တိုက်ခိုက်တော့မှ ၎င်းက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း အဆိပ်ဝိညာဉ် သိသွားခဲ့သည်။ ကျန့်ရှဘုရင်၏ ခြေလက်များနှင့် အထိခံရန် မဆိုထားနှင့် ၎င်း၏ ဆူးချွန်များနှင့် ထိမှန်သွားလျှင် ဘွဲ့ထူးရစစ်နတ်ဘုရား တစ်ယောက်ပင် သေသွားနိုင်သည်။ အုပ်ချုပ်သူအဆင့် မဟုတ်သူတိုင်း ကျန့်ရှဘုရင်၏ ပြိုင်ဘက် မဟုတ်ပါချေ။

‘အရှင်ငယ်... တောင့်ထားပါ’

ထိုအခိုက်တွင် အဆိပ်ဝိညာဉ် အတန်ငယ် နောင်တရနေသည်။ အခြေအနေများက ဤမျှဆိုးဝါးလာမည်ကို ကြိုသိလျှင် သူ ကျန်းရီကို အတင်းခေါ်ပြီး ချီချင်ချန်ကို နောက်တွင်ချန်ခဲ့ကာ ထွက်လာခဲ့မည် ဖြစ်သည်။ ယခုတွင်မူ ချီချင်ချန်က အလွန်စွမ်းအားကြီးသဖြင့် သူမနှင့်ရှိနေလျှင် ကျန်းရီ ဘေးကင်းလိမ့်မည်ဟု သူ တွေးမိခဲ့ပေသည်။ သို့သော် အခြေအနေများက ဤကဲ့သို့ ဖြစ်လာခဲ့ပေပြီ။

အဆိပ်ဝိညာဉ်သည် ကျန့်ရှမျိုးနွယ်တပ်ကို မြစ်အနီးသို့ ဆက်မျှားခေါ်သွားရန် လုပ်လိုက်စဉ်တွင် ကျန့်ရှမျိုးနွယ်ဝင်များက ၎င်းတို့ဘာသာ မြစ်ဆီသို့ လျင်မြန်စွာ သွားနေကြကြောင်း သိလိုက်ရ၏။ ကျန့်ရှဘုရင်က တပ်၏အရှေ့ဆုံးတွင်ဖြစ်ပြီး အမြန်ဆုံးလည်းဖြစ်သည်။ ၎င်းသည် အနီရောင်အလင်းတန်း တစ်တန်းအလား မြစ်ဆီသို့ ဦးတည်သွားနေပေသည်။

“အာ...”

အဆိပ်ဝိညာဉ် ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အာရုံခံလိုက်၏။ ယိုထျန်းနီတို့က ထွက်မပြေးခဲ့ခြင်းလော။ သို့သော် တပ်သားများစွာ ထွက်ပြေးသွားခဲ့သည်ကို သူ သေချာပေါက် မြင်လိုက်ပေသည်။ အဆိပ်ဝိညာဉ် ကောင်းကင်စိတ်အာရုံဖြင့် ထပ်မံ အာရုံခံပြီးနောက် ချက်ချင်း မျက်နှာပျက်သွား၏။ ကျန်းရီက မြစ်ကမ်းတွင် မလှုပ်မယှက်လဲကျနေသည်။ ကျန့်ရှဘုရင်က ကျန်းရီကို တွေ့လိုက်၍ မြစ်ဆီသို့ လျင်မြန်စွာ ပျံသွားနေခြင်းပင်။

‘ဘုရင်ကိုကယ်ဖို့ နယ်ရုပ်ကို ချကျွေးတာလား’

အဆိပ်ဝိညာဉ် အရှိန်တင်လိုက်ပြီး ကျန့်ရှဘုရင် ကျန်းရီဆီ မရောက်ခင် ကျန်းရီကို ကယ်တင်နိုင်ရန် ကြိုးစားလိုက်သည်။ အဆိပ်ဝိညာဉ်က ကျန့်ရှဘုရင်ထက် ပေတစ်သောင်းလောက် အရှေ့ပိုရောက်သည်။ ကျန့်ရှဘုရင်က အလွန်လျင်မြန်သော်လည်း အဆိပ်ဝိညာဉ်က ကျန်းရီနှင့် ပိုနီးပေသည်။ အဆိပ်ဝိညာဉ်သည် ပုန်းကွယ်ခြင်းကို ရပ်တန့်ကာ အရှိန်ကို အဆုံးအစွန်အထိတင်၍ ကျန်းရီထံသို့ သွားလိုက်လေသည်။

‘တစ်ခုခုတော့ မှားနေပြီ...’

အဆိပ်ဝိညာဉ်သည် တုန်လှုပ်နေခဲ့၍ ပတ်ဝန်းကျင်ကို အသေးစိတ် အာရုံမခံနိုင်ခဲ့ပေ။ သူ ကျန်းရီနှင့် ပေထောင်ကျော်အကွာသို့ ရောက်လာသောအခါ မကောင်းသော နမိတ်တစ်ခုကို ခံစားလိုက်ရသည်။ သူ ဘယ်ဘက်သို့ လှမ်းကြည့်လိုက်ရာ သံသယဖြစ်ဖွယ်အရာတစ်ခုကို တွေ့လိုက်သည်။ ထိုနေရာတွင် လေထု တုန်ခါမှုတစ်ခု ရှိနေသည်။ ထိုတုန်ခါမှုက အလွန်သိမ်မွေ့၏။ သို့သော် အဆိပ်ဝိညာဉ်က ၎င်းကို အလွန်ရင်းနှီးပေသည်။ ၎င်းမှာ ဝိညာဉ်မျိုးနွယ်၏ လှည့်ဖြားအစီအရင်ပင်။

ဝှစ်...

တုန်ခါမှုအတွင်းမှနေ၍ အလင်းတန်း နှစ်ဆယ်ကျော် ပျံထွက်လာ၏။ ထိုတိုက်ခိုက်မှုအားလုံးကို ဘွဲ့ထူးရစစ်နတ်ဘုရားများက ပစ်လွှတ်လိုက်ဖြစ်ရာ ၎င်းတို့က အလွန်စွမ်းအားကြီးကာ လျင်မြန်ကြပေသည်။ အဆိပ်ဝိညာဉ်က လှည့်ဖြားအစီအရင်ကို အတန်ငယ် ကြိုသိခဲ့၍သာ တော်သေးသည်။ မဟုတ်လျှင် သူ အချိန်မီတုံ့ပြန်နိုင်မည် မဟုတ်ဘဲ နေရာမှာပင် အသတ်ခံလိုက်ရမည်ဖြစ်သည်။

သေရေးရှင်ရေး အခြေအနေသို့ ရောက်သောအခါ အဆိပ်ဝိညာဉ်၏ တိုက်ပွဲအတွေ့အကြုံများမှုက သိသိသာသာ ပေါ်လွင်ထင်ရှားလာပေသည်။ သူ ချက်ချင်း ထွက်မပြေးလိုက်ဘဲ ရန်သူများကို ဝေခွဲမရအောင်လုပ်ရန် ကိုယ်ပွားများစွာ ခွဲထုတ်လိုက်သည်။ ထိုနည်းနှင့်ဆိုလျှင် ပျံဝင်လာသော တိုက်ခိုက်မှုအားလုံးကို ခံစရာလိုတော့မည် မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် အဆိပ်ဝိညာဉ်အစစ်သည် လေထဲတွင် တွန့်လိမ်၍ တိုက်ခိုက်မှုများစွာကို ရှောင်ရှားလိုက်သည်။ သို့သော် သူ ထိမှန်ခံလိုက်ရသေးသည်။ အဆိပ်ဝိညာဉ်က စွမ်းအားကြီးသော်လည်း သူ၏အဆင့်က အမြင့်ဆုံးတွင် မဟုတ်ပေ။ သူက ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်သို့ပင် မရောက်သေးပါချေ။

ဝုန်း...

အဆိပ်ဝိညာဉ် အနောက်သို့ လွင့်ပျံထွက်သွားသည်။ သူက မည်သည့်စစ်ချပ်ဝတ်ကိုမှ ဝတ်ဆင်မထားသဖြင့် ခန္ဓာကိုယ်တစ်ခြမ်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။ သူ့လက်တစ်ဘက်ကလည်း ပြတ်ထွက်သွားပြီး သူ လက်တစ်ဘက် ဓားသမား ဖြစ်သွားလေသည်။ သူ၏ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ နေထိုင်ခဲ့ရမှုက သူ့အသက်ကို ကယ်သွားသည်။ သူသာ တစ်ချက် နောက်ကျခဲ့လျှင် သူ့လက်တစ်ဘက်သာမဟုတ် သူ့ဦးနှောက်လည်း ပွင့်ထွက်သွားမည်ဖြစ်သည်။

ဝုန်း...

အဆိပ်ဝိညာဉ် တောင်လေးတစ်လုံးကို ဝင်ဆောင့်၏။ ထိုတောင်လည်း ပေါက်ကွဲထွက်သွားပြီး ကျောက်စကျောက်နများ အရပ်မျက်နှာအနှံ့သို့ လွင့်ပျံသွားသည်။ ထိုလွင့်ပျံသွားသော ကျောက်စကျောက်နများက ကျန်းရီအပေါ်လည်း ပြုတ်ကျသွားကြပေသည်။

ယိုထျန်းနီတို့က တိုက်ခိုက်ခဲ့သော်လည်း ထပ်မံ ပျောက်ကွယ်သွားကြသည်။ သူတို့က လှည့်ဖြည်းအစီအရင်ထဲတွင် မလှုပ်မယှက်နေမည်ဆိုလျှင် အစီအရင်က သူတို့ကို ဖုံးကွယ်ထားမည်သာ။ ကျန့်ရှဘုရင်က အနားကို ရောက်လာပြီဖြစ်၍ အဆိပ်ဝိညာဉ်က အသက်ရှိနေသေးသော်လည်း မည်သူမှ ဆက်မတိုက်ခိုက်ဝံ့ကြတော့ပေ။

“ဖူး...”

အဆိပ်ဝိညာဉ် ကျောက်ခဲ၊ မြေခဲများကြားမှ ကုန်းရုန်းထွက်လိုက်ပြီး ပျံသန်းလာသော ကျန့်ရှဘုရင်ကို မျှော်လင့်ချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ သူ အပြင်းအထန် ဒဏ်ရာရသွားပြီဖြစ်ရာ ယခုတွင် သူ့ကိုယ်သူ ဖုံးကွယ်လိုက်လျှင်ပင် ကျန့်ရှဘုရင်က သူ့ကို တွေ့သွားမည်သာ။ သူက ကျန်းရီနှင့် ကျန့်ရှဘုရင်ကြားတွင် ဖြစ်သည်။ ကျန့်ရှဘုရင်က အလွန်လျင်မြန်စွာ ချဉ်းကပ်လာနေရာ သူ့ကို မည်သူမှ မကယ်နိုင်တော့ပေ။

ဝှစ်...ဝှစ်...

ကျန့်ရှဘုရင်၏ အမြန်နှုန်းက အလွန်လျင်မြန်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ၎င်းက အဆိပ်ဝိညာဉ်၏အရှေ့ကို ရောက်လာသည်။ စူးရှသော အော်သံတစ်သံ ထွက်ပေါ်လာပြီး အဆိပ်ဝိညာဉ်၏ သတ်ဖြတ်အရှိန်အဝါက အရှေ့ထွက်လာကာ အဆိပ်ဝိညာဉ်၏ ကိုယ်တွင်းအင်္ဂါများကို ပြင်းထန်စွာ ဖျက်ဆီးလိုက်သည်။ အဆိပ်ဝိညာဉ် မျက်လုံးမှိတ်လိုက်ပြီး သေခြင်းတရား ရောက်ရှိလာမည်ကို စောင့်နေလိုက်သည်။

“အာ...”

အဆိပ်ဝိညာဉ်သည် လေပြင်းတစ်ချက်က သူ့ကိုဖြတ်၍တိုက်ခတ်သွားသည်ကို ခံစားလိုက်ရ၏။ သို့သော် မည်သည့်နာကျင်မှုကိုမှ မခံစားလိုက်ရ၍ သူ ခပ်သွက်သွက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ကျန့်ရှဘုရင်က သူ့ကို လျစ်လျူရှုကာ ကျန်းရီထံသို့ တိုက်ရိုက်ပျံသန်းသွားကြောင်းကို သူ တွေ့လိုက်ရသည်။

“ဘာတွေဖြစ်နေတာလဲ”

အဆိပ်ဝိညာဉ် နားမလည်နိုင်ပေ။ ကျန့်ရှမျိုးနွယ်က လုံးဝ အသိဉာဏ်မရှိချေ။ ၎င်းတို့အတွက် လူသားအားလုံးက အတူတူပင် မဟုတ်လော။ အဘယ်ကြောင့် ကျန့်ရှဘုရင်က သူ့ကို မသတ်ဘဲ ကျန်းရီဆီ တန်းသွားရသနည်း။ ကျန့်ရှမျိုးနွယ်က သားရဲများကဲ့သို့ မဟုတ်ပေ။ ကျန်းရီ၏အသားက ၎င်းတို့အတွက် အရသာပိုရှိနေမည်လည်း မဟုတ်ချေ။

“အာ...”

ဆက်၍ ဖြစ်ပျက်လာသောအရာက အဆိပ်ဝိညာဉ်ကို လုံးဝမှင်တက်သွားစေသည်။ လှည့်ဖြားအစီအရင်ထဲမှ လူအားလုံးလည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ကျောစိမ့်အောင် တုန်လှုပ်သွားကြသည်။

ကျန့်ရှဘုရင်သည် ကျန်းရီ၏ ဘေးသို့ ပျံသန်းသွားပြီးနောက် ကျန်းရီကို မတိုက်ခိုက်လိုက်ပေ။ ၎င်းသည် ကျန်းရီအရှေ့တွင်သာ ရပ်လိုက်သည်။ ထို့နောက် ၎င်း၏ တစ်ကိုယ်လုံးက အနီရောင်အလင်း လင်းလက်လာပြီး ကျန်းရီ၏ ခန္ဓာကိုယ်ပေါ်မှ ပုလဲလုံးကလည်း စတင် လင်းလက်တုန်ခါလာသည်။ ကျန့်ရှဘုရင်သည် ထပ်၍ မလှုပ်ရှားတော့ဘဲ အလွန်စိတ်လှုပ်ရှားနေသကဲ့သို့ အော်နေပေသည်။

“ဟူး... နာလိုက်တာ”

ကျန်းရီသည် ကျောက်စကျောက်နများ ပိကျလာစဉ်ကတည်းက နာကျင်မှုကြောင့် သတိပြန်လည်လာပြီး ဖြစ်လောက်သည်။ သူ ညည်းတွားလိုက်ပြီး ခြေလက်များကို ကြိုးစားလှုပ်ကာ ထထိုင်ရန် လုပ်လိုက်သည်။

ဒုတ်...

ကျန့်ရှဘုရင်သည် ကျန်းရီက နိုးထလာကြောင်း သတိပြုမိလိုက်၍ ၎င်း၏ဓားကဲ့သို့သောခြေထောက်များကို ရုတ်တရက် ကွေးညွတ်ကာ မြေပြင်ပေါ်တွင် ဒူးထောက်၍ ခါးကိုင်းလိုက်သည်။ ၎င်းသည် သခင်တစ်ယောက်ကို နှုတ်ဆက်နေသော ကျေးကျွန်တစ်ယောက်ကဲ့သို့ပင်။

ထိုနေရာတစ်ခွင်လုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားလေတော့သည်။

All Chapters