← Chapters

ခင်ဗျားက မထိုက်တန်ဘူး

Vol. 50 Ch. 687

ခင်ဗျားက မထိုက်တန်ဘူး

Vol. 50 Ch. 687

“ဆိုတော့ ဒါက ခင်ဗျားရဲ့ အလုပ်ပေါ့ ဟုတ်လား... ယန်စွမ်းအင် ထုတ်ယူတာ”

ဝေ့ဝူယင်က မျက်ခုံးပင့်ရင်း မေးလိုက်သည်။

“...”

ယွီစွန်းလီက ပြန်မဖြေချေ။ တိတ်ဆိတ်နေ၏။ ဝေ့ဝူယင်က တိတ်တဆိတ်ပင် ခေါင်းညိတ်လိုက်သည်။

“အားကောင်းတဲ့ ယင်စွမ်းအင်က အားနည်းတဲ့ ယန်စွမ်းအင်ကို ဆွဲဆောင်ပြီး ထုတ်ယူနိုင်စွမ်း ရှိတယ်... ဒါပေမဲ့ သွေးသား ဆက်စပ်မှု မရှိပဲ ယန်စွမ်းအင်ကို ထုတ်ယူနိုင်ပုံ ထောက်ရင် ခင်ဗျားရဲ့ ကျင့်ကြံခြင်း နည်းလမ်းက အတော်လေး ထူးခြားရမယ်... အဲဒီလို လုပ်နိုင်စွမ်း ရှိတဲ့ ဝင်္ကပါတွေ၊ အစီအရင်တွေ အကြောင်း ကြားဖူးပေမဲ့ သန့်စင်မှုပိုင်းမှာ ထိခိုက်ပြီး ဆုံးရှုံးမှု ပမာဏက အရမ်းကို မြင့်မားတယ်... ခင်ဗျားရဲ့ နည်းလမ်းတွေက အဲဒီ နည်းလမ်းတွေထက် အများကြီး ပိုမြင့်မားတယ် ဆိုတာတော့ သေချာတယ်”

ယွီစွန်းလီက အနည်းငယ် စဥ်းစားလိုက်ပြီးနောက် ဝေ့ဝူယင်ထံသို့ ဦးတည်၍ လက်ညိုးကို ဆန့်ထုတ်လိုက်သည်။ သူမ၏ လက်ညိုးဆီမှ ပန်းရောင် ခပ်ဖျော့ဖျော့ အလင်းတန်း တစ်ခု ထွက်ပေါ်လာ၏။ ဝေ့ဝူယင် တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် ၎င်းက သူ့ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကာ ရွှေရောင် အလင်းစက် တစ်ခု ထွက်ပေါ်လာ၏။

ချက်ချင်းပင်... ကြယ်တာရာ ဝိညာဥ်များမှာ လှုပ်ရှားလာကာ သူတို့ ပိုင်ဆိုင်ထားသည့် အစွမ်း အထက်ဆုံးသော နည်းလမ်းများဖြင့် ရွှေရောင် အလင်းစက်ကို တားဆီးရန် ကြိုးစားလိုက်ကြ၏။ သို့သော်လည်း ဝေ့ဝူယင်က သူတို့ကို ဟန့်တားလိုက်ကာ စိတ်ဝင်တစားပင် စောင့်ကြည့်နေလိုက်သည်။

ရွှေရောင် အလင်းစက်မှာ သူ ပိုင်ဆိုင်ထားသည့် ယန်စွမ်းအင်၏ အလွန် သေးငယ်သော အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ သို့သော်လည်း.. ၎င်းက သူ့မူလယန် ရင်းမြစ်မှ မဟုတ်ပဲ ကြွက်သားများ အတွင်းတွင် ခိုအောင်းနေသည့် အပိုင်းအစ တစ်ခုသာ ဖြစ်သည်။ ၎င်းအား ထုတ်ယူခံရခြင်းက နာကျင်ခြင်း မရှိလှသော သက်တောင့်သက်သာ မရှိသည့် ခံစားချက် ပါးပါးလေး တစ်ခုသာ ဖြစ်ပေါ်လာသည်။ သို့သော်လည်း... ၎င်းက အလွန် သန်မာသည့် သူ့ခန္ဓာကိုယ်နှင့် နာကျင်မှုကို ယဥ်ပါးနေသည့် တုန့်ပြန်မှုကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ဝေ့ဝူယင်မှာ အံ့အားသင့် သွားခဲ့၏။ ထိုကဲ့သို့ အသွေးအသားများထဲမှ ယန်စွမ်းအင် ထုတ်ယူသည့် နည်းလမ်း ရှိလိမ့်မည်ဟု သူ တစ်ခါမှ ထင်မှတ် မထားခဲ့ချေ။ ကောင်းကင်နှင့် မြေကြီး အကြား၌ အဆုံးမဲ့သည့် နည်းလမ်းများ ရှိသည် ဆိုသည့် စကားက မမှားသည့် ပုံပင်။

ယွီစွန်းလီမှာ တိတ်တဆိတ်ပင် ဝေ့ဝူယင်ကို အကဲခတ်နေခဲ့၏။ ထိုလူငယ်နှင့် သူမ အကြားရှိ အကွာအဝေးက ယန်စွမ်းအင်များကို အချိန်မရွေး ခမ်းခြောက်သွားအောင် စုပ်ယူ၍ ရသည့် အကွာအဝေး ဖြစ်သည်။ သို့သော်လည်း သူ၏ စကားလုံးများနှင့် တည်ငြိမ်သည့် အမူအရာတို့က သူမ၏ စိတ်ဝင်စားမှုကို ရှောင်လွှဲလို့ မရအောင် ဆွဲဆောင် နေ၏။

သူမက လက်ညိုးကို အနည်းငယ် ကွေးလိုက်ရာ စောစောပိုင်းက ပန်းရောင်မြူနှင်းမှာ သူမထံသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ မြူနှင်းထက်ရှိ ရွှေရောင် အလင်းစက်ကလေးကို မြင်လိုက်ရသော အခိုက်၌ သူမ၏ မျက်လုံးများက မယုံကြည်နိုင်အောင် ပြူးကျယ်သွားခဲ့တော့သည်။ ချက်ချင်းပင် သူမ၏ မျက်လုံးများက အလွန်အမင်း ထက်ရှသွားကာ ဝေ့ဝူယင်ကို ကြည့်လိုက်၏။

“ဒါက...”

ဝေ့ဝူယင်က သူမကို ပြုံးရုံသာ ပြုံးပြလိုက်၏။ ကျင့်ကြံသူ တစ်ယောက်၏ မူလယန်နှင့် မူလယန် စွမ်းအင်တို့မှာ ကျင့်ကြံခြင်း အခြေခံနှင့် များစွာ ဆက်စပ်နေသည်။ ကျင့်ကြံသူများမှာ ပိုမို၍ သန်မာလေလေ ယန်နှင့် ယင်စွမ်းအင်တို့၏ အရည်အသွေးက ပိုမို မြင့်မားလေလေ ဖြစ်သည်။ စိတ်၊ ရုပ်၊ အမတေနှင့် ဝိညာဥ် စွမ်းအင်များ ပိုမို အစွမ်းထက်လေလေ ယင်နှင့် ယန်တို့၏ သန့်စင်မှု၊ ထူထပ်မှု၊ သန်မာမှုတို့က ပိုမို မြင့်မားလေလေ ဖြစ်သည်။ အရေအတွက် မပြောင်းလဲလျှင်ပင်... အရည်အသွေး ပြောင်းလဲမှုက လုံးဝ သိသာပေသည်။

ဥပမာအားဖြင့် နာ့ရှင်းရီမှာ မူလယင် အများအပြားကို ပိုင်ဆိုင်ထားရာ လက်တွဲဖော် ကျင့်ကြံသူ အတွက် အလွန်ပင် တန်ဖိုးရှိသည်။ ထို့အပြင်... ၎င်းတို့မှာ အတူ ယှဥ်တွဲ ချိတ်ဆက်နိုင်ကာ သန့်စင်မှုနှင့် အရည်အသွေးကို ကျင့်ကြံခြင်း အခြေခံထက် များစွာ သန်မာစေနိုင်သည်။

အခြေခံ တည်ဆောက်ခြင်း အဆင့်ဖြင့်ပင် နာ့ရှင်းရီ၏ ယင်စွမ်းအင်များမှာ ချီပျစ်ခဲခြင်း အဆင့်လေး ယင်ဖွဲ့စည်းခြင်း အဆင့်များနှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိခဲ့သည်။ ဝေ့ဝူယင်မှာ သူမ၏ မူလယင်များထဲမှ တစ်ခုကို အသုံးပြုကာ ယင်ဖွဲ့စည်းခြင်းအဆင့် အတားအဆီးကို ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်သည်။

“မင်းက ဘယ်သူလဲ...”

ယွီစွန်းလီက မေးလိုက်၏။ ထိုအရာက မေးခွန်းတစ်ခုတည်းကို ဒုတိယ အကြိမ်မြောက် မေးခြင်း ဖြစ်သော်လည်း အဓိပ္ပာယ်မှ ပထမ တစ်ကြိမ်ကနှင့် ခြားနားလှပေသည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက တောက်ပသွား၏။ ထို့နောက် သူက သူမ၏ ပန်းနုရောင် မျက်လုံးများကို မကြောက်မရွံ့ တန်ပြန် စိုက်ကြည့်ရင်း ကြေညာလိုက်သည်။

“ကျုပ်က ခင်ဗျား ရှာနေတဲ့ မျှော်လင့်ချက်ပဲ...”

“ငါ ရှာနေတဲ့ မျှော်လင့်ချက်...”

ယွီစွန်းလီ၏ အမူအရာက အေးခဲ သွား၏။ အဝါရောင် နံရံထက်ရှိ ပန်းချီကားများကို မော့ကြည့်လိုက်ရင်း မျှော်လင့်ချက် အရိပ်များက သူမ၏ ပန်းနုရောင် မျက်လုံးများထဲတွင် တရိပ်ရိပ် မြင့်တက်လာခဲ့သည်။ သို့သော်လည်း... အဆုံးသတ်တွင်တော့ သူမက ပင့်သက်တစ်ချက်သာ ရှိုက်လိုက်၏။

ထိုအရာက ဖမ်းဆီး အကျဥ်းချခံထားရသည့် သေမျိုး တစ်ယောက် ဖြေရှင်းနိုင်သည့် အခြေအနေမျိုး မဟုတ်ချေ။ သူမ အတွက် မျှော်လင့်ချက် မရှိချေ။ နှစ်ရာပေါင်းများစွာ ဖမ်းဆီး အကျဥ်းချ ခံထားရပြီးနောက်တွင် ထိုအယူအဆက သူမ အတွက် အမှန်တရား တစ်ခုလို ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဟူး... ဟူး...

သူမ၏ သေးသွယ် ရှည်လျားသည့် လက်ချောင်းများထိပ်မှ ပန်းနုရောင် အလင်းရည်များ စီးကာ ထွက်လာခဲ့၏။ ၎င်းတို့က ဖြည်းညင်းစွာပင် ပန်းရောင် မြူခိုးများ အဖြစ် ပြောင်းလဲသွားသည်။ သူမ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်သည်။

ယွီစွန်းလီ စတင် လှုပ်ရှားရန် ပြင်လိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်ကတော့ သူမကို ပြုံးလိုက် စိုက်ကြည့်နေဆဲ ဖြစ်သည်။ ချောမော ကြည်လင်သည့် သူ့မျက်နှာထက်တွင်တော့ လှောင်ပြောင်သည့် အရိပ်အယောင် အချို့ ရှိနေခဲ့၏။

“ဆိုတော့ ခင်ဗျားက ကျုပ်ကို သတ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့...”

သူက နားလည်ဟန်ဖြင့် အနည်းငယ် ရယ်မောလိုက်သည်။ သေခြင်းတရားနှင့် ထိပ်တိုက်တွေ့ နေရသည့်တိုင် သူ၏ မျက်လုံးများက ကြောက်လန့်မှုတို့ ကင်းမဲ့နေဆဲ ဖြစ်သည်။

“ကျုပ် နားလည်ပါတယ်လေ... ပုရွက်ဆိတ် တစ်ကောင်က အလုံပိတ်ခန်းထဲကနေပြီး လွတ်မြောက်မှုနဲ့ မျှော်လင့်ချက်တို့ အကြောင်း ပြောနေမယ် ဆိုရင် ကျုပ် ကိုယ်တိုင်လည်း ယုံကြည်မိမှာ မဟုတ်ဘူး”

ယုတ္တိဗေဒ သဘောတရား အရ ယွီစွန်းလီ မမှားချေ။ မည်သို့ပင် ဆိုစေ... ထိုအခိုက်၌ သူက သေမျိုး တစ်ယောက်သာ ဖြစ်နေသေးဆဲ ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်ကို တက်လှမ်းရန်ပင် အလွန် ဝေးကွာနေသေးဆဲ ဖြစ်သည်။

“...”

ယွီစွန်းလီမှာ ဆွံ့အသွား၏။ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ဖြစ်သည့်တိုင် ထိုလူငယ်၏ အရှေ့၌ ကိုယ်လုံးထီး ဖြစ်နေသလိုပင် သူမ ခစားလိုက်ရသည်။ သူမ၏ စိတ်နှင့် ခန္ဓာ နှစ်ခုစလုံးက မလုံခြုံတော့ချေ။ သို့သော်လည်း... သူမက နှုတ်ခမ်းထက်၌ လှပသော အပြုံးတစ်ခုကို ဟန်ဆောင် ဆင်မြန်းရင်း မေးလိုက်၏။

“ငါ့ဘဝ အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ကို ငါက ဘာလို့ သတ်ရမှာလဲ”

“တစ်ခုတည်းသော မျှော်လင့်ချက်...”

ဝေ့ဝူယင်က ခေါင်းအား ခါယမ်းလိုက်၏။

“ခင်ဗျားရဲ့ စကားလုံးတွေကတောင် ခင်ဗျားရဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေပြီ”

အကယ်၍ ယွီစွန်းလီ၏ နှလုံးသားထဲတွင် လွတ်မြောက်ရန် မျှော်လင့်ချက် တစ်ခု ရှိခဲ့လျှင် ထိုမျှော်လင့်ချက်က ကျိန်းသေပင် သူ ဖြစ်လိမ့်မည် မဟုတ်ချေ။သူက တည်ငြိမ်စွာပင် နံရံထက်ရှိ ပန်းချီကားများကို နောက်တစ်ကြိမ် ကြည့်လိုက်၏။

“ပထမဆုံး စရောက်တဲ့ အချိန်တည်းက ဒီပန်ချီကားတွေကို ခင်ဗျား ဆွဲထားတာ ဖြစ်ရမယ်... အခု ခင်ဗျားရဲ့ နှလုံးသားက ခိုင်မာတဲ့ ယုံကြည်ချက် တစ်ခုထဲမှာ နစ်မြုပ်နေပြီ... ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ဆိုတဲ့ ယုံကြည်ချက် တစ်ခု... ခင်ဗျားဆီကို ခင်ဗျား ချစ်ရတဲ့သူ ရောက်မလာတာကြောင့်များလား... ဒါမှမဟုတ် မိဘ တစ်ဦးဦးလား... အဲဒီလိုမှ မဟုတ်ရင် မရေမတွက်နိုင်တဲ့ ကြိုးစားမှုတွေ ကျရှုံးခဲ့လို့လား”

စန်းယွန်းလီ၏ ခန္ဓာကိုယ်က မသိမသာ တုန်ရီလာ၏။ သူမ၏ ရှည်သွယ်သော လက်ချောင်းလေးများက တစ်ခုနှင့် တစ်ခု တင်းကြပ်စွာ ဆုပ်ကိုင်သွားသည်။ သူမက အရှုံးပေးလိုက်ဟန်နှင့် ခေါင်းကို ငုံ့လိုက်မိ၏။ တစ်ခဏ ကြာပြီးနောက်မှ သူမက အံကို တင်းတင်းကြိတ်ရင်း ခေါင်းကို ပြန်မော့လိုက်သည်။

“နင် ငါ့အကြောင်းကို သိတာ ဘာရှိလို့လဲ... နောက်ပြီး ငါ့ရဲ့ မျှော်လင့်ချက်လို့ ပြောရအောင် နင်က ဘယ်သူလဲ... ငါ့အတွက်တော့ နင်က အကျဥ်းသား တစ်ယောက်ပဲ... ခုအချိန်မှာ နင့်သက်တောင် နင်ပိုင်လို့လား... ဟမ်...”

ပြောရင်း ပြောရင်း ယွီစွန်းလီမှာ ဒေါသထွက်လာခဲ့၏။ အကျဥ်းသား တစ်ယောက် အနေဖြင့် သူမကို စကားပြောရန် ဘာအခွင့်အရေး ရှိလို့နည်း။ သူက မထင်မရှား ပိုးမွှား တစ်ကောင်သာ ဖြစ်သည်။ သူ့ ယန်စွမ်းအင်က အလွန် သန်မာသည် ဆိုလျှင်ပင်... သူက အလွန် ချောမောသည် ဆိုလျှင်ပင် ဘယ်လိုပဲ ဖြစ်ဖြစ် သူက သေမျိုးတစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။

“နင် ဆက်နေချင်နေလို့ ရတယ်... ငါ မတားဘူး... ဒါပေမဲ့ သူတို့တွေ မကြာခင် ရောက်လာပြီး နင့်အလောင်းကို လာထုတ်ကြတော့မယ်... တကယ်လို့ နင် မသေးသေးရင် သူတို့ကိုယ်တိုင် သတ်ကြလိမ့်မယ်... ဒီတော့ မြန်မြန်ရွေး သူတို့ လက်ထဲမှာ နာနာကျင်ကျင်နဲ့ သေမလား... ငါ့ဆီမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သေမလား”

ဝေ့ဝူယင်က ပန်းချီကားထံမှ အကြည့်ကို လွှဲကာ နတ်မိမယ် တစ်ပါးလို လှပသည့် မိန်းကလေးဘက်သို့ ပြန်လှည့်လိုက်သည်။ စိတ်ဝင်စားမှုတို့ များစွာ လျော့ကျသွားဟန်နှင့် သူက ခေါင်းကို ခါယမ်းလိုက်၏။

“ငါ ဒီပန်းချီကား ဆွဲတဲ့လူကို စိတ်ဝင်စားခဲ့တယ်... လိုချင်ခဲ့တယ်... ဒါပေမဲ့...”

သူ၏ မျက်လုံးများထဲတွင် သနားသည့် အရိပ်အယောင်များ ထွက်ပေါ်လာကာ မိန်းကလေး၏ လှပသော မျက်နှာကို စိုက်ကြည့်လိုက်သည်။

“ခင်ဗျားက မထိုက်တန်ဘူး...”

ယွီစွန်းလီ၏ မျက်လုံးများက ချက်ချင်းပင် ဒေါသ အလင်းရောင်များဖြင့် ပေါက်ကွဲသွား၏။ ထိုစကားလုံးများက မာနကို တိုက်ရိုက် ထိပါးနေရာ သူမ မည်ကဲ့သို့ သည်းခံနိုင်ပါမည်နည်း။

“မထိုက်တန်ဘူး ဟုတ်လား... ကောင်းပြီလေ... သူတို့ နင့်ကို လာသတ်တဲ့ အချိန်ကို စောင့်ကြတာပေါ့... အဲဒီ အခါကျမှ ဘယ်သူက ထိုက်တန်တယ် မထိုက်တန်တယ် ဆုံးဖြတ်မယ်”

ဤကဲ့သို့ အချုပ်အနှောင်မျိုးမှ မည်သူက မလွတ်ချင်ပဲ နေချင်ပါမည်နည်း။ မည်ကဲ့သို့သော လူမျိုးက မျှော်လင့်ချက် မရှိပဲ နေချင်ပါမည်နည်း။ သူမ အကြိမ်ကြိမ် အခါခါ ကြိုးစားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ဘယ်လောက်ပဲ ရင်းနှီးနှီး နောက်ဆုံး ရလဒ်က အလားတူပင် ဖြစ်သည်။

ဝေ့ဝူယင်က ယွီစွန်းလီကို စိတ်ဝင်စားခြင်း မရှိတော့ချေ။ သူမက အရှေ့ရှိ လမ်းကြောင်းကို မမြင်နိုင်ပဲ အရာရာကို လက်မြောက် အရှုံးပေးထားသည့် ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်သည်။

ဝေ့ဝူယင်က အခန်းကို နောက်တစ်ကြိမ် ထပ်မံ စစ်ဆေးလိုက်၏။ ယခုတစ်ကြိမ်တွင်တော့ သူက အမျိုးမျိုးသော ဝင်္ကပါများကို မြင်တွေ့ခွင့် ရရန် ကောင်းကင်ဘုံ နတ်မျက်လုံးများ ထုတ်ဖော်ထားသည်။ သို့သော်လည်း... အခန်း ပတ်လည်၌ ကောင်းကင်ဘုံ နတ်မျက်လုံးများပင် မမြင်နိုင်သည့် အလွန် ကြီးမားသော ဝင်္ကပါများပါ ရှိနေကြောင်း သူ သတိထားမိလိုက်၏။ ထိုအရာက လျှို့ဝှက် အဆင့် ဝင်္ကပါများ ဖြစ်ရပေမည်။

သူ အဂ္ဂိတ် ဝိညာဥ် ကြယ်တာရာ မျက်လုံးကို အသုံးမပြုခဲ့ချေ။ ၎င်းတို့က ဝင်္ကပါ တည်ဆောက်ပုံကို ခွဲခြမ်း စိတ်ဖြာရန် မည်သည့် အကူအညီမှ ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ကောင်းကင်ဘုံ နတ်မျက်လုံးများက သာလျှင် ဝင်္ကပါ တည်ဆောက်ပုံကို ရှင်းလင်းစွာ ဖောက်ထွင်းမြင်နိုင်ကာ အရာ အားလုံးအား ထိန်းချုပ်နေသည့် အစီအရင်ကို ရှာဖွေ တွေ့ကောင်း တွေ့နိုင်ပေသည်။ မသေချာသည့်တိုင် အနည်းဆုံးတော့ သူ ကြိုးစားနိုင်လိမ့်မည် ဖြစ်ပေသည်။

All Chapters