မင်းမေကြီးတော်ပဲ
Vol. 109 Ch. 1518
ကျန်းရီ မရူးပေ။
ထိုသခင်လေးများကို သတ်ရန်လည်း မရည်ရွယ်ထားပေ။ သို့သော် သူတို့ ယိုထျန်းနီကို ကယ်တင်ရန် အတင်းကြိုးစားမည်ဆိုလျှင်တော့ သူ သူတို့ကို ညှာမည် မဟုတ်ချေ။
ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်၍ ၎င်းတို့၏ ဆူးချွန်များကို ပစ်လွှတ်စေခဲ့သည်။ ၎င်းတို့၏ တစ်ချီတိုက်ခိုက်မှုက အဆင့်နိမ့်တပ်သား ငါးထောင်ကို သေသွားစေခဲ့ပေသည်။ ကျန့်ရှမျိုးနွယ်ဝင်များ၏ တိုက်ခိုက်မှုများက အလွန်သေစေနိုင်သည်။ သို့သော် ကျန်းရီက ကျန့်ရှမျိုးနွယ်ဝင်တစ်သိန်းကိုသာ တိုက်ခိုက်စေခဲ့ခြင်းဖြစ်သည်။ အကယ်၍ သုံး၊ လေးသိန်းသာ တစ်ပြိုင်တည်း တိုက်ခိုက်လိုက်မည်ဆိုလျှင် စစ်နတ်ဘုရားများနှင့် ဘွဲ့ထူးရစစ်နတ်ဘုရားများမှလွဲ၍ သာမန်တပ်သားအားလုံး သေသွားပေလိမ့်မည်။
ဝုန်း...ဝုန်း...ဝုန်း...
သေဆုံးသွားသော တပ်သားများ၏ အလောင်းများက အောက်ဘက်ရှိ တောင်ပေါ်သို့ ပြုတ်ကျသွား၏။ ကျန်တပ်သားအားလုံးလည်း တုန်လှုပ်ကာ အဝေးသို့ ပျံပြေးကြသည်။ သခင်လေးများက ထွက်ပြေးရာတွင် အလွန်သွက်ကြပေသည်။ သူတို့ တစ်ယောက်မှ မသေခဲ့ပေ။ သူတို့သည် ငါးကီလိုမီတာအကွာအထိ ထွက်ပြေးပြီးနောက် ကျန့်ရှမျိုးနွယ်ဝင်များက သူတို့နောက်သို့ လိုက်မလာကြောင်း သိလိုက်သောအခါ ပြန်၍ လူစုလိုက်ကြ၏။
“ကျန်းရီ... ဒါက အရမ်းတရားလွန်လွန်းတယ်။ ပိုင်မျိုးနွယ်က မင်းကို ပျက်စီးသွားအောင် လုပ်ပစ်မယ်ကွ...”
ပိုင်တိထျန်းသည် သေဆုံးသွားသော တပ်သားထောင်ချီကို ကြည့်ကာ ဒေါသတကြီး အော်ပြောလိုက်သည်။
တပ်သားနှစ်သောင်းထဲမှ တပ်သားအများစုမှာ သူ၏မြစ်ဖြူဘုံနှင့် ချိုးရန်၏ဘုံတို့မှ ဖြစ်ကြသည်။ သူတို့နှစ်ယောက်သည် သူတို့၏ဘုံများကို ဆက်ခံသည့်အခါတွင် အထောက်အပံ့ရစေရန် ထိုတပ်သားများကို ပျိုးထောင်ထားခဲ့ခြင်းဖြစ်သည်။ ယခု ကျဆုံးသွားခဲ့သော တပ်သားငါးထောင်ထဲမှ အများစုမှာ သူတို့၏တပ်သားများ ဖြစ်ကြပေသည်။
“ပါးစပ်ပိတ်ထား”
ကျန်းရီ၏ အေးစက်စက်အသံ ထွက်ပေါ်လာ၏။
“အကုန်လုံး ထွက်သွားကြ။ မင်းတို့ တစ်မိနစ်အတွင်း ကီလိုမီတာငါးသိန်းအကွာအထိ ဆုတ်မသွားဘူးဆိုရင် ငါ အကုန်လုံးကို သတ်ပစ်မယ်”
ဝှစ်...ဝှစ်...ဝှစ်...
နတ်ဘုရားဘုရင်အဆင့် တပ်သားများသည် မြန်နိုင်သမျှ အမြန်ဆုံး ထွက်ပြေးကြ၏။ ကျန်းရီက ပြောသည့်အတိုင်း လုပ်တတ်သော စိတ္တဇလူသတ်သမားတစ်ယောက်ပင်။ သူက လူငါးထောင်ကို သတ်ပြီးပေပြီ။ ကျန်လူတစ်သောင်းခွဲကို သတ်ရန်လည်း တွန့်ဆုတ်နေလိမ့်မည် မဟုတ်ချေ။
ပိုင်တိထျန်းနှင့် ချိုးရန်တို့သည် ကျန်းရီကို ပြန်ခွန်းတုန့်ပြန်လိုကြ၏။ သို့သော် သူတို့၏ ကိုယ်ရံတော်များက သူတို့ကို အတင်း ဆွဲခေါ်သွားကြသည်။ ယိုဟုန်တို့ မျှော်လင့်ချက် ပျောက်ဆုံးသွားပေပြီ။ ကျန်းရီက ကြမ်းတမ်းရက်စက်လွန်းသည်။ သူက ယိုထျန်းနီ မသေသ၍ ရပ်မည့်ပုံ မပေါ်ပေ။
ယိုဟုန် တောင်ဘက်သို့ ငေးကြည့်ကာ ဖြစ်ရပ်ဆန်းကြယ်တစ်ခု ဖြစ်လာပါစေဟုသာ မျှော်လင့်နိုင်တော့သည်။
ယိုဟုန် မျှော်လင့်နေသည့် ဖြစ်ရပ်ဆန်းကြယ်မှာ ကောင်းကင်ဘုရင်ယိုဖြစ်သည်။ ယိုထျန်းနီသည် ယိုမျိုးနွယ်က သူ့ကိုပေးထားသော ကျောက်စိမ်းအဆောင်ကို ချိုးပစ်ခဲ့သည်။ ကျောက်စိမ်းအဆောင် ကျိုးသွားသည်နှင့် ယိုမျိုးနွယ်က ချက်ချင်းသိသွားမည်ဖြစ်ပြီး ကောင်းကင်ဘုရင်ယိုက သူတို့ကို လာကယ်လောက်ပေသည်.
သို့သော် အချိန်များစွာ ကုန်သွားပြီဖြစ်သော်လည်း ကောင်းကင်ဘုရင်ယို ပေါ်မလာသေးပေ။ ယိုဟုန်၏ စိတ်ဓာတ်က အောက်ဆုံးထိအောင် ကျဆင်းနေပြီဖြစ်သည်။ ယခုအထိ ကောင်းကင်ဘုရင်ယို ရောက်မလာသေးခြင်းတွင် ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်။ ကောင်းကင်ဘုရင်ယိုက တမလွန်ဘုံတပ်များကို သွားရောက်ရှင်းလင်းနေခြင်း သို့မဟုတ် ဤကိစ္စတစ်ခုလုံးကို သိသွားပြီး လုံးဝအရေးမစိုက်ခြင်း ဖြစ်နိုင်ပေသည်။
ကောင်းကင်ဘုရင်ယိုသည် ယိုထျန်းနီ၏ အစီအစဉ်အကြောင်းကို မသိခဲ့ပေ။ ကောင်းကင်ဘုရင်ယိုက အတော်လေး ရှေးရိုဆွဲဆန်သူဖြစ်သဖြင့် ယိုထျန်းနီသည် သူ့အစီအစဉ်အကြောင်းကို မတင်ပြဝံ့ခဲ့ပေ။ ယိုဟုန်သည် ထိုအတွက် စိုးရိမ်ခြင်းဖြစ်သည်။ ကောင်းကင်ဘုရင်ယိုသာ ကိစ္စတစ်ခုလုံးကို သွားလျှင် သူတို့ကို လာကယ်ရန် အရေးစိုက်မနေလောက်ပေ။
မိစ္ဆာချေဖျက်စစ်တပ်၏ တာဝန်က တမလွန်ဘုံကို ရှင်းပစ်၍ အထက်ဘုံကို ကာကွယ်ရန်ဖြစ်သည်။ မိစ္ဆာချေဖျက်စစ်တပ်က အရင်းအမြစ်များစွာနှင့် တိုင်ပွဲအမှတ်များစွာ ပိုင်ဆိုင်ခြင်းမှာ အလွန်ထူးခြားသောတပ်တစ်ခု ဖြစ်နေ၍ပင်။ အကယ်၍ မိစ္ဆာချေဖျက်စစ်တပ်ကသာ အထိန်းအကွပ်မရှိ မဆင်မခြင် စတင်ပြုမူလိုက်မည်ဆိုလျှင် အထက်ဘုံ ဘုံတစ်သောင်းသည် တပ်ကို အရင်းအမြစ်များ ထောက်ပံ့တော့မည် မဟုတ်ပေ။ မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်သုံးယောက်စလုံးကလည်း ဖြောင့်မတ်မှန်ကန်သူများ ဖြစ်ကြသည်။ ယိုထျန်းနီက ချီချင်ချန်ကို အကောက်ကြံခဲ့သည်။ ကောင်းကင်ဘုရင်ယိုသာ ထိုအကြောင်းကို သိသွားလျှင် သေချာပေါက် ဒေါသထွက်သွားပေလိမ့်မည်။
အကြောင်းက မည်သို့ဖြစ်စေ ယနေ့တွင် ကောင်းကင်ဘုရင်ယို ရောက်မလာလျှင် ယိုထျန်းနီကို မည်သူမှ ကယ်နိုင်မည် မဟုတ်ချေ။ ယိုဟုန်နှင့် အခြားသူများလည်း ဤနေရာတွင် သေရမည်ဖြစ်သည်။
ဝှစ်...
ထိုအချိန်တွင် တောင်ဘက်မှနေ၍ လေခွင်းသံတစ်သံ ထွက်ပေါ်လာ၏။ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကလည်း ကီလိုမီတာသိန်းချီအကွာမှနေ၍ ရောက်ရှိလာသည်။ ယိုဟုန် တုန်ယင်သွား၏။ ဖြစ်ရပ်ဆန်းကြယ်တစ်ခု ဖြစ်လာပေပြီ။ ကောင်းကင်ဘုရင်ယိုက သူတို့ကို ဘာကူညီပြီဖြစ်သည်။
“မကောင်းတော့ဘူး”
အဆိပ်ဝိညာဉ်က အလွန်လျင်မြန်စွာ အာရုံခံနိုင်လိုက်၏။ သူ ချက်ချင်း အော်ပြောလိုက်သည်။
“အရှင်ငယ်... အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်က ဒီဘက်ကို လာနေပါတယ်။ သူ့ရဲ့ အရှိန်အဝါက ကြောက်စရာကောင်းပါတယ်။ သူက ကောင်းကင်ဘုရင်ယို ဖြစ်နိုင်တယ်”
“ပြန်ဆုတ်...”
ကျန်းရီက အရူးတစ်ယောက် မဟုတ်ပေ။ သူသည် အဆိပ်ဝိညာဉ်ကို ခေါ်၍ ချက်ချင်း ပြန်ဆုတ်လိုက်သည်။ ကီလိုမီတာငါးသိန်းအတွင်း သန်းချီသည့် ကျန့်ရှမျိုးနွယ်ဝင်များ စုဝေးနေကြသည်။ ကျန်းရီသည် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် ထိုသို့ ကြိုစီစဉ်ထားခဲ့ခြင်းပင်။
ဝှစ်...ဝှစ်...
ကျန်းရီတို့နှစ်ယောက် စတင်လှုပ်ရှားသောအခါ သိန်းချီသော ကျန့်ရှမျိုးနွယ်ဝင်များလည်း စတင်လှုပ်ရှားကြ၏။ ၎င်းတို့သည် အရပ်မျက်နှာအနှံ့သို့ ပျံသန်း၍ ကောင်းကင်ကို ရှုပ်ထွေးသွားစေသည်။ ကျန်းရီက ၎င်းတို့ကို ထိုသို့လုပ်ရန် တမင်အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ နေရာက ရှုပ်ထွေးနေမှ အုပ်ချုပ်သူအဆင့် သိုင်းသမားက သူနှင့် အဆိပ်ဝိညာဉ်တို့ကို အလွယ်တကူ ပစ်မှတ်မထားနိုင်မည်ဖြစ်သည်။
“အားကောင်းလိုက်တဲ့ အရှိန်အဝါ... ကောင်းကင်ဘုရင်ယိုလား”
ပိုင်တိထျန်း၊ ချိုးရန်နှင့် အဖော်များ ရုတ်ခြည်း ရပ်တန့်လိုက်ကြပြီး တောင်ဘက်သို့ ဝမ်းသာအားရ ကြည့်လိုက်ကြ၏။ ကောင်းကင်စိတ်အာရုံများက လေပြင်းတစ်ချက်ကဲ့သို့ ပျံသန်းလာနေသည့် အဘိုးအိုတစ်ယောက်အပေါ်သို့ ကျရောက်သွားကြသည်။ သူတို့အားလုံး ပျော်သွားကြ၏။
အမှန်ပင် ကောင်းကင်ဘုရင်ယိုဖြစ်သည်။ လူများစွာသည် ကောင်းကင်ဘုရင်ယိုကို ယခင်က မမြင်ဖူးသော်လည်း သူ၏ရုပ်သွင်အရ သူကမည်သူဖြစ်ကြောင်း ချက်ချင်းသိသွားကြသည်။ ကောင်းကင်ဘုရင်ယိုကလည်း ထိပ်ပြောင်နှင့်ဖြစ်ပြီး သူ့ထိပ်ပြောင်ပြောင်ပေါ်တွင် လှပသော ဆေးမင်ကြောင်တစ်ခု ရှိသည်။ သို့ဖြစ်ရာ သူက ကောင်းကင်ဘုရင်ယို မဟုတ်လျှင် မည်သူ ဖြစ်နိုင်ပါသေးသနည်း။
“သွားကြစို့...”
ချိုးရန်နှင့် ပိုင်တိထျန်းတို့သည် တစ်ပြိုင်တည်း အမိန့်ပေးလိုက်ပြီး အခြားသခင်လေးအားလုံးကို ဦးဆောင်၍ ယိုထျန်းနီနှင့် ယိုဟုန်တို့ ရှိနေသောနေရာသို့ ပြန်သွားလိုက်ကြသည်။ ထိုသခင်လေးများသည် နှမ်းဖြူးရခြင်းကို အလွန်နှစ်သက်ကြသည်။ ကောင်းကင်ဘုရင်ယို ရောက်လာပြီဖြစ်၍ ယိုထျန်းနီကို အလွယ်တကူ ကယ်နိုင်တော့မည်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ‘မိတ်ဆွေကောင်းများ’အလား ယိုထျန်းနီ၏ဘေးတွင် ရပ်နေလိုကြပေသည်။
“ကောင်းကင်ဘုရင်ယို... သခင်လေးယိုကို မြန်မြန်ကယ်ပေးပါ။ ကျန်းရီက ရူးသွားပြီး မိစ္ဆာအတတ်တွေကို သုံးပြီးတော့ ကျန့်ရှမျိုးနွယ်ကို ထိန်းချုပ်နေပါတယ်။ သူက သခင်လေးယိုကို သတ်ချင်နေတာပါ”
“ဟုတ်ပါတယ် ကောင်းကင်ဘုရင်ယို... ကျန်းရီက ကျွန်တော်တို့ရဲ့ တပ်သားတွေအများကြီးကိုလည်း သတ်ပစ်ခဲ့ပါတယ်။ အောက်က အလောင်းတွေကိုပဲ ကြည့်လိုက်ပါ။ ကျန်းရီက ရူးသွားပါပြီ... သူက မြင်မြင်ရာလူတွေကို လိုက်သတ်နေတာပါ...”
“သူက ရူးသွားတာ မဟုတ်လောက်ဘူး.. တမလွန်ဘုံအရှိန်အဝါရဲ့ ထိန်းချုပ်မှုကို ခံထားရတာဖြစ်မယ်။ မဟုတ်ရင် သူက ဘာလို့ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ တပ်သားတွေကို သတ်မှာလဲ”
“ဟုတ်တယ်... ကျန်းရီရဲ့ကိုယ်ပေါ်က တမလွန်ဘုံအရှိန်အဝါကို ကျွန်တော် ခံစားမိတယ်။ သူက တမလွန်ဘုံရဲ့ ရုပ်သေးရုပ် ဖြစ်နေပြီ။ သူ့ကို အပိုင်းပိုင်းဖြတ်ပစ်ရမယ်”
ဒေါသတကြီး အော်လိုက်သံများ အလျှိုလျှို ထွက်လာကြ၏။ ထိုသခင်လေးများက သူများအပေါ် အကွက်ဆင်ရာတွင် ပညာရှင်များ ဖြစ်ကြပေသည်။ သူတို့၏ စကားအနည်းငယ်နှင့်ပင် ကျန်းရီက တမလွန်ဘုံ၏ ရုပ်သေးရုပ် ဖြစ်သွားသည်။ သူ့ကိုယ်ပေါ်တွင်လည်း တမလွန်ဘုံအရှိန်အဝါ ရှိသွားသည်။ ကျန်းရီသာ အနီးတွင် ရှိနေသေးလျှင် လူသွေးစုပ်သည့် မိစ္ဆာကောင်ပင် ဖြစ်သွားလောက်ပေသည်။
“ဟွန်း...”
ကောင်းကင်ဘုရင်ယိုက တစ်ယောက်တည်း လာခဲ့သည်။ ယိုဟုန်က ကောင်းကင်ဘုရင်ယိုကို မှားယွင်းအပြစ်တင်မိခဲ့ခြင်းပင်။ ကောင်းကင်ဘုရင်ယိုက သူတို့ကို လျစ်လျူရှုခဲ့ခြင်းမဟုတ်ပေ။ သူက စွမ်းအားကြီးရန်သူတစ်ယောက်ကို သွားရှင်းပစ်ပြီး ယခုမှ မိစ္ဆာချေဖျက်စစ်တပ်သို့ ပြန်ရောက်ခြင်းဖြစ်သည်။ သူသည် ပြန်ရောက်လျှင်ရောက်ချင်း ဤသို့ တန်းထွက်လာခဲ့ခြင်းပင်။
ထို့ကြောင့် ကောင်းကင်ဘုရင်ယိုသည် အကြောင်းစုံကို မသိသေးပေ။ ယိုထျန်းနီကို တစ်စုံတစ်ယောက်က အန္တရာယ်ပြုလိုနေ၍ ယိုထျန်းနီအန္တရာယ်ရှိနေပြီဖြစ်ကြောင်း ယိုထျန်းနီ၏ အဖေက ပြောသည်ကိုသာ ကြားခဲ့ရသည်။ ကောင်းကင်ဘုရင်ယိုသည် ဆက်၍လည်း မေးမြန်းမနေတော့ဘဲ ချက်ချင်း ကျန့်ရှဆန်းကြယ်နယ်မြေသို့ ထွက်လာခဲ့သည်။
ကောင်းကင်ဘုရင်၏ မျက်လုံးဝိုင်းများထဲတွင် ဒေါသများ ပြည့်နှက်နေ၏။ သူ့ခန္ဓာကိုယ်မှလည်း အားကောင်းသော သတ်ဖြတ်အရှိန်အဝါ ထွက်နေသည်။ သူ အရှေ့သို့ လက်ဝါးချက်အနည်းငယ် ရိုက်ထုတ်လိုက်၏။ ထိုအခါ အရှေ့ရှိ ကျန့်ရှမျိုးနွယ်ဝင်များ အမှုန့်ဖြစ်သွားသည်။
ချီချင်ချန်ကလည်း အုပ်ချုပ်သူအဆင့် ဖြစ်သော်ငြား သူမ၏စွမ်းအားက ကောင်းကင်ဘုရင်ယို၏စွမ်းအားထက် နိမ့်ပေသည်။
ချီချင်ချန်က ယခုမှ အုပ်ချုပ်သူအဆင့်သို့ ရောက်ခါစသာ ရှိသေးရာ လွန်ခဲ့သော ဆယ်စုနှစ်များကတည်းက အုပ်ချုပ်သူအဆင့်သို့ ရောက်ပြီးသော အလွန်အသက်ကြီးသည့် ကောင်းကင်ဘုရင်ယိုနှင့် မယှဉ်နိုင်ပေ။ ကောင်းကင်ဘုရင်ယိုသည် သိုးအုပ်ထဲဝင်လာသော ခြင်္သေ့တစ်ကောင်အလား ကျန့်ရှမျိုးနွယ်ဝင်များကို ဖယ်ရှား၍ ယိုဟုန်တို့ဆီ တန်းတန်းမတ်မတ် ပျံသန်းလာပေသည်။
“မျိုးနွယ်ခေါင်းဆောင်”
ယိုဟုန်၏ မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာ၏။ သူ့ပုံစံက လူကြီးတစ်ယောက် ရောက်လာသည်ကို မြင်လိုက်ရသော အနိုင်ကျင့်ခံနေရသည့် ကလေးတစ်ယောက်ကဲ့သို့ပင်။ ကျန်လူအားလုံးလည်း စိတ်လှုပ်ရှားသွားကြ၏။ သို့သော် သူတို့က အလွန်စိတ်လှုပ်ရှားသွားကြသဖြင့် တစ်ယောက်ဆိုလျှင် သူ့အနားရီ ကျန့်ရှမျိုးနွယ်ဝင်များကိုပင် မေ့သွားသည်။ ထို့ကြောင့် ကျန့်ရှမျိုးနွယ်ဝင်တစ်ယောက်က သူ၏လည်ပင်းကို ပိုင်းဖြတ်လိုက်ပေသည်။
“ကျန်းရီ... မင်းက ငါ့ရှေ့မှာတောင် လူဆက်သတ်ရဲသေးတယ်လား။ ချက်ချင်း ကျန့်ရှမျိုးနွယ်ဝင်တွေကို ထိန်းချုပ်ပြီး ကိုယ့်ဘာသာ အညံ့ခံလိုက်။ ပြီးရင် မိစ္ဆာချေဖျက်စစ်တပ်ကို ပြန်လိုက်ခဲ့ပြီး အပြစ်ခံယူ။ မဟုတ်ရင်တော့ မင်း လောကအဆုံးအထိ ထွက်ပြေးရင်တောင် ငါ မင်းကို ရအောင်သတ်မယ်လို့ ကျိန်တယ်”
ကောင်းကင်ဘုရင်ယိုက သူ၏မျိုးနွယ်ဝင်များထံ ရောက်တော့မည့်အချိန်တွင် သူတို့ထဲမှ တစ်ယောက်က ထပ်သေသွားသည်လော။ ကောင်းကင်ဘုရင်ယို အလွန်ဒေါသထွက်သွားပေသည်။ သူ၏ ကောင်းကင်စိတ်အာရုံက ထွက်ပြေးနေသော ကျန်းရီကို အာရုံခံမိထားပြီးဖြစ်သည်။ ကောင်းကင်ဘုရင်ယို၏ ကောင်းကင်စိတ်အာရုံက အလွန်စွမ်းအားကြီးသည်။ သူ၏ အော်သံကလည်း ကျန်းရီကို တုန်ယင်သွားစေသည်။ ကျန်းရီ ဆက်ကိုယ်ဖျောက်မထားနိုင်တော့ဘဲ လူလုံးပြလိုက်ရတော့သည်။
“မင်းမေကြီးတော်ပဲ...”
ကျန်းရီသည် အလွန်တုန်ယင်နေသဖြင့် သွေးပင်အန်သွား၏။ ထို့နောက် သူ ကောင်းကင်ဘုရင်ယိုကို လှမ်းကြည့်ကာ အော်ပြောလိုက်သည်။
“ခွေးအိုကြီး... ခင်ဗျားက ခင်ဗျားရဲ့ မျိုးနွယ်ဝင်တွေဘက်ကို ဘက်လိုက်တာပဲ။ ခင်ဗျားကလည်း မကောင်းတဲ့ကောင်ပဲ။ ခင်ဗျား အစွမ်းအစရှိရင် ကျွန်တော့်ကို လာသတ်လိုက်။ ကျွန်တော် ခင်ဗျားကို မကြောက်ဘူး။ ကျွန်တော်က ခင်ဗျားရဲ့ အဘိုးပဲ”