သွေးအေးသော
Vol. 109 Ch. 1515
ယိုဟုန်သည်လည်း ထို့အတူပင် ခံစားရ၏။ ဖြစ်ရပ်ဆန်းကြယ်တစ်ခု ဖြစ်မလာလျှင် သူတို့အားလုံး ဤနေရာတွင် ထာဝရမြှုပ်နှံခံရမည်ဖြစ်သည်။
ယိုဟုန်တို့သည် ယိုထျန်းနီကို ဝန်းရံကာ ဖောက်ထွက်နိုင်ရန် အကောင်းဆုံး ကြိုးစားနေကြသည်။ သူတို့အားလုံး၏ အင်အားက အတူတူနီးပါးဖြစ်၍ မည်သူကမှ ဖောက်ထွက်နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိကြပေ။ ထို့ကြောင့် မည်သူကမှ ယိုထျန်းနီကို သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ မထည့်ဝံ့ကြချေ။ သူတို့ အသတ်ခံလိုက်ရပြီး လေဟာနယ်နတ်ဘုရားအသုံးအဆောင်က ဖျက်ဆီးခံလိုက်ရလျှင် ယိုထျန်းနီ အသုံးအဆောင်ထဲတွင် ညပ်ကာ ပိပြားသေဆုံးသွားပေလိမ့်မည်။
ရီဝူတို့ကိုလည်း မှီခို၍ မရတော့ပေ။ သူတို့က အသိစိတ်လွတ်ကာ သောင်းကျန်းနေကြပေပြီ။ သူတို့က စွမ်းအားကြီးသော်လည်း ယခုတွင် အသိစိတ်မရှိဘဲ တိုက်ခိုက်နေခြင်းဖြစ်ရာ ကျန့်ရှမျိုးနွယ်ဝင်များ၏ တန်ပြန်တိုက်ခိုက်မှုများကို အကြိမ်များစွာ ခံနေရသည်။ သူတို့နေရာတွင် သာမန်လူများသာဖြစ်ပါက သေသွားလောက်ပြီဖြစ်သည်။
ရီဝူတို့အတွက် မျှော်လင့်ချက်မရှိတော့ကြောင်း ထင်ရှားသည်။ သူတို့လေးယောက်သည် အသိစိတ်မဲ့စွာ သောင်းကျန်းနေကြသော်လည်း အသိစိတ်ပြန်ကပ်သွားသည်နှင့် လှုပ်နိုင်ကြတော့မည် မဟုတ်ချေ။ သူတို့ ကိုယ်ဖျောက်လိုက်မည်ဆိုလျှင်ပင် လွတ်မည် မဟုတ်ပေ။
‘ငါတို့ ဘာလုပ်သင့်လဲ’
ယိုထျန်းနီ၏ မျက်ဝန်းများ အရောင်တလက်လက်နှင့် ရှိနေသည်။ အခြေအနေက ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။ ယခုတွင် သူ့ခေါင်းထဲ၌ မေးခွန်းများစွာ ရှိနေသည်။ သို့သော် ယခုက သေရေးရှင်ရေး အခြေအနေဖြစ်၍ သူ များစွာမတွေးတောနိုင်သေးပေ။ သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင် ဖိအားပေး၍ လွတ်လမ်းတစ်ခုကိုသာ ရှာနေရပေသည်။
ကျန့်ရှမျိုးနွယ်ဝင်များက အချိန်နှင့်အမျှ အရေအတွက်တိုးလာနေသည်။ ကျန်းရီက ဤနေရာမှ ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်နိုင်ရာ ဤဘက်သို့ လာနေသည့် ကျန့်ရှမျိုးနွယ်ဝင်များကိုလည်း ထိန်းချုပ်နိုင်ပေလိမ့်မည်။ ယိုထျန်းနီတို့၏ လက်ရှိဖောက်ထွက်နေနှုန်းက အလွန်နှေးနေသည်။ ထိုနှုန်းဖြင့်ဆိုလျှင် ထပ်ရောက်လာမည့် ကျန့်ရှမျိုးနွယ်ဝင်များကြောင့် သူတို့ ဖောက်ထွက်နိုင်လိမ့်မည် မဟုတ်ချေ။ ဤကဲ့သို့သာ ဆက်သွားပါက သူတို့အားလုံး သေရမည်ဖြစ်သည်။
“အင်း...”
ချီချင်ချန် သက်ပြင်းသဲ့သဲ့ချလိုက်၏။ သူမသည် ယိုထျန်းနီ၏ လက်ထဲမှာပင် ရှိသေးသည်။ ယိုထျန်းနီ ချီချင်ချန်ကိုကြည့်၍ အကြံတစ်ခု ရလိုက်၏။ သူ ချက်ချင်းပင် အော်ပြောလိုက်သည်။
“ကျန်းရီ... ထွက်လာခဲ့။ မဟုတ်ရင် ငါ ချီချင်ချန်ကို သတ်ပစ်လိုက်မယ်”
“အို့.. ဟုတ်သား...”
လူများစွာ၏ မျက်လုံးများ လင်းလက်လာ၏။ ယိုထျန်းနီ၏ လက်ထဲတွင် ချီချင်ချန် ရှိနေပေသေးသည်။ အစတွင် သူတို့သည် ချီချင်ချန်က ယိုထျန်းနီ၏ အမျိုးသမီးဟု တွေးကာ သူမကို ဓားစာခံလုပ်ရန် မတွေးခဲ့ကြပေ။ သို့သော် ယခုက သေရေးရှင်ရေး အခြေအနေဖြစ်ရာ ချီချင်ချန်ကို မည်သူက အရေးစိုက်နေနိုင်မည်နည်း။ ချီချင်ချန်နှင့် ကျန်းရီကြားတွင် ရင်းနှီးသော ပတ်သတ်မှု ရှိပေသည်။ သို့ဖြစ်ရာ ကျန်းရီက ချီချင်ချန်သေမည်ကို ကြည့်မနေလောက်သည် မဟုတ်လော။
ကျန်းရီ ထွက်ပေါ်မလာခဲ့ပေ။ မည်သည့်စကားမှလည်း မပြောလိုက်ပေ။ ပတ်ဝန်းကျင်တွင် ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်နေသံကိုသာ ကြားရသည်။
ယိုထျန်းနီသည် ခေတ္တမျှ စောင့်ပြီးနောက် ဒေါသထွက်လာ၏။ သူ၏လက်သီးက လင်းလက်လာပြီး သူ ချီချင်ချန်၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။ ဤတစ်ကြိမ်တွင် သူက အားကုန်သုံးလိုက်ခြင်းဖြစ်၍ ချီချင်ချန်၏ ဝမ်းဗိုက်က အတွင်းသို့ချိုင့်ဝင်သွား၏။ ချီချင်ချန် အလွန်နာကျင်သွားသဖြင့် ယစ်မူးနေသည့်အခြေအနေမှနေ၍ အတန်ငယ် အသိပြန်ကပ်သွားသည်။ သူမ၏ မျက်နှာကလည်း ရှုံ့တွသွားသည်။ ထိုထိုးချက်က သူမ၏နတ်ဘုရားအမြုတေကို ထိခိုက်သွားစေပေသည်။
“ဆက်ထိုးလေ...”
နောက်ဆုံးတွင် ကျန်းရီ၏ အေးစက်စက်လေသံ ထွက်ပေါ်လာသည်။ သို့သော် သူက ကိုယ်ပျောက်နေဆဲဖြစ်ပြီး သူ့အသံ ထွက်ပေါ်လာသောနေရာကိုလည်း အတည်ပြု၍မရပေ။ သူ အေးစက်စက်လေသံဖြင့် ဆက်ပြောသည်။
“စစ်သူကြီး မင်းလက်ထဲကိုရောက်သွားကတည်းက သူ အသက်ရှင်လိမ့်မယ်လို့ ငါ မျှော်လင့်မထားဘူး။ အဲ့တော့... မင်း သူ့ကို သတ်ပစ်လိုက်ပါ။ ငါက သူ့အတွက် သေချာပေါက် လက်စားချေပေးမှာပဲ။ မင်းရဲ့ လုပ်ရပ်တွေအကုန်လုံးကို ငါ့ရဲ့ ချိပ်စည်းကျောက်တုံးထဲမှာ မှတ်တမ်းတင်ထားပြီးပြီ။ ငါ ပြန်ရောက်ရင် ဒီချိပ်စည်းကျောက်တုံးကို ဆောင်းဥတုအရှင်ဆီ ပေးလိုက်မယ်။ ယိုမျိုးနွယ်က ဘယ်လောက်အင်အားကြီးမလဲဆိုတာ ကြည့်ရသေးတာပေါ့...”
“ပြီးတော့... စစ်သူကြီးသေသွားလို့ ငါက သူ့အတွက် လက်စားချေပေးလိုက်မယ်ဆိုရင် ငါ့အတွက် အကျိုးအမြတ်တောင် ရဦးမယ်မဟုတ်လား။ ငါက မီးဖီးနစ်တပ်ရဲ့ စစ်သူကြီးတောင် ဖြစ်သွားနိုင်တယ်။ အဲ့အတွက် သခင်လေးယိုကို ကြိုပြီး ကျေးဇူးတင်ရတော့မှာပဲ”
“အာ...”
ယိုထျန်းနီတို့ မှင်တက်ကာ ဆွံ့အသွားကြသည်။ ကျန်းရီက အမှန်ပင် ထိုသို့သောလူတစ်ယောက်လော။ သူက ချီချင်ချန်သေမည်ကို မည်သို့မှမလုပ်ဘဲ ရပ်ကြည့်နေမည်လော။ ထို့ပြင် ချီချင်ချန်၏ သေဆုံးမှုကို လှေကားထစ်တစ်ခုကဲ့သို့ အသုံးချ၍လည်း အထက်သို့ တက်လှမ်းလိုနေသည်လော။ ထိုလူက အလွန်စဉ်းလဲကာ မျက်နှာအရည်ထူလွန်းပေသည်။ ထိုအခိုက်တွင် ယိုထျန်းနီသည် ကျန်းရီက သူ့ထက် ပိုအရှက်မဲ့သည်ဟု ခံစားသွားရလေသည်။
“ဟွန်း...”
ယိုထျန်းနီ ကျယ်လောင်စွာ နှာမှုတ်လိုက်ပြီး ချီချင်ချန်၏ ဝမ်းဗိုက်ကို ထပ်ထိုးလိုက်သည်။ ကျန်းရီက ဖိန့်နေခြင်းလောကို သူ သိလိုသည်။ သို့သော် သူ ချီချင်ချန်ကို ဆယ်ကြိမ် ထပ်ထိုးပြီးနောက်တွင်ပင် ကျန်းရီ ထွက်ပေါ်မလာသေးပေ။ သူ့အသံကိုလည်း ထပ်မကြားရတော့ချေ။ ချီချင်ချန်၏ နတ်ဘုရားအမြုတေက ပျက်စီးသွားလုနီးနေပေပြီ။ ကျန်းရီသည် အမှန်ပင် ချီချင်ချန်၏ သေရေး၊ ရှင်ရေးကို အရေးမစိုက်ပါပေ။
ဟူး...
ကျန်းရီနှင့် ညှိနှိုင်း၍မရကြောင်း အတည်ပြုပြီးသောအခါ ယိုထျန်းနီ ချီချင်ချန်ကို ဆက်မထိုးဝံ့တော့ပေ။ ကျန်းရီထံတွင် အမှန်ပင် ချိပ်စည်းကျောက်တုံး ရှိနေလျှင် သူ ချီချင်ချန်ကို သတ်လိုက်သည်နှင့် ယိုမျိုးနွယ် သေချာပေါက် ပြဿနာအကြီးကြီး တက်သွားပေလိမ့်မည်။ ကျန်းရီကသာ လုံလောက်သော သက်သေကို တင်ပြနိုင်လျှင် ဆောင်းဥတုအရှင်သည် အုပ်ချုပ်သူအဆင့် သိုင်းသမားများကို စုစည်း၍ ယိုမျိုးနွယ်ကို တိုက်ခိုက်နိုင်ပေသည်။ မိစ္ဆာချေဖျက်စစ်တပ်၏ အခြားခေါင်းဆောင်နှစ်ယောက်သည်လည်း ယိုမျိုးနွယ်ကို ကူညီလိမ့်မည် မဟုတ်ချေ။
“အား...”
ကြောက်မက်ဖွယ် အော်သံကြီးတစ်သံ ထွက်ပေါ်လာ၍ အားလုံး အော်သံထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ကြ၏။ ရုတ်ခြည်းပင် သူတို့ မျက်နှာပျက်သွားကြသည်။ ဝိညာဉ်မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ခုတ်သတ်ခံလိုက်ရပေပြီ။ ဝိညာဉ်မျိုးနွယ်ဝင်များက စစ်ချပ်ဝတ် မဝတ်ကြသဖြင့် ထိခိုက်လွယ်ကြသည်။ ထို့ကြောင့် ၎င်းသိုင်းသမားသည် ကျန့်ရှမျိုးနွယ်ဝင် တစ်ဒါဇင်၏ အစိတ်စိတ်အပိုင်းပိုင်း ခုတ်ဖြတ်မှုကို ခံလိုက်ရပေသည်။
ရီဝူနှင့် ကျန်နှစ်ယောက်သည်လည်း အခြေအနေဆိုးနေသည်။ သူတို့၏ မျက်လုံးများက နီတစ်လှည့်၊ နက်တစ်ခါ ဖြစ်နေသည်။ သူတို့က ယခုအထိ အသိပြန်မကပ်လောက်သေးပေ။ ဆူးချွန်များစွာကို သူတို့၏ခန္ဓာကိုယ်များကို လှီးဖြတ်သွားကြသည်။ သူတို့က အချိန်မရွေး သေကြတော့ပေမည်။
“အရှင်ငယ်... အရှင်ငယ် သခင်လေးရီဝူကို မသတ်သင့်ပါဘူး။ မဟုတ်ရင် နောက်ကျ ပြဿနာတက်လိမ့်မယ်”
အဆိပ်ဝိညာဉ်သည် အားဖြည့်ဆေးလုံး အနည်းငယ် သောက်ထား၍ အတန်ငယ် သက်သာလာပြီဖြစ်သည်။ သူသည်လည်း ပုန်းကွယ်ခြင်းအတတ် သုံးကာ ကျန်းရီနှင့်အတူ ရှိနေသည်။ သူ သေအံ့ဆဲဆဲဖြစ်နေသော ရီဝူကို လှမ်းကြည့်၍ ချီတုံချတုံဖြင့် ပြောလိုက်သည်။
“သူက ဝိညာဉ်မျိုးနွယ်ရဲ့ ပါရမီရှင်တစ်ယောက် မဟုတ်လား။ အရှင်ငယ် သူ့ကို သတ်လိုက်မယ်ဆိုရင် ဝိညာဉ်ဘုရင် အရမ်းဒေါသထွက်သွားလိမ့်မယ်”
“ဟွန်း...”
ကျန်းရီ နှာခေါင်းရှုံ့ကာ ပြန်ပြောလိုက်၏။
“အစောက အဖြစ်အပျက်တွေကို ကျွန်တော့်ရဲ့ ချိပ်စည်းကျောက်တုံးထဲမှာ မှတ်တမ်းတင်ပြီးသွားပြီ။ ကျွန်တော်တို့ ပြန်ရောက်ရင် အဲ့ကျောက်တုံးကို ရီပုဟွေကို ပြလိုက်ရုံပဲ။ အဲ့လိုလူမျိုးကို အရှင်ထားလို့မရဘူး။ သူ့ကို အသက်ရှင်ခွင့်ပေးလိုက်မှ ကျွန်တော်တို့ တကယ်ပြဿနာတက်မှာ။ အဆိပ်ဝိညာဉ်... ခင်ဗျား အရင်တုန်းက လူတွေအများကြီး သတ်ခဲ့ဖူးတာပဲ။ ဘာလို့ အခုမှလာပြီး အသည်းနုနေရတာလဲ”
“အာ...”
အဆိပ်ဝိညာဉ် မည်သို့ပြန်ပြောလိုက်မည်ကို မသိတော့ပေ။ သူက အသည်းနုလာခြင်း မဟုတ်ချေ။ ကျန်းရီနှင့် ဝိညာည်မျိုးနွယ်က ရန်ဘက်များဖြစ်သွားလျှင် သူ ဝိညာဉ်မျိုးနွယ်ထဲ ပြန်ဝင်ခွင့်မရမည်ကို စိုးရိမ်ခြင်းသာ။ သို့သော် ကျန်းရီက သတ်ရန် ဆုံးဖြတ်ပြီးသွားပြီဖြစ်၍ သူ မည်သို့မှ ဝင်ပြော၍ မရတော့ပေ။
“အား...အား...အား...”
နာကျင်တကြီး အော်လိုက်သံ သုံးသံ ထွက်ပေါ်လာသည်။ ရီဝူတို့သုံးယောက်သည် နောက်ဆုံးအခိုက်အတန့်တွင် အသိပြန်ကပ်လာကြ၏။ သို့သော် အလွန်နောက်ကျသွားပေပြီ။ သူတို့၏ ခန္ဓာကိုယ်များပေါ်မှ ဒဏ်ရာများက အလွန်ပြင်းထန်ပြီး ပတ်ပတ်လည်တွင်လည်း ကျန့်ရှမျိုးနွယ်ဝင်များစွာ ရှိနေသည်။ ထို့ကြောင့် ကျန်လူများသည် ထိုသုံးယောက် အပိုင်းပိုင်းဖြတ်ခံလိုက်ရသည်ကို ရပ်ကြည့်၍သာ နေနိုင်ကြပေသည်။
ယိုထျန်းနီတို့သည် မရှုမလှသေဆုံးသွားခဲ့သော ဝိညာဉ်မျိုးနွယ်ဝင်လေးယောက်ကိုကြည့်၍ ကျောစိမ့်အောင် ကြောက်ရွံ့သွားကြ၏။ ယိုထျန်းနီ အံကြိတ်လိုက်သည်။ ယခုအခြေအနေတွင် အညံ့ခံရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ သူ့နဖူးပြောင်ပေါ်မှ ဆေးမင်ကြောင်က လင်းလက်လာပြီး သူ အေးစက်စက် အော်ပြောလိုက်သည်။
“ကျန်းရီ... ဒီတစ်ခေါက် ငါ အရှုံးကို ဝန်ခံတယ်။ မင်း ငါတို့ကို သွားခွင့်ပေးမယ်ဆိုရင် မင်း လိုချင်တာကို ပြောလို့ရတယ်”
တိတ်ဆိတ်နေ၏။
ကျန်းရီက ပြန်မတုံ့ပြန်ခဲ့ပေ။ ငါးမိနစ်ကြာစောင့်ပြီးနောက် ယိုထျန်းနီ စိတ်မရှည်နိုင်ဖြစ်လာပြီး ထပ်အော်ပြောလိုက်သည်။
“ကျန်းရီ... ငါ့ကို သတ်လို့လည်း မင်း ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး။ ပြီးတော့ ငါ့ကိုသတ်လိုက်ရင် မင်း မိစ္ဆာချေဖျက်စစ်တပ်ထဲမှာ ဆက်နေနိုင်တော့မှာ မဟုတ်ဘူး။ ငါက ယိုမျိုးနွယ်ရဲ့ တစ်ဦးတည်းသောမြေးပဲ။ ငါတို့ ကောင်းကင်ယန်မျိုးနွယ်က မျိုးဆက်ပြန့်ပွားဖို့ ခက်တယ်။ ငါ သေသွားရင် ယိုမျိုးနွယ်မှာ ဆက်ခံသူရှိတော့မှာ မဟုတ်ဘူး...”
“မင်းနောက်မှာ တိရှအရှင်ရှိမှန်း ငါသိပါတယ်။ ဒါပေမဲ့ ငါ့အဘိုးက မင်းကို သေချာပေါက် သတ်လိမ့်မယ်။ မင်းတစ်သက်လုံး တိရှဘုံထဲမှာပဲ ပုန်းမနေနိုင်ဘူးမလား”
ဤတစ်ကြိမ်တွင် ကျန်းရီ ပြန်ပြောလိုက်သည်။
“မင်းစကားတွေက အဓိပ္ပာယ်ရှိပါတယ်။ ပြဿနာက... မင်းကို မသတ်ဘဲထားရင်လည်း ငါ ဘာအကျိုးအမြတ်မှ မရတာပဲ။ ငါက အငြိုးထားတတ်တဲ့သူတစ်ယောက်ကွ... အစောတုန်းက မင်း ငါ့ကို သတ်ဖို့လုပ်ခဲ့တယ်။ အဲ့တော့ ငါ မင်းကို သတ်လိုက်ရရင် ရင်ထဲ နည်းနည်းတော့ နေလို့ကောင်းသွားမှာပဲ”
“ဘာအကျိုးအမြတ်မှ မရဘူး ဟုတ်လား”
ယိုထျန်းနီ၊ ယိုဟုန်နှင့် အခြားသူများ၏ မျက်လုံးများ လင်းလက်သွား၏။ ယိုထျန်းနီ ခပ်သွက်သွက် ပြန်ပြောလိုက်၏။
“မင်းသာ ငါတို့ကို မသတ်ဘူးဆိုရင် ဘာကိုမဆို ညှိုနှိုင်းလို့ရပါတယ်။ အခုကစပြီး မင်း မိစ္ဆာချေဖျက်စစ်တပ်ထဲမှာ အနှောင့်အယှက်မရှိ နေနိုင်လိမ့်မယ်။ ဘယ်သူကမှ မင်းအတွက် ခက်ခဲအောင် လု်ပတော့မှာ မဟုတ်ပါဘူး။ မီးဖီးနစ်တပ်ရဲ့ တာဝန်တွေကလည်း အလွယ်ဆုံး၊ တိုက်ပွဲအမှတ်အရဆုံးတွေဖြစ်စေရမယ်။ ပြီးတော့ မင်းလိုချင်တာ မှန်သမျှလည်း ရလိမ့်မယ်...”
“ငါ မင်းကို ကျင့်ကြံနေရာအကုန်လုံးကို သတ်မှတ်တိုက်ပွဲအမှတ်ရဲ့ တစ်ဝက်တည်းနဲ့ ဝင်ခွင့်ရမဲ့ အမိန့်ပြားတစ်ပြားလည်း ပေးပါမယ်။ အဲ့အမိန့်ပြားနဲ့ဆို မင်း ရှေးဦးဆန်းကြယ်နယ်မြေ၊ တာအိုကောင်းကင်ဆန်းကြယ်နယ်မြေနဲ့ ကမ္ဘာဦးဆန်းကြယ်နယ်မြေတွေထဲတောင် ဝင်နိုင်လိမ့်မယ်”
“အို့...”
ကျန်းရီ အတန်ငယ် စိတ်ဝင်စားသွားပုံပေါ်၏။ သူ၏ အသံထွက်ပေါ်လာသည်။
“မင်းက အများကြီး ကတိပေးခဲ့ပေမဲ့ ငါတို့ ပြန်ရောက်မှ ကတိဖျက်လိုက်မယ်ဆိုရင် ဘယ်လိုလုပ်မှာလဲ။ အဲ့လိုဖြစ်လာရင် ငါက မိစ္ဆာချေဖျက်စစ်တပ်ရဲ့ အခြေစိုက်စခန်းကို တိုက်ခိုက်လို့လည်း မရဘူးမလား။ မင်း ငါ့ကို ထပ်ပြီး အကောက်ကြံရင်ရော ဘယ်လိုလုပ်မလဲ။ ဒီလိုဆို ဘယ်လိုလဲ... မင်း ကောင်းကင်ဧကရာဇ်သွေးသစ္စာဆိုလိုက်။ အဲ့ဒါဆို ငါ မင်းကို ယုံမယ်။ ပြီးတော့ ချီချင်ချန်ကိုလည်း ပစ်ပေးလိုက်။ မင်း အဲ့မိန်းမကို ထိခိုက်အောင် လုပ်လို့မရဘူး။ သူက မီးဖီးနစ်တပ်ရဲ့ စစ်သူကြီးပဲ။ တစ်ယောက်ယောက်က သူ့ကို ထိခိုက်အောင် လုပ်မယ်ဆိုရင်တောင် အဲ့တစ်ယောက် ငါပဲ ဖြစ်ရမယ်”
“ဒါက...”
ယိုထျန်းနီတို့ တွန့်ဆုတ်သွားကြသည်။ ချီချင်ချန်ကို လွှတ်ပေးလိုက်လျှင် နောင်တွင် ပြဿနာများ တက်လာနိုင်သည်။ သို့သော် ချီချင်ချန်ကို သတ်လိုက်မည်ဆိုလျှင်လည်း အခြေအနေများက ပိုဆိုးသွားနိုင်သည်။ ကျန်းရီထံတွင် အမှန်ပင် ချိပ်စည်းကျောက်တုံး ရှိနေလျှင် ယိုမျိုးနွယ် အဆုံးသတ်သွားပေလိမ့်မည်။
ယိုထျန်းနီသည် အတန်ကြာအောင် တွေးတောပြီးနောက် အံကြိတ်၍ ချီချင်ချန်ကို လေထဲပစ်မြှောက်ကာ အော်ပြောလိုက်သည်။
“ကျန်းရီ ဖမ်းလိုက်”
ထန်း...ထန်း...
ဓားသံတစ်သံ ထွက်ပေါ်လာသောအခါ ယိုထျန်းနီတို့ပတ်ပတ်လည်မှ ကျန့်ရှမျိုးနွယ်ဝင်များက ဘေးသို့ ဖယ်လိုက်ကြပြီး ချီချင်ချန်ကို အောက်သို့ ပြုတ်ကျသွားစေလိုက်၏ သို့သော် ကျန်းရီ ထွက်ပေါ်မလာသေးပေ။ ချီချင်ချန်သည် တောင်ထွတ်တစ်ခုနှင့် ပြင်းထန်စွာ ဝင်ဆောင့်သွားပြီး တောင်လျှောမှ လိမ့်ဆင်းသွားသည်။ နောက်ဆုံးတွင် သူမ လျှိုတစ်ခုထဲ ကျသွားလေသည်။
‘အဲ့ကောင်စုတ်က တော်တော်သတိကြီးတာပဲ’
ယိုဟုန် စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ကျန်းရီသာ ချီချင်ချန်ကို ဖမ်းရန် ပေါ်လာခဲ့လျှင် သူတို့သည် ထိုအခွင့်အရေးကို သေချာပေါက် အသုံးချ၍ ကျန်းရီကို သတ်မည်ဖြစ်သည်။ ယခုတွင်မူ သူတို့သည် ကျန်းရီ၏ လက်ခုပ်ထဲမှ ရေများ ဖြစ်သွားပြီး ကျားသနားမှ နွားချမ်းသာမည့်အဖြစ်ကို ရောက်သွားပေသည်။
ထန်း...ထန်း...
နောက်ထပ်ဓားသံတစ်သံ ထွက်ပေါ်လာသောအခါ ဘေးဖယ်လိုက်သော ကျန့်ရှမျိုးနွယ်ဝင်များက ပြန်ဝန်းရံကာ ယိုထျန်းနီတို့ကို ဆက်တိုက်ခိုက်လိုက်ကြသည်။ ထို့နောက် ကျန်းရီ၏ ခပ်လှောင်လှောင်အသံတစ်သံ ထွက်ပေါ်လာ၏။
“မင်းတို့က လွတ်ချင်သေးတာလား။ ကလေးဆန်လိုက်တာ။ ယိုထျန်းနီ... မင်းရဲ့အဘိုးက ကောင်းကင်ဘုရင် ဖြစ်နေရုံမပြောနဲ့ မင်းအဖေက ယန်မဟာဧကရာဇ်ဆိုရင်တောင် ဒီနေ့ ငါက မင်းကို သတ်ဦးမှာပဲ”