← Chapters

မိန်းမတွေက ယောက်ျားတွေရဲ့ ကိစ္စတွေကို အရေးမစိုက်သင့်ဘူး

Vol. 109 Ch. 1516

မိန်းမတွေက ယောက်ျားတွေရဲ့ ကိစ္စတွေကို အရေးမစိုက်သင့်ဘူး

Vol. 109 Ch. 1516

ကျန်းရီသည် သူက ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်နိုင်ကြောင်း သိလိုက်ကတည်းက ယိုထျန်းနီကို သေသည်အထိ နှိပ်စက်၍ သတ်ရန် ဆုံးဖြတ်လိုက်ပြီးဖြစ်သည်။ ယင်းမှာ သူ၏ အကျင့်စရိုက်ပင်။ သူများက သူ့ကို အရင်ရန်လာမစလျှင် သူကလည်း ရန်စမည် မဟုတ်ပေ။ သို့သော် တစ်ယောက်ယောက်က သူ့အား အကောက်ကြံလျှင်မူ သူသည် အခွင့်အရေးရသည်နှင့် ထိုသူကို သက်ညှာမှုမရှိ သတ်ပစ်မည်ဖြစ်သည်။

ရီဝူတို့ အသတ်ခံခဲ့ရသလို ယိုထျန်းနီလည်း အသတ်ခံရပေမည်။

ရီဝူက ဝိညာဉ်မျိုးနွယ်မှ ပါရမီရှင်တစ်ယောက်ဖြစ်သည်။ သူ မိစ္ဆာချေဖျက်စစ်တပ်သို့ စေလွှတ်ခံရသည်ကို ကြည့်လျှင် ဝိညာဉ်မျိုးနွယ်မှ အကြီးအကဲများက သူ့ကို ထောက်ခံကြကြောင်း သိနိုင်သည်။ ဝိညာဉ်မျိုးနွယ်က သူ့ကို ပျိုးထောင်လိုခြင်း ဖြစ်ရမည်။ သို့သော် ကျန်းရီက တုံ့ဆိုင်းမှုမရှိဘဲ သူ့ကို သတ်ပစ်ခဲ့သည်။ ယိုထျန်းနီ၏ နောက်ခံကလည်း အတော်ကြီးသည်။ သို့ဖြစ်ရာ ယိုထျန်းနီကို သတ်လိုက်လျှင် မည်သည့်အကျိုးဆက်များကို ခံရမည်နည်း။

ကျန်းရီ မသိပေ။ သိလည်း မသိလိုပေ။ သူ ယိုထျန်းနီကို သတ်ပြီးမှ ထိုကိစ္စများကို တွေးတောပေပြီ။

“ကျန်းရီ... မျိုးမစစ်ကောင်။ မင်းက စကားဖျက်ချင်တာလား။ မင်း ငါတို့ကို သတ်လိုက်ရင် သေချာပေါက် လူမသိသူမသိ နေရာတစ်ခုမှာ အမြှုပ်ခံရလိမ့်မယ်...”

ယိုထျန်းနီ ဒေါသတကြီး အော်လိုက်၏။ ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များအား ယိုထျန်းနီကို ချက်ချင်း ဝန်းရံစေလိုက်ပြီး သူက နောက်ပြောင်နေခြင်းမဟုတ်ကြောင်း ပြသလိုက်သည်။ သူ အမှန်ပင် ယိုထျန်းနီတို့ကို နှိပ်စက်လိုပေသည်။ အစောက သူ သရုပ်ဆောင်နေခဲ့ခြင်းသာ။ သူ၏ရည်ရွယ်ချက်မှာ ချီချင်ချန် လွတ်မြောက်လာစေရန်ဖြစ်သည်။

အစတွင် ယိုထျန်းနီသည် ကျန်းရီ၏ ရည်ရွယ်ချက်ကို သံသယဖြစ်ခဲ့သည်။ သို့သော် ကျန်းရီက အလွန်အသည်းမာခဲ့ပေသည်။ အစောတွင် ချီချင်ချန်၏ နတ်ဘုရားအမြုတေက ပျက်စီးလုနီးပါးဖြစ်ခဲ့သော်လည်း ကျန်းရီ မတုံ့ပြန်ခဲ့ချေ။ သူ့တွင် အခြားရွေးချယ်စရာလည်း မရှိခဲ့ပါပေ။ ချီချင်ချန်သာ အသတ်ခံလိုက်ရလျှင် ယိုမျိုးနွယ် ပြဿနာကြီးတက်သွားမည်ဖြစ်သည်။ ထို့ကြောင့် ယိုထျန်းနီ လက်တွန့်သွားလိမ့်မည်ဖြစ်ကြောင်း သူ ခန့်မှန်းထားပေသည်။

ယိုထျန်းနီ၏ ဆဲဆိုမှုများကို ကျန်းရီ အရေးမစိုက်ပေ။ ထိုဆဲဆိုမှုများကို ပေါက်ကရစကားများအဖြစ်သာ သူ သတ်မှတ်သည်။ သူ ချီချင်ချန်ကိုလည်း ချက်ချင်း မကယ်လိုက်ပေ။ ထိုအစား ကျန့်ရှမျိုးနွယ်ဝင်များကိုသာ ယိုထျန်းနီတို့ကို ထပ်ဝန်းရံစေလိုက်သည်။ ယခုတွင် ယိုထျန်းနီတို့ကို ကျန့်ရှမျိုးနွယ်ဝင်ဆယ်ထပ် ဝန်းရံထားပေပြီ။ မည်သူကမှ ထိုဝန်းရံမှုကို အချိန်တိုအတွင်း ဖောက်ထွက်နိုင်မည် မဟုတ်ကြောင်း အတည်ပြုပြီးသောအခါမှ ကျန်းရီ ချီချင်ချန်ထံ ပျံသန်းသွားပြီး သူမကို ရေထဲမှ သယ်ထုတ်လိုက်၏။

“ကျန်းရီ...”

ချီချင်ချန်က ရေများရွှဲရွှဲစိုသွားသဖြင့် အသိပြန်ကပ်လာပြီဖြစ်သည်။ အစောတွင် ယိုထျန်းနီ၏ ထိုးနှက်မှုများကို ခံခဲ့ရ၍ အတန်ငယ်တော့ မူးဝေနေသေးသည်။ မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း သူမ မသိသော်လည်း ကျန်းရီကို ခါးသီးသောမျက်နှာထားဖြင့် ကြည့်နေပေသည်။

“စစ်သူကြီး... အခု စစ်သူကြီး ဘေးကင်းသွားပါပြီ။ အားလုံး ပြီးဆုံးသွားပါပြီ”

ကျန်းရီသည် ပြင်းထန်စွာ ဒဏ်ရာရထား၏။ သို့သော် ထိုအခိုက်တွင် သူသည် မိုးမြေစွမ်းအားကို အသုံးပြု၍ သူ့ခန္ဓာကိုယ်ကို အင်အားမြှင့်တင်ထားပေသည်။ သူ ပြိုလဲမသွားရန် သူ့ကိုယ်သူ တွန်းအားပေးထားခြင်းပင်။ သူ ချီချင်ချန်၏ မျက်နှာလေးကို ပွတ်ပေးလိုက်ပြီး စိုနေသောဆံပင်များကို အနောက်သို့ သပ်တင်ပေးလိုက်သည်။ ထို့နောက် အေးစက်စက် ပြောလိုက်လေသည်။

“မစိုးရိမ်ပါနဲ့... စစ်သူကြီးခံစားခဲ့ရတာ အလကားမဖြစ်စေရပါဘူး။ ခဏနေရင် ကျွန်‌ော် ယိုထျန်းနီရဲ့ ခေါင်းကို ဖြတ်ပစ်မှာပါ”

ချီချင်ချန်သည် ထိုစကားကို ကြားသောအခါ လေးလံစွာခေါင်းခါ၍ ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူမ၏ မျက်နှာပေါ်တွင် ထူးခြားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။ နောက်ဆုံးတွင် သူမ အံကြိတ်ကာ ပြောလိုက်သည်။

“ကျန်းရီ... ယိုထျန်းနီ.. သေလို့မဖြစ်ဘူး။ အနည်းဆုံးတော့ သူ့ကို သတ်တဲ့သူက ရှင်ဖြစ်လို့ မရဘူး။ မဟုတ်ရင် ရှင် ပြဿနာကြီးနဲ့ ကြုံရလိမ့်မယ်”

“ဟင်းဟင်း...”

ကျန်းရီ သိမ်မွေ့စွာ ပြုံးလိုက်၏။ ထို့နောက် ပြတ်သားသော မျက်နှာထားဖြင့် ချီချင်ချန်ကိုကြည့်ကာ ပြောလိုက်သည်။

“ကျွန်တော်က ပြဿနာတွေထဲ ရောက်နေပြီးပါပြီ။ နောက်ပြဿနာတစ်ခုလောက် ထပ်တက်လည်း အရေးစိုက်စရာ မရှိပါဘူး။ ယိုထျန်းနီက စစ်သူကြီးရဲ့ အပျိုစင်ဘဝကို ဖျက်စီးဖို့ ကြိုးစားခဲ့တယ်၊ ကျွန်တော်နဲ့ အဆိပ်ဝိညာဉ်ကိုလည်း သတ်ပစ်ဖို့ လုပ်ခဲ့တယ်။ ကျွန်တော် လက်စားပြန်မချေရင် ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ယောက်ျားလို့ ပြောနိုင်တော့မှာလဲ။ မစိုးရိမ်ပါနဲ့... ယိုထျန်းနီကို သတ်မဲ့သူက ကျွန်တော် မဟုတ်ပါဘူး။ အဲ့ကိစ္စက စစ်သူကြီးနဲ့လည်း ဘာမှ မဆိုင်ပါဘူး။ တစ်ခုခုဖြစ်လာရင် ကျွန်တော်ပဲ တာဝန်ခံမှာပါ”

“အာ...”

ချီချင်ချန်သည် ကျန်းရီ၏ ပြတ်သားသော မျက်နှာထားနှင့် အေးစက်စက် အကြည့်ကို ကြည့်၍ ရင်ထဲတွင် ထူးဆန်းစွာ နွေးထွေးသွား၏။ ကျန်းရီက သူမအတွက်နှင့် မည်သည်ကိုမှ အရေးမစိုက်ဘဲ ယိုထျန်းနီကို သတ်လိုနေခြင်းဟုလည်း တွေးမိသွားသည်။ သူမ ရင်ထဲထိသွားပေသည်။ သို့သော် သူမ ထပ်ခေါင်းခါ၍ ပြောလိုက်သည်။

“ရှင် သူ့ကို သတ်လို့မရဘူး။ သူ့ကို သတ်မှဖြစ်မယ်ဆိုရင် ကျွန်မသတ်မယ်။ ရှင် သူ့ကိုသတ်လိုက်ရင် ဘယ်သူကမှ ရှင့်ကို အလွှတ်ပေးမှာ မဟုတ်ဘူး။ ကျွန်မတို့ မိစ္ဆာချေဖျက်စစ်တပ်ကို ပြန်ရောက်တာနဲ့ သူတို့က ရှင့်ကို ကွပ်မျက်ကြလိမ့်မယ်။ ရှင် ရှင်းပြခွင့်တောင် ရလိုက်မှာ မဟုတ်ဘူး...”

ရွှီး...

ကျန်းရီသည် အပိုစကားများပြောကာ အချိန်ဖြုန်းမနေတော့ဘဲ အားဖြည့်ဆေးလုံး တစ်လုံးကိုထုတ်၍ ချီချင်အားတိုက်လိုက်ပြီး သူ၏အတွင်းအားဖြင့် သူမ၏နတ်ဘုရားအမြုတေမှ ချိပ်စည်းကို ဖျက်ပေးလိုက်သည်။ ထို့နောက် သူမကို ဟွင့်သွမ့်ချီပုလဲထဲ ထည့်လိုက်၏။ သူ ထိုသို့မထည့်ခင်တွင် တစ်ခုပြောလိုက်သေးသည်။

“မိန်းမတွေက ယောက်ျားတွေရဲ့ ကိစ္စတွေကို အရေးမစိုက်သင့်ဘူး။ အထဲမှာ ဒဏ်ရာကုသပြီး အားဖြည့်နေပါ။ ဘာလုပ်ရမယ်ဆိုတာကို ကျွန်တော် သိပါတယ်”

ချီချင်ချန်က အလွန်အားနည်းနေပြီး အပြင်းအထန် ဒဏ်ရာရထားသည်။ သူမတွင် ငြင်းဆန်ရန် ခွန်အားမရှိပါပေ။ ထို့ကြောင့် ဟွင့်သွမ့်ချီပုလဲထဲ ဝင်သွားလိုက်ရသည်။ ထို့နောက် ကျန်းရီသည် အဆိပ်ဝိညာဉ်ကို လှမ်းကြည့်၍ ပြောလိုက်၏။

“အဆိပ်ဝိညာဉ်... ခင်ဗျားရဲ့ ဒဏ်ရာတွေကလည်း ပြင်းထန်တယ်။ ခင်ဗျား အထဲဝင်ပြီး ဒဏ်ရာကုသချင်လား”

“ရပါတယ် အဲ့လို့လုပ်ဖို့ မလိုပါဘူး”

အဆိပ်ဝိညာဉ် ပြုံးသည်။

“ကျွန်‌တော် မျိုးနွယ်ကြီးတွေ လိုက်ဖမ်းတာကို ခံခဲ့ရချိန်တုန်းက ဒီထက်ပိုဆိုးတဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ဖူးပါပြီ။ ကျွန်တော် အသက်ရှင်နေသေးသ၍ ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော် အရှင်ငယ်ကို ကူညီပေးပါမယ်”

“ကောင်းပြီ...”

ကျန်းရီသည် အဆိပ်ဝိညာဉ်ကို ဖိအားမပေးလိုက်ပေ။ ထောက်လှမ်းရေးအပိုင်းတွင် အဆိပ်ဝိညာဉ်က သူ့ထက် များစွာပိုကျွမ်းကျင်သည် မဟုတ်လော။ အဆိပ်ဝိညာဉ်၏ ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းက အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပြီဖြစ်သော်လည်း အဆိပ်ဝိညာဉ်သည် ထိုဒဏ်ရာများကို တောင့်ခံထားနိုင်ပေသေးသည်။ သူ လှုပ်လည်းလှုပ်ရှားနိုင်နေသေးသည်။ သူ တိုက်ခိုက်ရန်မလိုသ၍ အဆင်ပြေပေလိမ့်မည်။

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့သည် ခပ်လှမ်းလှမ်းသို့ ပျံသန်းသွားလိုက်ကြ၏။ သူတို့က ယိုထျန်းနီတို့နှင့် နီးကပ်နေလျှင် တစ်ခုခု ဖြစ်လာမည်ကို စိုးရိမ်ရပေသည်။ ကျန်းရီသည် ယိုထျန်းနီတို့ကို သတ်ရန် မီးနဂါးဓားကိုသုံး၍ ကျန့်ရှမျိုးနွယ်ဝင်များကို ဆက်စုဝေးစေလိုက်သည်။

ဝှစ်...ဝှစ်...ဝှစ်...

ကျန့်ရှမျိုးနွယ်ဝင်များက အဆက်မပြတ် ရောက်ရှိလာနေကြပြီး ယိုထျန်းနီတို့ကို တစ်ထပ်ပြီးတစ်ထပ် ဝန်းရံလိုက်ကြသည်။ ထိုအခိုက်တွင် ကောင်းကင်ထဲ၌ ကျန့်ရှမျိုးနွယ်ဝင် ဆယ်သန်းလောက် ရှိနေလောက်သည်။ ထို့ပြင် ၎င်းတို့၏ အရေအတွက်က စက္ကန့်နှင့်အမျှ တိုးလာနေပေသေးသည်။

ဂလု...ဂလု...

အဆိပ်ဝိညာဉ်သည် ယိုထျန်းနီတို့အုပ်စုကို ပျားအုံကြီးသဖွယ် ဝန်းရံထားသော ကောင်းကင်ထက်မှ ကျန့်ရှမျိုးနွယ်ဝင်များကို ကြည့်၍ တံတွေးမျိုချလိုက်၏။ ထို့နောက် သူ မီးနဂါးဓားကို စိတ်ဝင်တစားဖြင့် စက္ကန့်အနည်းငယ် ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ စိတ်မထိန်းနိုင်တော့ဘဲ မေးလိုက်လေသည်။

“အရှင်ငယ်... အရှင်ငယ်ရဲ့ဓားက ဘယ်လိုလုပ် ကျန့်ရှဘုရင်ကို ဝါးမျိုနိုင်လိုက်တာလဲ။ ဘယ်လိုလုပ် ကျန့်ရှမျိုးနွယ်ဝင်တွေကို ထိန်းချုပ်နိုင်တာလဲ”

ကျန်းရီလည်း သူ၏မီးနဂါးဓားကိုမြှောက်၍ ကြည့်လိုက်၏။ သူ ပထမမေးခွန်းကို ပြန်မဖြေလိုက်ပေ။ ထိုဓားက အလွန်စွမ်းအားကြီးလွန်းသည်။ သူ၏လျှို့ဝှက်ချက်ကို သိသူနည်းလေလေ သူ ပိုလုံခြုံလေလေပင်။ အဆိပ်ဝိညာဉ်က သူ၏ဝိညာဉ်ကျွန် ဖြစ်သော်လည်း သူ များစွာ ရှင်းမပြလိုပါပေ။ ဒုတိယမေးခွန်းကိုမူ သူ ဖြေလိုက်သည်။

“ကျန့်ရှမျိုးနွယ်ဝင်တွေ အကုန်လုံးက ကျန့်ရှဘုရင်ရဲ့ ကိုယ်ပွားတွေပဲ။ ကျွန်တော်သာ ကျန့်ရှဘုရင်ကို ထိန်းချုပ်နိုင်ရင် ကျန့်ရှမျိုးနွယ်ဝင် သန်းတစ်သောင်းလုံးကို ထိန်းချုပ်နိုင်လိမ့်မယ်”

“သန်းတစ်သောင်းလား..ရှူး...”

အဆိပ်ဝိညာဉ် အသက်ပြင်းပြင်း ရှိုက်သွင်းလိုက်၏။ ကျန့်ရှမျိုးနွယ်ဝင် အရေအတွက်က အလွန်များလွန်းပေသည်။ ကျန်းရီသာ ၎င်းတို့အားလုံးကို ဤနေရာတွင် စုဝေးစေလိုက်လျှင် အုပ်ချုပ်သူအဆင့် သိုင်းသမားများပင် နှိပ်စက်သတ်ဖြတ်ခံလိုက်ရမည်ဖြစ်သည်။

လူသားစွမ်းအားတွင် အကန့်အသတ်ရှိပေသည်။ ထို့ပြင် ကျန့်ရှမျိုးနွယ်ဝင်များတွင် မကောင်းသောအရှိန်အဝါလည်း ရှိနေသည်။ ထို့ကြောင့်လည်း ချီချင်ချန်က ဆယ့်ရှစ်နာရီလောက် တိုက်ခိုက်ပြီးနောက်တွင် အလွန်အားနည်းသွားခြင်း မဟုတ်ပါလား။ ချီချင်ချန်က အုပ်ချုပ်သူအဆင့်သို့ ရောက်ခါစဖြစ်၍ စွမ်းအား မတည်ငြိမ်သေးသော်လည်း အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို ဆယ်နာရီကျော်လောက် တိုက်ခိုက်ပြီးနောက်မှာပင် အလွန်အားနည်းသွားအောင် လုပ်နိုင်ခြင်းကို ကြည့်လျှင် ကျန့်ရှမျိုးနွယ်က မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်ပေသည်။

“အများကြီး တွေးမနေပါနဲ့တော့။ အရင်ဆုံး ဒဏ်ရာတွေကုသလိုက်ပါ။ အဲ့လူနှစ်ဆယ်က တော်တော်ခေါင်းမာတယ်။ သူတို့ကိုသတ်ဖို့ အချိန်နည်းနည်းတော့ ယူရလောက်တယ်”

ကျန်းရီသည် ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ တောင်ကြားလေးတစ်ခုထဲတွင် ပုန်းအောင်းလိုက်၏။ ထို့နောက် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်းသို့ ဝင်၍ စတင်ဒဏ်ရာကုသကာ အားဖြည့်လိုက်သည်။ အဆိပ်ဝိညာဉ်သည်လည်း သူ၏စွမ်းရည်များကို သုံး၍ ပတ်ဝန်းကျင်ကို ထောက်လှမ်းနေပေသည်။ ကျန်းရီက ယိုထျန်းနီတို့ကို သတ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် အဆိပ်ဝိညာဉ် မည်သို့မှ ဝင်ပြော၍ မရတော့ပေ။

ကျန်းရီတို့သည် ယိုထျန်းနီတို့နှင့် ကီလိုမီတာငါးဆယ်အကွာသို့ သွားခဲ့ကြခြင်းပင်။ ထို့ပြင် သူတို့နှင့်အတူ သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များကို ခေါ်ခဲ့သည်။ ထို့ကြောင့် စစ်ကူများ ရောက်လာလျှင်ပင် သူတို့ ကြောက်စရာမလိုပါပေ။ အဆိပ်ဝိညာဉ်က ယိုထျန်းနီတို့ကို မျက်ခြေမပြတ် စောင့်ကြည့်ထားနိုင်သလို ကျန်းရီကလည်း မီးနဂါးဓားကိုသုံး၍ အခြေအနေကို အာရုံခံနိုင်ပေသည်။ ထို့ကြောင့် ယိုထျန်းနီတို့က ဝန်းရံထားမှုကို ရုတ်တရက် ဖောက်ထွက်သွားမည်ကိုလည်း စိုးရိမ်ရန် မလိုပါချေ။

အချိန်က တရွေ့‌ရွေ့ ကုန်ဆုံးလာပြီး နာရီအနည်းငယ် ကုန်ဆုံးသွားသည်။

ကျန်းရီ၏ နှလုံးသားက သံမဏိကဲ့သို့ မာကြောနေသည်။ အစမှအဆုံးအထိ သူ၏ ယိုထျန်းနီတို့ကို သတ်လိုစိတ်က မပြောင်းလဲခဲ့ပေ။ နောက်ဆုံးတွင် လူများ စတင် သေလာကြသည်။ ဘွဲ့ထူးရစစ်နတ်ဘုရားများက အတော်လေး စွမ်းအားကြီးကြ၏။ သူတို့ အတူပူးပေါင်းလိုက်လျှင် ဖိအားများစွာ ခံရမည် မဟုတ်ချေ။ ထို့ကြောင့် ပုံမှန်ဆိုလျှင် သူတို့ အလွန်လျင်မြန်စွာ ကျဆုံးမသွားသင့်ပေ။

ပြဿနာမှာ ယိုထျန်းနီဖြစ်သည်။ အားလုံးက ယိုထျန်းနီ ဒဏ်ရာရသွားမည်ကို အလွန်စိုးရိမ်နေကြသည်။ ထို့ပြင် ယိုထျန်းနီက ဒေါသတကြီးဖြင့် ကျန့်ရှမျိုးနွယ်ဝင်များကို အတင်းတိုက်ခိုက်နေရာ ဘွဲ့ထူးရစစ်နတ်ဘုရားများက သူ့ကို အသည်းအသန် လိုက်ကာကွယ်ပေးနေရသည်။ ထို့ကြောင့် သူတို့ ဖရိုဖရဲဖြစ်ကုန်ကြခြင်းပင်။ ပိုဆိုးသည်မှာ ယိုထျန်းနီ၏ သွေးရူးသွေးတန်း တိုက်ခိုက်မှုများကိုလည်း သူတို့ကပါ ရံဖန်ရံခါ ခံနေရခြင်းဖြစ်ပေသည်။

ယိုထျန်းနီက ခေါင်းမာသော အကျင့်စရိုက်ရှိသူတစ်ဦး ဖြစ်သည်။ ယိုဟုန်သည် ယိုထျန်းနီ၏ လက်ရှိအခြေအနေကိုကြည့်၍ သူ့ကို လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုနေ၏။ သို့သော် ယိုထျန်းနီက ငြင်းဆန်နေသည်။ သူ ဒေါသပေါက်ကွဲကာ ကျန်းရီကို မပြတ် ဆဲဆိုကြိမ်းမောင်းနေသည်။ ကျန့်ရှမျိုးနွယ်ဝင်များကိုလည်း တိုက်ခိုက်နေသည်။ ယခုတွင် သူ့ကြောင့် လူနှစ်ယောက် အသတ်ခံလိုက်ရပြီဖြစ်ပေသည်။

ဝုန်း...

ယိုဟုန် ဆက်သည်းမခံနိုင်တော့ပေ။ သူ ယိုထျန်းနီ၏ ဇက်ပိုးကို ပြင်းထန်စွာရိုက်၍ ယိုထျန်းနီကို သတိလစ်သွားအောင်လုပ်ကာ သူ၏လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ထည့်လိုက်သည်။ ထိုမှ ဘွဲ့ထူးရစစ်နတ်ဘုရားများသည် လူပြန်စု၍ ပတ်ပတ်လည်မှ ရန်သူများကို ခုခံလိုက်ကြလေသည်။

အခြေအနေက အစောမှထက် များစွာပိုကောင်းလာသည်။ အနည်းဆုံးတော့ သူတို့က ဖရိုဖရဲဖြစ်မနေတော့ပေ။ သို့သော် သူတို့ ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံလိုက်ကြသောအခါ သူတို့ပတ်ပတ်လည်တွင် ကျန့်ရှမျိုးနွယ်ဝင်များက ကီလိုမီတာဆယ်နှင့်ချီ၍ ရှိနေကြောင်း သိလိုက်ရပြီး စိတ်ဓာတ်ကျသွားကြသည်။ ဤတစ်ကြိမ်တွင် ကျန်းရီက အမှန်ပင် သူတို့ကို နှိပ်စက်သတ်ဖြတ်ရန် ဆုံးဖြတ်ထားပြီးပေပြီ။ သူတို့ ရှင်မှ ရှင်သန်နိုင်ကြပါဦးမည်လော။

All Chapters