← Chapters

မကောင်းသောအရှိန်အဝါ

Vol. 109 Ch. 1514

မကောင်းသောအရှိန်အဝါ

Vol. 109 Ch. 1514

ယိုထျန်းနီတို့သည် ကျန့်ရှမျိုးနွယ်တပ်ကြီး၏ ဝန်းရံမှုကို ခံထားရပြီဖြစ်၍ ကျန်းရီကို အလစ်တိုက်ခိုက်၍သာ သတ်ဖြတ်နိုင်တော့မည်ဖြစ်သည်။ သူတို့က ကျန်းရီနှင့် သိပ်မဝေးပေ။ ကျန့်ရှမျိုးနွယ်ဝင်များသာ သူတို့ကို မကာထားလျှင် သူတို့ ကျန်းရီဘေးသို့ စက္ကန့်ပိုင်းအတွင်း သွားနိုင်သည်။ ရီဝူနှင့် သူ့အဖော်သုံးယောက်ကို ထည့်မတွက်လျှင်ပင် ဘွဲ့ထူးရစစ်နတ်ဘုရား အယောက်နှစ်ဆယ်က ကျန်းရီကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။

အခြေအနေက သေရေးရှင်ရေး ဖြစ်နေပြီဖြစ်၍ မည်သူမှ မိမိအစွမ်းကို လျှိုမထားဝံ့တော့ပေ။ သူတို့သည် နှစ်ဖွဲ့ခွဲ၍ တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြသည်။ ရီဝူနှင့် ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားသုံးယောက်က အရင်ဆုံး တိုက်ခိုက်ရမည်ဖြစ်ပြီး ယိုထျန်းနီတို့က ဒုတိယတိုက်ခိုက်မည်ဖြစ်သည်။ သူတို့သည် ကျန်းရီကို သေချာပေါက် သတ်နိုင်လိုနေကြပေသည်။

“စတော့...”

ယိုထျန်းနီ အော်ပြောလိုက်ရာ အားလုံး စတင်လှုပ်ရှားလိုက်ကြသည်။ ရီဝူနှင့် သူ့အဖော်သုံးယောက်သည် ကိုယ်ဖျောက်၍ အရှေ့သို့ ပျံထွက်သွားကြ၏။ သူတို့သည် အဆိပ်ပြင်းမြွေ လေးကောင်အလား ကျန့်ရှမျိုးနွယ်ဝင်များကို ဖြတ်ကျော်ကာ ကျန်းရီထံ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။

“ရီဝူနဲ့ တခြားသုံးယောက် လာနေပါပြီ။ မြန်မြန် နောက်ဆုတ်လိုက်ပါ အရှင်ငယ်”

သာမန်သိုင်းသမားများက ဝိညာဉ်မျိုးနွယ်၏ ပုန်းကွယ်ခြင်းအတတ်ကို ဖောက်မမြင်နိုင်သော်လည်း အဆိပ်ဝိညာဉ်က ဝိညာဉ်မျိုးနွယ်မှဖြစ်ပြီး ပုန်းကွယ်ခြင်းအတတ်ကိုလည်း ကျွမ်းကျင်ထားသူဖြစ်ရာ ချက်ချင်း မြင်နိုင်လိုက်သည်။ သူ ကျန်းရီကို အော်ပြောလိုက်ပြီး ကျန်နေသေးသော လက်ဖြင့် ဓားမြှောင်တစ်ချောင်းကိုထုတ်ကာ နတ်ဘုရားဝိညာဉ်ထိုးချက်ကို ထုတ်၍ သေသည်အထိ တိုက်ခိုက်ရန် ဟန်ပြင်ထားလိုက်သည်။

ရီဝူနှင့် သူ့အဖော်များက ဝိညာဉ်မျိုးနွယ်တွင် ထင်ရှားသူများ ဖြစ်ကြသည်။ အဆိပ်ဝိညာဉ် သူတို့ထဲမှ တစ်ယောက်ယောက်ကို သတ်လိုက်မည်ဆိုလျှင် တစ်ဘဝလုံး ဝိညာဉ်မျိုးနွယ်သို့ ပြန်နိုင်တော့မည် မဟုတ်ပေ။ သို့သော် ဤအချိန်တွင် သူ များစွာအရေးစိုက်မနေနိုင်ချေ။ ကျန်းရီသေလျှင် သူလည်း သေမည်သာ။ ထို့ကြောင့် ယခုတွင် အစွမ်းကုန်ထုတ်သုံးရန်သာ ရှိပေတော့သည်။

“ဟင်းဟင်း...”

ကျန်းရီ ခပ်သဲ့သဲ့ ရယ်လိုက်၏။ သူ နောက်မဆုတ်ဘဲ အဆိပ်ဝိညာဉ်၏နောက်ကျေကို ပုတ်ကာ ပြောလိုက်သည်။

“ခင်ဗျား တိုက်ခိုက်ဖို့ မလိုပါဘူး။ ကျွန်‌တော်တို့ ပတ်ပတ်လည်မှာ ကျန့်ရှမျိုးနွယ်ဝင်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့က ဘာလို့ ဝင်ပါနေရမှာလဲ”

အဆိပ်ဝိညာဉ်က ပုန်းကွယ်ခြင်းအတတ်တွင် ပညာရှင်ဖြစ်ပြီး ကျန်းရီ၏ ပုန်းကွယ်ခြင်းအတတ်ကလည်း အဆင့်တစ်ခုတွင် ရှိပေသည်။ ထို့ကြောင့် ကျန်းရီသည်လည်း ရီဝူတို့လေးယောက်ကြောင့် ဖြစ်ပေါ်လာသော လေထုတုန်ခါမှုကို ခပ်ရေးရေး အာရုံခံနိုင်ပေသည်။ သူတို့ စတင် လှုပ်ရှားကတည်းက ကျန်းရီ သိထားပြီးဖြစ်သည်။ သို့သော် သူ မတိုက်ခိုက်သေးဘဲ အော်ပြောလိုက်သည်။

“ရီဝူ... ငါ့ရဲ့အမေက ရီဖျောင်ဖျောင်ပဲ။ ငါက ဝိညာဉ်မျိုးနွယ်ဝင်တစ်ပိုင်းလို့ ပြောလို့ရတယ်။ ငါလည်း ပုန်းကွယ်ခြင်းအတတ်ကို သုံးနိုင်တယ်ဆိုတာ မင်းသိဖို့ကောင်းတယ်။ အခု ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ တိုက်ခိုက်တာကို ချက်ချင်းရပ်၊ ဝိညာဉ်မျိုးနွယ်ကိုပြန်ပြီး ခွင့်လွှတ်မှုတောင်းခံလိုက်ပါ။ မဟုတ်ရင်တော့... ငါ မင်းတို့အကုန်လုံးကို သတ်ပစ်မယ်”

“အာ...”

ရီဝူတို့ အတန်ငယ် တုံ့ဆိုင်းသွား၏။ ရီဖျောင်ဖျောင်၏အမည်က သူတို့အတွက် အလွန်အရေးပါသည် မဟုတ်လော။ သို့သော် ရီဝူက တဒင်္ဂသာ တုံ့ဆိုင်းခဲ့ပြီး ချက်ချင်း ပြန်အော်ပြောလိုက်သည်။

“မင်းက သခင်မလေးဖျောင်ဖျောင်ရဲ့သားလို့ ပြောတိုင်း ငါတို့က ယုံရမှာလား။ မင်းက အရှင်ရီထူရဲ့ တရားမဝင်သားလို့ရော ဘာလို့မပြောတာလဲ”

“အရူးပဲ...”

ကျန်းရီ အေးစက်စက် ပြန်ပြောလိုက်၏။

“ငါက ဝိညာဉ်မျိုးနွယ်နဲ့ မသက်ဆိုင်ဘူးဆိုရင် ဘာလို့ အဆိပ်ဝိညာဉ်က ငါ့ဆီမှာ သစ္စာခံမှာလဲ။ မင်းတို့ရဲ့ မျက်လုံးတွေကို ဖွင့်ပြီး ကြည့်လိုက်စမ်းပါ။ ဒါက မင်းတို့ရဲ့ ပုန်းကွယ်ခြင်းအတတ် မဟုတ်လား”

ရွှီး...

ကျန်းရီ၏ခန္ဓာကိုယ်က အဖြူရောင်အလင်း လင်းလက်လာပြီး လေထဲတွင် ပျောက်ကွယ်သွား၏။ ထို့နောက် အဆိပ်ဝိညာဉ်၏အသံ ထွက်ပေါ်လာသည်။

“သခင်လေးရီဝူ... အရှင်ငယ်က တကယ်ပဲ သခင်မလေးဖျောင်ဖျောင်ရဲ့ သားပါ။ သူ့အကြောင်းကို မျိုးနွယ်ဘုရင်လည်း သိထားပါတယ်။ သခင်လေးသာ အရှင်ငယ်ကို သတ်လိုက်မယ်ဆိုရင် ကိုယ့်ပြဿနာကိုယ်ရှာသလို ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ သခင်လေး သေချာပေါက်လည်း သေရမှပါ။ အခု ပြန်သွားပြီး ခွင့်လွှတ်မှုတောင်းခံလိုက်ပါ။ အဲ့ဒါဆိုရင် သခင်လေးတို့ အသက်ရှင်နိုင်ခွင့် ရလောက်ပါသေးတယ်”

“ခွင့်လွှတ်မှု တောင်းခံရမှာလား... ဟားဟားဟား”

ရီဝူက ကျယ်လောင်စွာ ရယ်လိုက်ပြီး အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

“မင်းက သခင်မလေးဖျောင်ဖျောင်ရဲ့သား ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒီနေ့ မင်း သေရမှာပဲ”

လေးမှလွှတ်လိုက်ပြီးသော မြှားကို နောက်ပြန်လှည့်၍ မရသလို ရီဝူလည်း နောက်ပြန်လှည့်၍ မရတော့ပေ။ ဤတစ်‌ခေါက်တွင် သူက အရာအားလုံးကို လောင်းကြေးထပ်ထားခြင်းပင်။ သူသာ ယိုထျန်းနီကို အောင်အောင်မြင်မြင် ကူညီပေးနိုင်လိုက်လျှင် အနာဂတ်တွင် သူ ဝိညာဉ်ဘုရင်ဖြစ်လာနိုင်ခြေပင် ရှိပေသည်။ သူ ဤသို့သောအခွင့်အရေးမျိုးကို တစ်သက်လုံး ထပ်ရနိုင်လိမ့်မည် မဟုတ်ချေ။ သူက မျိုးရိုးခွဲတစ်ခုမှ လူတစ်ယောက်သာဖြစ်ပြီး တော်ဝင်မိသားစုမှ မဟုတ်ပေ။ ရီပုဟွေ ရှိနေသေးသ၍ သူက တစ်ဘဝလုံး တော်ဝင်မိသားစု၏ ကျေးကျွန်ဖြစ်နေမည်သာ။

ရီဝူက ရည်မှန်းချက်ကြီးသော ပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူက ရီပုဟွေထက်ပင် ပိုစွမ်းအားကြီးကာ ပိုလည်း ပါရမီထူးသည်။ သို့သော် ဝိညာဉ်မျိုးနွယ်ထဲတွင် သူ၏အဆင့်အတန်းက ရီပုဟွေနှင့် မယှဉ်နိုင်ချေ။ ရီဝူက သာမန်မိသားစုထဲတွင် မွေးဖွားလာသူတစ်ယောက်ဖြစ်၍ သူ့အတွက်သူ ဖြတ်လမ်းတစ်ခု မဖန်တီးပါက တစ်သက်လုံး ရီပုဟွေ၏လက်အောက်တွင် နေရပေလိမ့်မည်။ သို့သော် သူ ထိုသို့မဖြစ်လို။ ဝိညာဉ်ဘုရင်နေရာကိုသာ လိုချင်သည်။ ထို့ကြောင့်လည်း ဤတစ်ခေါက်တွင် ယိုထျန်းနီကို ကူညီရန် သူ သဘောတူခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ကျန်းရီ သေရပေမည်။ အကယ်၍ ရီဝူသာ ဝိညာဉ်မျိုးနွယ်သို့ပြန်သွား၍ ခွင့်လွှတ်မှုတောင်းခံလိုက်လျှင် မည်သည့်အခါတွင်မှ အထက်သို့ တက်နိုင်တော့မည် မဟုတ်ပေ။

“မင်းက သေခြင်းရဲ့ အဓိပ္ပာယ်ကို နားမလည်သေးဘူးပဲ”

ကျန်းရီသည် ရီဝူတို့က မရပ်ဘဲ ဆက်ပျံသန်းလာကြောင်းကို အာရုံခံမိလိုက်၍ ထပ်တုံ့ဆိုင်းမနေတော့ဘဲ မီးနဂါးဓားဖြင့် အရပ်မျက်နှာလေးဘက်သို့ ခုတ်ပိုင်းလိုက်သည်။

ရွှီး...

မီးနဂါးဓား လင်းလက်လာပြီး ဓားမှနေ၍ နဂါးလေးကောင် ပျံထွက်သွားသည်။ သို့သော် ၎င်းတို့က ဓားအလင်းလေးခု ဖြစ်မသွားဘဲ အနီရောင်အလင်းတန်းလေးတန်း ဖြစ်သွားသည်။ ထိုအနီရောင်အလင်းတန်းလေးတန်းသည် ကျန့်ရှမျိုးနွယ်ဝင်များကဲ့သို့ အရှေ့သို့ ပျံသန်းသွားပြီး ရီဝူနှင့် သူ့အဖော်သုံးယောက်ကို လွှမ်းခြုံသွားလေသည်။

“အာ...”

အနီရောင်အလင်းတန်းလေးတန်းက စွမ်းအင်တိုက်ခိုက်မှုများ မဟုတ်သလို စိတ်ဝိညာဉ်တိုက်ခိုက်မှုများလည်း မဟုတ်ပေ။ ၎င်းတို့က အလွန်ထူးခြားသော တိုက်ခိုက်အတတ်တစ်ခုပင်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ မကောင်းတဲ့အရှိန်အဝါလဲ”

ရီဝူ၏ တစ်ကိုယ်လုံးနှင့် စိတ်ဝိညာဉ် တုန်ခါသွားသည်။ အနီရောင်အလင်းတန်းက သူ့ကို လွှမ်းခြုံသွားသောအခါ သူ ငရဲသို့ ရောက်သွားသလို ခံစားလိုက်ရသည်။ သူ့မျက်ဝန်းများထဲတွင် ကြောက်မက်ဖွယ် သရဲတစ္ဆေများကို မြင်လာရသည်။ ၎င်းသရဲတစ္ဆေများက သူ့ခန္ဓာကိုယ်ကို တစ်စစီ စုတ်ဖြဲပစ်လိုနေသကဲ့သို့ပင်။ မကောင်းသောအရှိန်အဝါကလည်း သူ့စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာစေသည်။ ယခုတွင် ရီဝူသည် သူ့ပတ်ပတ်လည်ရှိ သက်ရှိအားလုံး၊ ရန်သူအားလုံးကို သတ်ပစ်လိုလာလေသည်။

“သတ်...သတ်...သတ်...”

ရီဝူနှင့် ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမား သုံးယောက်စလုံး လူလုံးပြန်ပေါ်လာကြသည်။ သူတို့သည် ဆက်၍ ကိုယ်မဖျောက်ထားနိုင်ကြတော့ပေ။ သူတို့၏ မျက်လုံးနီကြီးများဖြင့် သူတို့၏လက်နက်များကို ဆွဲကိုင်ကာ သွေးရူးသွေးတန်း စတင် တိုက်ခိုက်လိုက်ကြသည်။ သူတို့ အသိလွတ်သွားပြီဖြစ်ကြောင်း ထင်ရှားပေသည်။

‘ကြောက်စရာပဲ...’

အဆိပ်ဝိညာဉ်သည် ကျန်းရီ၏ မီးနဂါးဓားကို အံ့ဩတကြီး ကြည့်နေ၏။ သို့သော် မကြာခင်မှာပင် သူ နားလည်သွားသည်။ ထိုအတတ်က ကျန့်ရှဘုရင်ထံမှရခြင်း ဖြစ်နိုင်ပေသည်။ ကျန့်ရှဘုရင်တွင် မကောင်းသောအရှိန်အဝါများစွာ ရှိသည်။ ထိုအရှိန်အဝါက ရန်သူများအပေါ် သက်ရောက်နိုင်သည်။ ချီချင်ချန်သည်ပင် နှစ်နာရီကြာ တိုက်ခိုက်ပြီးတိုင်း သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ထဲမှ မကောင်းသောအရှိန်အဝါများကို ကျန်းရီအား သန့်စင်ခိုင်းရသည်။ ကျန့်ရှမျိုးနွယ်၏ မကောင်းသောအရှိန်အဝါက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။

သာမန်ကျန့်ရှမျိုးနွယ်ဝင်များ၏ မကောင်းသောအရှိန်အဝါများကပင် အလွန်အားကောင်းနေပြီဖြစ်ရာ ကျန့်ရှဘုရင်၏ မကောင်း‌သောအရှိန်အဝါဆိုလျှင် မည်မျှအားကောင်းမည်နည်း။ ရီဝူနှင့် သူ့အဖော်သုံးယောက်တို့၏ အခြေအနေကို ကြည့်ရပုံအရ သန်မာသော စိတ်ဝိညာဉ်မရှိသည့် ဘွဲ့ထူးရစစ်နတ်ဘုရားတိုင်း ထိုအရှိန်အဝါ၏ သက်ရောက်မှုကို ခံရမည့်ပုံပင်။

“သွားမယ်...”

ကျန်းရီသည် အော်ပြော၍ အဆိပ်ဝိညာဉ်ကို ဆွဲခေါ်ကာ လျင်မြန်စွာ နောက်ဆုတ်သွားလိုက်၏။ ယိုထျန်းနီက ချီချင်ချန်ကို ဓားစာခံအဖြစ် ခေါ်ထားဆဲပင်။ ယခုတွင် ကျန်းရီ ထိုကိစ္စကို အာရုံမစိုက်နိုင်‌သေးပေ။ သူက ချီချင်ချန်ကို မကယ်တင်လိုခြင်း မဟုတ်ချေ။ မကယ်တင်နိုင်သေးခြင်းသာ။ အဆိပ်ဝိညာဉ်က အပြင်းအထန် ဒဏ်ရာရထားပြီး သူကလည်း အလွန်အားနည်းနေသည်။ သူသာ မတော်တဆအသတ်ခံလိုက်ရလျှင် အခြေအနေက ပြောင်းပြန် ပြန်ဖြစ်သွားမည်ဖြစ်သည်။

ကျန်းရီ အဆိပ်ဝိညာဉ်ကိုခေါ်ကာ လျင်မြန်စွာ ပြန်ဆုတ်သွားသည်။ သူတို့နောက်မှ ကျန့်ရှမျိုးနွယ်ဝင်များက သူတို့အတွက် လမ်းဖွင့်ပေးပြီးနောက် ချက်ချင်း ပြန်စုဝေးကာ ဆက်ဝန်းရံလိုက်ပြီး ကျန်းရီနောက်သို့ မည်သူမှ လိုက်မသွားနိုင်အောင် ကာလိုက်ကြသည်။

“မြန်မြန်... မြန်မြန်...”

ဘွဲ့ထူးရစစ်နတ်ဘုရားများသည် အော်ဟစ်ကာ သူတို့ပတ်ပတ်လည်မှ ကျန့်ရှမျိုးနွယ်ဝင်များကို လွင့်ပျံထွက်သွားအောင် လုပ်လိုက်ကြ၏။ ထို့နောက် သူတို့ ကျန်းရီတို့နောက်သို့ လျင်မြန်စွာ လိုက်သွားကြ၏။ ယနေ့တွင် သူတို့ ကျန်းရီကို မသတ်နိုင်လျှင် ယိုထျန်းနီ သေသည်ဖြစ်စေ၊ မသေသည်ဖြစ်စေ သူတို့က သေချာပေါက် သေရပေလိမ့်မည်။

သို့သော်...

အားလုံး အစွမ်းကုန်ကြိုးစားကာ သူတို့နှင့် ကျန်းရီကြားတွင် ပေသုံးသောင်းသာ ကွာတော့အောင် လုပ်နိုင်လိုက်ချိန်တွင် ကျန်းရီက ပျောက်ကွယ်သွားသည်။

ကျန်းရီက ပုန်းကွယ်ခြင်းအတတ်ကို ထုတ်သုံးလိုက်၍ အားလုံး သူတို့၏ပစ်မှတ်ကို ပျောက်သွားသည်။ သူတို့က ဝိညာဉ်မျိုးနွယ်မှ မဟုတ်သဖြင့် ကျန်းရီကို အာရုံမခံနိုင်ကြပေ။ ယခုတွင် သူတို့ကို ကျန့်ရှမျိုးနွယ်ဝင်များကလည်း အရပ်မျက်နှာအနှံ့မှနေ၍ တိုက်ခိုက်နေကြသည်။ သို့ဖြစ်ရာ သူတို့ ကျန်းရီကို ရှာရန် မည်သို့အာရုံစိုက်နိုင်ပါမည်နည်း။

ဝှစ်...ဝှစ်...ဝှစ်...

ကီလိုမီတာငါးသန်း အဝန်းအဝိုင်းအတွင်းရှိ ကျန့်ရှမျိုးနွယ်ဝင်အားလုံးက ကျန်းရီ၏ ဆင့်ခေါ်မှုအတိုင်း ဤနေရာသို့ ရောက်လာနေကြသည်။ ထို့ကြောင့် ဤနေရာတစ်ခွင်တွင် ကျန့်ရှမျိုးနွယ်ဝင်များနှင့် ပြည့်နှက်နေသည်။ အစောက ကျန်းရီနှင့် ချီချင်ချန်တို့နောက်သို့ လိုက်ခဲ့သော ကျန့်ရှမျိုးနွယ်ဝင်များလည်း ဤသို့ ရောက်ရှိနေပြီဖြစ်သည်။

အတန်ကြာ နောက်မှလိုက်ပြီးနောက် အချို့က ကျန်းရီ၏ ခြေရာလက်ရာအချို့ကို ရံဖန်ရံခါ အာရုံခံနိုင်သေးသော်လည်း အများစုက ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများအောက်တွင် လုံးဝအာရုံပျက်သွားကြပေပြီ။ မိနစ်ဝက်အတွင်းမှာပင် အားလုံး ကျန်းရီ၏ တည်နေရာကို မသိတော့ပေ။ ထိုအခါ ယိုဟုန် အော်ပြောလိုက်သည်။

“ဆက်မလိုက်နဲ့တော့... ဒီအုပ်ထဲက ဖောက်ထွက်နိုင်ဖို့ပဲ ကြိုးစားကြ။ ငါတို့ မြန်မြန် ဖောက်မထွက်နိုင်ရင် သခင်လေးယို ဒီမှာ သေလိမ့်မယ်”

“ဖောက်ထွက်မှာလား... ဟားဟား”

ကျန်းရီသည် ယိုဟုန်၏စကားကို ကြားလိုက်သောအခါ ခပ်လှောင်လှောင်ပြုံးလိုက်ပြီး ပြန်ပြောလိုက်၏။

“ဒီမှာ ကျန့်ရှမျိုးနွယ်ဝင် ရှစ်သန်းကျော် ရှိနေပြီ။ ခင်ဗျားတို့ ဘယ်လိုဖောက်ထွက်မလဲဆိုတာ ကျွန်တော် ကြည့်လိုက်ဦးမယ်”

“ရှစ်သန်းကျော်လား”

အဆိပ်ဝိညာဉ် တုန်ယင်သွား၏။ ကျန့်ရှမျိုးနွယ်ဝင် ရှစ်သန်းကျော်ကို ယိုထျန်းနီနှင့် သူ၏နောက်လိုက်နှစ်ဆယ်လောက်က မဆိုထားနှင့် ဘွဲ့ထူးရစစ်နတ်ဘုရား တစ်သောင်းလောက်ကပင် ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ချေ။

All Chapters