အချိန်တန်ပြီ
Vol. 50 Ch. 688
ယွီစွန်းလီမှာ ခုတင်ဘေးတွင် လမ်းလျှောက်ရင်း ရင်ထဲ တနုံ့နုံ့ ဖြစ်နေခဲ့၏။
“ငါက မထိုက်တန်ဘူး ဟုတ်လား.. နင်ကသာ မထိုက်တန်တာ... ငါက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်... ဒီတော့ ငါက ထိုက်တန်တယ်... ငါက လှတယ်... အစွမ်းထက်တယ်... နောက်ပြီး အားလုံးက သဘာဝ အတိုင်းပဲ... မျက်နှာက အစ ခြေဖျားအထိ အကုန်လုံး... ငါကပဲ မထိုက်တန်ရသေးတယ်”
သူမက မမှတ်မထင် ရင်ဘတ်ရှိ ရင်သားနှစ်မွှာကို ငုံ့ကြည့်လိုက်၏။ ထိုအရာများက သာမန် စံချိန်စံနှုန်းများထက် အနည်းငယ် ပို၍ ကြီးသည့်တိုင် တကယ့်ကို သဘာဝ အတိုင်း ဖြစ်သည်။ သဘာဝလွန် နည်းလမ်းများဖြင့် အနည်းငယ်ပင် ပြုပြင်ထားခြင်း မရှိချေ။
သူမက ဝေ့ဝူယင်ကို လှမ်ကြည့်လိုက်၏။ လူငယ်မှာ အခန်းကို ပတ်ကာ ဟိုကြည့်ဒီကြည့်ဖြင့် သာသာယာယာ လမ်းလျှောက်နေဆဲ ဖြစ်သည်။
“ကြည့်ရတာ သူ့ကိုယ်သူ မျှော်လင့်ချက် ဆိုတဲ့ လူလေးလည်း မျှော်လင့်ချက် မဲ့နေတဲ့ပုံ ရတယ်... ဘယ်လို ထွက်ရမလဲ ဆိုတာ လိုက်ရှာနေတာလား... ငါ့ အကူအညီ လိုသေးလား...”
သူမက စကားနာ ထိုးလိုက်၏။ သူ့လို သေမျိုး တစ်ယောက် မဆိုထားနှင့် သေမျိုးတစ်ပိုင်း အရှင် အဆင့် တစ်ယောက်ပင် အခန်းထဲမှ လွတ်မြောက်ရန် အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။
ဝေ့ဝူယင်က သူမကို လုံးဝ လျစ်လျူထား၏။ သို့သော်လည်း ယွီစွန်းလီမှာ မပြီးသေးချေ။
“နင့်ကို ကြည့်ရတာ ဦးနှောက်ကို တကယ်ကြီး အလုပ်ပေးနေတာပဲ... ဟမ်... ကောင်းပြီလေ... ငါ ပြောပြမယ်... ဒီနေရာကို အနည်းငယ် လျှို့ဝှက် အာဏာရှင် အဆင့် လေးယောက်က တစ်ချိန်လုံး စောင့်ကြပ်နေတာ... နောက်ပြီး အကာအကွယ် အစီအရင်တွေကလည်း သေမျိုးတစ်ပိုင်း အဆင့်တွေကို တားဆီးနိုင်လောက်အောင် သန်မာတယ်... အဲဒီထက် ပိုပြောရရင် မြေကြီးရှန့်ထိုတွေကိုတောင် ခုခံနိုင်စွမ်း ရှိတယ်... နင် ခုလို လုပ်နေတာတွေ အားလုံးက သက်သက် အချိန်ဖြုန်းနေတာပဲ”
ဝေ့ဝူယင်ကတော့ သူမကို လျစ်လျူထားဆဲ ဖြစ်သည်။ သူက ညာဘက် လက်ညိုးကို လေထဲသို့ ဆန့်ထုတ်ကာ တစ်စုံတစ်ရာကို ရေးဆွဲရင်း စကားလုံး အချို့ကို တိတ်တဆိတ် တီးတိုး ရေရွတ်လိုက်သည်။
ယွီစွန်းလီက ထိုမြင်ကွင်းကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။
“အရူး... ဒီမှာလွတ်လမ်း မရှိဘူး.. နင် နားမလည်...”
“ပါးစပ်ပိတ်ထားရင် ခင်ဗျားက ပိုချစ်ဖို့ ကောင်းတယ်... ဘာလို့ အဲဒီလို မနေတာလဲ”
ဝေ့ဝူယင်က သူမကို လှမ်းကြည့်ရင်း စကားကို ကြားဖြတ် ပြောလိုက်၏။ ထို့နောက် သူက အခြားတစ်ဖက်သို့ ပြန်လှည့်ကာ တစ်စုံတစ်ရာကို တီးတိုး ရေရွတ်ရင်း လက်ဖြင့် ရေးဆွဲနေပြန်သည်။
ယွီစွန်းလီမှာ ဆွံ့အ သွား၏။ ပါးစပ်ပိတ်ထားရင် ပိုချစ်ဖို့ ကောင်းတယ်... ဒီသောက်ကောင်။
“နင် ဘာလုပ်နေတာလဲ...”
တစ်မိနစ်ခန့်မျှ ကြာပြီးနောက် သူမ မထိန်းချုပ်နိုင်တော့ချေ။ လူငယ်က သူမပင် အာရုံ မခံနိုင်သည့် တစ်စုံတစ်ရာအား ပြုလုပ်နေသည်မှာ သေချာသည်။ ထိုအရာက... သူ ပိုင်ဆိုင်ထားသည့် လျှို့ဝှက်ချက် တစ်ခုခုများလော။ နောက်ပြီး သူက အဘယ်ကြောင့် ထိုမျှ တည်ငြိမ်နေရသနည်း။
ဝေ့ဝူယင်က ရပ်လိုက်၏။ ထို့နောက်... မိန်းကလေးကို တစ်ချက် စောင်းကြည့်ရင်း ပြောလိုက်သည်။
“ကျုပ် ဘာလုပ်လုပ် ခင်ဗျား အတွက် အရေးပါလား... ကျုပ်ကမှ ခင်ဗျားရဲ့ မျှော်လင့်ချက် မဟုတ်တာ... နောက်ပြီး ဒီအခန်းထဲက လွတ်မြောက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး မလား... အခု ကျုပ်က သေမယ့် အချိန်ကို လိုက်ရေတွက်နေတာ”
ထို့နောက်... သူက မူလက အတိုင်း ဆက်လုပ်နေပြန်၏။
“...”
ယွီစွန်းလီမှာ ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ စိတ်ဆိုးချင်သော်လည်း လူငယ်မှာ သူမ စကားအတိုင်း ပြန်ပြောခဲ့ခြင်းသာ ဖြစ်သည်။
တစ်ခဏကြာ ငြိမ်သက်ပြီးနောက် သူမက နောက်တစ်ကြိမ် ထပ်စကားပြောရန် သတ္တိများကို စုစည်းလိုက်၏။
“စောစောက နင်ပြောတော့ ငါက နင်ရှာနေတဲ့လူ မဟုတ်ဘူးဆို... ဒါဆို နင်ရှာနေတဲ့ လူက ဘယ်သူလဲ... နောက်ပြီး နင်က ရည်ရွယ်ချက် ရှိရှိ အဖမ်းခံခဲ့တာလား”
ထိုမေးခွန်းကို မေးလိုက်သော အခိုက်၌ ကုန်ဆုံးသွားသည့် မျှော်လင့်ချက်တို့ အနည်းငယ် ပြန်လည် ရှင်သန်လာသည့် အလား သူမ၏ ပန်းနုရောင် မျက်လုံးများက အနည်းငယ် ပြန်လည် တောက်ပလာသည်။
ဝေ့ဝူယင်က နောက်တစ်ကြိမ် ရပ်လိုက်၏။ ထို့နောက် လက်ညိုးကို အောက်သို့ ချလိုက်ရင်း သူ့နှုတ်ခမ်းထက်၌ စိတ်လှုပ်ရှားသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ယွီစွန်းလီမှာ ဝေ့ဝူယင်၏ ထူးဆန်းသော အမူအရာကို ကြည့်ကာ ပိုမို၍ စိတ်လှုပ်ရှားလာခဲ့၏။
“အဲဒါက ဘာလဲ... နင် ဘာရှာတွေ့ထားလို့လဲ... ထွက်ဖို့ လမ်းလား...”
သူမက အခြားလူများ မကြားနိုင်အောင် တီးတိုး လေသံဖြင့် မေးလိုက်၏။ ပို၍ တွေးလေလေ၊ ဝေ့ဝူယင်မှာ ဤနေရာကို အသတ်ခံရန် လာခြင်း မဟုတ်ကြောင်း ပိုမို၍ ခံစားရလေလေ ဖြစ်သည်။ သူ့တွင် လှည့်ကွက် အချို့ ရှိမှာ သေချာသည်။
ဝေ့ဝူယင်က သူမဘက်သို့ လှည့်ကာ တောက်ပစွာပင် ပြုံးလိုက်၏။
“ဘယ်လိုပဲ ဖြစ်ဖြစ် ခင်ဗျားက မထိုက်တန်တဲ့ လူတစ်ယောက်တော့ မဟုတ်သေးဘူးပဲ... ကျုပ် ဆုံးဖြတ်လိုက်ပြီ... ခင်ဗျား လွတ်လပ်သွားတဲ့ အခါကျရင် ကျုပ် ခင်ဗျားကို ရည်းစားစကား ပြောမယ်”
“ဟမ်...”
ယွီစွန်းလီမှာ အနည်းငယ် ကြောင်တောင်တောင် ဖြစ်သွား၏။ ရည်စားစကား ပြောမယ်... လွတ်လပ်သွားရင်... ဟုတ်လား။
“ဒီလိုဗျာ... ကျုပ်ပြောချင်တာက... ခင်ဗျားက အခု အချုပ်အနှောင်ထဲမှာ ရှိနေတာလေ... ဒီလို အခြေအနေမျိုးကို အခွင့်အရေး ယူပြီး မိန်းကလေး တစ်ယောက်ကို ရည်းစားစကား ပြောတာ မှန်ကန်တယ်လို့ ကျုပ် မထင်ဘူး... ကျုပ် အဲဒီလို မလုပ်ဘူး”
ဝေ့ဝူယင်က ပြောလိုက်၏။ သူ့အာရုံတွင်တော့ မီးခိုးရောင် မျက်လုံးများနှင့် မိန်းကလေး တစ်ယောက်၏ ပုံရိပ်က ပြန်လည် ပေါ်လာခဲ့သည်။ နာ့ရှင်းရီမှာ သူ့ဘဝတွင် ထိုကဲ့သို့ ပြုလုပ်ခဲ့ဖူးသည့် တစ်ဦးတည်းသော မိန်းကလေး ဖြစ်ပေသည်။
“...”
ယွီစွန်းလီမှာ ကြောင်တောင်တောင်ဖြင့် ရပ်နေ၏။ သူမ၏ မျက်လုံးများကတော့ ဝေ့ဝူယင်ကို အထူးဆန်းဆုံး လူသား တစ်ယောက်လို ငေးကြည့်နေသည်။
ဝေ့ဝူယင်က အနည်းငယ် ရယ်မောလိုက်၏။
“ကျုပ် ခုနက လုပ်နေတာတွေက ဘာအဓိပ္ပာယ်မှ မရှိဘူး... ခင်ဗျား နှလုံးသားထဲမှာ မျှော်လင့်ချက် ရှိနေဦး မလား သိချင်ဖို့ သက်သက် လျှောက်လုပ်နေတာ... ကြည့်ရတာ ပန်းချီဆွဲခဲ့တဲ့ မိန်းကလေးက ပျောက်ကွယ် မသွားခဲ့သေးဘူးပဲ... ကျုပ် အတွက် လုံလောက်ပြီ”
“...”
ယွီစွန်းလီမှာ နားလည်လာသလို ခံစားလိုက်ရသည်။ သူက ထိုအရာ အားလုံးကို သူမထံတွင် လွတ်မြောက်လိုသည့် ဆန္ဒ ရှိ၊ မရှိ သိချင်ရုံ သက်သက်ဖြင့် လုပ်ခဲ့ခြင်းလော။ သူမ ဘာပြောရမှန်းပင် မသိတော့ချေ။
နှစ်ပေါင်းများစွာ အသက်ရှင်သန် ပြီးသည့်တိုင် ထိုလူငယ်၏ အရှေ့တွင်တော့ သူမမှာ အရူးလုပ်သမျှ ခံနေရသည့် ကလေး တစ်ယောက်လိုပင် ခံစားနေရသည်။
ဝေ့ဝူယင်က တိတ်ဆိတ်နေသည့် ယွီစွန်းလီကို ကြည့်ကာ ရယ်မောလိုက်၏။
“တွေ့လား... ခင်ဗျားက အခု ပိုပြီး ချစ်ဖို့ ကောင်းနေပြီ... တကယ့်ကို ချစ်ဖို့ကောင်းတာ”
ထို့နောက်... သူက အခြားတစ်ဖက်သို့ လှည့်ကာ ချိပ်ပိတ်ထားသည့် တံခါးကို ကြည့်လိုက်၏။ ယွီစွန်းလီ၏ အမူအရာက လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။
မည်သည့် တွန်းအားကြောင့်မှန်း မသိသော်လည်း... မျှော်လင့်ချက်များက သူမ၏ စိတ်ထဲတွင် တရိပ်ရိပ် မြင့်တက်လာနေသည်။ မည်သို့ပင် ဆိုစေ... “လွတ်လပ်သည်နှင့် ရည်းစားစကား ပြောမည်” ဆိုသည့် စကားက သူ့ထံတွင် ယုံကြည်ချက် အပြည့်ရှိနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။
“နင့်မှာ ဘာအစီအစဥ် ရှိလို့လဲ...”
ယွီစွန်းလီက တွန့်ဆုတ်စွာဖြင့် မေးလိုက်၏။
“အစီအစဥ်... “
ဝေ့ဝူယင်က အနည်းငယ် စဥ်းစားလိုက်သည်။ ထို့နောက် သူက အဖြေပေးလိုက်၏။
“ကျုပ်တို့ အစီအစဥ်တစ်နဲ့ပဲ သွားကြတာပေါ့”
“အစီအစဥ်တစ်... ဟုတ်လား...”
“ဟုတ်တယ်... အစီအစဥ်တစ်... ပထမဆုံး အစီအစဥ်ပေါ့လေ... အစီအစဥ်က အရမ်းကို ရိုးရှင်းပါတယ်... ဒါကြောင့်ပဲ ပထမဆုံး နေရာမှ ထားတာ...”
“အဲဒါက ဘာလဲ...”
ဝေ့ဝူယင်က ပြန်မဖြေပဲ တိတ်တဆိတ်ပင် တံခါးဆီသို့ လျှောက်သွားလိုက်၏။ ခြေတစ်လှမ်းချင်းစီတိုင်း၌ သူ့ခန္ဓာကိုယ်ထက်ရှိ သံကြိုးများက တစ်ခုပြီး တစ်ခု ပြုတ်ထွက်ကာ ကြမ်းပြင်ပေါ် ပြုတ်ကျနေ၏။ တံခါး ရှေ့သို့ အရောက်၌ သူက ခြေစုံရပ်ကာ ညာဘက်လက်ကို တံခါးဆီ ဆန့်ထုတ်လိုက်သည်။
ဝှစ်... ဝှစ်...
သူ့လက်ချောင်းများမှ ဝိညာဥ်အလင်းများ စီးထွက်လာ၏။ ၎င်းတို့က သူ့ကို အခန်းထဲ ပစ်သွင်းခဲ့သည့် အရပ်ပုပုလူ၏ ဝိညာဥ်အလင်းများ အတိုင်း အတိအကျပင် ဖြစ်သည်။
“သော့...”
စန်းယွန်းလီက မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်၏။
ခရက်...
တံခါးက စတင်၍ ပွင့်ဟသွားကာ အပြင် ကမ္ဘာမှ အလင်းတန်း အချို့ပင် ဝင်လာခဲ့သည်။ ဝေ့ဝူယင်က အနည်းငယ် ပြုံးလိုက်ကာ နောက်ရှိ လှပသည့် မိန်းကလေးကို လှည့်ကြည့်လိုက်၏။
“ကျုပ် ပြောခဲ့တဲ့ အတိုင်း လုပ်ရမှာက ရိုးရိုးရှင်းရှင်းလေးပဲ... သူ့ကို ရှာမတွေ့ခင် အချိန် အထိ ခင်ဗျား သတ်ရမယ်”
“ပိုင်လင်ရေ... အချိန်ကျပြီ... ဒီနေရာကို မီးလောင်တိုက် သွင်းလိုက်ရအောင်”