← Chapters

ပြန်လမ်းမရှိအောင် လုပ်ပစ်မည်

Vol. 109 Ch. 1519

ပြန်လမ်းမရှိအောင် လုပ်ပစ်မည်

Vol. 109 Ch. 1519

တိတ်ဆိတ်သွား၏။

ကျန်းရီ အော်ပြောလိုက်ပြီးနောက်တွင် သခင်လေးအားလုံး၏ အော်သံများ တိတ်သွားသည်။ မည်သူကမှ အသံမထွက်ဝံ့တော့ပေ။ အချို့ဆိုလျှင် မျက်စိမျက်နှာပျက်ကာ ပျံသန်းနေသည်ကိုပင် ရပ်တန့်လိုက်ကြသည်။

ဤနေရာမှ သခင်လေးအချို့သည် ဘုံတစ်သောင်းပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့ကြသည်။ ထို့ကြောင့် ကျန်းရီက ဝိညာဉ်ဘုရင်ကို ကြိမ်းမောင်းခဲ့သည်ကို သူတို့ မြင်ဖူးကြသည်။

ဤတစ်ကြိမ်တွင် သခင်လေးအားလုံး အလွန်ကြောက်ရွံ့သွားကြသည်။ လူတစ်ယောက်က အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားကို မျက်နှာချင်းဆိုင် စော်ကားဝံ့သည်လော။ ထို့ပြင် ၎င်းအုပ်ချုပ်သူအဆင့်သိုင်းသမားက မိစ္ဆာချေဖျက်စစ်တပ်မှ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သည်။ ထိုကိစ္စမှာ သာမန်လူများ တွေးပင်မတွေးဝံ့သော ကိစ္စပေ။ သူတို့၏ရင်ထဲတွင် မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်သုံးယောက်က သိမ်းငှက်စိမ်းဘုရင်၊ ဝိညာဉ်ဘုရင်တို့နှင့် တစ်တန်းတည်းဖြစ်သည်။ သူတို့သည် ယခုလို မျက်နှာချင်းဆိုင် စော်ကားရန်မဆိုထားနှင့် ကွယ်ရာတွင်ပင် မကောင်းမပြောဝံ့ကြပါပေ။

ကောင်းကင်ဘုရင်ယို၏ မျက်နှာထားက ရုတ်ခြည်း မည်းမှောင်သွားသည်။ သူ အပိုစကားများ ဆက်မပြောတော့ဘဲ ပို၍ခက်ထန်စွာ ပြုမူလိုက်သည်။ သူသည် ကြောက်မက်ဖွယ်အမြန်နှုန်းနှင့် ကျန့်ရှမျိုးနွယ်ဝင်များကြားထဲ ပျံဝင်သွားလိုက်ပေသည်။

ဆယ့်ငါးမိနစ်အတွင်းမှာပင် ကောင်းကင်ဘုရင်ယို ကျန့်ရှမျိုးနွယ်ဝင်အုပ်ကြီ၏ အလယ်သို့ ရောက်သွား၏။ သူ့လက်ထဲတွင် ခမ်းနားသော ဘုံကျောင်းတစ်ခု ထွက်ပေါ်လာပြီး ယိုဟုန်တို့ကို ချက်ချင်း စုပ်ယူလိုက်သည်။ ထို့နောက် သူ နောက်ပြန်လှည့်၍ အနောက်ဘက်သို့ ပျံသန်းသွား၏။ ကျန်းရီက ထိုဘက်သို့ ထွက်ပြေးသွားခြင်းပင်။ ယခုတွင် ကောင်းကင်ဘုရင်ယို လုံးဝဒေါသထွက်နေပေပြီ။ သူ ကျန်းရီကို မသတ်ရလျှင် ကောင်းကင်ဘုရင် ဆက်လုပ်နိုင်တော့မည် မဟုတ်ချေ။

“အား...”

ကောင်းကင်ဘုရင်ယို ကီလိုမီတာ အနည်းငယ် ပျံသွားပြီးနောက်တွင် မြောက်ဘက်မှနေ၍ နာကျင်တကြီး အော်လိုက်သံတစ်သံ ထွက်ပေါ်လာသည်။ ကျန့်ရှမျိုးနွယ်ဝင်များသည် သူတို့၏ ပစ်မှတ်များကို ဆုံးရှုံးလိုက်ရ၍ ကျပန်း စတင်တိုက်ခိုက်ကြသည်။ တပ်သားတစ်သောင်းခွဲကလည်း ၎င်းတို့ထံ ပျံသန်းလာနေရာ သူတို့သည် ၎င်းတို့၏ ပစ်မှတ်အသစ်များ ဖြစ်သွားကြပေသည်။

“ထွက်ပြေးကြ...”

“ကောင်းကင်ဘုရင်ယို ကျွန်တော်တို့ကို ကယ်ပါ”

“ကောင်းကင်ဘုရင်ယို ကျွန်တော်တို့ကို ကယ်ပါဦး...”

တပ်သားများသည် သိပ်သည်းသော ကျန့်ရှမျိုးနွယ်အုပ်ကြီးက သူတို့ထံ ပျံဝင်လာသည်ကို တွေ့လိုက်သောအခါ အလွန်ကြောက်ရွံ့သွားကြ၏။ သူတို့ဘက်တွင် စွမ်းအားကြီး သိုင်းသမားများ ရှိနေသည်ပင် ကိုယ့်အားကိုယ်ကိုး၍ တိုက်ခိုက်မည့်အစား ကောင်းကင်ဘုရင်ယိုကို လှမ်း၍ အကူအညီတောင်းမိသွားကြသည်။

ကောင်းကင်ဘုရင်ယိုသည် ထိုမြင်ကွင်းကို လှမ်းကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲ၌ ဒေါသများ ပြည့်နှက်နေပေသည်။ ကယ်တင်ရမည့်သူများက များစွာရှိနေရာ ယင်းက သူ့ကို သေချာပေါက် အချိန်အတော်လေး ကုန်စေပေလိမ့်မည်။ သို့သော် ထိုသခင်လေးများက မျိုးနွယ်ကြီးများမှ ဖြစ်ကြသည်။ သူတို့ သေမည့်အရေးကို သူက ရပ်ကြည့်နေခဲ့ကြောင်း သတင်းပျံ့သွားလျှင် ထိုမျိုးနွယ်ကြီးများက သေချာပေါက် ဒေါသထွက်သွားကြမည်ဖြစ်သည်။ ထို့ပြင် ၎င်းသခင်လေးများက ယိုထျန်းနီထံတွင် လက်အောက်ခံထားကြသူများဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုရင်ယို ရပ်ကြည့်နေ၍ မရတော့ပေ။

“အားလုံး အတူတူ လူစုလိုက်ကြပါ။ မတုန်လှုပ်ကြပါနဲ့။ လောလောဆယ် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ထားကြပါ”

ကောင်းကင်ဘုရင်ယို အော်ပြောလိုက်သည်။ ယခုတွင် သူ ရွေးချယ်စရာ မရှိတော့၍ ကျန်းရီနောက်သို့ ဆက်မလိုက်နိုင်တော့ဘဲ မြောက်ဘက်သို့ ပျံသန်းသွားလိုက်ရသည်။ သူသည် ဒေါသထွက်နေသဖြင့် အထိန်းအကွပ်မရှိ တိုက်ခိုက်လိုက်သည်။ ဆယ့်မိနစ်အတွင်းမှာပင် သူ တပ်အနားသို့ ရောက်သွားသည်။ ထိုအချိန်တွင် တပ်သားတစ်သောင်းခွဲထဲမှ တပ်သားရှစ်ထောင်လောက်သာ ကျန်တော့ပေသည်။

ကောင်းကင်ဘုရင်ယို၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်က အတော်လေးကြီး၏။ ၎င်းက လူရှစ်ထောင် မဆိုထားနှင့် လူရှစ်သန်းပင် ဆန့်သည်။ သူသည် လက်ဝှေ့ယမ်း၍ တပ်သားအားလုံးကို သူ၏ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ စုပ်ယူလိုက်သည်။ ထို့နောက် ကျန့်ရှမျိုးနွယ်အုပ်ကြီးထဲမှ ပြန်ထွက်လိုက်ပြီး ကျန်းရီနောက်သို့ ပြန်လိုက်သွားလိုက်သည်။

အချိန်တစ်ခု ကုန်သွားခဲ့ပြီဖြစ်သည်။ ကျန်းရီက ခြေရာလက်ရာမကျန်ခဲ့ဘဲ ပျောက်ကွယ်သွားပေပြီ။ ကောင်းကင်ဘုရင်ယို၏ ကောင်းကင်စွမ်းအားက စွမ်းအားကြီးသော်လည်း ကီလိုမီတာငါးသိန်းထက်ပို၍ အာရုံမခံနိုင်ပေ။ ထို့ပြင် ဤဆန်းကြယ်နယ်မြေထဲမှ အာကာပြင်က အ‌လွန်ခိုင်မာပေသည်။

ကောင်းကင်ဘုရင်ယိုသည် ကျန်းရီကို ရှာမတွေ့တော့သော်လည်း အနည်းငယ်ပင် မစိုးရိမ်ချေ။ ယခု သူ ဒေါသထွက်သည်ထက် ပိုထွက်လာပေပြီ။ သူ မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီးကတည်းက ယခုမှ ပထမဆုံးအကြိမ် အရှက်ခွဲခံရခြင်းဖြစ်သည်။ ယနေ့ကိစ္စ၏ နောက်ကွယ်မှသူက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက် ဖြစ်မည်ဆိုလျှင်ပင် သူ ထိုသူကို တုံ့ဆိုင်းခြင်းမရှိ သတ်ပစ်မည်ဖြစ်သည်။ သို့ဖြစ်ရာ ကျန်းရီလောက်ကို စကားထဲထည့်ပြောနေရန် မလိုပေ။

ကောင်းကင်ဘုရင်ယို ကောင်းကင်စိတ်အာရုံဖြင့် ထပ်မံ အာရုံခံလိုက်သည်။ တစ်ချိန်တည်းမှာပင် မျက်လုံးများမှိတ်၍ အာရုံခြောက်ပါးစလုံးအပေါ် အာရုံစိုက်ထားပြီး ကျန်းရီထံ ရောက်နိုင်မည့် သဲလွန်စတိုင်းကို ရှာလိုက်သည်။ လျင်မြန်စွာပင် ကောင်းကင်တစ်နေရာရှိ သွေးနံ့ရေးရေးကို ရလိုက်၏။ ထိုနေရာအောက်ဘက်ရှိမြေပြင်တွင်လည်း သွေးစက်များ ရှိနေသည်။ ထိုသွေးနံ့က အဆိပ်ဝိညာဉ်နှင့် ကျန်းရီတို့၏ သွေးနံ့ပင်။ သာမန်လူများက ထိုသွေးနံ့ကို ခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် ကောင်းကင်ဘုရင်ယိုက ကောင်းကင်ယန်မျိုးနွယ်မှဖြစ်သည်။ သူ၏အာရုံများက သာမန်လူများထက် ပိုစွမ်းအားကြီးပေသည်။

ကောင်းကင်ဘုရင်ယိုသည် ဘယ်ဘက်သို့ ပျံသန်း၍ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့၏ သွေးနံ့နောက်သို့ လိုက်လိုက်၏။ ငါးမိနစ်အတွင်းမှာပင် သူ ကျန့်ရှမျိုးနွယ်ဝင်များကြားမှ ထွက်နိုင်သွားသည်။

“မျိုးမစစ်‌လေး... ငါ မင်းကို ရှာတွေ့ရင် မင်းရဲ့ခန္ဓာကိုယ်ကို အပိုင်းပိုင်းအပြတ်ပြတ် ပိုင်းပစ်လိုက်မယ်”

ကောင်းကင်ဘုရင်ယို အံကြိတ်၍ အော်ပြောလိုက်သည်။ သူသည် သွေးနံ့နောက်သို့ အလွန်လျင်မြန်စွာ လိုက်နေသော်လည်း ဆယ်မိနစ်ကြာပြီးသည်အထိ ကျန်းရီတို့ကို ရှာမတွေ့သေးပေ။ တစ်စုံတစ်ခုမှားနေပြီဟု သူ တွေးမိလိုက်သည်။ သွေးနံ့က ပိုအားကောင်းလာပြီး မြေပြင်ပေါ်တွင်လည်း သွေးစက်များကို မြင်ရသည်။

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့က ဒဏ်ရာ အပြင်းအထန်ရထား၏။ ထို့ပြင် ကျန်းရီသည် ကောင်းကင်ဘုရင်ယို၏ တိုက်ခိုက်မှုကြောင့် သွေးအန်ခဲ့သည်။ ယခု အချိန်အတော်ကြာခဲ့ပြီဖြစ်၍ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့၏ စွမ်းရည်များအရဆိုလျှင် သူတို့ သွေးတိတ်သွားလောက်ပေပြီ။

သို့သော် ကောင်းကင်ဘုရင်ယိုက ဤမျှဝေးဝေး လိုက်ခဲ့ရသည်။ ဤအချိန်ရောက်မှတော့ သူ လက်မလျှော့နိုင်တော့ပေ။

ကောင်းကင်ဘုရင်ယိုသည် သူက လှည့်ကွက်တစ်ခုထဲ ကျသွားခြင်း ဖြစ်နိုင်ကြောင်း သိ၏။ သို့သော် သူ လျစ်လျူရှုကာ အ‌ရှေ့သို့ ဆက်ပျံသန်းသွားလိုက်သည်။ အတော်ကြာပြီးနောက် သွေး၏အရင်းအမြစ်ကို တွေ့လိုက်ရသည်။ သူက အမှန်ပင် လှည့်ကွက်တစ်ခုထဲ ကျသွားခြင်းပင်။ သူ့အရှေ့တွင် ကျန့်ရှမျိုးနွယ်ဝင်တစ်ယောက်က ခြေပြတ်တစ်ချောင်းကို ထမ်း၍ လျင်မြန်စွာ ပျံသန်းနေသည်။ အနီးတွင် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့၏ အရိပ်အယောင်တော့ မရှိပေ။

“အား...အား...”

ကောင်းကင်ဘုရင်ယို ဒေါသတကြီး အော်လိုက်၏။ သူ အရှေ့သို့ လက်ဝါးချက် ပြင်းထန်စွာ ရိုက်ထုတ်လိုက်ပြီး သူ့အ‌ရှေ့မှ ကျန့်ရှမျိုးနွယ်ဝင်ကို အမှုန့်ဖြစ်သွားစေလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို တစ်ပတ်လှည့်ပတ်ကြည့်လိုက်သည်။ သူ ဦးတည်ရာမရှိတော့ဘဲ လှည့်ပတ်၍သာ ပျံသန်းနေသည်။ သူ၏အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့က သူ့လက်ထဲမှ လွတ်သွားနိုင်လိမ့်မည်ဟု မယုံပေ။

ကောင်းကင်ဘုရင်ယိုသည် ဟိုဒီလျှောက်ပတ် ပျံသန်းနေရင်း လမ်းတွင် ကျန့်ရှမျိုးနွယ်ဝင်များစွာနှင့် တိုး၏။ သို့သော် သူ ၎င်းတို့ကို လျင်မြန်စွာ ရှောင်၍ ပျံသန်းလိုက်သည်။ ဤတစ်ချိန်လုံး သူ အလွန်သတိထားခဲ့သည်။ ကျန့်ရှမျိုးနွယ်ဝင်များနှင့် ကြုံတိုင်း အနီးတွင် ကျန်းရီ ပုန်းအောင်းနေ‌သလောဟု စေ့စေ့စပ်စပ် အာရုံခံခဲ့သည်။

ထိုသို့ဖြင့် ကောင်းကင်ဘုရင်ယို ရှစ်နာရီဆက်တိုက် ရှာဖွေခဲ့သည်။

နောက်ဆုံးတွင် ကောင်းကင်ဘုရင်ယို လေထဲ၌ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ၏ မီးဝင်းဝင်းတောက်နေခဲ့သော မျက်ဝန်းများက အေးစက်လာသည်။ သူ အခြေအနေကို သုံးသပ်လိုက်ပေသည်။ ရှစ်နာရီအတွင်း ကီလိုမီတာ သန်းငါးဆယ်ပတ်လည် ရှာဖွေပြီးခဲ့ပေပြီ။ သို့သော် ကျန်းရီကိုရော အဆိပ်ဝိညာဉ်ကိုပါ ရှာမတွေ့သေးပေ။

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့နှစ်ယောက်စလုံး ဒဏ်ရာရထားကြသည်။ သူတို့ ဒဏ်ရာမရထားလျှင်ပင် ထိုမျှမြန်မြန် ထွက်ပြေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကိစ္စတစ်ခု ရှင်းလင်းသွားသည်။ သူတို့နှစ်ယောက်က ပုန်းအောင်းနေခြင်း သို့မဟုတ် ကောင်းကင်ဘုရင်ယိုက ဦးတည်ရာမှား၍ ရှာနေမိခြင်းဖြစ်မည်။

ကောင်းကင်ဘုရင်ယို၏ ကောင်းကင်စိတ်အာရုံက အလွန်စွမ်းအားကြီးသည်။ ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့က အလွန်လုံခြုံစွာ ပုန်းအောင်းနေလျှင်ပင် သူ ရှာမတွေ့ဘဲရှိမည် မဟုတ်ချေ။ သို့ဆိုလျှင် ပြဿနာက အဘယ်နည်း။

“ငါတို့ လှည့်ဖြားခံလိုက်ပြီ”

ကောင်းကင်ဘုရင်ယိုက မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သဖြင့် အရူးတစ်ယောက် မဟုတ်ပါပေ။ စိတ်အေးအေးဖြင့် ခေတ္တမျှ တွေးတောပြီးနောက်တွင် သူ ဒေါသတကြီး အော်လိုက်သည်။ သူ ချက်ချင်း ပြန်လှည့်ကာ ယိုထျန်းနီတို့ ကျန့်ရှမျိုးနွယ်ဝင်များ၏ ဝန်းရံမှုကို ခံထားခဲ့ရသောနေရာသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။

အန္တရာယ်အများဆုံးနေရာက အလုံခြုံဆုံးနေရာဖြစ်သည်။

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့က လျင်မြန်စွာ ထွက်ပြေးနိုင်ခဲ့လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ရှင်းပြချက်တစ်ခုသာ ရှိတော့သည်။ သူတို့နှစ်ယောက်က နောက်ပြန်လှည့်၍ အစနေရာကို ပြန်သွားခဲ့ခြင်းဖြစ်မည်။ ကောင်းကင်ဘုရင်ယိုက အစနေရာမှနေ၍ အရပ်မျက်နှာသုံးဘက်စလုံးကို ရှာခဲ့သည်။ သို့သော် ကျန်းရီတို့နှစ်ယောက်ကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူတို့က အစနေရာသို့ ပြန်သွားခြင်းသာ ဖြစ်ရပေမည်။

ယခုတွင် ကောင်းကင်ဘုရင်ယို ဒေါသငယ်ထိပ်ရောက်နေပြီဖြစ်သည်။ သူက မျိုးမစစ်လေးတစ်ယောက်၏ နှစ်ကြိမ်ဆက်တိုက် လှည့်စားမှုကို ခံခဲ့ရသည်။ သူ့နေရာတွင် သူတော်စင်တစ်ယောက်ဆိုလျှင်ပင် ဒေါသထွက်ပေလိမ့်မည်။ ဤသတင်းသာ ပျံ့နှံ့သွားပါက သူ့တစ်ဘဝလုံး တည်ဆောက်ခဲ့ရသည့် သူ၏ဂုဏ်သတင်းက ချက်ချင်း ပျက်စီးသွားမည်ဖြစ်သည်။ ကျန်းရီကို သတ်ရမည်ဆိုသော အတွေးက သူ့‌ဦးနှောက်ထဲတွင် စွဲထင်နေပေပြီ။ ယနေ့တွင် တိရှအရှင် ရောက်လာလျှင်ပင် သူ ကျန်းရီကို သေချာပေါက် သတ်ရပေမည်။

မျှော်လင့်ထားသလိုပင်...

ကောင်းကင်ဘုရင်ယိုသည် လှည့်ပျံလာပြီးနောက် ပြဿနာကို ရှာတွေ့သွား၏။ အစနေရာတွင် မရေမတွက်နိုင်သော ကျန့်ရှမျိုးနွယ်ဝင်များက လှည့်ပတ်ပျံသန်းနေကြသည်။ ကျန်းရီက သူ၏မိစ္ဆာအတတ်ကို အသုံးပြု၍ ကျန့်ရှမျိုးနွယ်ဝင်များကို ထိုနေရာသို့ ဆင့်‌ခေါ်ထားခြင်းဖြစ်မည်။

ကောင်းကင်ဘုရင်ယို၏ ခန့်မှန်းချက်က မှန်ခဲ့သည်။ သို့သော် သူ အစနေရာသို့ ရောက်သောအခါ မှင်တက် ဆွံ့အသွားသည်။

အဘယ်ကြောင့်ဆိုသော် ကျန့်ရှမျိုးနွယ်ဝင်များစွာက ပတ်ပတ်လည်ရှိ တောင်များနှင့် လွင်ပြင်များကို ဖုံးလွှမ်းထား၍ပင်။ ထိုကျန့်ရှမျိုးနွယ်ဝင်များ၏ အဆုံးကိုပင် လှမ်းမမြင်နိုင်ချေ။ ထိုစဉ် လေများ ရပ်တန့်သွားပြီး စူးရှကြောက်မက်ဖွယ် သတ်ဖြတ်အရှိန်အဝါတစ်ခုက ကောင်းကင်ဘုရင်ယိုဆီ ရောက်လာလေသည်။

‘ဒီနေရာမှာ အနည်းဆုံး ကျန့်ရှမျိုးနွယ်ဝင် သန်းငါးဆယ်လောက် ရှိလောက်တယ်။ ကျန်းရီက ဘယ်လိုမိစ္ဆာအတတ်မျိုးကို သုံးနေတာလဲ။ သူက အဲ့လောက်များတဲ့ ကျန့်ရှမျိုးနွယ်ဝင်တွေကို ဘယ်လို ထိန်းချုပ်နေတာလဲ’

ကောင်းကင်ဘုရင်ယို အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူ့အကြည့်များလည်း အေးစက်သွားသည်။ သူ ကျန့်ရှမျိုးနွယ်တပ်ကြီး၏ အနောက်တွင် ပုန်းအောင်းနေသော ကျန်းရီကို အာရုံခံကာ အေးစက်စက်လေသံဖြင့် အော်ပြောလိုက်သည်။

“ကျန်းရီ... ကျန့်ရှမျိုးနွယ်ဝင်တွေ အများကြီးကို စုစည်းထားတာက မင်းအသက်ကို ကယ်နိုင်လိမ့်မယ်လို့ ထင်နေတာလား။ ဒီနေ့ မင်း သေချာပေါက် သေရမှာပဲ။ ဘယ်သူမှ မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး”

“ဟားဟားဟား...”

ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့က ဧရာမတောင်ကြီးတစ်လုံး၏ ထိပ်တွင် တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့ကို သောင်းချီသော ကျန့်ရှမျိုးနွယ်ဝင်များက ဝန်းရံထားကြသည်။ သူသည် ကောင်းကင်ဘုရင်ယို၏ စကားကို ကြားလိုက်သောအခါ ပြန်ခနဲ့လိုက်၏။

“ခွေးအိုကြီး... ကျွန်တော်က ဒီမှာ ခင်ဗျားကိုစောင့်နေတာ။ ခင်ဗျားက မိစ္ဆာချေဖျက်စစ်တပ်ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တာနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် ပြိုင်ဘက်ကင်းလို့ ထင်နေတာလား။ ခင်ဗျား ကျွန်တော့်ကို တိုက်ခိုက်ရဲရင် ခင်ဗျားအတွက် ပြန်လမ်းမရှိအောင် လုပ်ပစ်လိုက်မယ်”

All Chapters