အသက်အရွယ်ရလာသည်နှင့် အတွေ့အကြုံလည်းများလာသည်
Vol. 109 Ch. 1522
နေရာတစ်ခုလုံး ငြိမ်သက်သွား၏။
အဆိပ်ဝိညာဉ်သည် တစ်လက်မမှပင် မလှုပ်ဝံ့ပေ။ ကောင်းကင်ဘုရင်ယိုက သူ့ကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည် မဟုတ်ပါလား။ သူ ခြေလှမ်းမှားလျှင် အသတ်ခံလိုက်ရမည်ကို အဆိပ်ဝိညာဉ် စိုးရိမ်ပေသည်။ ကောင်းကင်ဘုရင်ယိုကလည်း မလှုပ်ပေ။ သူသည် အဆိပ်ဝိညာဉ်ကို လှံဖြင့် ချိန်ထားသည်။ နဂါးနက်ကြီးက လှံကို လှည့်ပတ်နေပြီး အချိန်မရွေး အဆိပ်ဝိညာဉ်ထံ ပျံဝင်သွားကာ အမှုန့်လုပ်ပစ်ရန် အသင့်ဖြစ်နေသည်။
ကျန်းရီနှင့် ချီချင်ချန်တို့သည်လည်း အသက်ပင်မရှူဝံ့ဘဲ ကောင်းကင်ဘုရင်ယိုကြည့်ကာ သူထံတွင် အဆိပ်ဝိညာဉ် လက်စွပ်ကို မဖျက်ဆီးနိုင်ခင် အဆိပ်ဝိညာဉ်ကို သတ်ဖြတ်နိုင်မည့် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခု ရှိသလောဟု တွေးတောနေကြသည်။
ဝှစ်...ဝှစ်...ဝှစ်...
ပတ်ပတ်လည်မှ ကျန့်ရှမျိုးနွယ်ဝင်များက ကောင်းကင်ဘုရင်ယိုထံ ဆက်ပျံသန်းလာကြသည်။ ဆူးချွန်များက ကောင်းကင်ဘုရင်ယိုကို ထိမှန်သွားတော့ပေမည်။ လွင့်ပျံထွက်သွားသော ကျန့်ရှဘုရင်ကလည်း အရှေ့သို့ ပြန်ပျံသန်းလာသည်။ ထိုအခိုက်တွင် ကောင်းကင်ဘုရင်ယို ပြောလိုက်၏။
‘ကျန်းရီ... ကျန့်ရှမျိုးနွယ်ဝင်တွေကို ရပ်ခိုင်းလိုက်”
ကောင်းကင်ဘုရင်ယို၏ လေသံက တည်ငြိမ်နေသည်။ ကျန်းရီသည်လည်း အခြေအနေများက သူ့ထိန်းချုပ်မှုအောက်မှ ထွက်သွားမည်ကို စိုးရိမ်သဖြင့် မီးနဂါးဓားကို ဝှေ့ယမ်းကာ အသံတစ်သံ ထုတ်လွှတ်လိုက်သည်။ ကျန့်ရှမျိုးနွယ်ဝင်အားလုံး ချက်ချင်း ရပ်တန့်သွား၏။ ထိုအခါမှ အဆိပ်ဝိညာဉ် ကောင်းကင်ဘုရင်ယိုကို မျက်ခြည်မပြတ်ကြည့်ကာ နောက်ပြန် ပြန်ဆုတ်သွားလိုက်သည်။ ကောင်းကင်ဘုရင်ယိုသာ ရုတ်တရက် လှုပ်ရှားလိုက်မည်ဆိုလျှင် သူက လက်စွပ်ကို သေချာပေါက် ဖျက်ဆီးပစ်မည်ဖြစ်သည်။
ကောင်းကင်ဘုရင်ယိုသည် မည်သို့မှ မလှုပ်ရှားဘဲ အဆိပ်ဝိညာဉ် ပြန်ဆုတ်သွားသည်ကို ကြည့်၍သာနေလိုက်၏။ ကျန်းရီသည် ကျန့်ရှမျိုးနွယ်ဝင်များကို ထိန်းချုပ်၍ အဆိပ်ဝိညာဉ်ကို ဝန်းရံစေလိုက်သည်။ အဆိပ်ဝိညာဉ်က ပေထောင်ကျော် ပြန်ဆုတ်လာပြီးမှ ကျန်းရီ အသက်ရှူနိုင်တော့သည်။
လက်ရှိအခြေအနေအရ သူတို့ဘက်က အသာစီးရနေပေသည်။
ကောင်းကင်ဘုရင်ယို၏ အရှိန်အဝါက အားနည်းလာ၏။ သူ လှံကို ပြန်သိမ်းလိုက်ပြီး စိတ်ပျက်သောမျက်နှာထားဖြင့် သက်ပြင်းချကာ ပြောလိုက်သည်။
“အရမ်းကောင်းတယ်.. အဆိပ်ဝိညာဉ်နဲ့ ကျန်းရီ.. မင်းတို့နှစ်ယောက်က အထင်ကြီးလောက်အောင် လုပ်ဆောင်နိုင်ခဲ့တာပဲ။ ငါ အရှုံးပေးပါတယ်။ မင်း တောင်းဆိုချင်တာကို ပြောပါ ကျန်းရီ”
“ရီ...ရီ...ရီ...ရီ...”
ကောင်းကင်ဘုရင်၏ လေသံက အလွန်ဖျော့တော့နေခဲ့သဖြင့် ကျန်းရီတို့သုံးယောက်သည် သူက အမှန်ပင် အရှုံးပေးကာ ညှိနှိုင်းလိုနေခြင်းဟု ထင်မိသွား၏။ သို့သော် သူ၏ နောက်ဆုံးစကားလုံးက သူတို့သုံးယောက်၏ ခေါင်းထဲတွင် မိုးချုန်းသံကဲ့သို့ ပဲ့တင်ထပ်သွားသည်။ ထိုအခါ သူတို့၏ စိတ်ဝိညာဉ်ထဲမှနေ၍ စူးရှသောနာကျင်မှု ထွက်ပေါ်လာလေသည်။ သူတို့၏စိတ်ဝိညာဉ်များက ဖျက်ဆီးခံရတော့မလိုပင်။
“မကောင်းတော့ဘူး...”
ချီချင်ချန် မျက်နှာပျက်သွားပြီး ဓားပျော့ကို ဝှေ့ယမ်းကာ မရေမတွက်နိုင်သော ဓားရိပ်များ ဖန်တီးလိုက်၏။ ဓားထိပ်တွင် လေများစုစည်းလာပြီး သူမ ဓားကို အရှေ့သို့ ဒေါသတကြီး ထိုးလိုက်ပေသည်။
ထန်း...ထန်း...
သတ္တုချင်းထိတွေ့သံ ထွက်ပေါ်လာကာ ချီချင်ချန်၏ ဓားပျော့ လွင့်ထွက်သွား၏။ သူမလည်း သွေးအန်သွားပြီး အနောက်သို့ လွင့်ပျံသွားသည်။ ကျန်းရီ မတုံ့ပြန်နိုင်သေးခင်မှာပင် လှံတစ်ချောင်းက အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ ရှေ့ထွက်လာကာ သူ့လည်ပင်းပေါ် တင်သွားလေသည်။
“အရှင်ငယ်...”
အဆိပ်ဝိညာဉ်သည် အရာအားလုံး ဖြစ်ပျက်ပြီးသွားမှ တုံ့ပြန်နိုင်လိုက်၏။ ထို့နောက် သူ ဒေါသတကြီး အော်ပြောလိုက်သည်။
“ခွေးအိုကြီး... ခင်ဗျား အရှင်ငယ်ကို သတ်ရဲရင် ခင်ဗျားရဲ့မြေးလည်း ကျုပ်တို့နဲ့အတူ သေရမှာပဲ”
“ဖူး...”
ကျန်းရီ၏ ပါးစပ်ထဲမှနေ၍ သွေးများ ရေကဲ့သို့ ထွက်ကျလာ၏။ လှံက သူ့လည်ပင်းကို ဖောက်မသွားပေ။ သို့သော် ကောင်းကင်ဘုရင်ယို၏ အရှိန်အဝါတိုက်ခိုက်မှုကြောင့် သူ ပြင်းထန်စွာ တုန်ခါနေသည်။ ကျန်းရီ မဆင်မခြင် မလှုပ်ရှားဝံ့ပေ။ သူ တုန်တုန်ယင်ယင်ဖြင့် သွေးထပ်အန်လိုက်၏။ ထို့နောက် သူနှင့်မီတာအနည်းငယ်အကွာတွင် ရှိနေသော ကောင်းကင်ဘုရင်ယိုကို ကြည့်ကာ ခါးသက်သက်ပြုံး၍ ပြောလိုက်လေသည်။
“တကယ်ပဲ... အသက်အရွယ်ရလာရင် အတွေ့အကြုံလည်း ပိုများလာတာပဲ”
အစောတွင် ကျန်းရီသည် အဆိပ်ဝိညာဉ် အောင်အောင်မြင်မြင် အလစ်တိုက်ခိုက်နိုင်ရန် အစီအစဉ်တစ်ခု ဆွဲနိုင်ခဲ့သည်။ သို့သော် ယခုတွင် ကောင်းကင်ဘုရင်ယိုက သူ့ကို ဓားစာခံလုပ်ထားပြီဖြစ်ရာ သူတို့နှစ်ယောက်က အခြေတူသွားပေပြီ။
ကောင်းကင်ဘုရင်ယိုက မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ခဲ့သူဖြစ်ရာ တုံးအသူမဟုတ်ကြောင်း ထင်ရှားသည်။ သူသည် အဆိပ်ဝိညာဉ်ကို မတိုက်ခိုက်ဘဲ အဆိပ်ဝိညာဉ်၏သခင်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သူ ကျန်းရီကိုသာ ဓားစာခံလုပ်ထားနိုင်လျှင် အဆိပ်ဝိညာဉ်က မည်သို့မှ လုပ်ဝံ့လိမ့်မည် မဟုတ်ချေ။ ယခု နှစ်ဘက်စလုံးတွင် နိုင်ဖဲရှိနေပေပြီ။ အနည်းဆုံးတော့ ကျန်းရီသည် အခြေအနေကို ဆက်ထိန်းမချုပ်နိုင်တော့ပေ။
ကောင်းကင်ဘုရင်ယိုသည် ကျန်းရီနှင့် အပိုစကားများပြောကာ လေဖြုန်းမနေလိုပေ။ သူ ကျန်းရီကို အေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“ငါတို့ စကားနဲ့ရှင်းမှာလား၊ တိုက်ခိုက်မှာလား... မင်းရွေး...”
ကျန်းရီ နှုတ်ဆိတ်သွား၏။ နှစ်ဘက်စလုံးတွင် နိုင်ဖဲရှိနေပြီဖြစ်ရာ ယခု မည်သို့ ဆက်ဖြစ်လာမည်က ဆွေးနွေးမှုအပေါ်တွင်သာ မူတည်တော့သည်။ သို့သော် လဲပြိုပြီးသူက လဲကျမည်ကို ထပ်စိုးရိမ်စရာ မလိုတော့ပေ။ ထို့ကြောင့် ကျန်းရီ ပို၍ယုံကြည်မှုရှိလာသည်။ သူ ကောင်းကင်ဘုရင်ယိုနှင့် ချက်ချင်း မညှိနှိုင်းလိုက်ဘဲ မျက်လုံးမှိတ်ကာ စတင်အားဖြည့်လိုက်သည်။
“အာ...”
မလှမ်းမကမ်းမှ ချီချင်ချန်နှင့် ကောင်းကင်ဘုရင်ယိုတို့နှစ်ယောက်စလုံး အံ့ဩသွားကြသည်။ ဤကဲ့သို့သော အခြေအနေတွင် ကျန်းရီက အားပြန်ဖြည့်နိုင်နေသေးသည်လော။ သူက သေရမည်ကို မကြောက်သည်လော။ သို့မဟုတ် သူ၏စိတ်က သူတော်စင်တစ်ယောက်ထက်ပင် ပိုတည်ငြိမ်နေသည်လော။
မျှခြေတွင် မိမိဘက်မှ စလှုပ်ရှား၍ မဖြစ်ပေ။
ကောင်းကင်ဘုရင်ယိုက အရူးမဟုတ်ချေ။ သူ ကျန်းရီ၏လည်ပင်းကို လှံဖြင့် ဆက်ထောက်မထားတော့ပေ။ ကောင်းကင်ဘုရင်ယိုကလည်း ခေသူမဟုတ်သဖြင့် စိတ်တည်ငြိမ်သည်။ ညှိနှိုင်းရာတွင် အားနည်ပုံပေါ်သည့်ဘက်က ရှုံးမည်ဖြစ်ကြောင်းကို သူနားလည်သည်။
သို့ဖြင့် ကျန်းရီရော ကောင်းကင်ဘုရင်ယိုပါ မလှုပ်ရှားကြချေ။ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့လည်း ငြိမ်နေကြသည်။ ပတ်ပတ်လည်မှ သန်းဆယ်ချီသော ကျန့်ရှမျိုးနွယ်ဝင်များကလည်း ကျန်းရီ၏အမိန့်ကို နာခံကာ မလှုပ်မယှက်ရှိနေကြသည်။ ထိုမြင်ကွင်းက အတော်လေး ထူးဆန်းကာ ရှင်းပြ၍ မရနိုင်ပေ။
ငါးမိနစ်၊ ဆယ်မိနစ်... တစ်နာရီ...
ကျန်းရီနှင့် ကောင်းကင်ဘုရင်ယိုတို့ ဆက်စောင့်နေကြ၏။ သို့သော် ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ စိတ်လှုပ်ရှားလာကြသည်။ အဆိပ်ဝိညာဉ်သည် အပြင်းအထန်ဒဏ်ရာရထားစဉ်တွင် နတ်ဘုရားဝိညာဉ်ထိုးချက်ကို အတင်းထုတ်သုံးခဲ့သဖြင့် ကိုယ်တွင်းအင်္ဂါများ အတော်လေးထိခိုက်သွားခဲ့သည်။ ထိုအခိုက်တွင် သူ ဒဏ်ရာမကုသနိုင်သေးဘဲ ကျန်းရီကို အာရုံစိုက်ထားသည်။ ကောင်းကင်ဘုရင်ယိုက အလစ်တိုက်ခိုက်လိုက်မည်ကို သူ စိုးရိမ်သည်။ သို့ဖြင့် သူ အဆက်မပြတ် အာရုံစိုက်ထားရရာ ပို၍ပင်ပန်းလာလေတော့သည်။
ချီချင်ချန်ကလည်း မထူးမခြားနားပင်။ သူမက အတန်ငယ် ပြန်သက်သာလာပြီဖြစ်သော်လည်း ကောင်းကင်ဘုရင်ယို၏ တိုက်ခိုက်မှုကို ခံလိုက်ရပြန်သဖြင့် အရိုးများစွာ ကျိုးသွားခဲ့သည်။ သို့သော် သူမသည် မျက်တောင်ပင်မခတ်ဘဲ ကျန်းရီနှင့် ကောင်းကင်ဘုရင်ယိုတို့ကို စိုက်ကြည့်နေပေသည်။ ဤသရေအခြေအနေက မည်မျှခံမည်ကို သူမမသိပေ။
ဝှစ်...ဝှစ်...
ငါးမိနစ် ထပ်ကြာပြီးနောက် အဝေးမှနေ၍ လေခွင်းသံသဲ့သဲ့ ထွက်ပေါ်လာ၏။ ကောင်းကင်ဘုရင်ယို၏ မျက်ဝန်းများက အေးစက်စက်အလင်းဖြင့် တောက်ပသွားသည်။ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်လိုက်ကြ၏။ သူမတို့နှစ်ယောက် မျက်နှာပျက်သွားကြသည်။ စွမ်းအားကြီး သိုင်းသမားသုံးယောက်က ဤဘက်သို့ လာနေကြသည်။ သူတို့သုံးယောက်လုံးက အုပ်ချုပ်သူအဆင့် သိုင်းသမားများပင်။
“အာ... ခမည်းတော် ရောက်လာပြီ”
ချီချင်ချန်သည် ရင်းနှီးသော အရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်၍ မျက်ဝန်းများ နီရဲလာ၏။ လူတစ်ယောက်သည် မည်မျှ သန်မာပါစေ အနိုင်ကျင့်ခံနေရချိန်၌ ဖခင်ရောက်လာသည်ကို မြင်လိုက်ရလျှင် အလွန်စိတ်သက်သာရာရသွားမည်သာ။ သူမသည်လည်း သူမ၏ခမည်းတော်က သူမဘက်မှ ရပ်တည်ပါစေဟု မျှော်လင့်လိုက်ပေသည်။
“အန်...”
နောက်ဆုံးတွင် ကျန်းရီ မျက်လုံးဖွင့်လိုက်၏။ သူ့ရင်ထဲမှ အလုံးကြီး ကျသွားပြီဟု သူ ခံစားလိုက်ရသည်။ အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာ ရောက်လာပြီဖြစ်၍ မိစ္ဆာချေဖျက်စစ်တပ်၏ အခြားခေါင်းဆောင်နှစ်ယောက်လည်း ပါလာလောက်ပေသည်။ အနည်းဆုံး ခေါင်းဆောင်တစ်ယောက်တော့ ပါလာပေလိမ့်မည်။
ဝှစ်...
လူသုံးယောက်က ကောင်းကင်ကို ဖြတ်၍ ပျံသန်းလာသည်။ အစောတွင် သူတို့က ကီလိုမီတာ သိန်းချီအကွာတွင် ရှိနေခဲ့သော်လည်း ယခုတွင် ဝန်းရံထားသော ကျန့်ရှမျိုးနွယ်ဝင်များ၏ အပြင်သို့ ရောက်လာပေပြီ။ သို့သော် တွေ့လိုက်ရသော အခြေအနေက သူတို့ကို နားမလည်နိုင်ဖြစ်သွားစေသည်။
“ယိုအဘိုကြီး... ခင်ဗျား ဘာလုပ်နေတာလဲ”
နားမလည်နိုင်သော အသံတစ်သံ ထွက်ပေါ်လာသည်။ ခံညားသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် ကောင်းကင်စိတ်အာရုံဖြင့် ချီချင်ချန်ကို အာရုံခံကာ ပြောလိုက်၏။
“ချင်ချန်... ဘာဖြစ်ခဲ့တာလဲ။ ဘယ်သူက သမီးကို သတ်ချင်နေလို့ သမီးရဲ့ ကျောက်စိမ်းအဆောင်ကို ချိုးလိုက်တာလဲ။ ပြီးတော့ ဒီကျန့်ရှမျိုးနွယ်ဝင်တွေက...”
ကောင်းကင်ဘုရင်ယို၏ မျက်လုံးများက ဒေါသဖြင့် တလက်လက် တောက်နေသည်။ ရောက်လာသူများက အခြားခေါင်းဆောင်နှစ်ယောက်တည်းသာဆိုလျှင် အဆင်ပြေနိုင်သေးသည်။ သို့သော် ဆောင်းဥတုအရှင်လည်း ပါလာပေသည်။ ယခုတွင် သူ မည်သို့လုပ်ရမည်ကို မသိတော့သဖြင့် ဦးအောင် ပြောလိုက်လေသည်။
“ဘာမှ မဟုတ်ပါဘူး... အဲ့ကောင်စုတ်က အတင့်ရဲလွန်းနေတာ။ သူက မိစ္ဆာအတတ်တွေနဲ့ ကျန့်ရှမျိုးနွယ်ဝင်တွေကို ထိန်းချုပ်ပြီး ထျန်းနီနဲ့ ပိုင်မျိုးနွယ်၊ ချိုးမျိုးနွယ်က ကလေးတွေကို သတ်ချင်နေတာ။ ကျုပ်ရောက်လာတာသာ တစ်မိနစ်လောက် နောက်ကျသွားရင် သူတို့အကုန်လုံး သေသွားလောက်ပြီ...”
အားလုံး ပို၍ပင် ခေါင်းရှုပ်သွားကြသည်။ ကျန်းရီက ယိုထျန်းနီ၊ ပိုင်တိထျန်း၊ ချိုးရန်နှင့် အခြားသခင်လေးများကို သတ်လိုခဲ့သည်လော။ ကောင်းကင်ဘုရင်ယိုက ဤသို့ရောက်နေပြီဖြစ်ရာ အဘယ်ကြောင့် သူ ကျန်းရီကို ချက်ချင်း သတ်မပစ်ရသနည်း။ ရောက်လာသူသုံးယောက်သည် ကောင်းကင်စိတ်အာရုံများနှင့် အာရုံခံလိုက်ပြီးနောက် အကြောင်းကို သိသွားသည်။
ကောင်းကင်ဘုရင်ယို၏ လက်ချောင်းတစ်ချောင်းက ပြတ်နေပြီး အဆိပ်ဝိညာဉ်၏ လက်ထဲတွင် ကောင်းကင်ဘုရင်ယို၏ လက်စွပ် ရှိနေပေသည်။
“အာ...”
အုပ်ချုပ်သူအဆင့် သိုင်းသမားသုံးယောက် အံ့ဩသွားကြသည်။ မိစ္ဆာချေဖျက်စစ်တပ်၏ ခေါင်းဆောင်တစ်ယောက်က ပမွှားသိုင်းသမားနှစ်ယောက်ကြောင့် ထိခိုက်သွားခဲ့သည်လော။ ထို့ပြင် ထိုသိုင်းသမားနှစ်ယောက်က သူ၏မြေးနှင့် အခြားသခင်လေးများကို ဓားစာခံလုပ်ထားပြီး ယခုကဲ့သို့ သရေအခြေအနေ ဖြစ်စေခဲ့သည်လော။ ဤသတင်းသာ ပျံ့နှံ့သွားပါက အထက်ဘုံတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပေလိမ့်မည်။