← Chapters

အခြေအနေကို ပြောင်းလဲခြင်း

Vol. 109 Ch. 1521

အခြေအနေကို ပြောင်းလဲခြင်း

Vol. 109 Ch. 1521

ရွှီး...

အဆိပ်ဝိညာဉ်သည် ပုန်းကွယ်ခြင်းအတတ်ကို သုံး၍ သူ့ကိုယ်သူ ကိုယ်ဖျောက်လိုက်၏။ ကျန်းရီက အဆိပ်ဝိညာဉ်ကို ဆွဲခေါ်လာခြင်းဖြစ်သော်လည်း ထိုအခိုက်တွင် အဆိပ်ဝိညာဉ်က သူ့လက်ထဲမှ ထွက်သွားသည်ကို ခံစားလိုက်ရ၏။

“အရှင်ငယ်... ကျန့်ရှဘုရင်က အဲ့တိုက်ခိုက်မှုကို ကာနိုင်လောက်မှာ မဟုတ်ပါဘူး။ ကျွန်တော် သွားခုခံပါမယ်။ တကယ်လို့ ကျွန်တော် သေသွားရင် ကျွန်တော့်ရဲ့ အရိုးပြာကို သူတော်စင်ဝိညာဉ်တောင်ဆီ ခေါ်သွားပေးပါ။ ကျွန်တော် သူတော်စင်ဝိညာဉ်တောင်အောက်မှာပဲ အမြှုပ်ခံချင်တယ်”

အဆိပ်ဝိညာဉ်က အသံလှမ်းပို့လွှတ်လိုက်သည်။ ကျန်းရီ ခါးသီးကာ ဝမ်းနည်းနေသော်လည်း မဆင်မခြင် မပြုမူလိုက်ပေ။ အဆိပ်ဝိညာဉ်နှင့် ကျန့်ရှဘုရင်တို့ ပူးပေါင်းခုခံခြင်းက အကောင်းဆုံး အခြေအနေဖြစ်ကြောင်း သူသိသည်။ သို့သော် မခုခံနိုင်လိုက်လျှင် သူတို့နှစ်ယောက် သေချာပေါက် သေပေလိမ့်မည်။

ကျန်းရီ အသည်းအသန် တွေးတောလိုက်၏။ ယခုက သူ၏နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း သူသိသည်။ သူ နည်းလမ်းအားလုံးကို သုံးကာ ကောင်းကင်ဘုရင်ယိုကို ဒဏ်ရာရသွားအောင် လုပ်ရပေမည်။ မဟုတ်လျှင် သူလည်း သေမည်ဖြစ်သည်။

ရွှီး...

ကျန်းရီ၏ ဟွင့်သွမ့်ချီပုလဲက လင်းလက်လာပြီး လူတစ်ယောက် ထွက်လာ၏။ ထိုလူက အလွန်အားနည်းနေခဲ့သော်လည်း အပြင်သို့ ရောက်သည်နှင့် တဖြည်းဖြည်း အရှိန်အဝါအားကောင်းလာသည်။ ထို့ကြောင့် ကောင်းကင်ဘုရင်ယို လှမ်းကြည့်လိုက်သည်။ ထိုစဉ် ကျန်းရီသည် ဓားပျော့တစ်ချောင်းကို ထုတ်၍ နတ်ဘုရားအသံ ကောင်းကင်အတတ်ကို ထုတ်လွှတ်လိုက်သည်။ ထိုအတတ်က ကောင်းကင်ဘုရင်ယိုအပေါ် သက်ရောက်နိုင်မည်၊ မနိုင်မည်ကို မသိသော်လည်း သူ စမ်းတော့ကြည့်ရပေမည်။

“စစ်သူကြီး... မြန်မြန် တိုက်ခိုက်လိုက်ပါ။ အဲ့ဒါက တမလွန်ဘုံဘုရင်ရဲ့ကိုယ်ပွားက ဖန်တီးထားတဲ့ ပုံရိပ်ယောင်တစ်ခုပဲ။ သူက ကျွန်တော်တို့ကို သတ်ချင်နေတာ”

ကျန်းရီ အော်ပြောလိုက်သောအခါ ချီချင်ချန်၏ လက်မှ လက်စွပ်က လင်းလက်လာပြီး အနီရောင်ဓားပျော့တစ်ချောင်း ထွက်ပေါ်လာသည်။ ပျံသန်းလာသော ကောင်းကင်ဘုရင်ယိုသည် ကျန်းရီ၏စကားကို ကြားလိုက်သောအခါ ဒေါသဖြစ်လွန်း၍ မူးမေ့သွားမလိုပင် ဖြစ်သွားသည်။

ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြောခြင်းဆိုသော စကား၏ အဓိပ္ပာယ်ကို ယနေ့တွင် ကောင်းကင်ဘုရင်ယို မျက်ဝါးထင်ထင် မြင်လိုက်ရပေပြီ။ ကျန်းရီက မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သော သူ့ကို တမလွန်ဘုံဘုရင်၏ကိုယ်ပွားဟု ပြောနေလေသည်။

ကောင်းကင်ဘုရင်ယို၏ နဂါးနက်ကြီးက ကျန့်ရှမျိုးနွယ်ဝင်များကို ဖောက်ထွက်၍ ကျန်းရီကို သတ်‌တော့ပေမည်။ သို့သော် ထိုအခိုက်တွင် ကောင်းကင်ဘုရင်ယို တုံ့ဆိုင်းသွားသည်။ ချီချင်ချန်က ကျန်းရီ၏အရှေ့တွင် ကာထားသည်။ ချီချင်ချန် တိုက်ခိုက်သည်ဖြစ်စေ၊ မတိုက်ခိုက်သည်ဖြစ်စေ သူ ချီချင်ချန်ကို သတ်၍ မဖြစ်ပေ။

ဝှစ်...

ရုတ်တရက် ကျန့်ရှမျိုးနွယ်ဝင်များကြားထဲတွင် ကိုယ်ပွားများစွာ ထွက်ပေါ်လာ၏။ အဆိပ်ဝိညာဉ် စတင် တိုက်ခိုက်ပေပြီ။ သူသည် ကိုယ်ပွားရာချီ ဖန်ဆင်းကာ ကျန့်ရှမျိုးနွယ်ဝင်များကြားမှနေ၍ အရှေ့သို့ သွားနေသည်။ အဆိပ်ဝိညာဉ်အားလုံး၏ သတ်ဖြတ်အရှိန်အဝါများက ကောင်းကင်ဘုရင်ယိုအပေါ် ကျရောက်နေပေသည်။

“ပမွှားလေးတွေ...”

ကောင်းကင်ဘုရင်ယိုသည် လုံးဝ မစိုးရိမ်ပေ။ အဆိပ်ဝိညာဉ်များထဲတွင် မည်သူက ကိုယ်ပွား၊ မည်သူက အစစ်ဖြစ်ကြောင်း သူ တန်းမြင်နိုင်သည်။ အဆိပ်ဝိညာဉ်အစစ်က ကိုယ်ဖျောက်ထားဆဲပင်။ အဆိပ်ဝိညာဉ်အစစ်သည် သူ့ဘယ်ဘက်မှနေ၍ အလစ်တိုက်ခိုက်ရန် လာနေပေသည်။

“ကျား...”

ကောင်းကင်ဘုရင်ယိုသည် လှံကို ဝှေ့ယမ်း၍ သူ့အနီးမှ ကျန့်ရှမျိုးနွယ်ဝင်များကို သတ်လိုက်၏။ သူ၏ မျက်ဝန်းများကလည်း အလွန်အေးစက်လာသည်။ ကျန်းရီကို ခဏလွှတ်ပေးလိုက်ပြီး အဆိပ်ဝိညာဉ်ကို အရင်သတ်ရန် သူ ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ အော်ပြောလိုက်သည်။

“ချီချင်ချန်... ငါက ယိုဖုန်းပဲ။ ကျန်းရီရဲ့ အလိမ်အညာတွေကို နားမယောင်နဲ့”

ချီချင်ချန်သည် တိုက်ခိုက်ရန် ဟန်ပြင်နေသော်လည်း အတန်ငယ် တုံ့ဆိုင်းသွား၏။ သူမ ‌ကောင်းကင်စိတ်အာရုံထုတ်လွှတ်၍ အာရုံခံလိုက်ရာ ထိုသူက အမှန်ပင် ကောင်းကင်ဘုရင်ယိုဖြစ်ကြောင်း သိလိုက်သည်။ ကောင်းကင်ဘုရင်ယိုက သူ့ဘယ်ဘက်သို့ သတ်ဖြတ်လိုသည့်အကြည့်ဖြင့် ကြည့်နေကြောင်းကိုလည်း သူမ တွေ့လိုက်ရသည်။ ထိုဘယ်ဘက် အာကာပြင်ထဲတွင် တုန်ခါမှုအနည်းငယ် ရှိနေသည်။ ထိုနေရာက အဆိပ်ဝိညာဉ် ရှိနေသော နေရာပင်။ ထို့ကြောင့် သူမ လျင်မြန်စွာ အော်ပြောလိုက်သည်။

“ကောင်းကင်ဘုရင်ယို ကျေးဇူးပြုပြီး ‌ဒေါသမထွက်ပါနဲ့။ ကျွန်မတို့ စကားနဲ့ ဖြေရှင်းနိုင်ပါတယ်။ ဘယ်သူ့ကိုမှ သတ်ဖို့ မလိုပါဘူး”

“ဟွန်း...”

ကောင်းကင်ဘုရင်ယိုက ချီချင်ချန်ကို လုံးဝလျစ်လျူရှုလိုက်၏။ ယနေ့တွင် ဤသို့ ဆောင်းဥတုအရှင် ရောက်လာလျှင်ပင် သူ အဆိပ်ဝိညာဉ်ကို သတ်မည်ဖြစ်သည်။

“ကျန့်ရှဘုရင်... အခုပဲ”

ကျန်းရီ၏ ကျယ်လောင်စွာ အော်လိုက်သံကြီး ထွက်ပေါ်လာ၏။ ရုတ်တရက် ကောင်းကင်ဘုရင်ယို၏ အနောက်ဘက် မလှမ်းမကမ်းမှ ကျန့်ရှမျိုးနွယ်ဝင်တစ်ယောက်က လှုပ်ရှားလိုက်၏။ ၎င်း၏ ကျောပေါ်မှ ဆူးချွန်များက သွေးနီရောင်ဖြစ်သွားပြီး ပုံမှန်ထက် ဆယ်ဆပိုမြန်သော အမြန်နှုန်းဖြင့် ပျံထွက်သွားသည်။ ၎င်း၏ ဓားပုံစံလက်နှစ်ဘက်ကလည်း ကောင်းကင်ဘုရင်ယို၏ နောက်ကျောကို ခုတ်ချလိုက်သည်။

ထန်း...ထန်း...

ကောင်းကင်ဘုရင်ယို၏ တိုက်ခိုက်စွမ်းအားက ရှိန်လောက်ဖွယ်ပင်။ ကျန့်ရှဘုရင်က အလစ်ဝင်တိုက်လိုက်ခြင်းဖြစ်သော်လည်း သူ ပြန်တုံ့ပြန်နိုင်လိုက်သည်။ သူသည် လှံကို ဝှေ့ယမ်း၍ ကျန့်ရှဘုရင်၏ တိုက်ခိုက်မှုများကို ခုခံလိုက်သည်။

ရွှီး...

သို့သော် ကျန့်ရှဘုရင်၏ ခန္ဓာကိုယ်က အနီရောင်အလင်း လင်းလက်လာပြီး သိပ်သည်းသည့် မကောင်းသောအရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။ ထိုအရှိန်အဝါများက ကောင်းကင်ဘုရင်ယို၏ ခန္ဓာကိုယ်ထဲ ဝင်သွား၏။ ထို့နောက် စိတ်ဝိညာဉ်ထဲ ဆက်ဝင်သွားသည်။ ရုတ်ခြည်းပင် ကောင်းကင်ဘုရင်ယို၏ မျက်လုံးများ နီရဲလာသည်။ သူ သက်ရောက်ခံလိုက်ရပြီဖြစ်ကြောင်း ထင်ရှားပေသည်။

“ထွက်သွားစမ်း...”

ကောင်းကင်ဘုရင်ယိုသည် လှံကို ဒေါသတကြီး ဝှေ့ယမ်းလိုက်၏။ ကျန့်ရှဘုရင်၏ကိုယ်ပေါ်မှ အနီရောင်အလင်းကလည်း သိသိသာသာ မှိန်လာသည်။ ၎င်း၏စွမ်းအင်လည်း လျော့ကျလာပေသည်။

ဝှစ်...

မကြာခင်တွင် လေခွင်းသံသဲ့သဲ့ ထွက်ပေါ်လာ၏။ အဆိပ်ဝိညာဉ်က အခွင့်အ‌ရေးကို အပြည့်အဝ ဆုပ်ကိုင်လိုက်ပေသည်။ ဝိညာဉ်မျိုးနွယ်ဝင်များက လုပ်ကြံရေးသမားများဖြစ်ရန် မွေးဖွားလာသူများပင်။ သူတို့သည် ရသည့်အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ကာ ရန်သူကို အသေသတ်နိုင်ပေသည်။

အစိမ်းရောင်အလင်းတစ်ခုက ကြောက်မက်ဖွယ်အရှိန်ဖြင့် အရှေ့သို့ ထိုးထွက်သွား၏။ အဆိပ်ဝိညာဉ်သည် သူ၏အသက်ကိုရင်း၍ နတ်ဘုရားဝိညာဉ်ထိုးချက်ကို သုံးလိုက်သည်။ ကောင်းကင်ဘုရင်ယို၏ မျက်လုံးများထဲမှ နီရဲမှုက ယခုအထိ မပျောက်သေးပေ။ သူက မကောင်းသောအရှိန်အဝါ၏ လွှမ်းမိုမှု‌အောက်မှာပင် ရှိသေးသည်။ ယင်းက အဆိပ်ဝိညာဉ်အတွက် အကောင်းဆုံးအခွင့်အရေးပင်။

‘ဟုတ်ပြီ...’

ကျန်းရီ တောင့်တင်းနေသည်။ ကောင်းကင်ဘုရင်ယိုကို ဒဏ်ရာရသွားအောင် လုပ်နိုင်၊ မလုပ်နိုင်က ထိုထိုးချက်အပေါ်တွင် မူတည်နေပေသည်။ သို့သော် ချီချင်ချန်၏ မျက်ဝန်းများက မည်းမှောင်သွား၏။

အဆိပ်ဝိညာဉ်က ကောင်းကင်ဘုရင်ယိုကို ဒဏ်ရာရအောင် လုပ်နိုင်မည် မဟုတ်ကြောင်း ချီချင်ချန် ကောင်းစွာသိသည်။ မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်သုံးယောက်ကို မည်သူမဆို ထိခိုက်အောင် လုပ်နိုင်မည်ဆိုလျှင် မိစ္ဆာချေဖျက်စစ်တပ် ပျက်သုဉ်းသွားခဲ့သည်မှာ ကြာလောက်ပေပြီ။ ကောင်းကင်ဘုရင်ယိုက သေချာပေါက် တာအိုကောင်းကင်ဝိညာဉ်ရတနာ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပေသည်။

“အာ...”

ချီချင်ချန် မျက်နှာပျက်သွားသည်ကို မြင်လိုက်သောအခါ ကျန်းရီ ရင်တုန်သွား၏။ သူ မျှော်လင့်တကြီးဖြင့် ကောင်းကင်ဘုရင်ယိုတို့ထံ လှမ်းကြည့်လိုက်သည်။

သို့သော် အဆိပ်ဝိညာဉ်၏ လုပ်ရပ်များက ကျန်းရီကို နားမလည်နိုင် ဖြစ်သွားစေ၏။

အစိမ်းရောင်အလင်း လက်သွားပြီး ကောင်းကင်ဘုရင်ယို၏ လက်ချောင်းတစ်ချောင်း ပြတ်သွား၏။ ထို့နောက် အဆိပ်ဝိညာဉ် လူလုံးပေါ်လာကာ ကောင်းကင်ဘုရင်ယိုလည်း အသိပြန်ကပ်သွားသည်။ ကောင်းကင်ဘုရင်ယိုသည် ကျယ်လောင်စွာအော်၍ လှံကိုမြှောက်ကာ လျင်မြန်စွာ ပြန်ဆုတ်သွားသော အဆိပ်ဝိညာဉ်ကို ပြင်းထန်စွာ ထိုးချလိုက်လေသည်။

အဆိပ်ဝိညာဉ်၏ နတ်ဘုရားဝိညာဉ်ထိုးချက်က အောင်မြင်ခဲ့သည်။ ကောင်းကင်ဘုရင်ယို ဒဏ်ရာရသွားခဲ့သည်။ သို့သော် အဘယ်ကြောင့် သူက ကောင်းကင်ဘုရင်ယို၏ လက်ချောင်းကို တိုက်ခိုက်ရသနည်း။ စွမ်းအားကြီး သိုင်းသမားတစ်ယောက်အတွက် လက်ချောင်းတစ်ချောင်း မဆိုထားနှင့် လက်တစ်ဘက်လုံး ပြတ်သွားလျှင်ပင် များစွာအကျိုးသက်ရောက်မှု မရှိချေ။

နောက်အခိုက်အတန့်တွင် ကျန်းရီ နားလည်သွားသည်။ သူ စိတ်လှုပ်ရှားသွားပြီး ချီချင်ချန်၏ မျက်လုံးများကလည်း လင်းလက်လာသည်။ သူတို့နှစ်ယောက်စလုံး တစ်ချိန်တည်း အော်ပြောလိုက်သည်။

“တော်လိုက်တာ...”

ကောင်းကင်ဘုရင်ယို၏ လှံကလည်း လေထဲတွင် ရပ်တန့်သွား၏။ သူ ဆက်မတိုက်ခိုက်ဝံ့တော့ပေ။ အဆိပ်ဝိညာဉ်က လက်ထဲတွင် လက်စွပ်တစ်ကွင်းကိုင်ထားသည်။ ကောင်းကင်ဘုရင်ယိုသာ တိုက်ခိုက်လိုက်လျှင် လက်စွပ်က ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။ ကောင်းကင်ဘုရင်ယို မတိုက်ခိုက်လျှင်လည်း အဆိပ်ဝိညာဉ်က သူမသေခင်တွင် လက်စွပ်ကို ဖျက်ဆီးခဲ့နိုင်သေးသည်။

လက်စွပ်မှာ ကောင်းကင်ဘုရင်ယို၏ ပြတ်သွားသော လက်ချောင်းတွင် ဝတ်ထားခြင်းပင်။ ၎င်းက သူ၏သိုလှောင်လက်စွပ်ဖြစ်သည်။ အဆိပ်ဝိညာဉ်သည် နတ်ဘုရားဝိညာဉ်ထိုးချက်ကို သုံး၍ ထိုလက်စွပ်ကို ခိုးယူလိုက်ခြင်းဖြစ်သည်။ ထိုလက်စွပ်ထဲတွင် ယိုထျန်းနီနှင့် မျိုးနွယ်ကြီးအသီးသီးမှ သခင်လေးများကို ထည့်ထားသော လေဟာနယ်နတ်ဘုရားအသုံးအဆောင်ပါပေသည်။

လေဟာနယ်နတ်ဘုရားအသုံးအဆောင်မှာ အလွန်ထူးခြားသော ရတနာတစ်ခုဖြစ်သည်။ ၎င်းရတနာအတွင်းထဲတွင် နေရာလွတ်တစ်ခုရှိသည်။ အကယ်၍ လေဟာနယ်နတ်ဘုရားအသုံးအဆောင် ဖျက်ဆီးခံလိုက်ရလျှင် ၎င်းအတွင်းရှိ နေရာလည်း ပျက်စီးသွားမည်ဖြစ်သည်။ ထိုနေရာထဲရှိ လူအားလုံးလည်း နေရာထဲတွင် ညပ်ကာ ပြားကပ်သေဆုံးသွားမည်ဖြစ်သည်။

ဝိညာဉ်မျိုးနွယ်၏ သစ္စာဖောက်က အခွင့်အရေးကို အသုံးချရာတွင် မည်သည့်မျိုးနွယ်က လုပ်ကြံရေးသမားထက်မှ မညံ့ပေ။

ကျန်းရီ၊ အဆိပ်ဝိညာဉ်နှင့် ကျန့်ရှဘုရင်တို့၏ ပူးပေါင်းမှုက အောင်မြင်ခဲ့ပေပြီ။

အဆိပ်ဝိညာဉ်သည် သူက ကောင်းကင်ဘုရင်ယိုကို သတ်နိုင်ရန် မဆိုထားနှင့် ဒဏ်ရာရသွားအောင်ပင် လုပ်နိုင်မည် မဟုတ်ကြောင်း ကောင်းစွာသိပေသည်။ ထို့ကြောင့် သူ အကောင်းဆုံးလမ်းကို ‌ရွေးချယ်လိုက်သည်။ ကောင်းကင်ဘုရင်ယိုက မကောင်းသောအရှိန်အဝါ၏ လွှမ်းမိုးမှုအောက်၌ ရှိနေချိန်တွင် သူသည် ကောင်းကင်ဘုရင်ယို၏လက်ချောင်းကို ဖြတ်၍ သိုလှောင်လက်စွပ်ကို ယူလိုက်လေသည်။

“အဲ့ဒါက... မယုံနိုင်စရာပဲ”

ချီချင်ချန်သည် အသေးစိတ်ကို မသိထားသော်လည်း အလွန်ဉာဏ်ကောင်းသူတစ်ယောက်ဖြစ်၍ အရာများစွာကို ချက်ချင်း ခန့်မှန်းနိုင်လိုက်သည်။ သူမ အံ့ဩတကြီးဖြင့် ကျန်းရီကို ကြည့်လိုက်သည်။

ကျန်းရီတစ်ယောက်နှင့် အဆိပ်ဝိညာဉ်တစ်ယောက်က အကောင်းဆုံးကြိုးစားရင်း အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို အလစ်တိုက်ခိုက်နိုင်လိုက်သည်လော။ ယခုတွင် သူတို့က အသာစီးပင်ရကာ အခြေအနေကို ပြောင်းလဲနိုင်လိုက်သေးပေသည်။

All Chapters