← Chapters

ကြားနာမှု

Vol. 109 Ch. 1523

ကြားနာမှု

Vol. 109 Ch. 1523

“ဟားဟားဟား...”

ကျန်းရီ ရုတ်တရက် ကျယ်လောင်စွာ ရယ်လိုက်၏။ သူသည် လက်တစ်ဘက်ဖြင့် လှံကို ဆတ်ခနဲလှမ်းကိုင်လိုက်ပြီး သူ့လည်ပင်းတွင် ကပ်လိုက်သည်။ ထို့နောက် ကောင်းကင်ဘုရင်ယိုကိုကြည့်ကာ သူ့အသံထဲတွင် ကောင်းကင်စွမ်းအားထည့်၍ အော်ပြောလိုက်လေသည်။

“အဆိပ်ဝိညာဉ် မှတ်ထားပါ။ တစ်ခုခု ဖြစ်လာရင် ဘာကိုမှ ဂရုမစိုက်ဘဲ အဲ့သိုလှောင်လက်စွပ်ကို ဖျက်ဆီးပစ်လိုက်ပါ။ အဲ့မျိုးမစစ်တွေကို ကျွန်တော်နဲ့အတူ လိုက်သေစေချင်တယ်။ ဘယ်သူကမှ အကျိုးသင့်အကြောင်းသင့် မရှိမှတော့ ကျွန်တော်တို့ သူတို့နဲ့ ဆက်ပြောနေစရာမလိုတော့ဘူး”

“ကျန်းရီ... မလုပ်နဲ့။ ကျွန်မရဲ့ ခမည်းတော် ရောက်လာပြီ”

ချီချင်ချန်က ခပ်သွက်သွက် အော်ပြောလိုက်သည်။

“ကောင်းကင်ဘုရင်ဝူနဲ့ ကောင်းကင်ဘုရင်လုံတို့ကလည်း အကျိုးအကြောင်း မကြည့်တဲ့သူတွေ မဟုတ်ပါဘူး။ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ ခေါင်းဆောင်သုံးယောက်က ဖြောင့်မတ်မှုကြောင့် ကျော်ကြားတာပါ။ အလျင်စလို မလုပ်ပါနဲ့”

ဆောင်းဥတုအရှင်သည် မည်သည့်ကိစ္စများ ဖြစ်ခဲ့ကြောင်းကို မသိပေ။ သို့သော် ချီချင်ချန်က ပြောလိုက်ပြီဖြစ်၍ သူလည်း ဝင်ပြောလိုက်သည်။

“ကျန်းရီ... စိတ်ငြိမ်ငြိမ်ထားပါ။ မင်း ဘာအမှားမှ မလုပ်ထားရင် ကိစ္စတွေကို ရှင်းပြလို့ရပါတယ်။ မင်း အလျင်စလို လုပ်လိုက်ရင်တော့ ဘယ်သူမှ မင်းကို ကယ်နိုင်တော့မှာ မဟုတ်ဘူး”

ချီချင်ချန်နှင့် ဆောင်းဥတုအရှင်တို့က အတိုင်းအဖောက်ညီညီ ပြောနေသဖြင့် ကောင်းကင်ဘုရင်ယို၏ မျက်နှာထား ရုတ်ခြည်း မည်းမှောင်သွားသည်။ သို့သော် သူ မည်သို့မှ ပြော၍မရသဖြင့် ကျန်းရီကိုသာ လှံဖြင့် ဆက်ချိန်ထားလိုက်သည်။ ကျန်းရီသည်လည်း မည်သို့မှ ဆက်မပြောတော့ဘဲ ကောင်းကင်ဘုရင်ယိုကိုသာ အေးစက်စက် ဆက်ကြည့်နေသည်။ ထိုမြင်ကွင်းမှာ ခြင်္သေ့ပေါက်တစ်ကောင်က ကျားဘုရင်ကို စိန်ခေါ်နေသည့် မြင်ကွင်းကဲ့သို့ပင်။

ဆောင်းဥတုအရှင်ဘေးတွင် ယောက်ျားနှစ်ယောက်ရှိသည်။ တစ်ယောက်က အသက်လတ်ပိုင်းအရွယ်ဖြစ်ပြီး မျက်နှာပေါ်တွင် နက်ရှိုင်းသော အမာရွတ်တစ်ခု ရှိ၏။ သူသည် ပို၍ကြောက်မက်ဖွယ်ကောင်းသည့်ပုံစံ ပေါ်ရန် ထိုအမာရွတ်ကို တမင်ထားထားခြင်း ဖြစ်မည်။ ကျန်တစ်ယောက်မှာမူ အဘိုးအိုတစ်ယောက်ဖြစ်ပြီး ရှေးရိုးဆန်သည့်ပုံပေါ်သည်။ သူ၏ ဆံပင်၊ မျက်ခုံးများနှင့် မုတ်ဆိတ်မွေးတို့ အားလုံးက အဖြူရောင်ဖြစ်နေပေပြီ။ သူက အတန်ငယ်လည်း ခါးကိုင်းနေသည်။

ရှေးရိုးဆန်ပုံပေါ်သည့် အဘိုးအိုမှာ ကောင်းကင်ဘုရင်ဝူဖြစ်သည်။ သူသည် အကြိမ်အနည်းငယ် လှမ်းကြည့်ပြီးနောက် မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ယိုဖုန်း... ခင်ဗျားရဲ့ လက်နက်ကို သိမ်းလိုက်ပါ။ ကျန်းရီ... မင်းက ဘယ်သူတွေကို အကျိုးအကြောင်း မကြည့်ဘူးလို့ ပြောတာလဲ။ ကျန့်ရှမျိုးနွယ်ဝင်တွေကို ဘေးဖယ်ခိုင်းလိုက်၊ ပြီးရင် ငါ့ကို သိုလှောင်လက်စွပ် လွှဲပေး။ ငါ ဒီကိစ္စကို လူထုရှေ့မှာ ကြားနားမယ်”

ချီချင်ချန် အသံလှမ်းပို့လွှတ်လိုက်၏။

“ကျန်းရီ... ကောင်းကင်ဘုရင်ဝူက နံပါတ်တစ်ခေါင်းဆောင်ပဲ။ ကောင်းကင်ဘုရင်ယိုနဲ့ ကောင်းကင်ဘုရင်လုံ နှစ်ယောက်စလုံးက သူ့ကို နာခံရတယ်”

ကောင်းကင်ဘုရင်ယိုသည် လှံကို ရုတ်ကာ အနောက်သို့ ပေတစ်ရာဆုတ်လိုက်၏။ ကျန်းရီ၏ မီးနဂါးဓားလည်း လင်းလက်သွားကာ ကျန့်ရှမျိုးနွယ်ဝင်များ လမ်းတစ်လမ်း ဖွင့်ပေးလိုက်သည်။ ထို့နောက် ကျန်းရီ ပြောလိုက်လေသည်။

“ကောင်းကင်ဘုရင်ယို... ခင်ဗျား အရှေ့က သွားပါ။ ခင်ဗျား အလစ်တိုက်ခိုက်ပြီး ကျွန်တော့်ကို သတ်မှာကို ကျွန်တော်စိုးရိမ်တယ်”

“ငါ့ဆီ သိုလှောင်လက်စွပ် ပစ်ပေးလိုက်။ အဲ့ဒါဆို ငါ သွားမယ်”

ကောင်းကင်ဘုရင်ယိုသည် မလှုပ်ဘဲ အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

ကျန်းရီလည်း ခနဲ့တဲ့တဲ့ပြုံး၍ ပြန်ပြော၏။

“ခင်ဗျားက စွမ်းအားကြီးတဲ့ ကောင်းကင်ဘုရင်ယိုပဲ... ခင်ဗျားမှာ သတ္တိအဲ့လောက်ပဲ ရှိတာလား။ ခင်ဗျားရော ခင်ဗျားအဖော်နှစ်ယောက်စလုံးက အုပ်ချုပ်သူအဆင့်တွေ... ကျွန်တော်တို့သာ လက်စွပ်ကို ဖျက်ဆီးလိုက်မယ်ဆိုရင် လွတ်နိုင်ပါဦးမလား”

“ယိုဖုန်း... လာခဲ့”

ကောင်းကင်ဘုရင်ဝူက ခက်ထန်သောလေသံဖြင့် ပြောလိုက်သည်။ ယခုတွင် ကောင်းကင်ဘုရင်ယိုက သူ့ကိုယ်သူ အရှက်ခွဲနေရုံသာမက ကျန်ခေါင်းဆောင်နှစ်ယောက်ကိုပါ သိက္ခာကျနေစေပေသည်။ သူက လူငယ်လေးတစ်ယောက်နှင့် ဖက်ပြိုင်ကပ်တွက်နေကြောင်း အခြားသူများ သိသွားလျှင် မည်သို့ ပြောကြမည်နည်း။

ကောင်းကင်ဘုရင်ယိုသည် ကျန်းရီကို စူးစူးဝါးဝါးကြည့်ကာ ကျန့်ရှမျိုးနွယ်ဝင်များ ဖွင့်ပေးထားသော လမ်းကြောင်းအတိုင်း ထွက်သွားကာ ကောင်းကင်ဘုရင်ဝူနောက်တွင် ရပ်လိုက်သည်။ ထိုအခါ အဆိပ်ဝိညာဉ်နှင့် ချီချင်ချန်တို့ ကျန်းရီအနားသို့ သွားလိုက်ကြသည်။ သူမရှိနေလျှင် ကျန်းရီ၏ ရှင်သန်နိုင်ခြေက ပိုမြင့်လိမ့်မည်ဖြစ်ကြောင်း ချီချင်ချန် သိပေသည်။

“ကျန့်ရှမျိုးနွယ်ဝင်တွေကို နောက်ဆုတ်ခိုင်းလိုက်ပြီး သိုလှောင်လက်စွပ်ကို ပစ်ပေးလိုက်ပါ”

ကောင်းကင်ဘုရင်ဝူက ထပ်၍ အမိန့်ပေးလိုက်၏။ သို့သော် ကျန်းရီ အတန်ငယ် ချီတုံချတုံ ဖြစ်နေသည်။ သူသာ သိုလှောင်လက်စွပ်ကို ပေးလိုက်လျှင် သူ့ဘက်တွင် သာကွက် ရှိတော့မည် မဟုတ်ပေ။ သူက အုပ်သူချုပ်အသူအဆင့် ခေါင်းဆောင်များ၏ သနားညှာတာမှုကိုသာ မျှော်လင့်ရတော့မည်ဖြစ်သည်။ အကယ်၍ အခြားကောင်းကင်ဘုရင်နှစ်ယောက်က ကောင်းကင်ဘုရင်ယိုကဲ့သို့ အကျိုးအကြောင်း မကြည့်သူများ ဖြစ်နေလျှင် သူနှင့် အဆိပ်ဝိညာဉ်တို့ သေချာပေါက် သေရပေလိမ့်မည်။ ထို့ပြင် သူ သိုလှောင်လက်စွပ်ကို ပေးလိုက်လျှင် ကောင်းကင်ဘုရင်ယိုက အရာအားလုံးကို ရင်း၍ တိုက်ခိုက်လောက်သည်။ အခြား အုပ်ချုပ်သူအဆင့် သိုင်းသမားသုံးယောက်က ကောင်းကင်ဘုရင်ယိုကို အချိန်မီ တားလိုက်နိုင်ကြမည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းရီ တွေးတောကာ မေးလိုက်သည်။

“ခင်ဗျား တရားမျှတပါမယ်လို့ ကတိပေးနိုင်လား။ ကျွန်တော် လက်စွပ်ကို ပေးလိုက်ပြီးမှ ချက်ချင်း အသတ်ခံလိုက်ရမယ်ဆို ဘယ်လိုလုပ်မလဲ။ ကျွန်တော်က အရူးမဟုတ်ဘူး...”

ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့၏ မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာ၏။ ကောင်းကင်ဘုရင်လုံ အော်ပြောလိုက်သည်။

“အတင့်ရဲလိုက်တာ... မင်း စကားပြောနေတာ ဘယ်သူလဲဆိုတာကို သိလား။ ခေါင်းဆောင်ဝူက အထက်ဘုံတစ်ခွင်လုံးမှာ တရားမျှတ၊ ဖြောင့်မတ်တဲ့သူဆိုပြီး ကျော်ကြားတယ်။ သူက စကားဖျက်မှာ မဟုတ်ဘူး။ မင်းက သူ့ကို မေးခွန်းထုတ်ရဲတယ်ပေါ့လေ။ မင်းရဲ့ အထက်လူကြီးတွေကို မနာခံတတ်ပုံနဲ့တင် မင်းကို မိစ္ဆာချေဖျက်စစ်တပ်ရဲ့ စည်းမျဉ်းတွေအရ သေဒဏ်ပေးလို့ရနေပြီ”

“ဟားဟားဟား...”

ကျန်းရီသည် လောကထဲမှ အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ တဟားဟား ရယ်လိုက်၏။ ထို့နောက် သူ ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

“အဲ့လိုဆိုမှတော့ ဘာတွေ ထပ်ပြောနေစရာရှိသေးလဲ။ အထက်လူကြီးကို မနာခံတာတဲ့လား။ မနာခံတာမပြောနဲ့ အစောကသာ အခွင့်အရေးရခဲ့မယ်ဆိုရင် ကျွန်တော် ကောင်းကင်ဘုရင်ယိုကို သတ်ပစ်လိုက်ပြီ။ ကျွန်တော် သူ့ကို မသတ်နိုင်ခဲ့ပေမဲ့ လက်ချောင်းတစ်ချောင်း ပြတ်သွားအောင်တော့ လုပ်နိုင်ခဲ့တာပဲ။ မိစ္ဆာချေဖျက်စစ်တပ်ရဲ့ စည်းမျဉ်းအရဆို ကျွန်တော်တို့ အပိုင်းပိုင်း ဖြတ်ခံရမှာမလား...”

“အဲ့တော့ ဘာတွေ ထပ်ပြောနေရဦးမှာလဲ။ တရားမျှတပြီး ဖြောင့်မတ်တာလား... အစောက ကောင်းကင်ဘုရင်ယိုကလည်း ‘တရားမျှတပြီး ဖြောင့်မတ်’ခဲ့ပါတယ်။ သူက ဘာမှ မစစ်ဆေးမမေးမြန်ဘဲ ကျွန်တော်တို့ကို သတ်ဖို့အကြံနဲ့ ဒီကို ရောက်လာခဲ့တာ။ ခင်ဗျားတို့လည်း ဒီပုတ်ထဲကဒီပဲပါပဲ”

“အတင့်ရဲလိုက်တာ...”

ကောင်းကင်ဘုရင်လုံက စိတ်ဆတ်သူဖြစ်သဖြင့် သူ၏သတ်ဖြတ်အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ဘုရင်ယို၏ လက်များလည်း အတန်ငယ် တုန်ယင်သွားသည်။ သူက သူ့ကိုယ်သူ စိတ်ငြိမ်ငြိမ်ထားဖို့ ဖိအားပေးနေခြင်းဖြစ်မည်။ သူတို့က အဆင့်အတန်းမြင့်သော ခေါင်းဆောင်များဖြစ်သဖြင့် ထိုကဲ့သို့သော စော်ကားမှုကို တစ်ခါမှ မခံခဲ့ဖူးချေ။

ကောင်းကင်ဘုရင်ဝူ၏ မျက်နှာထားကတော့ တည်ငြိမ်နေသည်။ ထိုတစ်ချိန်လုံး ဆောင်းဥတုအရှင်နှင့် ချီချင်ချန်တို့က အပြန်အလှန် အသံပို့လွှတ်နေခဲ့ကြသည်။ ထို့ကြောင့် မည်သူမှ မပြောနိုင်သေးခင်မှာပင် ဆောင်းဥတုအရှင်က မည်းမှောင်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

“ကောင်းကင်ဘုရင်ဝူ၊ ကောင်းကင်ဘုရင်လုံ၊ ကောင်းကင်ဘုရင်ယို... ဒီကိစ္စက အပေါ်ယံမြင်ရသလို မရိုးရှင်းပါဘူး။ ကြားနာမှု မလုပ်ရင် ဘုံတစ်သောင်းက ကျေနပ်မှာ မဟုတ်လောက်ပါဘူး။ အဲ့လိုဆို ဘယ်ဘုံကမှ မိစ္ဆာချေဖျက်စစ်တပ်ဆီ အရင်းအမြစ်တွေ ထပ်ပို့ပေးတော့မှာ မဟုတ်ပါဘူး”

“အန်...”

ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်း လက်သွား၏။ သူတို့၏ မျက်နှာထားများကလည်း အလွန်တည်လာကြသည်။ ကောင်းကင်ဘုရင်ယို၏ သတ်ဖြတ်လိုစိတ်ပင် အတန်ငယ် လျော့ကျသွားသည်။ ကောင်းကင်ဘုရင်ယို အခြေအနေကို အလျင်အမြန် တွေးတောသုံးသပ်လိုက်၏။ အမှန်ပင် တစ်စုံတစ်ခု မှားနေကြောင်း သူ ခံစားလိုက်ရသည်။ သူ၏မြေးက မကောင်းသောကိစ္စတစ်ခုကို ကြံစည်ခဲ့ခြင်းပေလော။

အထက်ဘုံတွင် ဆောင်းဥတုအရှင်၏ အဆင့်အတန်းကို မေးခွန်းထုတ်စရာမရှိပေ။ ထို့ပြင် သူက ကောင်းကင်ဘုံသို့ သွားတော့မည်လည်း ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဘုရင်ဝူနှင့် ကောင်းကင်ဘုရင်လုံတို့သည် ဆောင်းဥတုအရှင်၏ စကားများကို အလွန်အလေးအနက်ထားကြပေသည်။ ကောင်းကင်ဘုရင်ဝူ ကျန်းရီကို ပြောလိုက်သည်။

“ကျန်းရီ... သိုလှောင်လက်စွပ်ကို လွှဲပေးလိုက်ပါ။ ငါ ယိုထျန်းနီ၊ ပိုင်တိထျန်းနဲ့ တခြားသူတွေကို အပြင်ထုတ်ပြီး အခု ဒီနေရာမှာပဲ ကြားနားမယ်။ စိတ်မပူပါနဲ့... ငါ ဘက်မလိုက်ပါဘူး”

ကျန်းရီက တုံ့ဆိုင်းနေဟန်ဖြင့် ဆောင်းဥတုအရှင်ကို လှမ်းကြည့်လိုက်သည်။ ဆောင်းဥတုအရှင်က ခေါင်းညိတ်ကာ ပြောသည်။

“ကျန်းရီ... မင်းတို့ ငါ့နားကို လာခဲ့လို့ရပါတယ်။ ကြားနာမှု မပြီးမချင်း ဘယ်သူကမှ မင်းကို သတ်ရဲမှာ မဟုတ်ပါဘူး”

“ကောင်းပါပြီ”

ကျန်းရီသည် ခေါင်းဆောင်သုံးယောက်ကို မယုံပေ။ သို့သော် ဆောင်းဥတုအရှင်က ချီချင်ချန်၏ ခမည်းတော်ဖြစ်သည်။ ထို့ကြောင့် သူ ဆောင်းဥတုအရှင်ကို ယုံပေသည်။

ကျန်းရီ ချီချင်ချန်နှင့် အဆိပ်ဝိညာဉ်တို့ကိုခေါ်ကာ ကျန့်ရှမျိုးနွယ်ဝင်များကြားမှနေ၍ ပျံသန်းသွားလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ မီးနဂါးဓားကို ဝှေ့ယမ်း‌၍လည်း ကျန့်ရှမျိုးနွယ်ဝင်များကို နောက်ဆုတ်စေလိုက်သည်။ ကျန့်ရှဘုရင်ကမူ သူ့နောက်သို့ လိုက်လာသည်။ လက်ရှိတွင် ၎င်းက ကျန်းရီ၏ စွမ်းအားအကြီးဆုံး ကိုယ်ရံတော် ဖြစ်ပေသည်။

ဝှစ်...

ဆောင်းဥတုအရှင်က လှစ်ခနဲ ပျံသန်း၍ ကျန်းရီအရှေ့တွင်ရပ်ကာ ကျန်းရီနှင့် ခေါင်းဆောင်သုံးယောက်တို့ကို ကြားမှခြားလိုက်ပြီး ကောင်းကင်ဘုရင်ယို အလစ်မတိုက်နိုင်အောင် ကာကွယ်ပေးလိုက်သည်။ ထိုမှ ကျန်းရီ အဆိပ်ဝိညာဉ်ကို ပြောလိုက်သည်။

“အဆိပ်ဝိညာဉ်... လက်စွပ်”

အဆိပ်ဝိညာဉ်က လက်စွပ်ကို ကောင်းကင်ဘုရင်ယိုထံ ပစ်ပေးလိုက်၏။ ထိုအခါ ကောင်းကင်ဘုရင်ဝူက အမိန့်ပေးလိုက်သည်။

“ယိုဖုန်း... အကုန်လုံးကို အပြင်ထုတ်လိုက်”

ကောင်းကင်ဘုရင်ဝူက အမှန်ပင် မိစ္ဆာချေဖျက်စစ်တပ်၏ နံပါတစ်ခေါင်းဆောင်ပင်။ ကောင်းကင်ဘုရင်ယိုပင် သူ၏အမိန့်များကို မလွန်ဆန်ဝံ့ပေ။ ကောင်းကင်ဘုရင်ယို နာခံစွာဖြင့် သူ့သိုလှောက်လက်စွပ်ထဲရှိ လေဟာနယ်နတ်ဘုရားအသုံးအထောင်ထဲမှနေ၍ လူရှစ်ထောင်ကျော်ကို ထုတ်လိုက်သည်။

ရွှီး...

ယိုထျန်းနီတို့ လေထဲတွင် ထွက်ပေါ်လာ၏။ ကောင်းကင်ဘုရင်သုံးပါးစလုံး စုဝေးနေပြီး ကျန်းရီကလည်း အသက်ရှင်နေသေးကြောင်း မြင်လိုက်သောအခါ သူတို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သခင်လေးအချို့က ကျန်းရီကို လက်ညှိုးထိုးကာ စတင် အော်ဟစ်ကြသည်။ သူတို့သည် ကျန်းရီ၏ အပြစ်များကို တစ်ယောက်တစ်ပေါက် တင်ပြ၍ ခေါင်းဆောင်များအား ကျန်းရီကို သတ်ပစ်ဖို့ တောင်းဆိုနေကြပေသည်။

“ပါးစပ်ပိတ်ထားကြ”

ကောင်းကင်ဘုရင်ဝူက ဒေါသတကြီး အော်ပြောလိုက်၏။

“ငါ ဘယ်သူကိုမှ စကားပြောဖို့ မပြောသေးဘူး။ စကားတစ်ခွန်း ထပ်ထွက်ရဲတဲ့သူရှိရင် ငါ အသတ်ခံရမယ်”

ယိုထျန်းနီ၊ ယိုဟုန်နှင့် အခြားသူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ အခြေအနေက ကောင်းပုံမပေါ်ပေ။ အကယ်၍ တစ်ခုခု မှားသွားလျှင် သူတို့၏ အပြစ်များက လူသိရှင်ကြား ဖြစ်သွားပေလိမ့်မည်။ သို့သော် ကောင်းကင်ဘုရင်ဝူ၏ အာဏာက အကြွင်းမဲဖြစ်၍ မည်သူမှ စကားထပ်မထွက်ဝံ့တော့ပေ။

ကောင်းကင်ဘုရင်ဝူသည် လူအုပ်ကို ရေခဲတမျှအေးစက်သော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“ကောင်းပြီ... ဒီနေ့ မင်းတို့တွေ ဘာလို့ အချင်းချင်း ပြန်သတ်နေကြတာလဲဆိုတာကို ဘယ်သူ ငါ့ကို ပြောပြနိုင်မလဲ”

All Chapters