နိဗာန မီးတောက်
Vol. 50 Ch. 689
“တော်တော်ဝတဲ့ ငှက်ကွာ... ပေါ်သာ စားလိုက်ရရင် ဟီး... ဟီး...”
“တကယ် အရသာ ရှိမှာ... ငှက်ကင်လေးနဲ့ ယမကာလေးနဲ့ ဆိုရင်...”
“ဟုတ်တယ်... ဟုတ်တယ်... ဟား... ဟား...”
မျက်နှာဖုံးတပ် အစောင့်များမှာ တွန်းလှည်းကို သွေးထုတ်ယူခန်းသို့ တွန်းရင်း လမ်းတစ်လျှောက်လုံး၌ ပိုင်လင်ကို ထပ်ခါတလဲလဲ ခြိမ်းခြောက် ပြောဆို နေကြ၏။ တစ်ချိန်တည်း၌ သူတို့က လျှပ်စစ် စီးနေသည့် တုတ်ချောင်းများဖြင့် မထိတထိ တို့ထိ နေကြသည်။
“ဂီး...”
ပိုင်လင်၏ မျက်လုံးများက ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက်နေကာ သနားသဖွယ် အော်မြည်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။ အစောင့်များက ထိုအရာကို ကြည့်ကာ ပို၍ပင် သဘောကျ သွားကြသည်။
ရုတ်တရက် အစောင့် တစ်ယောက်က ပိုင်လင်ကို ကြည့်ရင်း ပြောလိုက်၏။
“ဒါနဲ့ ဒီငှက်ကို ကြည့်ရတာ နည်းနည်း မထူးဆန်းဘူးလားဗျ... ကျုပ် တစ်ခါမှ သူ့လို ပုံစံမျိုး မတွေ့ဖူးဘူး... ရွှေရောင် ဖီးနစ် သစ်သီးက ပုံမှန်ဆိုရင် ရွှေရောင် အော်ရာ နည်းနည်းလောက်ပဲ ပေးနိုင်တာလေ... ဒီငှက်ရဲ့ ရွှေရောင် အော်ရာကတော့ အရမ်းကို များလွန်းနေတယ်”
“ဘယ်သူက သိမှာတုန်း...”
အစောင့် တစ်ယောက်က ပေါ့ပေါ့ဆဆပင် ပြောလိုက်၏။ သို့သော်လည်း အခြား တစ်ယောက်ကတော့ အနည်းငယ် အတွေးနက် သွားဟန် ရသည်။
“ခင်ဗျား ပြောမှ ကျုပ် ဝမ်းကွဲ ညီကို တစ်ယောက် ပြောတာ သွားသတိရတယ်... သူ ပြောပြတာ ဒီလို ငှက်မျိုးပဲဗျ... အလင်းပြာဂြိုဟ်ပေါ်မှာ တွေ့ခဲ့ရတာလို့ ပြောတယ်”
“ဟုတ်လား... ခင်ဗျား ဝမ်းကွဲ ညီကို ဆိုတော့ ဟိုနှာတံကောက်ကောက်နဲ့ တစ်ယောက်လား”
“ဟုတ်တယ်... အဲဒီတစ်ယောက်... တကယ့်ကို ငှက်ဝါသနာအိုးဗျ”
အစောင့်များမှာ ရောက်တတ်ရာရာကို ဆက်ပြောရင်း တွန်းလှည်းကို ဆက်လက် တွန်းလာခဲ့၏။ တွန်းလှည်းပေါ်ရှိ ငှက်က ရွှေရောင် ဖီးနစ် သစ်သီးကို စားထားသည့် အခြား သားရဲများနှင့် မတူကြောင်း သူတို့ သတိမရကြတော့ချေ။ လမ်းလျှောက်ရင်း တစ်ခါတစ်ရံ၌ သူတို့က အပျင်းပြေ ကစားဟန်နှင့် ပိုင်လင်ကို လျှပ်စီး တုတ်ချောင်းများနှင့် လှမ်းလှမ်းထိုး၏။
ပိုင်လင်က ကြောက်လန့်ဟန်နှင့် တအီအီ အသံများကို သနားစဖွယ် ထုတ်လွှတ်နေသည်။ သူမ၏ သရုပ်ဆောင် စွမ်းရည်က လက်ဖျားခါ စရာ ကောင်းလောက်အောင် ကျွမ်းကျင်လွန်းကာ ပိုင်လင်မှာ ထိုကဲ့သို့ ပြုလုပ်ရသည်ကို အလွန်ပင် ပျော်ရွှင်နေမိသည်။ တစ်ချိန်တည်း၌... ဝေ့ဝူယင် အချက်ပြချိန် သူမ မီးတောက်များကို ဖော်ထုတ်လိုက်ပါက သူတို့၏ အမူအရာများ မည်ကဲ့သို့ ဖြစ်သွားမည်ကို ကြိုတင် တွေးရင်း စိတ်ထဲမှ အူမြူးနေမိ၏။
ပါးစပ်မှ သနားစဖွယ် အော်မြည်သံများကို အဆက်မပြတ် ထုတ်လွှတ်ရင်း မြေအောက် အကျဥ်းထောင်တွင် ဝေ့ဝူယင် ပြောခဲ့သည့် စကားများကို သူမ ပြန်လည် စဥ်းစားလိုက်၏။
“ပိုင်လင်... ငါအချက်ပြတာနဲ့ မင်း ငါ့အတွက် ကိစ္စတစ်ချို့ လုပ်ပေးရမယ်... ဟုတ်ပြီလား... ပထမဆုံး မင်းရဲ့ ပတ်ဝန်းကျင်ကို အရင် ခွဲခြမ်း စိတ်ဖြာရမယ်... ငါတို့လိုမျိုး အဖမ်းခံထားရတဲ့ လူတွေကို မထိခိုက်စေနဲ့... ကြားလား... အဲဒါက အရေးကြီးတယ်”
“နောက်တစ်ချက်က... ငါတို့ ဝင်လာတဲ့ အဆောက်အဦကို မဖျက်ဆီးမိစေနဲ့... တကယ်လို့ လူတွေ အပြင်ကို လွင့်ထွက်ကုန်ရင် အမှောင် ဟင်းလင်းပြင်ရဲ့ အအေးဓာတ်ကြောင့် ချက်ချင်း သေကုန်လိမ့်မယ်...”
“တတိယ တစ်ခုကတော့ အရေးအကြီးဆုံးနဲ့ ပျော်ဖို့ အကောင်းဆုံးပဲ... ဒီနေရာအတွက် အလုပ်လုပ်ပေးနေတဲ့ လူတွေ အားလုံးက သေဖို့ ထိုက်တန်တယ်... သူတို့ကို မီးလောင်တိုက် သွင်းပစ်လိုက်”
“ဒါပေမဲ့ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်... မင်း အသက်ကို အရင် ဦးစားပေး ဟုတ်ပြီလား... တကယ်လို့ အသက် အန္တရာယ် ရှိလာပြီ ဆိုရင် လုင်သင့်တာ အကုန်လုပ်... ငါ မင်းကို အပြစ် မတင်ဘူး”
ဝေ့ဝူယင်၏ စကားလုံးများကို ပြန်လည် တွေးတောရင်း ပိုင်လင်မှာ နှလုံးသား တစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရ၏။ တစ်ချိန်တည်း၌ ဝေ့ဝူယင် အတွက် အသုံးဝင်လာသည့် အတွက် သူမကိုယ် သူမ ဂုဏ်ယူ လာမိသည်။ လွန်ခဲ့သည့် နှစ်များက သူမက ဝေ့ဝူယင် ကို ကူညီရန် အစွမ်း မရှိသလောက် ဖြစ်ခဲ့သည်။
ကောင်းကင်တံတိုင်းကြီးနှင့် ရင်ဆိုင်ခဲ့ရချိန်၌ ဝေ့ဝူယင်မှာ သူမ အသက်ကို ကယ်တင်ရန် အတွက် အကြီးအကျယ် စတေးခဲ့ရသည်။ ဒဏ်ရာ အပြင်းအထန်ရကာ ဆယ်နှစ် နီးပါး ကြာအောင် အတိတ်မေ့သွားခဲ့သည်။ ထိုအချိန်ကတည်းက သူမ ကိုယ့်ကိုယ်ကို မချင့်မရဲ ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူမသာ ပိုမို သန်မာခဲ့လျှင်... သူမသာ ပိုမို လျှင်မြန်ခဲ့လျှင်...။
ဝေ့ဝူယင် ပြန်လည် ကောင်းမွန်လာပြီး နောက်ပိုင်းတွင်လည်း သူမ၏ အသုံးဝင်မှုက ကျဆင်းသထက် ကျဆင်း လာနေခဲ့သည်။ ဝေ့ဝူယင်နှင့် အတူ တိုက်ပွဲများတွင် မပါဝင်နိုင်ရုံမျှသာ မက သူမ၏ တိုးတက်မှုကလည်း အလွန်အမင်း နှေးကွေး ခဲ့သည်။ သူမထက် အသက်အရွယ်အားဖြင့် ပိုမို ငယ်ရွယ်သည့် ရှောင်ပိုင် ကပင် ဝေ့ဝူယင် အတွက် ပိုမို၍ အသုံးဝင်ခဲ့သည်။ သူမ၏ ခွန်အားက ကောင်းကင်အလွှာများကိုပင် ဖောက်နိုင်စွမ်း မရှိခဲ့တော့ချေ။
ဤသို့နှင့်... မိုးကုပ်စက်ဝိုင်းကို ထိတွေ့ကာ မူလဇစ်မြစ်ကို ပြန်သွားလိုသည့် သူမ၏ ဆန္ဒက ပိုမို ခိုင်မာသထက် ခိုင်မာလာခဲ့သည်။ ဝေ့ဝူယင်က သူမက ပံ့ပိုးပေးဖို့ အနည်းငယ်ပင် လက်မတွန့်ခဲ့ချေ။ သူမ စွန့်စားခဲ့သည်။ စွန့်စားမှ ဖြစ်ပေလိမ့်မည်။
ယခုတွင်တော့ သူမမှာ မူလဘူတ သားရဲ တစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ နိဗာန ပြန်လည် မွေးဖွားခြင်း ဒုတိယ အဆင့်ကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူမ ပိုမို၍ သန်မာလာသည်။ ပိုမို၍ မြန်လာသည်။ သူမကြောင့် ဝေ့ဝူယင် နောက်တစ်ကြိမ် ထိခိုက် ဒဏ်ရာ မရစေဖို့ သူမ ကျိန်ဆိုခဲ့ပြီး ဖြစ်သည်။ ဤသည်က သူမ ဝေ့ဝူယင်ကို ပြန်ကာကွယ်ပေးရမည့် အလှည့် ဖြစ်သည်။
ဂျစ်... ဂျစ်...
အစောင့် တစ်ယောက်က ပိုင်လင်ကို လျှပ်စစ်တုတ်ဖြင့် ထိုးလိုက်ပြန်၏။ သို့သော်လည်း ပိုင်လင်မှာ အတွေးအတွင်း နစ်မြုပ်နေရာ တုန့်ပြန်ခြင်း မပြုမိပါချေ။
“ဒီငှက်က သေသွားတာလား...”
အစောင့်မှာ ထိတ်လန့်သွား၏။ သူတို့များ လက်လွန်သွားပြီလား။ သူက ပိုင်လင်၏ မျက်လုံးများကို လှမ်ကြည့်လိုက်ရာ ရွှေသွေးရောင် မီးများ တလက်လက် တောက်ပနေသည်ကို တွေ့ရှိလိုက်ရ၏။ သူ၏ နှလုံးသားက ပြင်းထန်စွာ တုန်ရီသွားကာ စိုးရိမ် ပူပန်စိတ်များဖြင့် ပြည့်နှက်သွားသည်၊
“ရောက်ပြီဟေ့...”
ထိုအခိုက်တွင်ပင် အစောင့် တစ်ယောက်က ကြေညာလိုက်၏။ ထို့နောက် သူတို့ လှည်းကို အခန်းထဲ တွန်းသွင်းရန် ပြင်လိုက်စဥ်မှာပင် လှည်းခေါင်းနားရှိ တစ်ယောက်မှာ တစ်ကိုယ်လုံး ကြောက်လန့်တကြား တုန်ရီနေသညကို သတိထားမိသွား၏။
“ဟိတ်လူ... ခင်ဗျား အဆင်ပြေရဲ့လား...”
“ဘာလို့လဲ... သူ သေသွားလို့လား... မဟုတ်ပါဘူးဗျ... သူ အသက်ရှူနေသေးတာပဲ... သတိလစ်နေတာ ဖြစ်လောက်မှာပါ”
အခြား အစောင့်များက တစ်ယောက်တစ်ပေါက် ပြောလိုက်ကြ၏။
“ကျုပ်... ကျုပ်တို့...”
တုန်ရီနေသည့် အစောင့်မှာ စကားများပင် ထစ်အနေသည်။ ထိုအခိုက်၌... မသိစိတ်က တောင်ကြီး တစ်ခုလုံး ဖိစီး ထားသကဲ့သို့ လေးလံနေကာ “ပြေး... ပြေး...” ဟု အော်ပြောနေသယောင် ခံစားနေရသည်။ သူ့ခန္ဓာကိုယ် အတွင်းရှိ အမတေ စွမ်းအင်များကလည်း ကစဥ့်ကယားဖြင့် လည်ပတ်နေကာ ကျင့်ကြံခြင်း အခြေခံ ဖောက်ပြန်လုနီးပါးပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အခြားလူများမှာ မျက်မှောင်များ ကြုတ်သွားကြ၏။ ထိုလူက ဘာဖြစ်နေသနည်း။
ထိုအခိုက်တွင်ပင် ရဲတိုက်ကြီး တစ်ခုလုံးရှိ အစီအရင်များနှင့် ဝင်္ကပါများက တုန်ရီသွားကာ စိတ်စွမ်းအင်လှိုင်း တစ်ခုမှာ နေရာတိုင်းကို ဖြန့်ကျက်သွား၏။
“ပိုင်လင်ရေ... အချိန်ကျပြီ...”
မရင်းနှီးသည့် အသံတစ်ခုက သူတို့ စိတ်အတွင်း ဝင်ရောက်လာသည်။ အစောင့်များမှာ အူတူတူ ကြောင်တောင်တောင်ဖြင့် ပတ်လည်ကို လှည့်ကာ ကြည့်လိုကမိသည်။ သူတို့ အသံတစ်ခုကို တကယ်ကြီး ကြားလိုက်ရသည်လော။
ချွင်... ခလွင်...
ထိုအခိုက်တွင်ပင် ပိုင်လင်၏ ခန္ဓာကိုယ်က စတင် လှုပ်ရှားလာ၏။ သူမ၏ ခန္ဓာကိုယ်ကို မံမီရုပ် တစ်ခုလို တုတ်နှောင်ထားသည့် သံကြိုးနှင့် အချုပ်အနှောင်များမှာ ပင့်ကူမျှင်များ ကဲ့သို့ ပြတ်ထွက်ကုန်ကာ အရပ် ရှစ်မျက်နှာသို့ လွင့်စဥ် သွားသည်။
အစောင့်များ၏ မျက်လုံးများက ထိတ်လန့် ခြောက်ခြားစွာ ပြူးကျယ်သွား၏။
“ဘာတွေ ဖြစ်နေတာလဲ...”
သူတို့ စဥ်းစားဖို့ အချိန်မရခင်မှာပင် နောက်ထပ် စိတ်စွမ်းအင်လှိုင်း တစ်ခုမှာ ရဲတိုက်ကြီး တစ်ခုလုံးကို ပဲ့တင်ရိုက်ကာ ထွက်ပေါ်လာခဲ့တော့၏။
“ဒီနေရာကို မီးလောင်တိုက် သွင်းလိုက်တော့...”
“ဂီး...”
ပိုင်လင်၏ ရွှေရောင် မျက်လုံးများမှာ အဆုံးစွန်သော စိတ်လှုပ်ရှားမှုတို့နှင့် အတူ တောက်ပသွား၏။ ထို့နောက် အလွန်တရာ လှပသည့် ရွှေသွေးရောင် မီးတောက်များက ကြောက်မက်ဖွယ် ကောင်းအောင် သူမ၏ ခန္ဓာကိုယ်တွင် ထွန်းတောက်လာခဲ့တော့သည်။
ရွှစ်... ရွှစ်...
တစ်စုံတစ်ရာ မတုန့်ပြန်နိုင်ခင်မှာပင် အနားကပ်ဆုံး၌ ရှိနေသည့် အစောင့် လေးယောက်မှာ ချက်ချင်း ပြာအဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။
မည်သို့ပင် ဆိုစေ... သူတို့က ကြယ်တာရာ အမြုတေ အဆင့်တွင် ရှိနေသည့် သက်ရှိများသာ ဖြစ်သည်။ မည်ကဲ့သို့ ပိုင်လင်၏ နိဗာန မီးတောက်များကို ခုခံနိုင်ပါမည်နည်း။
“အား... ဘာကြီးလဲ...”
ပိုင်လင်ကို တစ်ချိန်လုံး လျှပ်စစ်တုတ်ဖြင့် ထိုးကာ ခြောက်လှန့်နေခဲ့သည့် အစောင့်မှာ ထိတ်လန့် တကြား အော်ဟစ်ရင်း နောက်သို့ ဆုတ်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း ရွှေသွေးရောင် မီးတောက်များက သူ၏ လမ်းကြောင်းကို အဘက်ဘက်မှ ပိတ်ဆို့ထားပြီး ဖြစ်ပေသည်။ သူ၏ ဒူးများက တုန်ရီလာကာ မြေပြင်ပေါ် ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။
စောစောကလေးတင် သူ၏ အပေါင်းအသင်းများ ပြာကျသွားသည်ကို သူ တွေ့ရှိရပြီး ဖြစ်သည်။ သူ တစ်ယောက်တည်းသာလျှင် ရွှေသွေးရောင် မီးတောက်များအောက်၌ မထိမခိုက် ကျန်ရှိခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်မှန်း နားမလည်နိုင်သည့်တိုင် သူ တွားသွားကာ အနီးအနားရှိ ထောင့်တစ်ထောင့်၌ ခိုအောင်းရာ နေရာကို ရှာဖွေ လိုက်၏။
ဘုန်း... ဘုန်း... ဘုန်း...
နှစ်ဆယ့်နှစ်မီတာ ရှည်လျားသည့် ဖီးနစ်ငှက်ကြီးမှာ တွန်းလှည်းကို အစိတ်စိတ် ကြေသွားအောင် နင်းခြေပစ်ကာ ခြေနှစ်ချောင်ပေါ် မတ်တပ်ရပ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်က အန်နုလောက် မကြီးသည့်တိုင်အောင် အော်ရာကတော့ အဆပေါင်းများစွာ ပိုမို ထက်ရှ သာလွန်လှပေသည်။ သူ၏ ရွှေရောင် မျက်လုံးများက မီးတောက်များဖြင့် တလက်လက် တောက်ပနေကာ တွားသွားကာ ပုန်းကွယ်ရန် ကြိုးပမ်းနေသည့် အစောင့်ကို ကြည့်လိုက်၏။
“မင်း... မင်း...”
အစောင့်မှာ အလွန်အမင်း ကြောက်ရွံ့နေခဲ့ပြီ ဖြစ်သည်။ ပိုင်လင်၏ ခြေတစ်လှမ်းချင်းစီတိုင်း၌ သူ၏ နှလုံးသားက တဒိတ်ဒိတ် တုန်ရီနေ၏။
“မင်း... မင်း ဘာလုပ်မလို့လဲ”
ပိုင်လင်က သူ့ဆီသို့ လျှောက်လာခဲ့ကာ အပေါ်စီးမှ နေ၍ စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက လှောင်ပြောင် ကစားလိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
“ငါ...”
“ဗွမ်း...”
သူ စကားပြောရန် ဟန်ပြင်လိုက်စဥ်မှာပင် ပိုင်လင်၏ ရွှေရောင် နှုတ်သီးက ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ကျဆင်းလာ၏။ ဖရဲသီး တစ်ခုအလား သူ့ခေါင်းက ကွဲထွက်သွားကာ ဦးနှောက် အပိုင်းအစများနှင့် သွေးများမှာ ပြန့်ကြဲ ထွက်သွား၏။ သို့သော်လည်း ၎င်းတို့ မြေပြင်ပေါ် မကျရောက်ခင်မှာပင် နိဗာန မီးတောက်များက ပြာဖြစ်သည် အထိ လောင်ကြွမ်း ပစ်လိုက်တော့သည်။
ဂီး...
ပိုင်လင်က အတောင်ပံ နှစ်ဖက်ကို ဖြန့်ရင်း အဆောက်အဦ တစ်ခုလုံး တုန်ရီသွားသည့် အော်ဟစ်သံ တစ်ခုကို ထုတ်လွှတ်လိုက်၏။
ဤသည်က သူမ၏ အချိန် ဖြစ်သည်။ နိဗာန မီးတောက်များမှာ သူမ၏ ခန္ဓာကိုယ်တွင် ပိုမို၍ လောင်ကြွမ်းလာကာ စက္ကန့်ဝက်မျှ အတွင်းမှာပင် အခန်း တစ်ခုလုံးကို ဝါးမြိုကာ ဖုံးလွှမ်းသွားတော့၏။ မကြာခင်မှာပင် ကြောက်လန့်တကြား အော်ဟစ်သံများမှာ အမှောင် ဟင်းလင်းပြင်ကိုပင် ထိုးဖောက်သည် အထိ ထွက်ပေါ်လာခဲ့တော့သည်။