အရူးတစ်ယောက်ပဲ
Vol. 109 Ch. 1517
“ကျန်းရီ... ငါ သရဲဖြစ်ရင်တောင် မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး...အား...”
“အား...”
အချိန်ကြာလာသည်နှင့်အမျှ လူများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလာရသည်။ ကျန်လူအားလုံးလည်း ဒဏ်ရာရထားကြပြီဖြစ်သည်။ ကျန့်ရှမျိုးနွယ်ဝင်များ၏ မကောင်းသောအရှိန်အဝါများကလည်း သူတို့ကို ပို၍ မူးဝေလာနေစေသည်။ ထိုအရှိန်အဝါမရှိလျှင် ဘွဲ့ထူးရစစ်နတ်ဘုရားတစ်စုက ထိုမျှမျှမြန်မြန် ကျဆုံးလာမည် မဟုတ်ချေ။ သူတို့က အနိမ့်ဘုံအချိန် ရက်အနည်းငယ်လောက်တော့ အလွယ်တကူ တောင့်ခံနိုင်ကြမည်ဖြစ်သည်။
မကောင်းသောအရှိန်အဝါတွင် ပုံသဏ္ဌာန်မရှိပေ။ ၎င်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုလည်း မဟုတ်ချေ။ သို့သော် စိတ်ဝိညာဉ်အပေါ်တော့ တိတ်တဆိတ် သက်ရာက်နိုင်သည်။ ထို့ကြောင့် လူများသည် တိုက်ခိုက်ခံရမှန်းမသိ တိုက်ခိုက်ခံကြရပေသည်။
ယိုဟုန်သည် သူ့အဖော်များက တစ်ယောက်ပြီးတစ်ယောက် သေကုန်ပြီး ရှစ်ယောက်သာ အသက်ရှင်ကျန်တော့ကြောင်း တွေ့လိုက်သောအခါ မျက်လုံးများ နီရဲလာသည်။ ယိုထျန်းနီ၏ အစီအစဉ်က ပြီးပြည့်စုံခဲ့သည်။ သို့သော် နောက်ဆုံးတွင် ကျန်းရီက အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ပေသည်။ ယခု အားလုံးက သေရတော့မည့်ပုံပင်။
သူတို့အားလုံး သေသွားသည်က အရေးမကြီးပေ။ သူတို့၏ မျိုးရိုးအမည်က ‘ယို’ဖြစ်သော်လည်း သူတို့က ယိုမျိုးနွယ်၏ မျိုးနွယ်ဝင်အစစ်အမှန်များ မဟုတ်ဘဲ သာမန်ကိုယ်ရံတော်လေးများသာဖြစ်ကြသည်။ ယိုထျန်းနီကတော့ သေ၍ မဖြစ်ပေ။ သူက ယိုမျိုးနွယ်ခေါင်းဆောင်၏ တစ်ဦးတည်းသောမြေးဖြစ်သည်။ ကောင်းကင်ယန်မျိုးနွယ်က မျိုးဆက်ပြန့်ပွားရန် အလွန်ခက်၏။ အကယ်၍ ယိုထျန်းနီသေသွားမည်ဆိုလျှင် ‘ယို’မျိုးရိုးကို ဆက်ခံမည့်သူ ရှိတော့မည် မဟုတ်ပေ။
‘ဘာလို့ ဟိုတပ်က ရောက်မလာသေးတာလဲ။ သူတို့ ဆက်ကြာနေဦးမယ်ဆိုရင် ငါတို့ သေကုန်လိမ့်မယ်’
ယိုဟုန် အလွန်မချင့်မရဲဖြစ်လာသည်။ သူသည် အင်အားနှစ်သောင်းပါသော တပ်ဆီသို့ အသံပို့လွှတ်ထားပြီးဖြစ်သည်။ ထိုတပ်တွင် မျိုးနွယ်ကြီးများမှ သခင်လေးများနှင့် စွမ်းအားကြီး သိုင်းသမားများစွာ ပါသည်။ ထိုတပ်သာ လာကူညီမည်ဆိုလျှင် သူတို့ ရှင်သန်နိုင်လောက်ပေသေးသည်။
အနည်းဆုံးတော့...
ကျန်းရီက ယိုထျန်းနီကို လူများစွာ၏ရှေ့တွင် သတ်နိုင်လိမ့်မည် မဟုတ်ချေ။ သူ သတ်လိုက်လျှင် ခိုင်မာသောသက်သေ ရှိသွားပေလိမ့်မည်။ ထိုအခါ တိရှအရှင်ပင် သူ့ကို ကယ်နိုင်တော့မည် မဟုတ်ချေ။
‘မျိုးမစစ်ကောင်တွေ... မင်းတို့က သေမှာကြောက်လို့ ငါတို့ကို လာမကယ်တာလား’
ယိုဟုန် စိတ်ထဲမှ ဆဲလိုက်သည်။ ထိုအခိုက်တွင် အဝေးမှနေ၍ ဒေါသတကြီး အော်လိုက်သံကို သူကြားလိုက်ရလေသည်။
“သခင်လေးယို... မကြောက်ပါနဲ့။ ကျွန်တော်တို့ သခင်လေးကို လာကယ်ပြီ။ သတ်ကြ...”
ယိုဟုန်နှင့် ကျန်လူများ မျက်လုံးအရောင်လက်သွားကြ၏။ ချက်ချင်းပင် သူတို့ ကောင်းကင်စိတ်အာရုံများ ထုတ်လွှတ်ကာ အဝေးကို အာရုံခံလိုက်ကြသည်။ အမှန်ပင် အနောက်ဘက်မှနေ၍ တပ်ကြီးတစ်တပ် ပျံသန်းလာနေပေသည်။
ယိုဟုန်သည် သူ၏အသံကို ကောင်းကင်စွမ်းအားဖြင့် မြှင့်တင်၍ အော်ပြောလိုက်၏။
“ကျန်းရီ... မင်း ကျန့်ရှမျိုးနွယ်ဝင်တွေကို မရပ်ခိုင်းသေးဘူးလား။ သခင်လေးပိုင်တိထျန်း၊ သခင်လေးချိုးရန်နဲ့ တခြားသခင်လေးတွေအကုန်လုံး ဒီကို လာနေကြပြီ။ မင်း အဲ့သခင်လေးတွေအကုန်လုံးရဲ့ရှေ့မှာ ငါ့သခင်လေးကို သတ်မှာလား။ ဒါမှမဟုတ် မင်း အဲ့သခင်လေးတွေကိုပါ သတ်ပစ်မှာလား။ မင်းက အထက်ဘုံတစ်ခုလုံးနဲ့ ရန်သူဖြစ်ချင်လို့လား။ တိရှအရှင်ကရော မင်းကို ကယ်နိုင်မှာ သေချာလား။ တခြားဘုံတွေ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် တိရှဘုံလည်း သေချာပေါက် ပျက်စီးသွားမှာပဲ”
ယိုဟုန်က စကားကို ပါးပါးနပ်နပ်ပြောခဲ့သည်။ ပထမဆုံး သူ ကျန့်ရီကို ခြောက်လှန့်ရန် ကြိုးစားလိုက်သည်။ ဒုတိယအနေဖြင့် သခင်လေးများကို အားပေးလိုက်သည်။ တတိယအနေဖြင့် အခြားသခင်လေးအားလုံးကို ဤကိစ္စထဲ ဆွဲထည့်လိုက်ပေသည်။ ကျန်းရီက သူတို့ကို သတ်လိုက်မည်ဆိုလျှင် အထက်ဘုံတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပေလိမ့်မည်။ မရေမတွက်နိုင်သော မျိုးနွယ်ကြီးများက အင်အားပူးပေါင်း၍ တိရှဘုံကို ဖျက်ဆီးပစ်မည်ဖြစ်သည်။
ပုံမှန်ဆိုလျှင် သိမ်မွေ့သော ပိုင်တိထျန်းက အဝေးရှိ တပ်ထဲမှနေ၍ လှမ်းအော်လိုက်၏။
“ကျန်းရီ... ရပ်လိုက်ဖို့ အချိန်ရှိသေးတယ်။ မင်း သခင်လေးယိုကို သတ်လိုက်ရင် မိုးမြေကတောင် မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး”
“ဟုတ်တယ်...”
ချိုးရန်၏ အေးစက်စက်အသံလည်း ထွက်ပေါ်လာသည်။
“ကျန်းရီ... ချက်ချင်း ရပ်လိုက်တော့။ အခု နောက်ပြန်လှည့်ဖို့ အခွင့်အရေးရှိသေးတယ်။ မဟုတ်ရင်တော့... တိရှအရှင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”
“ကျန်းရီ...”
သခင်လေးများက ကျန်းရီကို လှမ်းအော်ပြောနေကြသည်။ ယိုဟုန်တို့သည်လည်း ထိုသခင်လေးများထံ အသံပို့လွှတ်၍ ကျန်းရီက မိစ္ဆာအတတ်အချို့ကို အသုံးပြု၍ ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်ကာ သူတို့အုပ်စုကို ဝန်းရံသတ်ဖြတ်စေထားကြောင်း ပြောလိုက်သည်။ သူတို့ကို ကယ်တင်ပေးပါရန်လည်း သခင်လေးများကို အသနားခံလိုက်ကြသည်။ အစတွင် သခင်လေးများသည် ဤသို့ မလာဝံ့ခဲ့ကြပေ။ သခင်လေးယို၊ ရီဝူနှင့် အခြားသူများပင် ကျန်းရီကို ရှုံးနိမ်ခဲ့သည်ဖြစ်ရာ သူတို့ သွားလျှင်လည်း ကိုယ်သေလမ်းကိုယ်ရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
နောက်ဆုံးတွင် ပိုင်တိထျန်းနှင့် ချိုးရန်တို့က အားလုံးကို အားပေးခဲ့သည်။ သူတို့ကြားတွင် မျိုးနွယ်အသီးသီးမှ သခင်လေးများစွာ ရှိနေသည်။ ထိုအင်းအားနှစ်သောင်းတပ်ထဲတွင် မျိုးနွယ်ကြီးများမှ သခင်လေးများ အယောက်နှစ်ရာလောက်ပါသည်။ ထို့ကြောင့် ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် ကျန်းရီက သူတို့ကို တိုက်ခိုက်ဝံ့လိမ့်မည်ဟု မထင်ပေ။ ထို့ပြင် သူတို့တပ်ထဲ၌ မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းသမားများလည်း ပါလာပေသည်။ သို့ဖြစ်ရာ တိုက်ပွဲတွင် မည်သည့်ဘက်က နိုင်မည်ကို အတပ်ပြော၍ မရသေးချေ။
“ပါးစပ်ပိတ်ထားကြ”
သခင်လေးများ တစ်ယောက်တစ်ပေါက် အော်နေချိန်တွင် ကျန်းရီ၏ အေးစက်စက်အသံ ရုတ်တရက် ထွက်ပေါ်လာ၏။ သူ့အသံက ပတ်ဝန်းကျင် တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပြီး လူအားလုံးကို တစ်နေရာသို့ ကြည့်စေလိုက်သည်။ ထိုအသံက သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များကြားမှ ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူတို့ သိလိုက်ရ၏။ ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်များကြားတွင် ပုန်းအောင်းနေခြင်း ဖြစ်မည်။ စွမ်းအားကြီး သိုင်းသမားများသည် ကျန်းရီကို ရှာကာ သတ်ပစ်လိုနေကြ၏။ သို့သော် သူတို့ အလျင်စလို မလုပ်ဝံ့ကြသေးပေ။
“ဒါက ငါနဲ့ ယိုထျန်းနီကြားက ရန်ငြိုးပဲ”
ကျန်းရီ အေးစက်စက်လေသံဖြင့် ဆက်ပြောသည်။
“မဆိုင်တဲ့သူတွေ အကုန်လုံး ထွက်သွားကြ။ မင်းတို့ ယိုထျန်းနီကို ကယ်ဖို့ ကြိုးစားရင်တော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
ကျန်းရီ၏ အသံက အလွန်အေးစက်သဖြင့် အားလုံး အရိုးစိမ့်သွားကြပြီး ရင်တုန်သွားကြသည်။ ကျန်းရီ၏စကား ဆုံးသွားသောအခါ ကျန့်ရှမျိုးနွယ်ဝင်တစ်သိန်းသည် အင်အားနှစ်သောင်းရှိသော တပ်ကြီးဆီသို့ ပျံသန်းသွားလေသည်။ ၎င်းတို့က တပ်နှင့် သုံးဆယ်ကီလိုမီတာအကွာသို့ ရောက်သောအခါ ရပ်တန့်လိုက်ကြပြီး စူးရှသော သတ်ဖြတ်အရှိန်အဝါများကို ထုတ်လွှတ်လိုက်ကြသည်။ ၎င်းတို့က အချိန်မရွေး တိုက်ခိုက်တော့မည် ဖြစ်ကြောင်း ထင်ရှားပေသည်။
လူများစွာသည် ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်များကို အမှန်တကယ် ထိန်းချုပ်နိုင်လိမ့်မည်ဟု မယုံကြည်ခဲ့ပေ။ သို့သော် ယခုတွင် သူတို့ ယုံကြည်သွားပေပြီ။ ကျန်းရီက မည်သည့်မိစ္ဆာအတတ်ကို သုံးနေခြင်းဖြစ်စေ အနည်းဆုံးတော့ ထိုအခိုက်တွင် သူက ကျန်ရှ့မျိုးနွယ်ဝင်များ၏ ဘုရင် ဖြစ်နေပေသည်။ သူက သူတို့အယောက်တိုင်းကို သတ်ပစ်နိုင်စွမ်းရှိနေသည်။
သခင်လေးများဘက်တွင် အင်အားနှစ်သောင်းရှိသည်။ ထိုထဲတွင် စစ်နတ်ဘုရားများနှင့် ဘွဲ့ထူးရစစ်နတ်ဘုရားများလည်း ပါသည်။ သူတို့၏ ပူးပေါင်းတိုက်ခိုက်စွမ်းရည်က အတော်လေးကြီးပေသည်။ သို့သော် ထိုအရာအားလုံးက ကျန့်ရှမျိုးနွယ်တပ်ကြီးနှင့် ယှဉ်လျှင် အရေးမပါချေ။
သခင်လေးများ ရင်တုန်လာပြီး ပြန်ဆုတ်ရန် တွေးမိလာကြသည်။ သို့သော် သူတို့၏ ခေါင်းဆောင်များဖြစ်သော ပိုင်တိထျန်းနှင့် ချိုးရန်ဆို့က ပြန်မဆုတ်သေးသဖြင့် သူတို့ ပြန်မဆုတ်ဝံ့သေးပေ။ မဟုတ်လျှင် သူတို့ အခြားသူများ၏ လှောင်ပြောင်မှုကို ခံရပေလိမ့်မည်။ သူတို့ ထွက်ပြေးလိုက်လျှင် မိစ္ဆာချေဖျက်စစ်တပ်ထဲ၌ မည်သို့ ခေါင်းမော့ရင်ကော့ကာ ဆက်နေနိုင်ပါတော့မည်နည်း။
ပိုင်တိထျန်းနှင့် ချိုးရန်တို့သည်လည်း စတင် စိတ်လှုပ်ရှားနေပေပြီ။ သူတို့၏ ကိုယ်ရံတော်များက သူတို့ကို ပြန်ဆုတ်ရန် လှမ်း၍ အသံပို့လွှတ်နေကြသည်။ သို့သော် သူတို့နှစ်ယောက် စိတ်မဆုံးဖြတ်နိုင်သေးချေ။ သူတို့သည် ယိုထျန်းနီနှင့် ဆက်ဆံရေးကောင်း တည်ဆောက်နိုင်ရန် များစွာအားစိုက်ထုတ်ခဲ့ရသည်။ ယိုထျန်းနီကို မှီခိုမှ သူတို့ တိုင်ပွဲအမှတ်များ လျင်မြန်စွာ ရရှိမည်ဖြစ်ပြီး မိစ္ဆာချေဖျက်စစ်တပ်ထဲတွင်လည်း အဆင်ပြေပြေနေနိုင်မည်ဖြစ်သည်။ ယိုထျန်းနီ သေသွားလျှင် သူတို့ မိစ္ဆာချေဖျက်စစ်တပ်ထဲတွင် ကြာရှည်ဆက်နေခွင့် ရလိမ့်မည် မဟုတ်ချေ။
အရေးအကြီးဆုံးမှာ သူတို့ မကျေမနပ် ခံစားနေရခြင်းဖြစ်သည်။ ကျန်းရီ၏ စကားတစ်ခွန်းကြောင့် သူတို့ ကြောက်ရွံ့တကြီး ထွက်ပြေးသွားလိုက်လျှင် သူတို့၏ ဂုဏ်သတင်းက မြောင်းထဲရောက်သွားပေလိမ့်မည်။ သူတို့နှစ်ယောက်စလုံး ရင်ထဲတွင် လွန်ဆွဲနေကြပေသည်။
ကျန်းရီက မည်သူနည်း။ သူက အနိမ့်ဘုံမှ တက်လှမ်းလာသော အဆင့်အတန်းနိမ့်ကျပြီး အလွန်ကံကောင်းသည့် သိုင်းသမားတစ်ယောက်သာ။ သူသည် တိရှအရှင်ကို မှီခို၍ ဤနေရာအထိ ရောက်လာခဲ့ခြင်းဖြစ်သည်။ သူတို့ကမူ အဆင့်အတန်းမြင့်သော ဒေသခံနတ်ဘုရားမျိုးနွယ်ဝင်များဖြစ်သည်။ သူတို့က အထက်ဘုံ၏ အင်အားအကြီးဆုံး မျိုးနွယ်ကြီးအချို့မှ သခင်လေးများဖြစ်ကြသည်။
အနိမ့်ဘုံမှ တက်လှမ်းလာသည့် အဆင့်နိမ့်သိုင်းသမားများက ဒေသခံနတ်ဘုရားမျိုးနွယ်များကို မည်သည့်အခါက ဖိနှိပ်နိုင်ခဲ့ပါသနည်း။
ပိုင်တိထျန်းနှင့် ချိုရှန်းတို့၏ အရိုးထဲမှ မာနများ ထွက်လာသည်။ သူတို့ ပြန်မဆုတ်လိုကြတော့ပေ။ ပိုင်တိထျန်း အံကြိတ်ကာ အော်ပြောလိုက်သည်။
“ကျန်းရီ... မင်းက အထက်ဘုံရဲ့ မျိုးနွယ်ကြီးတွေနဲ့ စစ်ခင်းတော့မှာလား။ မင်း အဲ့ဒါကို ကောင်းကောင်းစဉ်းစားနော်။ မင်း ငါတို့ကို ထိလိုက်ရင် ငါတို့ရဲ့မျိုးနွယ်တွေက မင်းကို အလွှတ်ပေးမှာ မဟုတ်ဘူး။ အဲ့အခါကျရင် ဒီလောကထဲက ဘယ်သူကမှလည်း မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”
ချိုးရန်ကလည်း အေးစက်စက်လေသံဖြင့် ဝင်ပြောသည်။
“ငါတို့ သူ့ကို သတ်ပစ်ကြတာပေါ့။ သူ ဘယ်လောက်သတ္တိရှိလဲ ကြည့်ကြတာပေါ့။ သူသာ သတ္တိရှိရင် ငါတို့ အကုန်လုံးကို သတ်ပစ်လိုက်ပေါ့”
“ငါ သုံးအထိရေမယ်။ သုံးရောက်လို့မှ မင်းတို့ ထွက်မသွားသေးဘူးဆိုရင် မင်းတို့ရဲ့ ခန္ဓာကိုယ်တွေ ဒီမှာကျန်ခဲ့ရလိမ့်မယ်”
ကျန်းရီက ချိုးရန်၏စကားကို ဖြတ်ကာ ခက်ထန်စွာ အော်ပြောလိုက်၏။ ထို့ပြင် သူက လုံးဝမတုံ့ဆိုင်းဘဲ ချက်ချင်း ဆက်အော်လိုက်သည်။
“တစ်...”
“ဟာ...”
တပ်သားနှစ်သောင်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။ အချို့က စတင်၍ တုန်လှုပ်လာပြီး အချို့က ကျန်းရီကို မိစ္ဆာဖြစ်သွားသော အရူးဟု ဆဲဆိုကြသည်။ ကျန်းရီက တမလွန်ဘုံ၏ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သွားပြီဟုလည်း ဆိုကြသည်။
“နှစ်...”
ဆူညံပွက်နေသော တပ်ကြီး ရုတ်တရက် တိတ်ဆိတ်သွား၏။ လူများစွာ၏ မျက်လုံးများ အရောင်လက်လာသည်။ သူတို့က ပြန်ဆုတ်လိုနေကြကြောင်း ထင်ရှားပေသည်။ အခြားမျိုးနွယ်ကြီးများမှ ကိုယ်ရံတော်များသည် သူတို့၏ သခင်လေးများကို ခေါ်ကာ ပြန်ဆုတ်သွားရန် ဟန်ပြင်နေကြပြီဖြစ်သည်။
“အရှင်ငယ်... အရှင်ငယ် သူတို့ကို တကယ်သတ်တော့မှာလား။ အဲ့တပ်ထဲမှာ မျိုးနွယ်ကြီးတွေက သခင်လေး အယောက်နှစ်ရာလောက် ရှိပါတယ်”
အဆိပ်ဝိညာဉ် တံတွေးမျိုချကာ ပြောလိုက်၏။ သူ့အရှင်ငယ်က သူ့ထက်ပင် ပိုရူးသွပ်သည်ဟု သူစတင်တွေးမိလာပေပြီ။ ယခင်တွင် သူက မြို့ငယ်တစ်မြို့ကို ဖျက်ဆီးပစ်ခဲ့သည်။ ယခုတွင်မူ ကျန်းရီ မျိုးနွယ်ကြီးများမှ သခင်လေး အယောက်နှစ်ရာကို သတ်တော့ပေမည်။
“သုံး...”
ကျန်းရီသည် အဆိပ်ဝိညာဉ်၏ စကားများကို အရေးမစိုက်ဘဲ ဆက်ရေလိုက်သည်။ သူ ‘သုံး’ဟု အော်လိုက်သည့်အခိုက်တွင် ကျန့်ရှမျိုးနွယ်ဝငမ်ျားက တပ်ဆီသို့ ဦးတည်ပျံသန်းသွားကြသည်။ ၎င်းတို့၏ ကျောများပေါ်မှ ဆူးချွန်များလည်း အရှေ့သို့ ပျံထွက်သွားသည်။ ၎င်းတို့က တညီတညွတ်တည်း လှုပ်ရှားလိုက်ခြင်းဖြစ်ရာ လေထဲတွင် ဆူးချွန်များ ပြည့်နှက်သွားပေသည်။ ထိုအခါ တပ်သားနှစ်သောင်းစလုံး တုန်လှုပ်သွားကြလေသည်။
“ပြေးကြ...”
တပ်သားများစွာ တုန်လှုပ်တကြီး အော်လိုက်ကြသည်။ မျိုးနွယ်ကြီးများမှ ကိုယ်ရံတော်များကလလည်း သူတို့၏သခင်လေးများကို ဆွဲခေါ်ကာ အဝေးသို့ ပျံသန်းသွားကြသည်။ ကျန်းရီက သူတို့ကို ခြောက်လှန့်ရန် ကြိုးစားနေခြင်းမဟုတ်ဘဲ အမှန်တကယ် တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များက သူတို့ဆီသို့ ပျံသန်းလာနေကြပေပြီ။ သူတို့ ယခု မပြေးသေးလျှင် အဝိုင်းခံလိုက်ရနိုင်သည်။ ထိုအခါကျလျှင် ထွက်ပြေးနိုင်တော့မည် မဟုတ်ချေ။
ပိုင်တိထျန်းနှင့် ချိုးရန်တို့လည်း ထွက်ပြေးကြ၏။ သူတို့နှစ်ယောက်ကို သူတို့၏မျိုးနွယ်များမှ ကိုယ်ရံတော်များက ဦးဆောင်ခေါ်သွားကြသည်။ ချိုးရန်သည် သူ့အနောက်မှ လူများ ဆူးချွန်ထိမှန်ခံလိုက်ရသည်ကို လှည့်ကြည့်လိုက်၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တပ်သားနှစ်သောင်းတွင် တစ်သောင်းခွဲသာ ကျန်တော့ပေသည်။ သူ မျက်နှာသွေးဆုတ်သွားပြီး တုန်လှုပ်တကြီး အော်ပြောလိုက်၏။
“အရူး... သူက အရူးတစ်ယောက်ပဲ”