တာအိုကောင်းကင်ဝိညာဉ်ရတနာ
Vol. 109 Ch. 1520
ကျန်းရီသည် ကောင်းကင်ဘုရင်ယို ပေါ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်သုံးယောက်က စစ်တပ်ထဲတွင် အာဏာအရှိဆုံးသူများဖြစ်ကြသည်။ သူတို့က မှန်ကန်ဖြောင့်မတ်သူများဟုလည်း ဆိုကြသည်။ ထို့ကြောင့် အပြင်ဘက်တွင် ပြဿနာများဖြစ်နိုင်သော်လည်း စစ်တပ်ထဲတွင် မည်သူမှ စတင်မတိုက်ခိုက်ကြပေ။ ထိုစည်းမျဉ်းများကို မိစ္ဆာချေဖျက်စစ်တပ် စတင်တည်ထောင်ကတည်းက တစ်ခါမှ မချိုးဖောက်ကြသေးချေ။
ကျန်းရီ ကြည့်ရပုံရ ကောင်းကင်ဘုရင်ယိုက ယိုထျန်းနီ၏ အစီအစဉ်ကို သိပုံမပေါ်ပေ။ သူသာ ထိုအစီအစဉ်၏ အသေးစိတ်ကို သိခဲ့လျှင် လုံးဝ သဘောတူခဲ့လိမ့်မည် မဟုတ်ချေ။ ထိုသတင်းသာ ပျံ့နှံ့သွားလျှင် သူ၏ ခေါင်းဆောင်ရာထူးပင် ယိုင်နဲ့လာမည် မဟုတ်လော။ ယိုမျိုးနွယ်သည်လည်း တိုက်ခိုက်ဖျက်စီးခံရနိုင်သည်။
ဆောင်းဥတုအရှင်က ဆောင်းဥတုဘုံမှ စွမ်းအားကြီး သိုင်းသမားများကို ဦးဆောင်၍ တမလွန်ဘုံစစ်တပ်ကို ခုခံရန် ကောင်းကင်ဘုံသို့ သွားတော့မည်ဖြစ်သည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် ချီချင်ချန်ကို ထိဝံ့သူက အထက်ဘုံမှ စွမ်းအားကြီး သိုင်းသမားများ၏ နောက်ကျောကို ဓားနှင့်ထိုးခြင်း ဖြစ်ပေသည်။ ကောင်းကင်ဘုရင်ယိုက အလွန်စွမ်းအားကြီးသော်လည်း သိမ်းငှက်စိမ်းဘုရင်နှင့် ဝိညာဉ်ဘုရင်တို့ထက် ပိုစွမ်းအားကြီးပါမည်လော။
ကောင်းကင်ဘုရင်ယိုက မည်သည်ကိုမှ မသိဘဲ ရောက်လာလိမ့်မည်ဟု ကျန်းရီ ထင်မထားခဲ့ပေ။ ထိုနားလည်မှုလွဲခြင်းက ကျန်းရီနှင့် ကောင်းကင်ဘုရင်ယိုတို့ နှစ်ယောက်စလုံးကို ဒေါသထွက်သွားစေခြင်းဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် တစ်ဘက်ကသာ မှားနေခြင်းဟု တရားသေယူဆထားကြပေသည်။
အကြောင်းက မည်သို့ဖြစ်စေ အခြေအနေက ယခုကဲ့သို့ ဖြစ်လာပေပြီ။ ကျန်းရီတွင် သူသေကိုယ်သေ တိုက်ခိုက်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။ သူ တိုက်ခိုက်ရတော့မည်ဖြစ်၍ ကောင်းကင်ဘုရင်ယို သူ့ဘာသာ ပြန်ဆုတ်သွားစေမည့် နည်းလမ်းတစ်ခုကို စဉ်းစားရန် လိုအပ်လာသည်။ မဟုတ်လျှင်လည်း ကောင်းကင်ဘုရင်ယိုကို အပြင်းအထန် ဒဏ်ရာရသွားစေမည့် နည်းလမ်းကို ရှာရပေမည်။ သေရေးရှင်ရေး အခြေအနေတွင် ကျန်းရီ၏ ဦးနှောက်က ပုံမှန်ထက် ပိုလျင်မြန်စွာ အလုပ်လုပ်လာခဲ့သည်။ သို့ဖြင့် သူသည် ကောင်းကင်ဘုရင်ယိုကို ဒေါသထွက်လာအောင် နာရီပေါင်းများစွာ လိုက်ရှာနေစေလိုက်သည်။ ထိုအချိန်အတွင်း သူက သန်းဆယ်ချီသော ကျန့်ရှမျိုးနွယ်ဝင်များကို စုစည်းထားလိုက်လေသည်။ အစောကပင် ဤနေရာ၌ အနည်းဆုံး ကျန့်ရှမျိုးနွယ်ဝင် ရှစ်သန်းလောက်ရှိနေခဲ့ပြီး မဟုတ်ပါလား။
ကျန်းရီသည် ကျန့်ရှဘုရင်၏အစွမ်းကို အသုံးပြု၍ သူနှင့် မိုင်သန်းထောင်ချီပတ်လည်အတွင်းရှိ ကျန့်ရှမျိုးနွယ်ဝင်အားလုံးကို စုစည်းလိုက်သည်။ ထို့နောက် ၎င်းတို့အား သူနှင့် အဆိပ်ဝိညာဉ်ကို အထပ်ထပ် ဝန်းရံထားစေလိုက်သည်။ ကောင်းကင်ဘုရင်ယိုက သူတို့ကို သတ်လိုလျှင် ထိုကျန့်ရှမျိုးနွယ်ဝင်များကို အရင်ဖြတ်ကျော်ရမည်ဖြစ်သည်။
သန်းဆယ်ချီသော ကျန့်ရှမျိုးနွယ်ဝင်များမှာ အလွန်များပေသည်။
ထိုကျန့်ရှမျိုးနွယ်ဝင်များကို ဘုံအသေးလေးတစ်ခုသို့ ခေါ်သွားမည်ဆိုလျှင် ထိုဘုံ ချက်ချင်းဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။ သို့သော် အုပ်ချုပ်သူအဆင့် သိုင်းသမားများအတွက် ထိုအရေအတွက်က မများပါပေ။ ကောင်းကင်ဘုရင်ယိုသည် ကျန့်ရှမျိုးနွယ်အားလုံးကို သတ်စရာမလိုသလို ၎င်းတို့အားလုံး ပြန်ဆုတ်သွားအောင်လည်း လုပ်စရာမလိုချေ။ သူက ၎င်းတို့ကို ဖြတ်၍ ကျန်းရီကို သတ်ရုံသာဖြစ်သည်။
အဆိပ်ဝိညာဉ်သည် ထိုအကြောင်းကို ကောင်းစွာသိ၏။ ထိုအခိုက်တွင် သူ အလွန်စိတ်လှုပ်ရှားနေပြီး တစ်ကိုယ်လုံး ထိန်းမနိုင် သိမ်းမရ တုန်ယင်နေပေသည်။
ကျန်းရီကမူ အတော်လေး တည်ငြိမ်နေသည်။ သူ ဘေးရှိ အဆိပ်ဝိညာဉ်ကို ကြည့်ကာ ပြုံး၍ အသံပို့လွှတ်လိုက်သည်။
“အဆိပ်ဝိညာဉ်... စိတ်မလှုပ်ရှားပါနဲ့။ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေကလည်း လူသားတွေပါပဲ။ သူတို့က လူသားတွေဆိုရင် ရှုံးနိုင်ပါတယ်။ ကျွန်တော်တို့ ဒီတိုက်ပွဲမှာ ရှုံးရှုံး၊ နိုင်နိုင် အနည်းဆုံးတော့ တစ်ဘဝလုံး အပြည့်အဝ နေထိုင်ခဲ့တဲ့အတွက် ပျော်လို့ရတယ်။ ကျွန်တော်တို့က အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်တော့မှာ မဟုတ်လား”
“ဟုတ်တယ်...”
ကျန်းရီ၏ စကားများကို ကြားလိုက်သောအခါ အဆိပ်ဝိညာဉ်၏ မျက်လုံးများ လင်းလက်လာသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်နှင့် ထိပ်တိုက် တိုက်ခိုက်နိုင်ခြင်းကကို ဂုဏ်ယူစရာ ဖြစ်နေပေပြီ။
အဆိပ်ဝိညာဉ် များစွာ အရေးစိုက်မနေတော့ပေ။ သူ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး စွမ်းအင်ဖြည့်ရန်သာ အာရုံစိုက်လိုက်သည်။ သူ အစွမ်းကုန် ထုတ်သုံးနိုင်မှ ကျန်းရီကို ကာကွယ်နိုင်မည်ဖြစ်သည်။ သူသာ ကောင်းကင်ဘုရင်ယိုကို အပြင်းအထန် ဒဏ်ရာရသွားအောင် လုပ်နိုင်လိုက်လျှင် အဆိပ်ဝိညာဉ်ဆိုသော အမည်က အထက်ဘုံတစ်ခွင်လုံးတွင် သေချာပေါက် ကျော်ကြားသွားပေလိမ့်မည်။
ကျန်းရီက အားပြန်ဖြည့်ရန် အာရုံမစိုက်ပေ။ သူ့ စွမ်းအားအကုန် ပြန်ရလျှင်ပင် အသုံးဝင်မည် မဟုတ်ချေ။ သူ့တိုက်ခိုက်စွမ်းအားက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်၏ တိုက်ခိုက်စွမ်းအားနှင့် ယှဉ်လျှင် အလကားပင်။ ထို့ကြောင့် သူ အခြေအနေကို လေ့လာကာ ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်၍သာ တိုက်ခိုက်ရပေမည်။
ကျန်းရီသည် သူက ဤတိုက်ပွဲကို နိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိပေ။ ကောင်းကင်ဘုရင်ယို၏ တိုက်ခိုက်စွမ်းရည်များက အလွန်ကြောက်စရာကောင်းသည်။ သို့သော် သူ့တွင် မျှော်လင့်ချက် မရှိသည်တော့ မဟုတ်ပေ။ သူ့တွင် ဝှက်ဖဲတစ်ခု ရှိသေးသည်။
ကျန့်ရှဘုရင်...
ကျန့်ရှဘုရင်နှင့် မီးနဂါးဓားက ပေါင်းစည်းသွားပြီဖြစ်သော်လည်း ၎င်း၏စွမ်းအားများက ကျန်သေးသည်။ မဟုတ်လျှင် ကျန်းရီ ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်နိုင်မည် မဟုတ်ချေ။
ကျန့်ရှဘုရင်က အမှန်ပင် ကြောက်စရာကောင်းသည်။ သူ၏ မကောင်းသောအရှိန်အဝါ တစ်ခုတည်းနှင့်ပင် ရီဝူတို့ လုံးဝရှုံးနိမ့်သွားခဲ့သည်။ ကျန်းရီသည် ကျန့်ရှဘုရင်က ကောင်းကင်ဘုရင်ယိုကို သတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ပါပေ။ သို့သော် ၎င်းက ကောင်းကင်ဘုရင်ယိုကို ပြန်ဆုတ်သွားနိုင် လုပ်နိုင်မည်ဆိုလျှင် သို့မဟုတ် ဒဏ်ရာရသွားအောင် လုပ်နိုင်မည်ဆိုလျှင်ပင် သူ့အတွက် လုံလောက်ပြီဖြစ်သည်။
ဝှစ်...
ကောင်းကင်ဘုရင်ယိုသည် နှစ်သန်းထောင်ချီ သက်တမ်းရှိသော ဟွင့်သွမ့်သားရဲတစ်ကောင်ကဲ့သို့ ရူးသွပ်သောအရှိန်အဝါနှင့်အတူ ကျန်းရီထံ ပျံသန်းသွား၏။ ထိုကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိသောအခါ အုပ်ချုပ်သူအဆင့် သိုင်းသမားများ၏ အစွမ်းကို ကျန်းရီ သိရှိသွားသည်။ သူ့အစွမ်းလောက်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်ရခြင်းမှာ သေမျိုးတစ်ယောက်က ဟွင့်သွမ့်သားရဲတစ်ကောင်ကို ရင်ဆိုင်ရသကဲ့သို့ ဖြစ်ပေသည်။ သူ ကောင်းကင်ဘုရင်ယိုကို တိုက်ခိုက်ရန် မဆိုထားနှင့် သူ့ဓားကိုပင် မမြှောက်နိုင်ချေ။ ပြီးခဲ့သည့်အခေါက်တွင် သိမ်းငှက်စိမ်းဘုရင်က ညှာခဲ့သည့်ပုံပင်။ မဟုတ်လျှင် ကျန်းရီ မီးနဂါးဓားကိုပင် မြှောက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။
ရွှီး...ရွှီး...ရွှီး...ရွှီး...
ကောင်းကင်ဘုရင်ယိုတွင် မည်သည့်လက်နက်မှ မပါပေ။ သူသည် အင်္ကျီလက်နှစ်ဘက်ကို ဝှေ့ယမ်း၍သာ ကြောက်မက်ဖွယ် အလင်းတန်းများကို ပစ်လွှတ်နေသည်။ ထိုအလင်းတန်းများ ထိမှန်ခံလိုက်ရသည့် ကျန့်ရှမျိုးနွယ်ဝင်အားလုံး ချက်ချင်း လွင့်ထွက်သွားကြသည်။ သို့ဖြင့် ကောင်းကင်ဘုရင်ယို အရှေ့သို့ အလွယ်တကူ ပျံသန်းသွားနိုင်နေသည်။ ကျန့်ရှမျိုးနွယ်ဝင်များကြား ရောက်သွားကတည်းက သူ၏အမြန်နှုန်းက နှေးသွားသော်လည်း သူ့ပုံစံက အတော်လေး အေးအေးလူလူ ရှိနေပေသည်။ သူသည် သူ၏အနောက်ခြံဝန်းထဲတွင် လမ်းလျှောက်နေသကဲ့သို့ပင်။
‘ပြဿနာပဲ...’
ကျန်းရီ ကောင်းကင်ဘုရင်ယိုကို လျှော့တွက်ခဲ့မိပေပြီ။ ကျန့်ရှမျိုးနွယ်ဝင်များ၏ မကောင်းသောအရှိန်အဝါများက ကောင်းကင်ဘုရင်ယိုအပေါ် အနည်းနှင့်အများတော့ သက်ရောက်လိမ့်မည်ဟု သူ ထင်ခဲ့သည်။ ကောင်းကင်ဘုရင်ယို မကောင်းသောအရှိန်အဝါများ၏ သက်ရောက်မှုကို ခံလိုက်ရမှ ကျန့်ရှဘုရင်အစွမ်းကို သုံး၍ သူ့အား အလစ်လုပ်ကြံရန် ကျန်းရီ ရည်ရွယ်ထားခြင်းဖြစ်သည်။ သူ အလစ်လုပ်ကြံပြီးသည်နှင့် အဆိပ်ဝိညာဉ်ကို နတ်ဘုရားဝိညာဉ်ထိုးချက် ထုတ်စေ၍ ကောင်းကင်ဘုရင်ယိုကို ဒဏ်ရာရသွားအောင် လုပ်ရန်လည်း သူ မျှော်လင့်ထားသည်။
သို့သော် မကောင်းသောအရှိန်အဝါများက ကောင်းကင်ဘုရင်ယိုအပေါ် မသက်ရောက်နိုင်ပုံပင်။ သူ၏မျက်နှာထားက အလွန်အေးဆေးနေသည်။ သူက ကျန့်ရှမျိုးနွယ်ဝင်များကို နာရီပေါင်းများစွာ အေးအေးဆေးဆေး တိုက်ခိုက်နိုင်လောက်သည်ဟု ကျန်းရီ ခန့်မှန်းလိုက်သည်။ ကျန့်ရှဘုရင်၏အစွမ်းကလည်း ကောင်းကင်ဘုရင်ယိုကို များစွာ ထိခိုက်စေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် ကျန်းရီ မတိုက်ခိုက်ဝံ့သေးပေ။ အကယ်၍ ကောင်းကင်ဘုရင်ယိုက ကျန့်ရှဘုရင်ကို ဖျက်ဆီးလိုက်မည်ဆိုလျှင် သို့မဟုတ် ထိန်းချုပ်လိုက်မည်ဆိုလျှင် သူ အမှန်ပင် ဒုက္ခရောက်သွားပေလိမ့်မည်။
“ပြန်ဆုတ်...”
ကျန်းရီသည် အဆိပ်ဝိညာဉ်ကို လက်တစ်ဘက်ဖြင့် အနောက်သို့ ဆွဲခေါ်သွား၏။ ကောင်းကင်ဘုရင်ယိုက အလွန်လျင်မြန်စွာ လာနေသည်။ ကျန်းရီ ကောင်းကင်ဘုရင်ယိုကို အနားကပ်လာခွင့် မပေးနိုင်ပေ။ မဟုတ်လျှင် သူတို့နှစ်ယောက်စလုံး ချက်ချင်း အသတ်ခံလိုက်ရပေမည်။ ယခုတွင် ကောင်းကင်ဘုရင်ယိုက သာမန်တိုက်ခိုက်မှုများကို သုံးနေသော်လည်း အချိန်မရွေး စွမ်းအားကြီးတိုက်ကွက်များ ထုတ်သုံးနိုင်ပေသည်။
ကျန်းရီ ပြန်ဆုတ်သောအခါ သူတို့အနောက်မှ ကျန့်ရှမျိုးနွယ်ဝင်များက သူဖြတ်သွားနိုင်ရန် လမ်းဖယ်ပေးကြ၏။ သူတို့နှစ်ယောက် ဖြတ်သွားပြီးနောက် ကျန့်ရှမျိုးနွယ်ဝင်များ ပြန်လမ်းပိတ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ကျန်းရီသည် ကျန့်ရှမျိုးနွယ်များစွာကို သူနှင့် ကောင်းကင်ဘုရင်ယိုကြားတွင် ဝင်ခြားထားစေလိုက်သည်။ အစတွင် ကျန့်ရှမျိုးနွယ်ဝင်များက စက်ဝိုင်းပုံ ရှိနေခဲ့သည်။ သို့သော် ဤပြောင်းလဲမှု ပြီးနောက်တွင် ၎င်းတို့၏ပုံစံက ဘဲဥပုံနှင့် ပိုတူသွားသည်။ ထိုမှ ကောင်းကင်ဘုရင်ယို ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့နားသို့ ကပ်လာလိုလျှင် ပိုများသော ကျန့်ရှမျိုးနွယ်ဝင်များကို ဖြတ်ကျော်ရမည်ဖြစ်သည်။
ကျန်းရီ၏အကြံက မဆိုးပေ။ သို့သော် နောက်အခိုက်အတန့်တွင် သူက အလွန်တုံးအခဲ့ကြောင်း သိလိုက်ရသည်။
ဝှစ်...
ကျန်းရီ လှုပ်ရှားပြီးနောက်တွင် ကောင်းကင်ဘုရင်ယို၏ လက်ထဲ၌ လှံရှည်တစ်ချောင်း ထွက်ပေါ်လာ၏။ ထိုလှံရှည်က အတော်လေး ဆန်းကြယ်သည်။ လှံရိုးပေါ်တွင် အနက်ရောင်အကြွေးခွံရှိသည့် နဂါးတစ်ကောင်ပုံ ထွင်းထားသည်။ လှံပေါ်တွင်လည်း သင်္ကေတပုံသဏ္ဌာန်များ တောက်ပနေကြသည်။
“ချိုးဖျက်...”
ကောင်းကင်ဘုရင်ယိုက သူ၏ကောင်းကင်စွမ်းအားကို လှံထဲ ထည့်သွင်းလိုက်သောအခါ လှံ အဖြူရောင်အလင်း လင်းလက်လာသည်။ ထို့နောက် သူ့အရှေ့တွင် ဧရာမသားရဲကြီးတစ်ကောင်၏ ဦးခေါင်း ထွက်ပေါ်လာသည်။ သူ လှံကို အရှေ့သို့ အားကုန်ထိုးလိုက်သောအခါ လှံမှနေ၍ အနက်ရောင်အကြေးခွံရှိသော နဂါးကြီးတစ်ကောင်၏ ပုံရိပ်ထွက်လာလေသည်။ ထိုနဂါးပုံရိပ်ကြီးက ခက်ထန်သော အရှိန်အဝါကို ထုတ်လွှတ်ကာ ၎င်းပတ်ပတ်လည်ရှိ အရာအားလုံး ဖျက်ဆီးပစ်တော့မလို ပျံသန်းသွားလေသည်။
‘အဲ့ဒါက တာအိုကောင်းကင်ဝိညာဉ်ရတနာတစ်ခု ဖြစ်ရမယ်’
အထက်ဘုံတွင် ကမ္ဘာဦးဝိညာဉ်ရတနာ သုံးခုသာရှိသည်။ ယခုလှံ၏ အရှိန်အဝါက ရှေးဦးဝိညာဉ်ရတနာ၏ အရှိန်အဝါထက် ပိုအားကောင်း၍ ၎င်းက တာအိုကောင်းကင်ဝိညာဉ်ရတနာ ဖြစ်ရမည်ဟု ကျန်းရီ ချက်ချင်း ခန့်မှန်းနိုင်လိုက်သည်။ သူ့မျက်စိရှေ့တွင် မြင်နေရသောအရာက သူ့ခန့်မှန်းချက်အတွက် သက်သေပင်။ ထိုလှံရှည်က အမှန်ပင် ကြောက်မက်ဖွယ်ကောင်းပေသည်။
နဂါးကြီး ဖြတ်သန်းသွားသောအခါ လမ်းတစ်လျှောက်မှ ကျန့်ရှမျိုးနွယ်ဝင်များ အမှုန့်ဖြစ်သွားကြသည်။ ထိုကျန့်ရှမျိုးနွယ်ဝင်များက မည်မျှခံနိုင်ရည်ကောင်းကြသနည်း။ သို့သော် ၎င်းတို့သည် အနက်ရောင်နဂါးကြီးကြောင့် အမှုန့်ဖြစ်သွားနေပေရာ ကျန်းရီ တုန်လှုပ်လာတော့သည်။
ဝှစ်...
ကောင်းကင်ဘုရင်ယိုသည် လှံရှည်ကို ဆွဲကိုင်၍ နဂါးနက်ကြီးနောက်မှ ကပ်လိုက်လာ၏။ ကျန့်ရှမျိုးနွယ်ဝင်များကြားတွင် လမ်းကြောင်းတစ်ခု ပေါ်လာပြီဖြစ်သည်။ ထို့ကြောင့် ယခု ကောင်းကင်ဘုရင်ယိုက လျင်မြန်စွာ သွားနိုင်နေပေသည်။
မူလတွင် ကျန်းရီက ကောင်းကင်ဘုရင်ယိုနှင့် ငါးကီလိုမီတာကျော်အကွာတွင် ရှိနေခဲ့သည်။ သို့သော် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်ဘုရင်ယိုက နှစ်ဆပိုနီးကပ်လာသည်။ ကျန်းရီသည် နဂါးနက်ကြီးထံမှ အဖျက်အရှိန်အဝါကို ခံစားနေရ၍ သေမင်းက သူ့ထံသို့ လျင်မြန်စွာ ပျံသန်းလာနေသည်ဟု ခံစားနေရပေသည်။
“ကျန့်ရှဘုရင်...”
ကျန်းရီ သူ့စွမ်းရည်များကို ဆက်မလျှိုထားနိုင်တော့ပေ။ သူ့လက်ထဲမှ မီးနဂါးဓားက လင်းလက်လာပြီး လျှပ်စီးတန်းကဲ့သို့သော အလင်းတန်းတစ်ခု ထွက်သွားသည်။ ထိုအလင်းတန်းသည် သူ့ဘေးရှိ ကျန့်ရှမျိုးနွယ်ဝင်တစ်ယောက်ထဲသို့ ဝင်သွား၏။ ကျန့်ရှဘုရင်သည် ထိုကျန့်ရှမျိုးနွယ်ဝင်ကို ထိန်းချုပ်ကာ ချက်ချင်း ကောင်းကင်ဘုရင်ယိုဆီသို့ ပျံသန်းသွားလေသည်။
“ခင်ဗျား ကျွန်တော်တို့ကို ကာကွယ်ပေးရမယ်”
နဂါးနက်ကြီးက ကျန်းရီဆီ အချိန်မရွေး ရောက်လာကာ သူ့ကို အမှုန့်ဖြစ်သွားအောင် လုပ်တော့ပေမည်။ ထို့ကြောင့် ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ ကောင်းကင်ဘုရင်ယိုကို ခုခံရန် ကျန့်ရှဘုရင်အပေါ်သာ မှီခိုလိုက်ရသည်။ ကျန့်ရှဘုရင်က မခုခံနိုင်လျှင် အဆိပ်ဝိညာဉ် တိုက်ခိုက်ရပေမည်။ သို့သော် အဆိပ်ဝိညာဉ်သည် တိုက်ခိုက်ရသည်နှင့် သေချာပေါက် သေမည်ဖြစ်သည်။